သင်ခန်းစာ ၁၀
စိတ်ထက်သန်ခြင်း
စိတ်ထက်သန်ခြင်းက ဟောပြောချက်ကို အသက်ဝင်စေသည်။ သိအပ်သောအကြောင်းအရာပါရှိဖို့ အရေးကြီးသော်လည်း အသက်ပါပြီး စိတ်ထက်ထက်သန်သန်ဖြင့် ပြောသောဟောပြောချက်က ပရိသတ်၏အာရုံကိုဖမ်းစားရန် ကူညီပေးမည်။ သင့်ယဉ်ကျေးမှုနောက်ခံ သို့မဟုတ် အရည်အသွေးမည်သို့ပင်ရှိပါစေ စိတ်ထက်သန်ခြင်းကို သင်ပြုစုပျိုးထောင်နိုင်သည်။
ခံစားမှုဖြင့်ပြောပါ။ ရှမာရိအမျိုးသမီးတစ်ဦးနှင့် စကားပြောဆိုနေခိုက် ယေဟောဝါကို ဝတ်ပြုသူတို့သည် “စိတ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း” ဝတ်ပြုရမည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ (ယော. ၄:၂၄၊ ကဘ) သူတို့သည် စိတ်ပါလက်ပါ လေးမြတ်တန်ဖိုးထားတတ်သည့်နှလုံးဖြင့် လှုံ့ဆော်မှုခံရကာ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်တွေ့ရသည့် သမ္မာတရားနှင့်အညီ ဝတ်ပြုရမည်။ လူတစ်ယောက်တွင် ထိုနက်ရှိုင်းသော လေးမြတ်တန်ဖိုးထားမှုရှိသောအခါ သူ့အပြောအဆိုတွင် ယင်းကထင်ဟပ်လာပေမည်။ သူသည် ယေဟောဝါ၏ မေတ္တာပါပြင်ဆင်ပေးချက်များအကြောင်းကို အခြားသူများအား ဟောပြောရန် စိတ်ထက်သန်ပေမည်။ သူ၏မျက်နှာအသွင်အပြင်များ၊ ကိုယ်ဟန်အမူအရာများနှင့် သူ့အသံတို့က သူအမှန်တကယ်ခံစားနေပုံကို ထင်ဟပ်စေမည်။
သို့ဖြစ်လျှင် ယေဟောဝါကိုချစ်ပြီး မိမိပြောဆိုရာကိုယုံကြည်သော ဟောပြောသူတစ်ဦးသည် ဟောပြောနေချိန်တွင် စိတ်ထက်သန်မှုမရှိခြင်းသည် အဘယ်ကြောင့်ဖြစ်သနည်း။ သူဟောပြောမည့်အရာကို ပြင်ဆင်ရုံနှင့်မလုံလောက်ချေ။ သူသည် မိမိအကြောင်းအရာတွင် လုံးလုံးအာရုံနစ်မြှုပ်နေရမည်၊ ယင်းတွင် စိတ်ပိုင်းအရ ပါဝင်နေရမည်။ သူသည် ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးပူဇော်သကာနှင့်ပတ်သက်၍ ဟောပြောဖို့တာဝန်ပေးခံရသည်ဟု ဆိုကြပါစို့။ ဟောပြောချက်ပေးသောအခါ မိမိ၏အတွေးတွင် အသေးစိတ်အချက်များနှင့်လောက်သာမဟုတ်ဘဲ ယေရှု၏ယဇ်ပူဇော်သကာသည် ဟောပြောသူအတွက်ကော ပရိသတ်အတွက်ပါ မည်သို့အဓိပ္ပာယ်ရှိသည်ကို လေးမြတ်တန်ဖိုးထားစိတ်အပြည့်ရှိရမည်။ သူသည် ဤအံ့ဖွယ်ပြင်ဆင်ပေးမှုအတွက် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အား ကျေးဇူးတင်သည့်စိတ်ကို ပြန်အမှတ်ရဖို့ လိုအပ်သည်။ သူသည် လူသားထုအတွက် ယင်းက လမ်းဖွင့်ပေးသည့် အသက်တာ၏ ထူးမြတ်သောအလားအလာဖြစ်သော ပြန်လည်တည်ထောင်မည့် မြေကြီးပရဒိသုတွင် စုံလင်သောကျန်းမာမှုဖြင့် ထာဝရပျော်ရွှင်မှုကို တွေးတောရန် လိုအပ်သည်! ထို့ကြောင့် သူ၏နှလုံးပါဖို့ လိုအပ်သည်။
ဣသရေလနိုင်ငံ၏ သွန်သင်သူ ကျမ်းတတ်ဧဇရနှင့်စပ်လျဉ်း၍၊ သူသည် “ယေဟောဝါ၏တရားတော်ကို စူးစမ်း၍စောင့်ရှောက်ရန်နှင့် ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာ နှလုံးကို အသင့်ပြင်ဆင်ထားသည်” ဟု ကျမ်းစာကဆိုသည်။ (ဧဇ. ၇:၁၀၊ ကဘ) ထိုနည်းတူ ကျွန်ုပ်တို့လည်း အကြောင်းအရာကိုသာမက ကျွန်ုပ်တို့၏နှလုံးများကိုပါ အသင့်ပြင်ဆင်ထားမည်ဆိုလျှင် ကျွန်ုပ်တို့သည် နှလုံးမှနေ၍ဟောပြောပါလိမ့်မည်။ ထိုကဲ့သို့ သမ္မာတရားကို နှလုံးထဲမှခံစားပြီးပြောဆိုခြင်းသည် ကျွန်ုပ်တို့အား နားထောင်နေသူတို့တွင် သမ္မာတရားကို အမှန်တကယ်ချစ်မြတ်နိုးစိတ် တိုးပွားစေရန် များစွာကူညီပေးနိုင်ပါသည်။
ပရိသတ်ကို ထည့်စဉ်းစားပါ။ စိတ်ထက်သန်မှုကိုဖော်ပြရာတွင် နောက်ထပ်အရေးကြီးသောအချက်တစ်ချက်မှာ သင်ပြောရမည့်အကြောင်းကို ပရိသတ်ကြားရဖို့လိုအပ်သည်ဟု ယုံကြည်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သင့်တင်ဆက်မှုကိုပြင်ဆင်သည့်အခါ အကျိုးနပ်သောအကြောင်းအရာကို စုစည်းရုံမျှသာမဟုတ်ဘဲ သင်ဟောပြောတော့မည့်သူတို့ အကျိုးရစေရန် ယင်းကိုအသုံးပြုရာတွင် လမ်းပြပေးဖို့ ယေဟောဝါထံဆုတောင်းသင့်သည်။ (ဆာ. ၃၂:၈; မ. ၇:၇၊ ၈) ပရိသတ်သည် ဤအကြောင်းအရာအား အဘယ်ကြောင့်ကြားရဖို့လိုအပ်ကြောင်း၊ ယင်းက သူတို့ကို မည်သို့အကျိုးရရှိစေမည့်အကြောင်းနှင့် ယင်း၏တန်ဖိုးကို သူတို့လေးမြတ်စေမည့်နည်းဖြင့် ၎င်းအား သင်မည်သို့တင်ဆက်နိုင်မည်အကြောင်းတို့ကို ဆန်းစစ်ပါ။
သင်စိတ်လှုပ်ရှားလောက်သည့် တစ်စုံတစ်ရာရှိသည်အထိ သင့်အကြောင်းအရာကိုပြင်ဆင်ပါ။ အကြောင်းအရာအသစ်ဖြစ်ဖို့မလိုပါ၊ သို့သော် ထိုအကြောင်းအရာကို သင့်တင်ဆက်ပုံက ထူးခြားစေနိုင်သည်။ ယေဟောဝါနှင့်သူတို့ဆက်ဆံရေးကို ခိုင်မြဲစေရန်၊ ကိုယ်တော့်ပြင်ဆင်ပေးမှုများကို တန်ဖိုးထားလေးမြတ်ရန်၊ ဤစနစ်ဟောင်းတွင် ဘဝ၏ဖိအားများကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် သူတို့၏ဓမ္မအမှုတွင် ထိရောက်မှုရှိရန် ပရိသတ်အား အမှန်တကယ် အကူအညီဖြစ်စေမည့်အရာတစ်ခုကို ပြင်ဆင်ပါက သင့်တွင် ဟောပြောချက်နှင့်ပတ်သက်၍ စိတ်ထက်သန်မှုဖြစ်စေရန်အကြောင်း များစွာရှိမည်။
သင့်တာဝန်သည် လူထုရှေ့ဖတ်ပြရန်ဖြစ်လျှင်ကော အသို့နည်း။ ၎င်းကိုစိတ်ထက်သန်စွာလုပ်ဆောင်ရန် စကားလုံးများကို မှန်ကန်စွာ ပြောဆိုနိုင်ခြင်း၊ ယင်းတို့ကိုလျော်ကန်စွာ အတူတူစုစည်းနိုင်ခြင်းတို့ထက်မက ပို၍လိုအပ်သည်။ အကြောင်းအရာကိုလေ့လာပါ။ သင်သည် သမ္မာကျမ်းစာ၏အပိုင်းတစ်ပိုင်းကို ဖတ်ပြတော့မည်ဆိုလျှင် ယင်းအကြောင်းကို အတန်ငယ်သုတေသနပြုလုပ်ပါ။ ယင်း၏အခြေခံအဓိပ္ပာယ်ကို သင်နားလည်ကြောင်း သေချာစေပါ။ ယင်းသည် သင်နှင့်သင့်ပရိသတ်အား မည်သို့အကျိုးဖြစ်ထွန်းစေကြောင်း သုံးသပ်ပြီး သင့်ကိုနားထောင်နေသူများအား လက်ဆင့်ကမ်းပေးလိုသည့်ဆန္ဒဖြင့် ဖတ်ပါ။
လယ်ကွင်းဓမ္မအမှုအတွက် သင်ပြင်ဆင်နေပါသလော။ ဆွေးနွေးမှုအတွက် သင့်အကြောင်းအရာနှင့် သင်အသုံးပြုဖို့ရည်ရွယ်ထားသည့် ကျမ်းချက်များကို ပြန်လည်သုံးသပ်ပါ။ လူတို့၏စိတ်တွင် အဘယ်အရာရှိကြောင်းကိုလည်း ထည့်စဉ်းစားပါ။ သတင်းတွင် အဘယ်အရာပါရှိခဲ့ပြီနည်း။ အဘယ်ပြဿနာများကို သူတို့ရင်ဆိုင်နေကြသနည်း။ သူတို့စိုးရိမ်မကင်းဖြစ်သည့် ပြဿနာများ၏အဖြေများ ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါရှိကြောင်း လူတို့ကိုပြရန် သင်အသင့်ရှိသောအခါ ထိုသို့လုပ်ဆောင်ရန် သင်စိတ်ပြင်းပြလာပြီး စိတ်ထက်သန်မှုသည် အလိုအလျောက်ထွက်လာမည်။
အားတက်သရောဟောခြင်းဖြင့် စိတ်ထက်သန်မှုကိုပြပါ။ အားတက်သရောမြွက်ဆိုပုံက စိတ်ထက်သန်မှုကို အပီပြင်ဆုံး ဖော်ပြသည်။ ယင်းကို သင့်မျက်နှာအနေအထားတွင် ပေါ်လွင်ထင်ရှားစေသင့်သည်။ ယုံကြည်စိတ်ချသည့်အသံထွက်ရမည်၊ တစ်ယူသန်လေသံမျိုး မထွက်ရချေ။
မျှတမှုရှိရန် လို၏။ အချို့သည် အကြောင်းတိုင်းနှင့်ပတ်သက်၍ စိတ်လှုပ်ရှားလွယ်ပေမည်။ လူတစ်ဦးသည် လေထွားလွန်းသောအခါ သို့မဟုတ် လွန်လွန်ကဲကဲ စိတ်လှုပ်ရှားပြနေသောအခါ သူ့ပရိသတ်က တင်ပြသည့် သတင်းအချက်အလက်ကိုမဟုတ်ဘဲ ထိုသူအကြောင်းကိုသာ စဉ်းစားနေမည်ဖြစ်ကြောင်း သူတို့သိမြင်လာစေရန် ကူညီပေးဖို့လိုမည်။ အခြားတစ်ဖက်တွင်မူ ရှက်တတ်သောသူများသည် ပို၍ထိမိစွာပြောနိုင်ရန် အားပေးမှုလိုအပ်သည်။
စိတ်ထက်သန်မှုသည် ဓာတ်ကူးတတ်သည်။ အကယ်၍ သင်သည် ပရိသတ်နှင့်ဆက်သွယ်မှုကောင်းပြီး မိမိဟောပြောချက်တွင် စိတ်ထက်သန်နေမည်ဆိုလျှင် သင့်စိတ်ထက်သန်မှုက သင့်ပရိသတ်သို့ ဓာတ်ကူးသွားပေလိမ့်မည်။ အာပေါလုသည် ဟောပြောရာတွင် အားတက်သရောနှင့်ဟောပြောခဲ့ရာ သူ့အား အဟောအပြောကောင်းသူတစ်ဦးအဖြစ် ဖော်ပြခဲ့သည်။ သင်သည် ဘုရားသခင့်ဝိညာဉ်တော်ဖြင့် တက်ကြွနေပါက သင့်အားတက်သရောဟောပြောပုံသည် သင့်ကိုနားထောင်နေသူတို့အား ပြုမူလုပ်ဆောင်ရန် လှုံ့ဆော်တိုက်တွန်းပေးမည်။—တ. ၁၈:၂၄၊ ၂၅; ရော. ၁၂:၁၁။
အကြောင်းအရာနှင့်ဆီလျော်သော စိတ်ထက်သန်မှု။ ဟောပြောချက်တစ်လျှောက်လုံး စိတ်ထက်သန်မှုလွန်ကဲပြီး အဆက်မပြတ်မဖြစ်ဖို့ သတိပြုပါ၊ ယင်းက သင့်ပရိသတ်ကို နွမ်းလျလာစေမည်။ ဆွေးနွေးနေသည့်အကြောင်းအပေါ် ပြုမူလုပ်ဆောင်ရန် သင်ပြောသည့် မည်သည့်တိုက်တွန်းချက်မဆိုကို လျစ်လျူရှုကြလိမ့်မည်။ သင့်ဟောပြောချက်တွင် အသံအဖုံဖုံပြောနိုင်သည့် အကြောင်းအရာကို ပြင်ဆင်ထားဖို့လိုကြောင်း ယင်းက သိသာထင်ရှားစေသည်။ လျစ်လျူရှုခံရသည့်ပုံစံထဲသို့ ချော်မထွက်သွားရန် ကြိုးစားပါ။ အကြောင်းအရာကို သေသေချာချာ ရွေးချယ်မည်ဆိုလျှင် ယင်း၌ သင်အလွန်စိတ်ဝင်စားပေလိမ့်မည်။ သို့သော် အချက်အလက်အချို့သည် အခြားအချက်အလက်များထက် ပိုမိုစိတ်ထက်သန်စွာဟောရန် လိုအပ်ပြီး ယင်းတို့ကို သင့်ဟောပြောချက်တစ်လျှောက်လုံး အချိတ်အဆက်မိမိ ကျွမ်းကျင်စွာ တင်ပြသွားသင့်သည်။
အထူးသဖြင့် အဓိကအချက်များကို စိတ်အားထက်သန်စွာ ပြောဆိုသင့်သည်။ သင့်ဟောပြောချက်တွင် သင်တည်ဆောက်တင်ပြသွားသည့် အဓိကအထွတ်အထိပ်အချက်များ ရှိရမည်။ ယင်းတို့သည် သင့်ဟောပြောချက်၏ ပေါ်လွင်ချက်များဖြစ်သောကြောင့် သင့်ပရိသတ်ကို လှုံ့ဆော်ပေးရန် ရည်ရွယ်ထားသည့်အချက်များ ဖြစ်လေ့ရှိမည်။ သင့်ပရိသတ်ကို ယုံကြည်စိတ်ချစေပြီးနောက် သူတို့ကို လှုံ့ဆော်ဖို့၊ ဆွေးနွေးတင်ပြခဲ့ပြီးသောအရာကို ကျင့်သုံးခြင်း၏ အကျိုးကျေးဇူးများကို ပြသဖို့လိုအပ်သည်။ သင်၏စိတ်ထက်သန်မှုက နားထောင်သူများ၏နှလုံးကို ထိမိရန်ကူညီမည်။ အားတက်သရောဟောပြောခြင်းကို ဘယ်တော့မျှအတင်းလုပ်မယူရပါ။ ယင်းအတွက် အကြောင်းရင်းရှိသင့်ပြီး သင့်အကြောင်းအရာက ထိုအကြောင်းရင်းကို ပေးမည်။