ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-1 အခန်း ၂၀ စာ. ၁၂၆-၁၃၂
  • ယေဟောဝါသည် ဘုရင် ဖြစ်တော်မူ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် ဘုရင် ဖြစ်တော်မူ၏
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုဒပြည်ပျက်စီးခြင်းအကြောင်း ဟေရှာယ ကြိုဟော
  • ပြည်တော်တွင် ရွှင်လန်းမှု မရှိတော့
  • အကြွင်းအကျန် “ရွှင်လန်းစွာ သီချင်းဆို”
  • ယေဟောဝါ၏ တရားစီရင်ခြင်းမှ လွတ်မြောက်မည် မဟုတ်
  • ယေဟောဝါသည် ဘုန်းတန်ခိုးတော်ဖြင့် စိုးစံတော်မူမည်
  • ယေဟောဝါအား စောင့်မျှော်လျက် နေပါ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ယေဟောဝါ ဘုရားသခင်သည် အကြွင်းအကျန်အပေါ် ကရုဏာထားတော်မူ၏
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဖခင်တစ်ဦးနှင့် ပုန်ကန်သော သားများ
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ဟေရှာယကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
ip-1 အခန်း ၂၀ စာ. ၁၂၆-၁၃၂

အခန်း နှစ်ဆယ်

ယေဟောဝါသည် ဘုရင် ဖြစ်တော်မူ၏

ဟေရှာယ ၂၄:၁-၂၃

၁၊ ၂။ (က) မည်သူတို့သည် ယေဟောဝါ၏ အမျက်ဒေါသနှင့် တွေ့ရမည်နည်း။ (ခ) ယုဒသည် အပြစ်ဒဏ်မှ လွတ်မည်လော၊ ကျွန်ုပ်တို့ မည်သို့ သိရသနည်း။

ဗာဗုလုန်၊ ပါလက်စတိုင်း၊ မောဘ၊ ရှုရိ၊ အီသီယိုးပီးယား၊ အီဂျစ်၊ ဧဒုံ၊ တုရု၊ အာရှုရိ—အားလုံးသည် ယေဟောဝါ၏ အမျက်ဒေါသနှင့် တွေ့ကြုံကြရမည်။ ထိုရန်လိုသော နိုင်ငံများနှင့် မြို့များ ကြုံတွေ့ရမည့် ဘေးဒုက္ခကို ဟေရှာယ ကြိုဟောခဲ့ပြီး ဖြစ်သည်။ သို့သော် ယုဒကော မည်သို့နည်း။ ယုဒပြည်သူပြည်သားများသည် သူတို့၏ အပြစ်ရှိသော လမ်းစဉ်အတွက် အပြစ်ပေးခံရခြင်းမှ လွတ်ကင်းကြမည်လော။ သမိုင်းမှတ်တမ်းက လွတ်ကင်းကြမည် မဟုတ်ဟု ပဲ့တင်ထပ်ကာ အဖြေပေးသည်!

၂ ဣသရေလ ဆယ်နွယ်နိုင်ငံ၏ မြို့တော် ဖြစ်သော ရှမာရိမြို့၌ ဖြစ်ပျက်ခဲ့ရာကို ပြန်သုံးသပ်ကြည့်ပါ။ ထိုလူမျိုးသည် ဘုရားသခင်နှင့် ဖွဲ့ထားသော ပဋိညာဉ်ကို မစောင့်စည်းခဲ့ကြပါ။ ပတ်ဝန်းကျင် လူမျိုးများ၏ ယုတ်ညံ့သော အကျင့်အကြံများမှ သီးခြားမနေခဲ့ပါ။ ယင်းအစား ရှမာရိမြို့သားများသည် “ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှာ အဓမ္မအမှုတို့ကို ပြုကြ၏။ . . . ထို့ကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို ပြင်းစွာ အမျက်ထွက်၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ၏။” ပြည်တော်မှ အတင်းအကျပ် ဖယ်ရှားခြင်း ခံရပြီး “နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို . . . ခံရကြ၏။” (၄ ဓမ္မရာဇဝင် ၁၇:၉-၁၂၊ ၁၆-၁၈၊ ၂၃; ဟောရှေ ၄:၁၂-၁၄) ဣသရေလနိုင်ငံ၌ ဖြစ်ပျက်ခဲ့ရာသည် ညီမဖြစ်သော ယုဒနိုင်ငံအတွက် ရှေ့ပြေးနိမိတ် ဖြစ်သည်။

ယုဒပြည်ပျက်စီးခြင်းအကြောင်း ဟေရှာယ ကြိုဟော

၃။ (က) ယေဟောဝါသည် ယုဒနှစ်နွယ်နိုင်ငံကို အဘယ်ကြောင့် စွန့်ပစ်သနည်း။ (ခ) အဘယ်အရာကို ပြုရန် ယေဟောဝါ ဆုံးဖြတ်ထားသနည်း။

၃ အချို့သော ယုဒမင်းတို့သည် သစ္စာရှိခဲ့ကြသော်လည်း အများစုသည် သစ္စာမရှိကြပါ။ ယောသံကဲ့သို့သော သစ္စာရှိဘုရင်များ အုပ်ချုပ်ချိန်၌ပင် လူများသည် မှောက်မှားသော ဝတ်ပြုရေးနှင့် လုံးလုံး မကင်းစင်ခဲ့ကြပါ။ (၄ ဓမ္မရာဇဝင် ၁၅:၃၂-၃၅) ဂျူးရှေးထုံးစဉ်လာစကားအရ သစ္စာရှိ ပရောဖက် ဟေရှာယကို လွှနှင့် အပိုင်းပိုင်းဖြတ် သတ်ရန် အမိန့်ပေးခဲ့သည့် သွေးဆာနေသော မနာရှေမင်း အုပ်ချုပ်ချိန်တွင် ယုဒ၏ ဆိုးသွမ်းမှုသည် အထွတ်အထိပ် ရောက်ခဲ့သည်။ (ဟေဗြဲ ၁၁:၃၇ နှိုင်းယှဉ်။) ဤမင်းဆိုးသည် “ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ကို လမ်းလွဲစေ၏။ ဣသရေလ အမျိုးသားတို့ရှေ့မှ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ၍ ဆိုးသောအမှုကို ပြုစေ” ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၃:၉) မနာရှေအုပ်ချုပ်မှုအောက်တွင် ပြည်တော်သည် ခါနာန်လူမျိုးများ အုပ်ချုပ်ခဲ့သည့် အချိန်ကထက် ပို၍ ညစ်ညမ်းပုပ်စပ်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါ ဤသို့ ကြေညာတော်မူ၏– “သတင်းကြားသောသူတိုင်း နားနှစ်ဖက် ခါးစေခြင်းငှာ ငါသည် ယေရုရှလင်မြို့၊ ယုဒပြည်၌ ဘေးရောက်စေမည်။ . . . ပန်းကန်ကို သုတ်၍ သုတ်ပြီးမှ မှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။ ကျန်ကြွင်းသော ငါ့အမွေလူတို့ကို ငါစွန့်၍ ရန်သူလက်သို့ အပ်သဖြင့် သူတို့သည် ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက်ရာ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား . . . အစဉ်အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု၍ ငါ့အမျက်ကို နှိုးဆော်ကြပြီ။”—၄ ဓမ္မရာဇဝင် ၂၁:၁၁-၁၅။

၄။ ယေဟောဝါသည် ယုဒကို အဘယ်အရာ ပြုတော်မူမည်နည်း၊ ဤပရောဖက်ပြုချက် မည်သို့ ပြည့်စုံသနည်း။

၄ အထဲမှအရာအားလုံး သွန်ပစ်ရန် မှောက်ပစ်လိုက်သည့် ပန်းကန်ကဲ့သို့ ပြည်တော်သည် ပြည်သူပြည်သားများ မရှိသည့် အခြေအနေ ဖြစ်လာမည်။ ဟေရှာယ ထပ်၍ ပရောဖက်ပြုသည့်အရာမှာ ရောက်ရှိလာတော့မည့် ယုဒပြည်နှင့် ယေရုရှလင်မြို့ ပျက်စီးခြင်းအကြောင်း ဖြစ်သည်။ သူဤသို့ အစပြု၏– “ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြည်တော်ကို လွတ်လပ်စေ၍ ပယ်ရှင်းမှောက်ထားသဖြင့် ပြည်သားတို့ကို ကွဲပြားစေတော်မူ၏။” (ဟေရှာယ ၂၄:၁) နေဗုခဒ်နေဇာမင်း ဦးဆောင်မှုအောက်ရှိ ကျူးကျော်သူ ဗာဗုလုန်တပ်များအားဖြင့် ယေရုရှလင်မြို့နှင့် ၎င်း၏ ဗိမာန်တော် ဖျက်ဆီးခံရကာ ယုဒမြို့သူမြို့သားများစွာသည် ဓားဘေး၊ အစာငတ်မွတ်ခြင်းဘေးနှင့် ရောဂါကပ်များကြောင့် သေဆုံးခဲ့ရချိန်တွင် ဤပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။ အသက်ရှင် ကျန်ရစ်သူ ဂျူးအများစုသည် ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ကျန်ရစ်သော အနည်းငယ်သည် အီဂျစ်ပြည်သို့ ထွက်ပြေးခဲ့ကြသည်။ ထို့ကြောင့် ယုဒပြည်သည် ပျက်ပြုန်းခဲ့ရပြီး လုံးဝ လူသူကင်းမဲ့ခဲ့သည်။ အိမ်မွေးတိရစ္ဆာန်များပင် မကျန်ရစ်ခဲ့ပါ။ စွန့်ပစ်ခံရသော ပြည်တော်သည် သားရိုင်းတိရစ္ဆာန်များနှင့် ငှက်ဆိုးများသာ နေထိုင်ရာ စိတ်မချမ်းမြေ့ဖွယ် အပျက်အယွင်းများရှိသည့် တောကန္တာရတစ်ခု ဖြစ်လာသည်။

၅။ တစ်စုံတစ်ဦးသည် ယေဟောဝါ၏ တရားစီရင်ချက်မှ ကင်းလွတ်မည်လော။ ရှင်းပြပါ။

၅ ရောက်လာတော့မည့် တရားစီရင်ခြင်းတွင် ယုဒပြည်ရှိ တစ်ဦးတစ်ယောက်သည် မျက်နှာသာပေး ဆက်ဆံခံရမည်လော။ ဟေရှာယ ဤသို့ အဖြေပေး၏– “ထိုအခါ ယဇ်ပုရောဟိတ်သည် ဆင်းရဲသားကဲ့သို့လည်းကောင်း၊ သခင်သည် ကျွန်ကဲ့သို့လည်းကောင်း၊ သခင်မသည် ကျွန်မကဲ့သို့လည်းကောင်း၊ ရောင်းသောသူသည် ဝယ်သောသူကဲ့သို့လည်းကောင်း၊ ကြွေးရှင်သည် ကြွေးတင်သောသူကဲ့သို့လည်းကောင်း၊ အတိုးစားသောသူသည် အတိုးပေးသောသူကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။ တစ်ပြည်လုံး လွတ်လပ်၍ ရှင်းရှင်း ပျက်စီးရလိမ့်မည်ဟူသောအရာကို ထာဝရဘုရား မိန့်တော်မူ၏။” (ဟေရှာယ ၂၄:၂၊ ၃) စည်းစိမ်ဥစ္စာ ကြွယ်ဝသူများနှင့် ဗိမာန်တော် အမှုဆောင်ရသည့် အခွင့်ထူးများကြောင့် ထူးခြားသွားစေမည် မဟုတ်။ ခြွင်းချက်ရှိမည် မဟုတ်ပါ။ ပြည်တော်သည် အလွန့်အလွန် ယိုယွင်းပျက်စီးနေမှုကြောင့် အသက်ရှင်ကျန်ရစ်သူများ—ယဇ်ပုရောဟိတ်များ၊ ကျွန်များနှင့် သခင်များ၊ ရောင်းသူနှင့် ဝယ်သူများ—အားလုံး ပြည်နှင်ဒဏ် ခံရမည် ဖြစ်သည်။

၆။ ယေဟောဝါသည် ကောင်းချီးများကို ပြည်တော်မှ အဘယ်ကြောင့် ရုပ်သိမ်းတော်မူသနည်း။

၆ နားလည်မလွဲစေရန် ဟေရှာယက ဤရောက်ရှိလာတော့မည့် ဘေးဒုက္ခအကြောင်း အပြည့်အစုံကို ဖော်ပြပြီး ယင်းသို့ ဖြစ်ရသည့် အကြောင်းရင်းကို ဤသို့ ရှင်းပြ၏– “ပြည်တော်သည် ငြိုငြင်ညှိုးငယ်ခြင်း ရှိ၏။ လောက [“ဖြစ်ထွန်းသောပြည်၊” ကဘ] သည် အားလျော့၍ ညှိုးငယ်ခြင်း ရှိ၏။ ဘုန်းကြီးသော ပြည်သားတို့သည် အားလျော့ကြ၏။ ပြည်သားတို့သည် တရားတော်ကို လွန်ကျူးခြင်း၊ အမိန့်တော်ကို ပြောင်းလဲခြင်း၊ ထာဝရ သစ္စာတော် [“ပဋိညာဉ်၊” ကဘ] ကို ဖျက်ခြင်းအကြောင်းကြောင့် ပြည်တော်သည် ညစ်ညူးခြင်း ရှိ၏။ ထို့ကြောင့် ကျိန်တော်မူသော အကျိန်သည် ပြည်တော်ကို လွှမ်းမိုးပြီ။ ပြည်သားတို့အပေါ်မှာ အပြစ်ရောက်လေပြီ။ ထို့ကြောင့် ပြည်သားတို့သည် ပူလောင်ကြသဖြင့် ကျန်ကြွင်းသောသူတို့သည် နည်းကြ၏။” (ဟေရှာယ ၂၄:၄-၆) ဣသရေလလူတို့အား ခါနာန်ပြည်ကို ပေးခဲ့စဉ်က သူတို့သည် ထိုပြည်ကို “နို့နှင့် ပျားရည် စီးသောပြည်” အဖြစ် တွေ့မြင်ခဲ့ကြသည်။ (တရားဟောရာ ၂၇:၃) သို့တိုင် သူတို့သည် ယေဟောဝါ၏ ကောင်းချီးအပေါ် ဆက်၍ မှီခိုကြရမည် ဖြစ်သည်။ သူတို့သည် ကိုယ်တော်၏ ဥပဒေများနှင့် အမိန့်တော်များကို ဆက်၍ သစ္စာရှိရှိ စောင့်စည်းကြမည်ဆိုလျှင် မြေကြီးသည် “မိမိဘဏ္ဍာကို ပေး” မည် ဖြစ်သည်၊ သို့သော် သူတို့သည် ကိုယ်တော်၏ ပညတ်များနှင့် အမိန့်တော်များကို လျစ်လျူရှုမည်ဆိုလျှင် ပြည်တော်ကို ပြုစုပျိုးထောင်ရန် သူတို့၏ ကြိုးစားအားထုတ်မှုများသည် “အချည်းနှီး” ဖြစ်ပြီး မြေကြီးသည် “မိမိဘဏ္ဍာကို မပေး” ဘဲ နေမည်။ (ဝတ်ပြုရာ ၂၆:၃-၅၊ ၁၄၊ ၁၅၊ ၂၀) ယေဟောဝါ၏ ကျိန်ခြင်းသည် ‘ပြည်တော်ကို ကိုက်စား’ မည်။ (တရားဟောရာ ၂၈:၁၅-၂၀၊ ၃၈-၄၂၊ ၆၂၊ ၆၃) ယခု ယုဒသည် ထိုကျိန်ခြင်းနှင့် ရင်ဆိုင်ရရန် မျှော်လင့်ရတော့မည်။

၇။ ပညတ်ပဋိညာဉ်သည် ဣသရေလလူမျိုးအတွက် ကောင်းချီးတစ်ရပ် မည်သို့ ဖြစ်မည်နည်း။

၇ ဟေရှာယခေတ်မတိုင်မီ အနှစ် ၈၀၀ ခန့်က ဣသရေလလူမျိုးများသည် ယေဟောဝါနှင့် ပဋိညာဉ်ဖွဲ့ ဆက်ဆံရေးတွင် စိတ်လိုကိုယ်လျောက် ပါဝင်လာခဲ့ကြပြီး ယင်းနှင့်အညီ နေထိုင်ရန် သဘောတူခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၄:၃-၈) သူတို့သည် ယေဟောဝါ၏ အမိန့်တော်များကို နာခံမည်ဆိုပါက ကိုယ်တော်၏ ကြွယ်ဝသော ကောင်းချီးများကို ခံစားရမည် ဖြစ်ပြီး၊ ပဋိညာဉ်ကို ချိုးဖောက်မည်ဆိုပါက ကိုယ်တော်၏ ကောင်းချီး ခံစားရမည် မဟုတ်ဘဲ ရန်သူများ၏ သိမ်းပိုက်ခြင်းကို ခံရမည်ဟု ထိုပညတ်ပဋိညာဉ် စည်းကမ်းချက်များ၌ ဖော်ပြထားသည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆; တရားဟောရာ ၂၈:၁-၆၈) မောရှေအားဖြင့် ပေးခဲ့သော ဤပညတ်ပဋိညာဉ်သည် အတိအကျ မကန့်သတ်ထားသော အချိန်ကာလအထိ အကျိုးသက်ရောက်မည် ဖြစ်သည်။ ၎င်းသည် မေရှိယ ပေါ်လာသည့်အထိ ဣသရေလလူမျိုးများအား အကာအကွယ် ပေးသွားမည် ဖြစ်သည်။—ဂလာတိ ၃:၁၉၊ ၂၄။

၈။ (က) လူများသည် မည်သို့ “တရားတော်ကို လွန်ကျူး” ပြီး “အမိန့်တော်ကို ပြောင်းလဲ” ကြသနည်း။ (ခ) “ဘုန်းကြီးသော ပြည်သူပြည်သားတို့” သည် အဘယ်နည်းများဖြင့် ဦးဆုံး “အားလျော့” ကြသနည်း။

၈ သို့သော် လူများသည် “ထာဝရပဋိညာဉ်ကို ဖျက်” ခဲ့ကြသည်။ သူတို့သည် ဘုရားပေး ပညတ်တော်များကို လျစ်လျူရှုခြင်းဖြင့် ၎င်းတို့ကို ချိုးဖောက်ခဲ့ကြသည်။ သူတို့သည် ယေဟောဝါ ပေးခဲ့သည်နှင့် ခြားနားသော ဓလေ့ထုံးစံများကို လိုက်ခြင်းဖြင့် “အမိန့်တော်ကို ပြောင်းလဲ” ခဲ့ကြသည်။ (ထွက်မြောက်ရာ ၂၂:၂၅; ယေဇကျေလ ၂၂:၁၂) ထို့ကြောင့် လူမျိုးတော်သည် ပြည်တော်မှ ပယ်ရှင်းခြင်း ခံရမည်။ ကျရောက်လာမည့် တရားစီရင်ခြင်းတွင် ကရုဏာပြခံရမည် မဟုတ်ပါ။ ယေဟောဝါ၏ အကာအကွယ်နှင့် မျက်နှာသာ ရုပ်သိမ်းထားခြင်းကြောင့် “အားလျော့” ကြသူများအထဲတွင် မှူးကြီးမတ်ရာများ ဖြစ်သော “ဘုန်းကြီးသော ပြည်သားတို့သည်” ဦးဆုံး ပါဝင်ကြမည်။ ဤအချက် ပြည့်စုံသည့်အနေနှင့် ယေရုရှလင်မြို့ ပျက်စီးခြင်း နီးလာသည်နှင့်အမျှ ဦးဆုံး အီဂျစ်လူမျိုးများနှင့် ထို့နောက် ဗာဗုလုန်လူမျိုးတို့သည် ယုဒမင်းများကို မိမိတို့၏ လက်အောက်ခံများ ဖြစ်စေကြသည်။ ထို့နောက် ယောယကိမ်မင်းနှင့် အခြားဘုရင့်မိသားစုဝင်များသည် သုံ့ပန်းအဖြစ် ဗာဗုလုန်သို့ ဦးဆုံး ခေါ်ဆောင်ခံရသူများ ဖြစ်သည်။—၂ ရာဇဝင်ချုပ် ၃၆:၄၊ ၉၊ ၁၀။

ပြည်တော်တွင် ရွှင်လန်းမှု မရှိတော့

၉၊ ၁၀။ (က) ဣသရေလပြည်တွင် စိုက်ပျိုးရေးသည် အဘယ် အခန်းကဏ္ဍမှ ပါဝင်သနည်း။ (ခ) လူတိုင်း ‘မိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ထိုင်’ ရခြင်းက အဘယ် အဓိပ္ပာယ် ရှိသနည်း။

၉ ဣသရေလလူမျိုးသည် လယ်ယာစိုက်ပျိုးသူများ ဖြစ်သည်။ ဣသရေလလူမျိုးများ ကတိထားရာ ပြည်တော်အတွင်းသို့ ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ ကောက်ပဲသီးနှံ စိုက်ပျိုးခြင်းနှင့် အိမ်မွေးတိရစ္ဆာန်အုပ်များ မွေးမြူသည့် ဘဝအသက်တာဖြင့် အခြေချခဲ့ကြသည်။ ထို့ကြောင့် ဣသရေလလူမျိုးအား ပေးခဲ့သော ပညတ်ဥပဒေတွင် လယ်ယာစိုက်ပျိုးခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ ပြည်တော်နှင့်ပတ်သက်၍ ခုနစ်နှစ်မြောက်နှစ်တိုင်းတွင် မြေသြဇာ ပြန်လည်ကောင်းစေရန် မြေကို အလပ်ထားရသည့် မစောင့်မနေရ ဥပုသ်ကို ပြဋ္ဌာန်းပေးသည်။ (ထွက်မြောက်ရာ ၂၃:၁၀၊ ၁၁; ဝတ်ပြုရာ ၂၅:၃-၇) လူမျိုးတော် နှစ်စဉ် ကျင်းပရသည့် ပွဲတော်သုံးခုသည် လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်သော အချိန်များတွင် ကျင်းပရန် သတ်မှတ်ပေးထားသည်။—ထွက်မြောက်ရာ ၂၃:၁၄-၁၆။

၁၀ စပျစ်ဥယျာဉ်များသည် ပြည်တော်တစ်လျှောက်အနှံ့ ရှိသည်။ ကျမ်းစာစောင်များ၌ စပျစ်သီးမှ ရသော စပျစ်ရည်သည် “လူတို့ကို ရွှင်လန်းစေ” ပြီး ဘုရားသခင်ထံမှ လက်ဆောင် ဖြစ်သည်ဟု ဖော်ပြထားသည်။ (ဆာလံ ၁၀၄:၁၅) လူတိုင်းသည် ‘မိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ထိုင်’ ရခြင်းက ဘုရားသခင်၏ ဖြောင့်မတ်သော အုပ်ချုပ်မှုအောက်ရှိ သာယာဝပြောမှု၊ ငြိမ်သက်မှုနှင့် လုံခြုံမှုကို မှတ်သားဖော်ပြသည်။ (၃ ဓမ္မရာဇဝင် ၄:၂၅; မိက္ခာ ၄:၄) အောင်မြင်သော စပျစ်သီး ဆွတ်ခူးရာသီကို ကောင်းချီးမင်္ဂလာတစ်ပါးဟု ယူဆကြပြီး သီချင်းဆိုရွှင်လန်းရန် အချိန်အခါ ဖြစ်သည်။ (တရားသူကြီး ၉:၂၇; ယေရမိ ၂၅:၃၀) ပြောင်းပြန်လည်း မှန်သည်။ စပျစ်ပင်များ ညှိုးနွမ်းပျက်စီးခြင်း သို့မဟုတ် စပျစ်သီး မသီးခြင်းနှင့် ဆူးပင်များကြောင့် စပျစ်ဥယျာဉ်များ ပျက်စီးလာခြင်းမှာ ယေဟောဝါသည် မိမိ၏ ကောင်းချီးကို ရုပ်သိမ်းလိုက်ကြောင်း အလွန် ဝမ်းနည်းဖွယ် သာဓက ဖြစ်သည်။

၁၁၊ ၁၂။ (က) ယေဟောဝါ၏ တရားစီရင်ခြင်း ရလဒ်အခြေအနေများကို ဟေရှာယ မည်သို့ ဥပမာပေး ဖော်ပြသနည်း။ (ခ) အဘယ် ကြောက်ဖွယ် အလားအလာကို ဟေရှာယ ဖော်ပြသနည်း။

၁၁ သို့ဖြစ်၍ ဟေရှာယသည် စပျစ်ခင်းများနှင့် ၎င်းတို့မှ ထွက်ရှိမှုများကို အသုံးပြုကာ ပြည်တော်အပေါ် ယေဟောဝါ၏ ကောင်းချီးများ ရုပ်သိမ်းခြင်းကြောင့် ဖြစ်သော ရလဒ်အခြေအနေများကို သင့်လျော်စွာ ဖော်ပြသည်– “သစ်သော စပျစ်ရည်သည် ငြိုငြင်လေ၏။ စပျစ်နွယ်ပင်သည်လည်း အားလျော့လေ၏။ စိတ်ရွှင်လန်းသောသူအပေါင်းတို့သည် ညည်းတွားကြ၏။ သာယာသော ပတ်သာအသံ ငြိမ်းပြီ။ ဝမ်းမြောက်သောသူ၏ အသံ မရှိ။ သာယာသော စောင်းသံလည်း ငြိမ်းပြီ။ သီချင်းဆိုလျက် စပျစ်ရည်ကို မသောက်ရကြ။ သေရည်သေရက်ကို သောက်သောသူတို့သည် ပါးစပ် ခါးကြလိမ့်မည်။ လွတ်လပ်သော မြို့သည် ပြိုပျက်လေပြီ။ အဘယ်သူမျှ မဝင်စေခြင်းငှာ အိမ်များကို ပိတ်ထားကြပြီ။ စပျစ်ရည် ပြတ်သောကြောင့် လမ်းခရီးတို့၌ မြည်တမ်းခြင်း ရှိ၏။ ဝမ်းမြောက်ခြင်းလည်း အကြွင်းမဲ့ ကွယ်ပြီ။ တစ်ပြည်လုံး၌ သာယာသောအသံ ငြိမ်းပြီ။ ဆိတ်ညံခြင်းသည် မြို့ထဲမှာ ကျန်ရစ်၏။ မြို့တံခါးကိုလည်း ရိုက်ခတ်၍ ဖြိုဖျက်ကြပြီ။”—ဟေရှာယ ၂၄:၇-၁၂။

၁၂ ပတ်သာနှင့် စောင်းသည် ယေဟောဝါကို ချီးမွမ်းရန်နှင့် ရွှင်လန်းဝမ်းမြောက်ကြောင်း ဖော်ပြရန် အသုံးပြုသည့် နားဝင်ချို ကိရိယာများ ဖြစ်သည်။ (၂ ရာဇဝင်ချုပ် ၂၉:၂၅; ဆာလံ ၈၁:၂) ဘုရားသခင် အပြစ်ပေးချိန်တွင် ယင်းတေးသံများ ကြားရမည် မဟုတ်ပါ။ ရွှင်လန်းဖွယ် စပျစ်သီး ဆွတ်ချိန် ရှိမည် မဟုတ်ပါ။ ‘မြို့တံခါးများ ပြိုပျက်’ နေပြီး မည်သူမျှ မဝင်စေရန် အိမ်များကို “ပိတ်ထား” သော ဖျက်ဆီးခံရ၍ ပျက်စီးနေသည့် ယေရုရှလင်မြို့တွင် ပျော်ရွှင်ဖွယ် သီချင်းသံများ ကြားရမည် မဟုတ်ပါ။ သဘာဝအရ အလွန် မြေသြဇာကောင်းသော နယ်မြေရှိ ပြည်သူပြည်သားများအတွက် အလွန် စိတ်ပျက်ဖွယ်ပါတကား!

အကြွင်းအကျန် “ရွှင်လန်းစွာ သီချင်းဆို”

၁၃၊ ၁၄။ (က) ကောက်ရိတ်သိမ်းခြင်းနှင့်ပတ်သက်သော ယေဟောဝါ၏ ပညတ်တော်မှာ အဘယ်နည်း။ (ခ) ယေဟောဝါ၏ တရားစီရင်ခြင်းတွင် အချို့သူများ အသက်ရှင်ကျန်ရစ်မည်ကို ဥပမာပေး ဖော်ပြရန် ကောက်ရိတ်သိမ်းခြင်းဆိုင်ရာ ပညတ်တရားကို ဟေရှာယ မည်သို့ အသုံးပြုဖော်ပြသနည်း။ (ဂ) ဝမ်းနည်းဖွယ် အခက်အခဲ အခြေအနေနှင့် ကြုံတွေ့ရမည် ဖြစ်သော်လည်း သစ္စာရှိ ယုဒလူမျိုးများသည် အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း။

၁၃ သံလွင်သီး ဆွတ်ခူးရာတွင် ဣသရေလလူများသည် တုတ်များဖြင့် အပင်ကို ရိုက်၍ အသီးများကို ကြွေကျစေသည်။ ဘုရားသခင့် ပညတ်တရားအရ သစ်ပင်များတွင် ကျန်ကြွင်းသည့် သံလွင်သီးများကို ပြန်စုသိမ်းခြင်း မပြုရန် တားမြစ်ထားသည်။ မိမိတို့၏ စပျစ်ဥယျာဉ်များတွင် စပျစ်သီး ခူးပြီးနောက် ကျန်ကြွင်းသည့် စပျစ်သီးများကိုလည်း ပြန်မစုသိမ်းရပါ။ စုသိမ်းပြီး ကျန်ကြွင်းရာများကို ဆင်းရဲသားများ—“တစ်ပါးအမျိုးသား၊ မိဘမရှိသောသူ၊ မုဆိုးမ”—တို့ ကောက်သင်းကောက်ရန် ချန်ထားရသည်။ (တရားဟောရာ ၂၄:၁၉-၂၁) ထိုအများသိ ဖြစ်သော ပညတ်ကို ထောက်ပြကာ ဟေရှာယက ရောက်လာတော့မည့် ယေဟောဝါ၏ တရားစီရင်ခြင်းတွင် ကယ်တင်ခံရမည့်သူများ ရှိမည်ဟူသည့် နှစ်သိမ့်ဖွယ်အချက်ကို ဤသို့ ဥပမာပေး၍ ဖော်ပြ၏– “ထိုသို့ ပြည်တော်အလယ်၊ ပြည်သားတို့တွင် ဖြစ်ရသော်လည်း သံလွင်ပင်ကို လှုပ်၍ အသီးကို ရသကဲ့သို့လည်းကောင်း၊ စပျစ်သီးကို သိမ်းယူသောနောက် အကြွင်းအကျန်ကို ကောက်ရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ထိုသူတို့သည် ကြွေးကြော်၍ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားကို ချီးမွမ်းသော အသံနှင့် ပင်လယ်တစ်ဖက်မှ မြည်ကြလိမ့်မည်။ သို့ဖြစ်၍ အရှေ့မျက်နှာအရပ်တို့၌ ထာဝရဘုရားကိုလည်းကောင်း၊ ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ ဣသရေလအမျိုး၏ ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမတော်ကိုလည်းကောင်း ချီးမွမ်းကြလော့။ ‘သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူစေသတည်း!’ ဟု မြေကြီးစွန်းမှ သီချင်းဆိုသံကို ငါတို့သည် ကြားရ၏။”—ဟေရှာယ ၂၄:၁၃-၁၆က။

၁၄ ရိတ်သိမ်းပြီးနောက် အပင်ပေါ် သို့မဟုတ် စပျစ်နွယ်ပင်တွင် အသီးအချို့ကျန်ကြွင်းသကဲ့သို့ ယေဟောဝါ၏ တရားစီရင်ခြင်းပြီးနောက် အချို့သူများသည်—“စပျစ်သီးကို သိမ်းယူသောနောက် အကြွင်းအကျန်ကို ကောက်ရသကဲ့သို့” ကျန်ကြွင်းမည်။ အခန်းငယ် ၆ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း “ကျန်ကြွင်းသောသူတို့သည် နည်းကြ၏” ဟု ဆိုထားခြင်းဖြင့် ၎င်းနှင့်ပတ်သက်၍ ပရောဖက်ပြုခဲ့ပြီး ဖြစ်သည်။ ယေရုရှလင်မြို့နှင့် ယုဒပြည် ပျက်စီးရာတွင် အနည်းငယ်သာ ဖြစ်မည် ဖြစ်သော လွတ်မြောက်မည့်သူများ ရှိရမည် ဖြစ်ပြီး နောက်ပိုင်းတွင် အကြွင်းအကျန်သည် ပြည်တော်ကို ပြန်လည်ထူထောင်ရန် သုံ့ပန်းဘဝမှ ပြန်လာကြမည်။ (ဟေရှာယ ၄:၂-၄; ၁၄:၁-၅) စိတ်နှလုံး ရိုးဖြောင့်သူများသည် ဝမ်းနည်းဖွယ် အခြေအနေများနှင့် ကြုံတွေ့ရမည် ဖြစ်သော်လည်း လွတ်မြောက်မှု ရကာ ရှေ့တွင် ရွှင်လန်းဖွယ် အလားအလာ ရှိကြောင်း စိတ်ချနိုင်ကြသည်။ အသက်ရှင်ကျန်သူများသည် ယေဟောဝါ၏ ပရောဖက်ပြုချက်စကားများ ဖွင့်ပြလာသည်ကို တွေ့မြင်ရမည် ဖြစ်ကာ ဟေရှာယသည် ဘုရားသခင်၏ ပရောဖက် အစစ်အမှန် ဖြစ်ကြောင်း သိကြရမည်။ ပြန်လည်ထူထောင်ရေး ပရောဖက်ပြုချက် ပြည့်စုံလာခြင်းကို တွေ့မြင်ကြရသည်နှင့်အမျှ အလွန် ရွှင်လန်းနေကြမည်။ သူတို့ ကွဲလွင့်သွားသည့် မည်သည့်နေရာမှမဆို—အနောက်ဘက်တွင်ရှိ မြေထဲပင်လယ်ရှိ ကျွန်းများ ဖြစ်ပါစေ၊ “အရှေ့မျက်နှာအရပ်” (နေထွက်ရာအရပ် သို့မဟုတ် အရှေ့) တွင် ဗာဗုလုန် သို့မဟုတ် ဝေးသော အခြားဒေသတစ်ခုခု ဖြစ်ပါစေ—သူတို့သည် အသက်ရှင်အောင် ကာကွယ်ခံခဲ့ရသည့်အတွက် ဘုရားသခင်ကို ချီးမွမ်းကြမည် ဖြစ်ပြီး “သန့်ရှင်းတော်မူသောသူသည် ဘုန်းကြီးတော်မူစေသတည်း!” ဟု သီဆိုကြမည်။

ယေဟောဝါ၏ တရားစီရင်ခြင်းမှ လွတ်မြောက်မည် မဟုတ်

၁၅၊ ၁၆။ (က) မိမိလူမျိုး ကြုံတွေ့ရမည့် အရာများနှင့်ပတ်သက်၍ ဟေရှာယ မည်သို့ ခံစားရသနည်း။ (ခ) သစ္စာမဲ့သော ပြည်သူပြည်သားများအပေါ် အဘယ်အရာ ကျရောက်မည်နည်း။

၁၅ သို့သော် ယခုအချိန်သည် ရွှင်လန်းဝမ်းမြောက်ရန် အချိန်မရောက်သေးပါ။ ဟေရှာယက မိမိ၏ တစ်ခေတ်တည်းသားများအား ဤသို့ ပြောကာ လက်ရှိ အခြေအနေအကြောင်း ပြန်ပြော၏– “‘ငါမူကား အလွန် ဆင်းရဲ၏။ အလွန် ဆင်းရဲ၏။ အမင်္ဂလာရှိ၏။ လုယက်သောသူတို့သည် လုယက်လျက် နေကြ၏။ လုယက်သောသူတို့သည် ကြမ်းတမ်းစွာ လုယက်ကြ၏။’ အိုပြည်သား သင်သည် ကြောက်လန့်ဖွယ်သောအရာ မြေတွင်း၊ ကျော့ကွင်းထဲသို့ရောက်လေပြီ။ ကြောက်လန့်ဖွယ်သောအရာမှ ပြေးသောသူသည် မြေတွင်းထဲသို့ ကျလိမ့်မည်။ မြေတွင်းမှ လွတ်သောသူသည် ကျော့ကွင်း၌ ကျော့မိလိမ့်မည်။ ကောင်းကင်ပြွန်ဝ ပွင့်လျက် ရှိ၍ မြေကြီးအမြစ်လည်း လှုပ်ရှားလေ၏။ ပြည်တော်သည် တစ်ပြည်လုံး ပြုတ်လေ၏။ ပြည်တော်သည် အကုန်အစင် ပြိုပျက်လေပြီ။ ပြည်တော်သည် အလွန် တုန်လှုပ်လျက် ရှိလေ၏။ ပြည်တော်သည် ယစ်မူးသောသူကဲ့သို့ တလူးလည်လည် ရှိ၏။ ပုခက်ကဲ့သို့ လှုပ်ရှား၏။ မိမိအပြစ်သည် မိမိအပေါ်မှာ လေးသဖြင့် ပြည်တော်သည် လဲလိမ့်မည်။ နောက်တစ်ဖန် မထရ။”—ဟေရှာယ ၂၄:၁၆ခ-၂၀။

၁၆ ဟေရှာယသည် မိမိလူမျိုး ကြုံတွေ့ရမည့်အရာများကြောင့် အလွန် ဝမ်းနည်းလေသည်။ သူ့ပတ်လည်တွင် ဖြစ်နေသည့် အခြေအနေများက သူ့အား နာကျင်စေကာ အမင်္ဂလာ ဖြစ်စေသည်။ လွန်ကျူးလုယက်သောသူ အလွန် ပေါများနေပြီး ပြည်သူပြည်သားများကို ကြောက်လန့်စေကြသည်။ ယေဟောဝါသည် မိမိ၏ အကာအကွယ်ပေးမှုကို ရုပ်သိမ်းသည့်အခါ သစ္စာမဲ့သောယုဒပြည်သူပြည်သားများသည် နေ့ရောညပါ ကြောက်မက်ဖွယ်ရာများနှင့် တွေ့ကြုံရမည်။ သူတို့ ဆက်အသက်ရှင်ဖို့ ဆိုသည်မှာ မသေချာတော့ပါ။ သူတို့သည် ယေဟောဝါ၏ အမိန့်တော်များကို စွန့်ပစ်ကြပြီး ဘုရားရေးရာ ဉာဏ်ပညာကို လျစ်လျူရှုခြင်းကြောင့် သူတို့အပေါ် ကျရောက်မည့် ဘေးဒုက္ခများမှ လွတ်ကြမည် မဟုတ်ပါ။ (သုတ္တံ ၁:၂၄-၂၇) ပြည်တော်တွင်ရှိသော လွန်ကျူးလုယက်သူများက ပျက်စီးခြင်းသို့ ဦးတည်စေသော မုသာစကားများ၊ ပရိယာယ်များဖြင့် အစစအရာရာ အဆင်ပြေမည်ဟု လူများအား အယုံသွင်းရန် ကြိုးစားကြမည် ဖြစ်သော်လည်း ဘေးဒုက္ခဆင်းရဲခြင်းသည် ကျရောက်လာမည်။ (ယေရမိ ၂၇:၉-၁၅) ပြင်ပမှ ရန်သူများလည်း ရောက်လာကြမည် ဖြစ်ပြီး သူတို့၏ ဥစ္စာပစ္စည်းများကို လုယူကာ သုံ့ပန်းများအဖြစ် ခေါ်ဆောင်သွားကြမည်။ ယင်းတို့အားလုံးသည် ဟေရှာယအား အလွန် စိတ်ထိခိုက်စေသည်။

၁၇။ (က) ထွက်ပြေးလွတ်မြောက်ရန် အဘယ်ကြောင့် မဖြစ်နိုင်သနည်း။ (ခ) ယေဟောဝါသည် တရားစီရင်ခြင်းတန်ခိုးကို ကောင်းကင်မှ ထုတ်လွှတ်သည့်အခါ ပြည်တော်တွင် အဘယ်အရာ ဖြစ်ပျက်မည်နည်း။

၁၇ သို့သော်လည်း လွတ်မြောက်မည် မဟုတ်ဟု ပရောဖက် ကြေညာရမည်။ လူများသည် လွတ်မြောက်အောင် ကြိုးစားကြမည် ဖြစ်သော်လည်း အဖမ်းခံရကြမည်။ အချို့သူများသည် ဘေးဒုက္ခတစ်ခုမှ လွတ်မြောက်ကြမည် ဖြစ်သော်လည်း နောက်ဘေးတစ်ခုနှင့် တွေ့မည်—အကာအကွယ် ရကြမည် မဟုတ်ပါ။ အမဲကောင်တစ်ကောင်သည် ထောင်ချောက်တွင်းထဲ ကျရာမှ လွတ်မြောက်သွားသော်လည်း ကျော့ကွင်းတွင် မိသကဲ့သို့ ဖြစ်မည်။ (အာမုတ် ၅:၁၈၊ ၁၉ နှိုင်းယှဉ်။) ယေဟောဝါ၏ တရားစီရင်ခြင်းတန်ခိုးကို ကောင်းကင်မှ ထုတ်လွှတ်မည် ဖြစ်ပြီး မြေကြီးအမြစ်ကို လှုပ်ခါတော်မူမည်။ အမူးသမားတစ်ဦးကဲ့သို့ ပြည်တော်သည် ဒုစရိုက်နှင့် လေးလံနေပြီး ပြန်မထနိုင်ဘဲ ယိုင်လဲသွားသည်။ (အာမုတ် ၅:၂) ယေဟောဝါ၏ တရားစီရင်ခြင်းသည် အပြီးအပြတ် ဖြစ်သည်။ ပြည်တော်သည် လုံးလုံး ဖျက်ဆီးခံရမည်။

ယေဟောဝါသည် ဘုန်းတန်ခိုးတော်ဖြင့် စိုးစံတော်မူမည်

၁၈၊ ၁၉။ (က) “မြင့်သောအလုံးအရင်း” ဟူသည် မည်သည့်အရာကို ရည်ညွှန်းခြင်း ဖြစ်နိုင်သနည်း၊ သူတို့ကို “ထောင်ထဲ” သို့ မည်သို့ စုရုံးမည်နည်း။ (ခ) “မြင့်သောအလုံးအရင်း” သည် “များစွာသော နေ့ရက်ကာလလွန်ပြီးမှ” မည်သို့ အာရုံစိုက်ခံရခြင်း ဖြစ်မည်နည်း။ (ဂ) ယေဟောဝါသည် “မြေကြီးရှင်ဘုရင်တို့ကို” မည်သို့ အာရုံစိုက်မည်နည်း။

၁၈ ဟေရှာယ၏ ပရောဖက်ပြုချက်သည် ယခု သာ၍ ကျယ်ပြန့်လာပြီး ယေဟောဝါ ရည်ရွယ်ချက်၏ အပြီးသတ် အကောင်အထည်ဖော်မှုကို ဤသို့ ညွှန်ပြ၏– “ထိုကာလ၌ ထာဝရဘုရားသည် မြင့်သောအရပ်၌ မြင့်သော အလုံးအရင်းကိုလည်းကောင်း၊ မြေပေါ်မှာ မြေကြီးရှင်ဘုရင်တို့ကိုလည်းကောင်း ကြည့်ရှုစစ်ကြောတော်မူလိမ့်မည်။ သူတို့သည် တွင်းထဲမှာ တစ်စုတည်း စုဝေး၍ ချည်နှောင်ခြင်း၊ ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံလျက် နေရကြလိမ့်မည်။ များစွာသော နေ့ရက်ကာလ လွန်ပြီးမှ စစ်ကြောခြင်းကို ခံရကြလိမ့်မည်။ လသည်လည်း မျက်နှာပျက်လိမ့်မည်။ နေသည်လည်း အရှက်ကွဲလိမ့်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ယေရုရှလင်မြို့၌ မင်းပြု၍ အသက်ကြီးသူတို့ရှေ့တွင် ဘုန်းကြီးတော်မူလတ္တံ့။”—ဟေရှာယ ၂၄:၂၁-၂၃။

၁၉ “မြင့်သောအလုံးအရင်း” သည် နတ်ဆိုးနှင့်ဆိုင်သည့် “လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့် . . . မိုးကောင်းကင်၌ နေသော နတ်ဆိုးတို့” ကိုရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ (ဧဖက် ၆:၁၂) လောကအာဏာစက်များအပေါ် ဩဇာလွှမ်းမိုးနိုင်သည့်တန်ခိုး သူတို့တွင် ရှိသည်။ (ဒံယေလ ၁၀:၁၃၊ ၂၀; ၁ ယောဟန် ၅:၁၉) သူတို့၏ ရည်ရွယ်ချက်မှာ ယေဟောဝါနှင့် ကိုယ်တော်၏ စင်ကြယ်သော ဝတ်ပြုရေးမှ လူများအား လမ်းလွဲစေရန် ဖြစ်သည်။ သူတို့သည် ဣသရေလလူမျိုးများအား သူတို့၏ ပတ်ဝန်းကျင်ရှိ တစ်ပါးအမျိုးသားများ၏ ဖောက်ပြန်ယိုယွင်းသော အကျင့်ဓလေ့များကို လိုက်ကျင့်စေခဲ့ပြီး ယင်းကြောင့် ဘုရားသခင်၏ မြင့်မြတ်သော တရားစီရင်ခြင်းကို ခံရစေရန် လှည့်ဖြားရာတွင် အလွန် အောင်မြင်ခဲ့သည်! သို့သော် နောက်ဆုံးတွင် စာတန်၊ သူ၏နတ်ဆိုးများနှင့် ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုရန်၊ ကိုယ်တော့် ပညတ်တော်များကို ဖောက်ဖျက်ကျူးလွန်ရန် ဩဇာလွှမ်းမိုးခဲ့သူများ ဖြစ်သော “မြေကြီးရှင်ဘုရင်တို့၊” မြေကြီးပေါ်ရှိ အုပ်စိုးရှင်များကို အာရုံစိုက်တော်မူသည့်အခါ သူတို့သည် ကိုယ်တော်ထံ အဖြေပေးရမည်။ (ဗျာဒိတ် ၁၆:၁၃၊ ၁၄) ပုံဆောင်စကားဖြင့် ပြောရလျှင် သူတို့သည် “ထောင်ထဲမှာ ချုပ်ထားခြင်းကို ခံ” ရမည်ဟု ဟေရှာယ ဆို၏။ “များစွာသော နေ့ရက်ကာလ လွန်ပြီးမှ၊” (“မြေကြီးရှင်ဘုရင်တို့” မဟုတ်ဘဲ) စာတန်နှင့် သူ၏ နတ်ဆိုးများသည် ယေရှုခရစ်၏ အနှစ်တစ်ထောင် အုပ်ချုပ်မှု အဆုံးပိုင်းတွင် ခေတ္တ ပြန်လွှတ်ခြင်း ခံရပြီးနောက် ဘုရားသခင်သည် သူတို့ ခံထိုက်သည့် အပြီးသတ် အပြစ်ဒဏ်ကို သူတို့အပေါ် ကျရောက်စေမည်။—ဗျာဒိတ် ၂၀:၃၊ ၇-၁၀။

၂၀။ ရှေးခေတ်နှင့် မျက်မှောက်ခေတ်အချိန်များတွင် ယေဟောဝါသည် မည်သို့နှင့် အဘယ်အချိန်တွင် ‘ဘုရင် ဖြစ်လာ’ သနည်း။

၂၀ ထို့ကြောင့် ဟေရှာယ ပရောဖက်ပြုချက်၏ ဤအပိုင်းသည် ဂျူးများအား အားတက်ဖွယ် အာမခံချက်ကို ဖြစ်စေခဲ့သည်။ ယေဟောဝါ သတ်မှတ်ထားချိန်တွင် ရှေးဗာဗုလုန် ပြိုလဲစေပြီး ဂျူးများကို မိမိတို့ပြည်တော်သို့ ပြန်စေတော်မူမည်။ ဘီ.စီ.အီး. ၅၃၉ တွင် ဤနည်းဖြင့် မိမိလူမျိုးအကျိုးအတွက် ကိုယ်တော်၏ တန်ခိုးနှင့် အချုပ်အခြာအာဏာကို ထင်ရှားဖော်ပြချိန်၌ “သင်၏ ဘုရားသခင် စိုးစံတော်မူ၏” ဟု သူတို့ အမှန် ဆိုနိုင်ခဲ့၏။ (ဟေရှာယ ၅၂:၇) မျက်မှောက်ခေတ်အချိန်တွင် ယေဟောဝါသည် မိမိ၏ ကောင်းကင်နိုင်ငံတော်ဘုရင်အဖြစ် ယေရှုခရစ်ကို နန်းတင်ခဲ့ချိန် ၁၉၁၄ တွင် ‘ဘုရင် ဖြစ်လာ’ သည်။ (ဆာလံ ၉၆:၁၀) ဝိညာဏ ဣသရေလကို မဟာဗာဗုလုန်၏ အချုပ်အနှောင်မှ ကယ်လွှတ်ခြင်းဖြင့် မိမိ၏ တန်ခိုးနှင့် ဘုရင် အဖြစ်အနေကို ထင်ရှားဖော်ပြခဲ့သော ၁၉၁၉ တွင်လည်း ကိုယ်တော် ‘ဘုရင် ဖြစ်လာ’ သည်။

၂၁။ (က) မည်သို့အားဖြင့် ‘လသည် မျက်နှာပျက်၍ နေသည် အရှက်ကွဲ’ မည်နည်း။ (ခ) အကြီးမားဆုံး ပြည့်စုံမှုတွင် အဘယ် ပဲ့တင်ထပ်သံ ဖြစ်မည်နည်း။

၂၁ ယေဟောဝါသည် မဟာဗာဗုလုန်နှင့် ဤဆိုးသွမ်းသော အစီအစဉ်စနစ်၏ ကျန်အပိုင်းကို အဆုံးတိုင်စေသည့်အခါ ထပ်၍ ‘ဘုရင် ဖြစ်လာ’ ဦးမည်။ (ဇာခရိ ၁၄:၉; ဗျာဒိတ် ၁၉:၁၊ ၂၊ ၁၉-၂၁) ထို့နောက် ယေဟောဝါ၏ နိုင်ငံတော် အုပ်ချုပ်မှုသည် အလွန့်အလွန် ခမ်းနားထည်ဝါရကား လပြည့်ည၏ ထိန်ထိန်ညီးသည့်အလင်းရောင်နှင့် မွန်းတည့်နေ၏ အလင်းဆုံးအချိန်သည် ဘုန်းတန်ခိုးတော်၏ အရောင်အဝါကို ယှဉ်နိုင်မည် မဟုတ်ပါ။ (ဗျာဒိတ် ၂၂:၅ နှိုင်းယှဉ်။) ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ၏ ဘုန်းတန်ခိုးနှင့် ယင်းတို့ကို နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ယင်းတို့သာ အရှက်ရသွားမည်။ ယေဟောဝါသည် အချုပ်အခြာအာဏာဖြင့် စိုးစံတော်မူမည်။ ကိုယ်တော်၏ အနန္တတန်ခိုးနှင့် ဘုန်းတော်သည် အရာခပ်သိမ်းတွင် ထင်ရှားမည်။ (ဗျာဒိတ် ၄:၈-၁၁; ၅:၁၃၊ ၁၄) အလွန်ထူးမြတ်လှသော အလားအလာပါတကား! အကြီးမားဆုံး ပြည့်စုံမှု ဖြစ်သောကြောင့် ထိုအချိန်တွင် ဆာလံ ၉၇:၁ တွင် ဖော်ပြထားသော “ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ” ဟူသော စကားများသည် မြေကြီးတစ်ပြင်လုံး၌ ပဲ့တင်ထပ်နေပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ