အခန်း ငါး
မိမိကိုယ်ကို ချီးမြှောက်သူများကို ယေဟောဝါ နှိမ့်ချတော်မူ၏
၁၊ ၂။ ဟေရှာယခေတ်ရှိ ဂျူးလူမျိုးများနှင့်ပတ်သက်သော ပရောဖက်ပြုချက် သတင်းစကားသည် ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် စိတ်ဝင်စားစရာ ဖြစ်သနည်း။
ယေရုရှလင်နှင့် ယုဒ၏ အခြေအနေကို စက်ဆုပ်ရွံရှာကာ ယခု ပရောဖက် ဟေရှာယသည် ယေဟောဝါ ဘုရားသခင်ဘက်သို့ လှည့်၍ ဤသို့ ပြော၏– “ကိုယ်တော်သည် ယာကုပ်အမျိုးသား တည်းဟူသော ကိုယ်တော်၏ လူတို့ကို စွန့်ပစ်တော်မူပြီ။” (ဟေရှာယ ၂:၆က) “အထူးပိုင်ဆိုင်ရာ” အဖြစ် ဘုရားသခင် ကိုယ်တော်တိုင် ရွေးချယ်ခဲ့သော လူမျိုးကို ပစ်ပယ်လိုက်ရန် အဘယ်အရာက ဖြစ်စေခဲ့သနည်း။—တရားဟောရာ ၁၄:၂၊ သမ္မာ။
၂ မိမိခေတ်ရှိ ဂျူးများနှင့်ပတ်သက်၍ ဟေရှာယ၏ အတိအလင်း ဖော်ထုတ်စွပ်စွဲချက်သည် ကျွန်ုပ်တို့အတွက် အလွန် စိတ်ဝင်စားစရာ ဖြစ်၏။ အဘယ်ကြောင့်နည်း။ ယနေ့ ခရစ်ယာန်ဘောင်၏ အခြေအနေသည် ဟေရှာယခေတ်မှ လူများ၏ အခြေအနေနှင့်ရော ယေဟောဝါ ကြေညာသည့် တရားစီရင်ချက်နှင့်ပါ အလွန်ဆင်တူနေသောကြောင့် ဖြစ်သည်။ ဟေရှာယ၏ ကြေညာချက်ကိုအာရုံစိုက်ခြင်းဖြင့် ဘုရားသခင် ပြစ်တင်ရှုတ်ချသည့်အရာများကို ရှင်းလင်းစွာနားလည်သဘောပေါက်လာမည် ဖြစ်ပြီး ကိုယ်တော် မနှစ်မြို့သည့် အကျင့်အကြံများကို ရှောင်ရန် ကျွန်ုပ်တို့ကို ထောက်ကူပေးမည်။ သို့ဖြစ်၍ စိတ်အားထက်သန်စွာ မျှော်လင့်လျက် ဟေရှာယ ၂:၆–၄:၁ တွင် မှတ်တမ်းတင်ထားသော ယေဟောဝါ၏ ပရောဖက်ပြုချက် စကားများကို လေ့လာကြည့်ကြစို့။
မာန်မာနဖြင့် ဦးချ
၃။ ဟေရှာယသည် မိမိလူမျိုးများ၏ အဘယ် အမှားများကို ဝန်ချသနည်း။
၃ မိမိလူမျိုး၏ အမှားကို ဝန်ချလျက် ဟေရှာယ ဤသို့ ဆို၏– “သူတို့သည် အရှေ့တိုင်းအရာများနှင့် ပြည့်၍ ဖိလိတ္တိလူမျိုးတို့ကဲ့သို့ မှော်အတတ်ပညာကို လိုက်စားကြကာ တိုင်းတစ်ပါးသားသမီးတို့နှင့် ပြည့်လျက် ရှိ၏။” (ဟေရှာယ ၂:၆ခ၊ ကဘ) လွန်ခဲ့သည့် နှစ်ပေါင်း ၈၀၀ ခန့်က ယေဟောဝါသည် မိမိ ရွေးချယ်ထားသော လူမျိုးကို ဤသို့ ပညတ်ခဲ့၏– “ထိုသို့သော အမှုအားဖြင့် ကိုယ်ကိုကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့သည် ထိုသို့သောအမှုကို ပြု၍ ညစ်ညူးကြ၏။” (ဝတ်ပြုရာ ၁၈:၂၄) မိမိ၏ အထူးပိုင်ဆိုင်ရာအဖြစ် ကိုယ်တော် ရွေးချယ်ထားသူများနှင့်ပတ်သက်၍ ယေဟောဝါက ဗာလမ်ကို ဤသို့ ပြောကို ပြောစေခဲ့သည်– “ကျောက်တောင်ထိပ်က သူတို့ကို ငါမြင်၏။ တောင်ပေါ်က သူတို့ကို ငါ ကြည့်ရှု၏။ ထိုလူမျိုးသည် တစ်ကိုယ်တည်း နေ၍ လူမျိုးခြားတို့အဝင်ဟု ကိုယ်ကို မမှတ်ကြ။” (တောလည်ရာ ၂၃:၉၊ ၁၂၊ သမ္မာ) သို့သော် ဟေရှာယခေတ်တွင် ယေဟောဝါ ရွေးချယ်ထားသူတို့သည် ပတ်ဝန်းကျင် လူမျိုးများ၏ စက်ဆုပ်ရွံရှာဖွယ် ဓလေ့အကျင့်များကို ကျင့်ခဲ့ကြပြီး “အရှေ့တိုင်းအရာများနှင့် ပြည့်” နေခဲ့သည်။ ယေဟောဝါနှင့် ကိုယ်တော်၏ မိန့်တော်မူချက်များတွင် ယုံကြည်ခြင်း တင်ပြမည့်အစား “ဖိလိတ္တိလူမျိုးတို့ကဲ့သို့ မှော်အတတ်ပညာကို” လိုက်စားကြသည်။ တစ်ပါးအမျိုးသားများနှင့် သီးခြားနေဖို့ ဝေးစွ၊ ထိုနိုင်ငံသည် “တိုင်းတစ်ပါးသားသမီးတို့နှင့် ပြည့်” နေသည်—ဘုရားသခင့် လူမျိုးအား ဘုရားရေးရာ မဆန်သော အကျင့်အကြံများကို အစပျိုးပေးခဲ့သော တစ်ပါးအမျိုးသားတို့ ဖြစ်ကြသည်မှာ ရှင်းနေပါသည်။
၄။ စည်းစိမ်ဥစ္စာနှင့် စစ်အင်အားသည် ယေဟောဝါအပေါ် ကျေးဇူးတင်စိတ် ရှိလာမည့်အစား ဂျူးများအား မည်သို့ ထိခိုက်စေခဲ့သနည်း။
၄ ဩဇိမင်းလက်ထက် ယုဒနိုင်ငံ၏ လက်ရှိ စီးပွားရေး အောင်မြင်မှုနှင့် စစ်အင်အားကို သတိပြုမိကာ ဟေရှာယ ဤသို့ ဆို၏– “သူတို့ပြည်သည် ရွှေ၊ ငွေနှင့် ကြွယ်ဝ၍ ဥစ္စာပစ္စည်း အတိုင်းမသိ များ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍ မြင်းရထား အတိုင်းမသိ များ၏။” (ဟေရှာယ ၂:၇) လူတို့သည် ထိုကဲ့သို့သော စည်းစိမ်ဥစ္စာနှင့် စစ်အင်အားကြောင့် ယေဟောဝါကို ကျေးဇူးတင်ကြပါသလော။ (၂ ရာဇဝင်ချုပ် ၂၆:၁၊ ၆-၁၅) ဝေးလေစွ! ယင်းသို့ ပြုမည့်အစား သူတို့သည် စည်းစိမ်ဥစ္စာကိုသာ ကိုးစားခဲ့ကြပြီး ၎င်းတို့ ဖြစ်တည်ရာ ရင်းမြစ် ဖြစ်တော်မူသော ယေဟောဝါ ဘုရားသခင်ထံမှ သွေဖည်သွားကြသည်။ အကျိုးဆက်ကား အဘယ်နည်း။ “သူတို့ပြည်သည် အချည်းနှီးသော ဘုရားများနှင့် ပြည့်၍ ရုပ်ပွားဆင်းတု အတိုင်းမသိ များ၏။ မိမိလက်နှင့်လုပ်သောအရာ၊ မိမိ လက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် ကိုးကွယ်ကြသည်တကား။ ထို့ကြောင့် ယုတ်သောသူလည်း နှိမ့်ချခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။” (ဟေရှာယ ၂:၈၊ ၉၊ သမ္မာ) သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ကျောခိုင်းကာ သက်မဲ့ရုပ်တုများကို ဦးချကြသည်။
၅။ ရုပ်တုများကို ဦးချခြင်းသည် နှိမ့်ချသည့် အပြုအမူတစ်ရပ် အဘယ်ကြောင့် မဟုတ်သနည်း။
၅ ဦးချခြင်းသည် နှိမ့်ချသည့် အမှတ်လက္ခဏာတစ်ခု ဖြစ်နိုင်သည်။ သို့သော် သက်မဲ့အရာများကို ဦးချခြင်းသည် ရုပ်တုကိုးကွယ်သူများကို “နှိမ့်ချ” ယုတ်ညံ့စေသောကြောင့် အချည်းနှီး ဖြစ်သည်။ ထိုကဲ့သို့သော အပြစ်ကို ယေဟောဝါ မည်သို့ ခွင့်လွှတ်နိုင်မည်နည်း။ ရုပ်တုကိုးကွယ်သူများနှင့် စာရင်းရှင်းရန် ယေဟောဝါ ဆင့်ခေါ်သည့်အခါ ဤသူတို့ အဘယ်အရာ ပြုလုပ်ကြမည်နည်း။
“လူတို့၏ မော်သော မျက်နှာကို နှိမ့်ရမည်”
၆၊ ၇။ (က) မိမိကိုယ်ကို ချီးမြှောက်သူများသည် ယေဟောဝါ၏ တရားစီရင်ရာနေ့တွင် မည်သို့ ဖြစ်ကြသနည်း။ (ခ) ယေဟောဝါ၏ အမျက်ဒေါသသည် အဘယ်အရာအပေါ်နှင့် မည်သူတို့အပေါ် ကျရောက်မည်နည်း၊ အဘယ်ကြောင့်နည်း။
၆ ဟေရှာယ ဤသို့ ဆက်ဆို၏– “ဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့် ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍ နေလော့။” (ဟေရှာယ ၂:၁၀) သို့သော် အနန္တတန်ခိုးရှင် ယေဟောဝါထံမှ သူတို့ကို ကာကွယ်နိုင်လောက်အောင် ကြီးမားသည့် ကျောက်မရှိသကဲ့သို့ သူတို့ကို ဖုံးကွယ်နိုင်လောက်သည့် ထူထဲသည့် အကွယ်အကာ ရှိမည် မဟုတ်ပါ။ တရားဥပဒေနှင့်အညီ ကိုယ်တော် ဆောင်ရွက်တော်မူသောအခါ “လူတို့၏ မော်သော မျက်နှာကို နှိမ့်ရမည်။ လူတို့၏ မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ရောက်တော်မူလိမ့်မည်။”—ဟေရှာယ ၂:၁၁။
၇ “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နေ့ရက်ကာလသည်” ရောက်လာတော့မည်။ ယင်းနေ့သည် “ကြီးမြင့်သော လေဗနုန်အာရဇ်ပင်နှင့် ဗာရှန်သစ်ချပင် ရှိသမျှအပေါ်သို့လည်းကောင်း၊ မြင့်သော တောင်နှင့် မောက်သော ကုန်းရှိသမျှအပေါ်သို့လည်းကောင်း၊ မြင့်သော ရဲတိုက်နှင့် ခိုင်ခံ့သော မြို့ရိုးရှိသမျှအပေါ်သို့လည်းကောင်း၊ ပင်လယ်သွား သင်္ဘောမှစ၍ တင့်တယ်သော သင်္ဘောရှိသမျှအပေါ်သို့” ဘုရားသခင့် အမျက်တော်ကို ဖော်ပြမည့်အချိန် ဖြစ်သည်။ (ဟေရှာယ ၂:၁၂-၁၆၊ သမ္မာ) မှန်ပါသည်၊ ဘဝင်မြင့်ခြင်း၏ အမှတ်လက္ခဏာအဖြစ် လူများ တည်ထောင်ထားသော အဖွဲ့အစည်း မှန်သမျှနှင့် ဘုရားတရားမဲ့သူတိုင်းသည် ယေဟောဝါ၏ အမျက်ဒေါသနေ့ကြီးတွင် အာရုံစိုက်ခံရကြမည်။ ထို့ကြောင့် “ထိုကာလ၌ လူတို့၏ မာနကို ရှုတ်ချ၍ လူတို့၏ စိတ်မြင့်သောသဘောကို နှိမ့်ရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။”—ဟေရှာယ ၂:၁၇။
၈။ ကြိုဟောထားသော တရားစီရင်ရာနေ့သည် ဘီ.စီ.အီး. ၆၀၇ တွင် ယေရုရှလင်မြို့ပေါ်သို့ မည်သို့ ကျရောက်ခဲ့သနည်း။
၈ ကြိုဟောထားသော တရားစီရင်ရာနေ့သည် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ ယေရုရှလင်မြို့ကိုဖျက်ဆီးသည့် ဘီ.စီ.အီး. ၆၀၇ တွင် ဂျူးလူမျိုးအပေါ်သို့ ကျရောက်ခဲ့သည်။ မြို့သူမြို့သားများသည် မိမိတို့ ချစ်မြတ်နိုးသည့် မြို့ မီးဟုန်းဟုန်း တောက်လောင်နေပြီး ၎င်း၏ ခန့်ညားထည်ဝါသော အဆောက်အအုံများ ဖြိုဖျက်ခံရကာ ကြီးမားသည့် မြို့ရိုး ပြိုကျပျက်စီးသွားသည်ကို တွေ့မြင်ကြရသည်။ ယေဟောဝါ၏ ဗိမာန်တော်မှာ အုတ်ပုံဘဝ ရောက်သွားလေသည်။ ၎င်း၏ စည်းစိမ်ဥစ္စာနှင့် စစ်ရထားများသည် “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နေ့” တွင် ဘာမျှ အရာမရောက်တော့ချေ။ သူတို့၏ ရုပ်တုများကော။ ဟေရှာယ ကြိုပြောသကဲ့သို့ ဖြစ်ပျက်လေသည်– “ရုပ်တုဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့်မည်။” (ဟေရှာယ ၂:၁၈) ဂျူးလူမျိုးများ—မင်းညီမင်းသားများနှင့် စစ်သူရဲများ အပါအဝင်—သည် ဗာဗုလုန်သို့ ပြည်နှင်ဒဏ်ပေးခြင်း ခံရကြသည်။ ယေရုရှလင်မြို့သည် အနှစ် ၇၀ လူဆိတ်ညံလျက် ကျန်ရစ်မည်ဖြစ်သည်။
၉။ ခရစ်ယာန်ဘောင်၏ အခြေအနေသည် ဟေရှာယခေတ်ရှိ ယေရုရှလင်၊ ယုဒတို့၏ အခြေအနေနှင့် မည်သို့ ဆင်တူသနည်း။
၉ ခရစ်ယာန်ဘောင်၏ အခြေအနေသည် ဟေရှာယခေတ်ရှိ ယေရုရှလင်နှင့် ယုဒ၏ အခြေအနေနှင့် ဆင်တူသည်! ခရစ်ယာန်ဘောင်သည် ဤလောကနိုင်ငံများနှင့် ရင်းနှီးသည့် ဆက်ဆံရေးကို အမှန်ပင် ပြုစုပျိုးထောင်ခဲ့သည်။ သူသည် ယူအဲန်ကို စိတ်အားထက်သန်စွာ ထောက်ခံသူ ဖြစ်ပြီး မိမိအိမ်ကို ရုပ်တုများ၊ ကျမ်းစာနှင့်မညီသော ဓလေ့ထုံးစံတို့ဖြင့် ပြည့်စေခဲ့သည်။ သူ၏ နောက်လိုက်များသည် ရုပ်ဝါဒသမားများ ဖြစ်ကြပြီး စစ်အင်အားကို အားထားကြသည်။ သူတို့၏ဓမ္မဆရာများအား အကြီးအကျယ် အမွှမ်းတင်ခံထိုက်သူများ၊ ဘွဲ့ထူးဂုဏ်ထူးများဖြင့် ဂုဏ်တင်ခံထိုက်သူများအဖြစ် ရှုမြင်ကြသည် မဟုတ်ပေလော။ မိမိကိုယ်ကို ချီးမြှောက်သည့် ခရစ်ယာန်ဘောင်သည် မလွဲဧကန် ပယ်ရှားခံရလိမ့်မည်။ သို့သော် မည်သည့်အချိန်တွင်နည်း။
ကျရောက်လာတော့မည့် ‘ယေဟောဝါ၏ နေ့’
၁၀။ တမန်တော် ပေါလုနှင့် ပေတရုတို့သည် အဘယ် ‘ယေဟောဝါ၏နေ့’ အကြောင်းကို ထောက်ပြသနည်း။
၁၀ ကျမ်းစာစောင်များက ‘ယေဟောဝါ၏ နေ့’ သည် ရှေးယေရုရှလင်နှင့် ယုဒအပေါ် ကျရောက်ခဲ့သော တရားစီရင်ရာနေ့ထက် သာ၍ ကြီးကျယ်မည်ဖြစ်ကြောင်း ထောက်ပြသည်။ မှုတ်သွင်းခံခဲ့ရသော တမန်တော် ပေါလုက ရောက်လာတော့မည့် ‘ယေဟောဝါ၏ နေ့’ ကို နန်းထိုင်ဘုရင် ယေရှုခရစ်၏ ရောက်ရှိနေခြင်းနှင့် ဆက်စပ်ဖော်ပြခဲ့သည်။ (၂ သက်သာလောနိတ် ၂:၁၊ ၂) ပေတရုက ထိုနေ့ရက်ကို ‘ဖြောင့်မတ်ခြင်းတရား တည်မည့် မိုးကောင်းကင်သစ်၊ မြေကြီးသစ်’ တို့ တည်ထောင်ခြင်းနှင့် ဆက်စပ်တင်ပြခဲ့၏။ (၂ ပေတရု ၃:၁၀-၁၃) ခရစ်ယာန်ဘောင် အပါအဝင် ဆိုးသွမ်းသည့် အစီအစဉ်တစ်ခုလုံးအပေါ်သို့ ယေဟောဝါ တရားစီရင်မည့်နေ့ ဖြစ်သည်။
၁၁။ (က) လာမည့် ‘ယေဟောဝါ၏နေ့’ တွင် မည်သူတို့ “ခံရပ်နိုင်” မည်နည်း။ (ခ) ကျွန်ုပ်တို့သည် ယေဟောဝါကို မိမိတို့၏ ခိုလှုံရာ မည်သို့ ဖြစ်စေနိုင်သနည်း။
၁၁ “ထာဝရဘုရား၏ နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင် ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်” ဖြစ်၍ “ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏” ဟု ပရောဖက်ယောလ ဆိုသည်။ ထို “နေ့ရက်” သည် မကြာမီ ရောက်လာတော့မည်ကို ထောက်ရှု၍ ယောက်စီယောက်တိုင်းသည် ထိုကြောက်မက်ဖွယ်အချိန်တွင် လုံခြုံမှု ရရန် စိုးရိမ်မကင်း မဖြစ်သင့်ပေလော။ “အဘယ်သူ ခံနိုင်သနည်း” ဟု ယောလ မေးကာ ဤသို့ ဖြေ၏– “ထာဝရဘုရားသည် မိမိလူတို့၏ ခိုလှုံရာ . . . ဖြစ်တော်မူလိမ့်မည်။” (ယောလ ၁:၁၅; ၂:၁၁; ၃:၁၆) ယေဟောဝါ ဘုရားသခင်သည် မာနကြီးသောသူ၊ စည်းစိမ်ဥစ္စာ၊ စစ်အင်အားနှင့် လူ့လက်ဖြစ်ဘုရားများအား ကိုးစားသူများအတွက် ခိုလှုံရာ ဖြစ်မည်လော။ မဖြစ်နိုင်ပါ! ထိုသို့ ပြုမူခဲ့သဖြင့် မိမိ ရွေးချယ်ထားသော လူမျိုးကိုပင် ဘုရားသခင် စွန့်ပစ်တော်မူခဲ့သည်။ ဘုရားသခင့် ကျေးကျွန်အားလုံးသည် ‘ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကို ရှာ’ ရန်နှင့် မိမိတို့၏ အသက်တာတွင် ယေဟောဝါ၏ ဝတ်ပြုရေးကို မည်သည့်နေရာတွင် ထားရှိကြောင်း လေးလေးနက်နက် ဆန်းစစ်ရန် အရေးကြီးသည်!—ဇေဖနိ ၂:၂၊ ၃။
“ကြွက်စုတ်များ၊ လင်းနို့များ၌ ပစ်ထားကြလိမ့်မည်”
၁၂၊ ၁၃။ ရုပ်တုကိုးကွယ်သူများသည် ယေဟောဝါ၏နေ့တွင် သူတို့၏ ဘုရားများကို “ကြွက်စုတ်များ၊ လင်းနို့များ၌” ပစ်ထားခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။
၁၂ ရုပ်တုကိုးကွယ်သူများသည် ယေဟောဝါ၏ နေ့ကြီးအတွင်း မိမိတို့၏ ရုပ်တုများကို မည်သို့ ရှုမြင်ကြမည်နည်း။ ဟေရှာယက ဤသို့ အဖြေပေး၏– “ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့သောငှာ ထတော်မူသောအခါ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။ ထိုကာလ၌ လူတို့သည် မိမိတို့ ကိုးကွယ်ဖို့ မိမိတို့ လုပ်ဖူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေး[“ကြွက်စုတ်၊” ကဘ] များ၊ လင်းနို့များ၌ ပစ်ထားကြလိမ့်မည်။ ထာဝရဘုရားသည် မြေကြီးကိုချောက်လှန့်အံ့သောငှာ ထတော်မူသောအခါ ထိုဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော် အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။ နှာခေါင်းနှင့် အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သောသူကို အဘယ်သို့ ပမာဏပြုစရာ ရှိသနည်း။”—ဟေရှာယ ၂:၁၉-၂၂။
၁၃ ကြွက်စုတ်များသည် မြေတွင်းများတွင် နေထိုင်ကြပြီး လင်းနို့များသည် မည်းမှောင်၍ လူသူမရှိသည့် ဂူများအတွင်း တွယ်ကပ်နေတတ်ကြသည်။ ထို့ပြင် လင်းနို့များစွာ တစ်နေရာတည်း စုနေသည့်နေရာသည် အလွန် အနံ့ဆိုးကာ လင်းနို့ချေးများ ထူထပ်စွာ ပုံနေမည် ဖြစ်သည်။ ရုပ်တုများကို ထိုနေရာများတွင် ပစ်ထားလိုက်ခြင်းသည် သင့်လျော်ပါသည်။ မည်းမှောင်ပြီး မသန့်ရှင်းသည့်နေရာသည် ၎င်းတို့နှင့် လုံးလုံး ထိုက်တန်သည်။ လူများမှာမူ ယေဟောဝါ၏ တရားစီရင်ရာနေ့တွင် ကျောက်ဂူများနှင့် ကျောက်ကြိုကျောက်ကြားများတွင် လုံခြုံရာနေရာကို ရှာကြမည်ဖြစ်သည်။ ထို့ကြောင့် ရုပ်တုများနှင့် သူတို့ကိုကိုးကွယ်သူများ၏ ကြမ္မာသည် အတူတူပင် ဖြစ်မည်။ ဟေရှာယ ပရောဖက်ပြုချက်နှင့်အညီ ဘီ.စီ.အီး. ၆၀၇ တွင် သက်မဲ့ရုပ်တုများသည် မိမိတို့ကို ဝတ်ပြုသူများနှင့် ယေရုရှလင်မြို့ကို နေဗုခဒ်နေဇာလက်မှ မကယ်တင်ခဲ့ပါ။
၁၄။ မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာအပေါ်သို့ မကြာမီ ကျရောက်တော့မည့် ယေဟောဝါ၏ တရားစီရင်ရာနေ့အတွင်း လောကသားများ အဘယ်အရာ ပြုလုပ်ကြမည်နည်း။
၁၄ ခရစ်ယာန်ဘောင်နှင့် မှောက်မှားသော ကမ္ဘာ့ဘာသာရေး အင်ပါယာ၏ အခြားအစိတ်အပိုင်းများအပေါ်သို့ ကျရောက်မည့် ရောက်လာတော့မည့် ယေဟောဝါ၏ တရားစီရင်ရာနေ့အတွင်းတွင် လူများ အဘယ်အရာ ပြုလုပ်ကြမည်နည်း။ ကမ္ဘာတစ်ဝန်း ယိုယွင်းပျက်စီးနေသော အခြေအနေများနှင့် ကြုံတွေ့ရကာ လူအများစုက သူတို့၏ ရုပ်တုများသည် အသုံးမကျကြောင်းကို သဘောပေါက်လာကြမည်။ ၎င်းတို့နေရာတွင် ဝိညာဉ်ရေးနှင့် မဆိုင်သော မြေကြီးအဖွဲ့အစည်းများ၊ ဗျာဒိတ် အခန်းကြီး ၁၇ တွင် “သားရဲနီ” အဖြစ် ဖော်ပြထားသည့် ယူအဲန်အပါအဝင် ဖြစ်နိုင်သည့် အဖွဲ့အစည်းများတွင် ခိုလှုံ၍ အကာအကွယ် ရှာကြမည် ဖြစ်သည်။ ထိုပုံဆောင်သားရဲ၏ “ချိုဆယ်ချောင်း” သည် ခရစ်ယာန်ဘောင် အဓိကအပိုင်းမှ ပါဝင်သော ကမ္ဘာ့မှောက်မှားသော ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ကို ဖျက်ဆီးပစ်မည်။—ဗျာဒိတ် ၁၇:၃၊ ၈-၁၂၊ ၁၆၊ ၁၇။
၁၅။ မိမိ၏ တရားစီရင်ရာနေ့တွင် ယေဟောဝါတစ်ပါးတည်းသာ မည်သို့ “ချီးမြှောက်” ခြင်း ခံရမည်နည်း။
၁၅ မဟာဗာဗုလုန် ပျက်စီး၊ လောင်ကျွမ်းခြင်းသည် ထိုပုံဆောင် ချိုဆယ်ချောင်း၏ တိုက်ရိုက်လက်ချက် ဖြစ်သော်လည်း အမှန်မှာ ၎င်းသည် ယေဟောဝါ၏ တရားစီရင်ခြင်း ဖြစ်သည်။ မဟာဗာဗုလုန်နှင့်ပတ်သက်၍ ဗျာဒိတ် ၁၈:၈ တွင် ဤသို့ ဖော်ပြထား၏– “သူခံရသော သေခြင်းဘေး၊ စိတ်မသာညည်းတွားခြင်းဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များတို့နှင့် တစ်နေ့ချင်းတွင် တွေ့၍ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားဗလ ကြီးတော်မူ၏။” ထို့ကြောင့် မှောက်မှားသော ဘာသာ၏ ဩဇာလွှမ်းမိုးမှုအောက်မှ လူသားများ လွတ်မြောက်ရခြင်းအတွက် ဂုဏ်ပြုခံထိုက်သူမှာ အနန္တတန်ခိုးရှင် ယေဟောဝါ ဘုရားသခင်သာ ဖြစ်သည်။ ဟေရှာယ ဖော်ပြသည့်အတိုင်း “ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နေ့ရက်ကာလ” ဖြစ်၏။—ဟေရှာယ ၂:၁၁ခ၊ ၁၂က။
‘ဦးဆောင်သူများသည် သင်တို့ကို လမ်းလွဲစေကြ၏’
၁၆။ (က) လူ့ဘောင်အဖွဲ့အစည်း၏ “အထောက်အပင့်” တို့တွင် အဘယ်အရာ ပါဝင်သနည်း။ (ခ) ဟေရှာယ၏ လူများသည် သူတို့လူ့ဘောင်အဖွဲ့အစည်းမှ “အထောက်အပင့်” ဖယ်ရှားခြင်းကို မည်သို့ ခံရမည်နည်း။
၁၆ လူ့ဘောင်အဖွဲ့အစည်း တည်မြဲရန်အတွက် “အထောက်အပင့်” ရှိရမည် ဖြစ်သည်—အစားအစာနှင့် ရေကဲ့သို့သော မရှိမဖြစ် လိုအပ်ရာများအပြင် ပို၍ အရေးကြီးသည်မှာ လူများကို လမ်းညွှန်ပေးနိုင်ပြီး လူမှုရေးစနစ်ကို ထိန်းသိမ်းနိုင်စွမ်းရှိသော ယုံကြည်အားကိုးလောက်သည့် ခေါင်းဆောင်များရှိရမည်။ သို့သော် ရှေးဣသရေလနိုင်ငံနှင့်ပတ်သက်၍ ဟေရှာယ ဤသို့ ကြိုပြော၏– “ကြည့်လော့။ ဗိုလ်ခြေတို့သခင်အရှင် ထာဝရဘုရားသည် မုန့်အထောက်အပင့်နှင့် ရေအထောက်အပင့် ရှိသမျှမှစ၍ ခပ်သိမ်းသော အထောက်အပင့်ကို ယေရုရှလင်မြို့နှင့် ယုဒပြည်မှ ပယ်တော်မူပြီ။ ခွန်အားကြီးသူ၊ စစ်သူရဲ၊ တရားသူကြီး၊ ပရောဖက်၊ ဗေဒင်တတ်၊ အကြီးအကဲ၊ လူငါးဆယ်အုပ်၊ မျက်နှာကြီးသူ၊ တိုင်ပင်မှူးမတ်၊ လိမ္မာသောမှော်ဆရာနှင့် ပြုစားဆရာတို့ကို ပယ်တော်မူပြီ။” (ဟေရှာယ ၃:၁-၃၊ သမ္မာ) လူငယ်လေးများသည် မင်းညီမင်းသားများ ဖြစ်လာမည် ဖြစ်ပြီး ထင်တိုင်းကြဲ အုပ်ချုပ်ကြမည်။ အုပ်ချုပ်သူများသာ ပြည်သူများကို ဖိနှိပ်ခြင်း မဟုတ်ဘဲ “ပြည်သားတို့သည် တစ်ယောက်ကိုတစ်ယောက်၊ . . . ညှဉ်းဆဲကြလိမ့်မည်။ သူငယ်သည် အသက်ကြီးသူကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။” (ဟေရှာယ ၃:၄၊ ၅) ကလေးများသည် အကြီးအကဲများကို “စော်ကား” ကြပြီး ရိုသေလေးစားမှု မရှိကြပါ။ ဘဝအခြေအနေမှာ အောက်ဆုံးအဆင့်အထိ ကျဆင်းသွားရကား တစ်ဦးက အုပ်ချုပ်ရန် လုံးဝအရည်အချင်း မရှိသော အခြားတစ်ဦးအား ဤသို့ ဆိုရသည်အထိပင်– “သင်၌ အဝတ်ရှိသေး၏။ လာပါ။ အကျွန်ုပ်တို့အပေါ်၌ မင်းပြု၍ ဤပြိုပျက်ရာကို ပြုပြင်ပါ။” (ဟေရှာယ ၃:၆၊ သမ္မာ) သို့သော် ဖိတ်ခေါ်ခံရသူများက ပျက်စီးနေသည့် ပြည်ကို ပြုပြင်ရန် သူတို့တွင် အရည်အချင်း မရှိသကဲ့သို့ ထိုတာဝန်များကို ထမ်းဆောင်နိုင်လောက်အောင်လည်း မချမ်းသာဟု အတိအလင်း ပြောဆိုကာ ငြင်းဆိုမည် ဖြစ်သည်။ သူတို့က ဤသို့ ဆိုမည်– “ငါသည် ပြုပြင်နိုင်သောသူ မဟုတ်။ ငါ့အိမ်၌ မုန့်လည်း မရှိ။ အဝတ်လည်း မရှိ။ ငါ့ကို ပြည်သားတို့အပေါ်မှာ မင်းမပြုပါစေနှင့်။”—ဟေရှာယ ၃:၇။
၁၇။ (က) ယေရုရှလင်နှင့် ယုဒတို့၏ အဖြစ်အပျက်သည် အဘယ်သဘောဖြင့် “သောဒုံမြို့” နှင့် တူသနည်း။ (ခ) မိမိလူမျိုး၏ အခြေအနေအတွက် ဟေရှာယမည်သူ့ကို အပြစ်တင်သနည်း။
၁၇ ဟေရှာယ ဤသို့ ဆက်ဆို၏– “ယေရုရှလင်မြို့ ပြိုလဲလျက်၊ ယုဒပြည် ဆုံးရှုံးလျက် ရှိ၏။ အကြောင်းမူကား သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာဝရဘုရား၏ အလိုတော်နှင့်မညီ၊ ဘုန်းကြီးသော မျက်စိတော်တို့ကို ဆန့်ကျင်ဘက်ပြုကြ၏။ သူတို့မျက်နှာအနေအထားသည် သူတို့တစ်ဖက်၌ သက်သေခံ၏။ မိမိတို့ဒုစရိုက်ကို မဝှက်၊ သောဒုံမြို့သားကဲ့သို့ ထင်ရှားစွာ ပြုကြ၏။ သူတို့ဝိညာဉ်၌ အမင်္ဂလာရှိ၏။ အကြောင်းမူကား မကောင်းကျိုးကို မိမိတို့၌ ဆပ်ပေးကြပြီ။” (ဟေရှာယ ၃:၈၊ ၉) ဘုရားသခင့် လူမျိုးသည် အပြောအဆို၊ အကျင့်အကြံအားဖြင့် စစ်မှန်သော ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်။ သူတို့၏ မျက်နှာတွင် ပေါ်နေသည့် အရှက်မရှိ၊ နောင်တမရပုံတို့က သူတို့သည် သောဒုံမြို့သားများကဲ့သို့ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ၎င်းတို့၏ အပြစ်များကို ထုတ်ပြနေ၏။ သူတို့သည် ယေဟောဝါ ဘုရားသခင်နှင့် ပဋိညာဉ် ဖွဲ့ထားသော်လည်း သူတို့ကြောင့် ကိုယ်တော်၏ စံနှုန်းများ ပြောင်းလဲမည် မဟုတ်ပါ။ “ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏ ဟု ထိုသူအား ပြောလော့။ အကြောင်းမူကား သူသည် မိမိအကျင့်တို့၏ အကျိုးကို ခံစားရလိမ့်မည်။ မတရားသောသူသည် အမင်္ဂလာရှိ၏။ မကောင်းသောအမှုနှင့် တွေ့လိမ့်မည်။ အကြောင်းမူကား သူကျင့်သော အကျင့်တို့၏အပြစ်ကို သူ၌ ဆပ်ပေးရလိမ့်မည်။ ငါ၏ လူများကိုကား သူငယ်တို့သည် ညှဉ်းဆဲကြ၏။ မိန်းမတို့သည်လည်း အုပ်စိုးကြ၏။ ငါ၏ လူများတို့ သင်တို့အားလမ်းပြသောသူတို့သည် လမ်းလွဲစေကြ၏။ သင်တို့ သွားသော လမ်းခရီးကိုလည်း ဖျက်ကြ၏။”—ဟေရှာယ ၃:၁၀-၁၂။
၁၈။ (က) ဟေရှာယခေတ်ရှိ ဦးဆောင်သူများနှင့် မင်းသားများအပေါ် အဘယ် တရားစီရင်ချက်ကို ယေဟောဝါ ကြေညာသနည်း။ (ခ) ဦးဆောင်သူများနှင့် မင်းသားများကို ယေဟောဝါ၏ တရားစီရင်ခြင်းမှ ကျွန်ုပ်တို့ အဘယ် သင်ခန်းစာ ရရှိသနည်း။
၁၈ ယုဒပြည်ရှိ အကြီးအကဲများနှင့် မင်းညီမင်းသားတို့ကို ယေဟောဝါ ‘စွဲချက်တင်’ ၍ ‘တရားဆိုင်တော်မူသည်’– “သင်တို့သည် ငါ့ဥယျာဉ်တော်ကို စားကြပြီ။ ဆင်းရဲသော သူတို့၏ဥစ္စာကို လုယူ၍ မိမိတို့အိမ်၌ သိုထားကြပြီ။ ငါ၏ လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသနည်း။ ဆင်းရဲသားတို့၏ မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်း။” (ဟေရှာယ ၃:၁၃-၁၅) လူများ၏ ကောင်းကျိုးအတွက် လုပ်ဆောင်မည့်အစား ဦးဆောင်သောသူများသည် စဉ်းလဲကောက်ကျစ်သော အကျင့်များကို ကျင့်ကြသည်။ သူတို့သည် မိမိတို့၏ အခွင့်အာဏာကို အလွဲသုံးစားပြုကာ မိမိတို့ကိုယ်ကို ကုံလုံကြွယ်ဝစေကြပြီး မရှိဆင်းရဲသားများကို ဆင်းရဲချို့ငဲ့စေကြသည်။ သို့သော် ထိုဦးဆောင်သူများသည် ဆင်းရဲသားများကို ဖိနှိပ်သည့်အတွက် ဗိုလ်ခြေတို့၏အရှင် ယေဟောဝါထံ ဖြေရှင်းကြရမည် ဖြစ်သည်။ ၎င်းသည် ယနေ့ တာဝန်ရှိ အနေအထားတွင် ရှိသူများအတွက် သတိပေးချက်တစ်ရပ်ပင်! မိမိတို့၏ အခွင့်အာဏာကို အလွဲသုံးစား မပြုရန် အမြဲ သတိထားနိုင်ပါစေ။
၁၉။ ခရစ်ယာန်ဘောင်သည် အဘယ် ဖိနှိပ်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့အတွက် အပြစ်ရှိနေသနည်း။
၁၉ ခရစ်ယာန်ဘောင်—အထူးသဖြင့် သူ၏ ဓမ္မဆရာများနှင့် ခေါင်းဆောင်ပိုင်းများ—သည် မိမိတို့ ဖိနှိပ်ခဲ့သော၊ ဆက်၍ ဖိနှိပ်နေသော သာမန်လူများ ပိုင်ဆိုင်သင့်ရာများစွာကို လိမ်လည်လှည့်ဖြား ရယူခဲ့ကြသည်။ ထို့အပြင် ဘုရားသခင့် လူမျိုးကို ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက်ခဲ့ကြပြီး ယေဟောဝါ၏ နာမတော်ကို အကြီးအကျယ် ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေခဲ့ကြသည်။ ယေဟောဝါ သတ်မှတ်ထားသောအချိန်တွင် သူမအား ကိုယ်တော် အမှန်ပင် တရားစီရင်မည်။
“လှသော အဆင်းအရာ၌ သံပူထိုးချက်ရာ ဖြစ်”
၂၀။ ယေဟောဝါသည် “ဇိအုန်သတို့သမီးများ” ကို အဘယ်ကြောင့် အပြစ်တင်သနည်း။
၂၀ ဦးဆောင်သူများ၏ အမှားများကို ပြစ်တင်ရှုတ်ချပြီးနောက် ယေဟောဝါသည် ဇိအုန်အမျိုးသမီးများ သို့မဟုတ် ယေရုရှလင်မြို့ဘက်သို့ အာရုံပြောင်းလိုက်သည်။ ပြင်ဆင်ပုံကို ကြည့်ခြင်းဖြင့် “ဇိအုန်သတို့သမီးတို့သည်” နာပျော်ဖွယ် တချွင်ချွင်သံ ထွက်သော “ခြေချင်းတန်ဆာ”—ခြေမျက်စိနေရာတွင် မြဲမြံစွာ ချည်ထားသည့် ခြေကျင်း—ကို ဝတ်ဆင်ခဲ့ကြသည်မှာ ထင်ရှားသည်။ အမျိုးသမီးများသည် တမင် ခြေလှမ်းကျယ်ကျယ် မလှမ်းဘဲ မိန်းမသားတို့၏ ရည်မွန်သည်ဟု ယူဆမည့် လျှောက်ဟန်ဖြင့် “စိပ်စိပ် လှမ်းသွား” ကြသည်။ မည်သို့ဆိုစေ ၎င်းတွင် အဘယ်အရာ မှားနေသနည်း။ ထိုအမျိုးသမီးများ၏ သဘောထားဖြစ်သည်။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ဇိအုန်သတို့သမီးတို့သည် စိတ်မြင့်၍ မိမိလည်ပင်းကို ပြလျက်၊ မျက်စိလော်လည်လျက် . . . လှမ်းသွားတတ်” ၏။ (ဟေရှာယ ၃:၁၆) ထိုကဲ့သို့သော မာန်မာနကြီးခြင်းကို အပြစ်ဒဏ်မှ မလွတ်မြောက်စေပါ။
၂၁။ ယေရုရှလင်မြို့အပေါ် ယေဟောဝါ၏ တရားစီရင်ချက်သည် ဂျူးအမျိုးသမီးများကို မည်သို့ ထိခိုက်သနည်း။
၂၁ ထို့ကြောင့် ယေဟောဝါ၏ တရားစီရင်ခြင်းသည် ပြည်တော်၊ ထို “ဇိအုန်သတို့သမီး” အပေါ်သို့ ကျရောက်လာသည့်အခါ အရာခပ်သိမ်း—လူတို့ အလွန်ဂုဏ်ယူသည့် အလှအပပင်—ပျောက်ပျက်သွားမည်။ ယေဟောဝါ ဤသို့ ပရောဖက်ပြု၏– “ဘုရားရှင် ထာဝရဘုရားသည် ဇိအုန်သတို့သမီးတို့ကို တစ်ခေါင်းလုံး အနာဖေး ဖြစ်စေ၍ ဒဏ်ခတ်တော်မူမည်။ သူတို့နားထင်မှလည်း ဆံပင်ကို ပယ်တော်မူမည်။ ထိုကာလ၌ ဘုရားရှင်သည် သူတို့ခြေချင်း၊ ထိပ်စည်း၊ လည်ဆွဲ၊ နားသန်သီး၊ လက်ကောက်၊ မျက်နှာဖုံး၊ စည်းပုံ၊ လက်မောင်းဝတ်တန်ဆာ၊ ခါးစည်း၊ နံ့သာဘူး၊ လက်ဖွဲ့၊ လက်စွပ်၊ နှာဆွဲ၊ ထိုင်မသိမ်းအင်္ကျီ၊ ဝတ်လုံ၊ ပဝါ၊ လွယ်အိတ်၊ အင်္ကျီပါး၊ ပိတ်တဘက်၊ ဦးရစ်၊ ခြုံထည်တို့၏ တင့်တယ်ခြင်းကို ပယ်ရှားတော်မူမည်။” (ဟေရှာယ ၃:၁၇-၂၃၊ သမ္မာ; ကဘ၏ အောက်ခြေမှတ်ချက်ရှု။) ဝမ်းနည်းကြေကွဲဖွယ် အလှည့်အပြောင်းပါတကား!
၂၂။ အဆင်တန်ဆာများအပြင် ယေရုရှလင်မြို့ရှိ အမျိုးသမီးများသည် အဘယ်အရာ ဆုံးရှုံးကြသနည်း။
၂၂ ပရောဖက်ပြုချက် သတင်းစကားက ဤသို့ ဆက်ဆို၏– “မွှေးသော အနံ့အရာ၌ ပုပ်စပ်သော အနံ့၊ ခါးစည်းအရာ၌ ခါးကြိုး၊ ကျစ်သော ဆံပင်အရာ၌ ခေါင်းတုံးခြင်း၊ ရင်စည်းတန်ဆာအရာ၌ လျှော်တေကြိုး၊ လှသော အဆင်းအရာ၌ သံပူထိုးချက်ရာ ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၃:၂၄) ဘီ.စီ.အီး. ၆၀၇ တွင် ယေရုရှလင်မြို့ရှိ မာနကြီးသော အမျိုးသမီးများသည် ဥစ္စာကုံလုံကြွယ်ဝရာမှ ဆင်းရဲနွမ်းပါးသည့် အဖြစ်သို့ ရောက်ရှိသွားသည်။ လွတ်လပ်မှု ဆုံးရှုံးကာ ကျွန်အမှတ်အသား ဖြစ်သော “သံပူထိုးချက်ရာ” ကို ရရှိကြသည်။
“အမှန်ပင် ရှင်းလင်းပစ်ခြင်းခံရမည်”
၂၃။ ယေရုရှလင်မြို့နှင့်ပတ်သက်၍ ယေဟောဝါ အဘယ်အရာ ကြွေးကြော်သနည်း။
၂၃ ယခု ယေရုရှလင်မြို့အကြောင်း ယေဟောဝါ ဤသို့ ကြေညာ၏– “သင်၏ လူတို့သည် ဓားလက်နက်ဖြင့်လည်းကောင်း၊ သင်၏ သူရဲတို့သည် စစ်တိုက်သဖြင့်လည်းကောင်း လဲ၍ ဆုံးရှုံးကြလိမ့်မည်။ သူ၏ တံခါးတို့သည် ငိုကြွေးမြည်တမ်း၍၊ သူသည် [“အမှန်ပင် ရှင်းလင်းပစ်ခြင်း ခံရမည်၊” ကဘ] လူဆိတ်ညံရာ မြေပေါ်မှာ ထိုင်ရလိမ့်မည်။” (ဟေရှာယ ၃:၂၅-၄:၁က) ယေရုရှလင်မြို့သားများ၊ စစ်သူရဲများပင် တိုက်ပွဲတွင်ကျဆုံးကြလိမ့်မည်။ မြို့သည် မြေနှင့်တညီတည်းဖြစ်သွားမည်။ “တံခါးများ” အတွက် “ငိုကြွေးမြည်တမ်း” မည့်အချိန် ဖြစ်မည်။ ယေရုရှလင်ကို “ရှင်းလင်း” ပစ်မည် ဖြစ်ကာ လူဆိတ်ညံလျက် ကျန်ရစ်မည်။
၂၄။ အမျိုးသားများ ဓားဖြင့် ဆုံးရှုံးသွားခြင်းက ယေရုရှလင်မြို့ရှိ အမျိုးသမီးများအတွက် အဘယ်ဆိုးကျိုး သက်ရောက်သနည်း။
၂၄ ဓားလက်နက်ဖြင့် အမျိုးသားများ ဆုံးရှုံးသွားခြင်းက ယေရုရှလင်မြို့ရှိ အမျိုးသမီးများအတွက် ဆိုးကျိုးကြီး ဖြစ်စေမည်။ ပရောဖက်ပြုချက် ဤအပိုင်းကို နိဂုံးချုပ်ရာတွင် ဟေရှာယက ဤသို့ ကြိုပြော၏– “ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျားတစ်ယောက်ကို ကိုင်ဆွဲလျက် ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မတို့ကို မောင်၏ နာမဖြင့်သမုတ်ခြင်းသာ ရှိစေ၍ ကျွန်မတို့ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။” (ဟေရှာယ ၄:၁) အိမ်ထောင်ပြုရန် အရွယ်ရောက်သောအမျိုးသား နည်းနေခြင်းကြောင့် အမျိုးသမီးများစွာသည် အမျိုးသားတစ်ယောက်ကို တွယ်ကပ်နေရသည်အထိ အလွန် ဆိုးရွားလာမည်၊ အကြောင်းမှာ သူ၏ နာမည်ဖြင့် အခေါ်ခံရစေရန်—သူ၏ မယားများအဖြစ် လူသိရှင်ကြား ဖြစ်စေရန်—သို့ဖြင့် လင်မရှိသည့် မိန်းမဟု ကဲ့ရဲ့ရှုတ်ချခံရခြင်းမှ လွတ်မည် ဖြစ်သည်။ မောရှေပညတ်က လင်ယောက်ျားသည် မိမိ၏ ဇနီးအတွက် အစားအစာနှင့် အဝတ်အထည်များကို ထောက်ပံ့ရန် တောင်းဆို၏။ (ထွက်မြောက်ရာ ၂၁:၁၀) သို့ရာတွင် ‘ကိုယ်မုန့်ကို စား၍ ကိုယ်အဝတ်ကိုလည်း ဝတ်’ ရန် သဘောတူခြင်းဖြင့် ထိုအမျိုးသမီးများသည် ယောက်ျားဖြစ်သူကို တရားဝင် ဝတ္တရားများမှ ကင်းလွတ်မှု ပေးရန် လိုလိုလားလား ရှိကြသည်။ တစ်ချိန်က မာန်မာန ကြီးခဲ့သည့် “ဇိအုန်သတို့သမီးတို့” အတွက် အလွန် ဆိုးရွားသော အခြေအနေပါတကား!
၂၅။ မိမိကိုယ်ကို ချီးမြှောက်သူများအတွက် အဘယ်အရာ ဖြစ်တော့မည်နည်း။
၂၅ ယေဟောဝါသည် မိမိကိုယ်ကို ချီးမြှောက်သူများကို နှိမ့်ချတော်မူ၏။ ဘီ.စီ.အီး. ၆၀၇ တွင် မိမိ ရွေးချယ်ခဲ့သော မာန်မာနကြီးနေသည့် လူမျိုးကို အမှန်ပင် “ရှုတ်ချ” ခဲ့ပြီး သူတို့၏ “မာန” ကို “နှိမ့်” ချခဲ့သည်။ စစ်မှန်သော ခရစ်ယာန်များအနေနှင့် “ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏၊ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ” ကြောင်းကို ဘယ်တော့မျှ မမေ့ပါစေနှင့်။—ယာကုပ် ၄:၆။