ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lv အခန်း ၈ စာ. ၈၆-၉၆
  • သန့်ရှင်းတဲ့လူမျိုးကို ဘုရားသခင် ချစ်တယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သန့်ရှင်းတဲ့လူမျိုးကို ဘုရားသခင် ချစ်တယ်
  • ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် သန့်ရှင်းဖို့လိုသလဲ
  • ဘုရားရဲ့အမြင်အရ သန့်ရှင်းခြင်းမှာ ဘယ်အရာပါဝင်
  • ကာယရေးမှာ ဘယ်လို သန့်ရှင်းနေနိုင်သလဲ
  • ညစ်ညမ်းတဲ့ အကျင့်စရိုက်တွေကို ရှောင်ပြီး သန့်ရှင်းစင်ကြယ်စွာ နေပါ
  • ယေဟောဝါက မိမိလူမျိုးကို သန့်ရှင်းစေချင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • ဘုရားသခင့်ကျေးကျွန်များ သန့် ရှင်းမှု ရှိရမည်
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
  • မွန်မြတ်သောလုပ်ငန်းများအတွက် လူမျိုးတစ်မျိုးအနေဖြင့်သန့်စင်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘုရားအမြင်မှာ သန့်ရှင်းစင်ကြယ်နိုင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
lv အခန်း ၈ စာ. ၈၆-၉၆
သားလေးကို အင်္ကျီကြယ်သီးတပ်ပေးနေတဲ့ မိခင်

အခန်း ၈

သန့်ရှင်းတဲ့လူမျိုးကို ဘုရားသခင် ချစ်တယ်

“ဖြူစင်တဲ့သူကို ဖြူစင်တဲ့သဘောနဲ့ ဆက်ဆံတယ်။”​—ဆာလံ ၁၈:၂၆။

၁-၃။ (က) မိခင်တစ်ဦးဟာ သားလေးကို ဘာကြောင့် သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ပေးသလဲ။ (ခ) ယေဟောဝါဟာ မိမိကိုဝတ်ပြုသူတွေကို ဘာကြောင့် သန့်ရှင်းစေချင်သလဲ။ သန့်သန့်ရှင်းရှင်းနေဖို့ ကျွန်တော်တို့ကို ဘာက လှုံ့ဆော်ပေးသလဲ။

မိခင်တစ်ဦးဟာ အပြင်သွားဖို့ သားငယ်ကို ပြင်ဆင်ပေးနေတယ်။ ရေချိုးပေးပြီး သန့်ရှင်း သပ်ရပ်စွာ ဝတ်ဆင်ပေးတယ်။ သန့်ရှင်းမှုဟာ သားလေးရဲ့ ကျန်းမာရေးအတွက် အရေးကြီးမှန်း သူသိထားတယ်။ ဒါ့အပြင် သားလေးရဲ့ အသွင်အပြင်ဟာ မိဘကို ချီးမွမ်းစရာ ဖြစ်စေနိုင်သလို၊ ကဲ့ရဲ့စရာလည်း ဖြစ်စေနိုင်တယ်ဆိုတာ သူသိတယ်။

၂ ကျွန်တော်တို့ရဲ့ ကောင်းကင်ဖခင် ယေဟောဝါဟာ မိမိကျေးကျွန်တွေကို သန့်ရှင်းစေချင်တယ်။ “ဖြူစင်တဲ့သူကို ဖြူစင်တဲ့သဘောနဲ့ ဆက်ဆံတယ်” လို့ ကျမ်းစာပြောတယ်။a (ဆာလံ ၁၈:၂၆) ယေဟောဝါဟာ ကျွန်တော်တို့ကို ချစ်မြတ်နိုးတယ်။ သန့်ရှင်းတာက ကျွန်တော်တို့ကို အကျိုးပြုတယ်ဆိုတာလည်း သိတယ်။ ဒါ့အပြင် ကိုယ်တော့်သက်သေတွေဖြစ်တဲ့ ကျွန်တော်တို့ကို ကိုယ်တော့် ဘုန်းထင်ရှားစေသူတွေ ဖြစ်စေချင်တယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ရဲ့ သန့်ရှင်းတဲ့အသွင်အပြင်နဲ့ အမူအကျင့်ကောင်းတွေက ယေဟောဝါနဲ့ သန့်ရှင်းမြင့်မြတ်တဲ့ နာမတော်ကို ရှုတ်ချစရာမဖြစ်စေဘဲ ဘုန်းထင်ရှားစေပါလိမ့်မယ်။​—ယေဇကျေလ ၃၆:၂၂။ ၁ ပေတရု ၂:၁၂ ကိုဖတ်ပါ။

၃ သန့်ရှင်းတဲ့လူမျိုးကို ဘုရားသခင်ချစ်မှန်း သိရတာက သန့်သန့်ရှင်းရှင်းနေဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။ ဘုရားကို ကျွန်တော်တို့ ချစ်မြတ်နိုးလို့ ကျွန်တော်တို့ရဲ့ ဘဝပုံစံအားဖြင့် ဘုရားဘုန်းတော်ကို ထင်ရှားစေချင်ကြတယ်။ ဒါ့အပြင် ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ချင်တယ်။ ဘာကြောင့် သန့်ရှင်းဖို့ လိုတယ်၊ သန့်ရှင်းခြင်းမှာ ဘယ်အရာ ပါဝင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လို သန့်ရှင်းစေနိုင်တယ်ဆိုတာ ဆန်းစစ်ကြည့်ကြစို့။ အဲဒီလိုဆန်းစစ်တာက ဘယ်ကဏ္ဍတွေမှာ ကျွန်တော်တို့ တိုးတက်ဖို့လိုမှန်း သိမြင်စေနိုင်တယ်။

ဘာကြောင့် သန့်ရှင်းဖို့လိုသလဲ

၄၊ ၅။ (က) ကျွန်တော်တို့ သန့်ရှင်းဖို့လိုတဲ့ အဓိကအကြောင်းရင်းဟာ ဘာလဲ။ (ခ) ယေဟောဝါရဲ့ သန့်ရှင်းမှုဟာ မျက်မြင်ရ ဖန်ဆင်းရာတွေမှာ ဘယ်လို ပေါ်လွင်ထင်ရှားသလဲ။

၄ ကျွန်တော်တို့ကို ယေဟောဝါ ဦးဆောင်တဲ့နည်းတစ်နည်းဟာ ပုံသက်သေအားဖြင့်ဖြစ်တယ်။ “ဘုရားသခင်ကို အတုယူ” ဖို့ ကျမ်းစာက ကျွန်တော်တို့ကို တိုက်တွန်းတယ်။ (ဧဖက် ၅:၁) ကျွန်တော်တို့ သန့်ရှင်းဖို့လိုတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ ကိုးကွယ်တဲ့ဘုရား ယေဟောဝါဟာ အဘက်ဘက်မှာ သန့်ရှင်းစင်ကြယ်နေလို့ ဖြစ်တယ်။​—ဝတ်ပြုရာ ၁၁:၄၄၊ ၄၅ ကိုဖတ်ပါ။

၅ ယေဟောဝါရဲ့ သန့်ရှင်းမှုဟာ ကိုယ်တော်ရဲ့ အရည်အသွေးတွေနဲ့ နည်းလမ်းတွေလိုပဲ မျက်မြင်ရ ဖန်ဆင်းရာတွေမှာ ပေါ်လွင်ထင်ရှားတယ်။ (ရောမ ၁:၂၀) ကမ္ဘာကြီးကို လူတွေအတွက် သန့်ရှင်းတဲ့စံအိမ်အဖြစ် ဖန်ဆင်းထားတယ်။ လေနဲ့ရေ သန့်ရှင်းနေစေဖို့ ဂေဟစနစ်သံသရာကို ယေဟောဝါ ပြုလုပ်ထားတယ်။ အဏုဇီဝပိုးမွှားတချို့ဟာ ရေဆိုးသန့်စင်ရေးဌာနလို လုပ်ဆောင်ပြီး စွန့်ပစ်ပစ္စည်းတွေကို အန္တရာယ်ကင်းတဲ့ပစ္စည်းတွေအဖြစ် ပြောင်းလဲပေးတယ်။ လူတွေရဲ့ ကိုယ်ကျိုးရှာမှုနဲ့ လောဘကြောင့် ဖြစ်ပေါ်လာတဲ့ ရေနံယိုစိမ့်မှုနဲ့ တခြားညစ်ညမ်းမှုတွေကို သန့်ရှင်းစေဖို့ သိပ္ပံပညာရှင်တွေဟာ အဲဒီအဏုဇီဝပိုးမွှားတချို့ကို အသုံးပြုကြတယ်။ သန့်ရှင်းခြင်းဟာ ‘ကမ္ဘာမြေကို ဖန်ဆင်းတဲ့အရှင်’ အတွက် အရေးကြီးမှန်း ထင်ရှားတယ်။ (ယေရမိ ၁၀:၁၂) ကျွန်တော်တို့အတွက်လည်း အရေးကြီးတဲ့ကိစ္စ ဖြစ်သင့်တယ်။

၆၊ ၇။ ယေဟောဝါကို ဝတ်ပြုသူတွေဟာ သန့်ရှင်းရမယ်လို့ မောရှေပညတ်က ဘယ်လို အလေးပေးဖော်ပြသလဲ။

၆ ကျွန်တော်တို့ သန့်ရှင်းဖို့လိုတဲ့ အကြောင်းရင်း နောက်တစ်ခုကတော့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါဟာ မိမိကိုဝတ်ပြုသူတွေဆီက သန့်ရှင်းခြင်းကို တောင်းဆိုထားလို့ ဖြစ်တယ်။ အစ္စရေးလူမျိုးကို ပေးတဲ့ ပညတ်တရားမှာ သန့်ရှင်းခြင်းနဲ့ ဝတ်ပြုရေးဟာ အနီးကပ် ဆက်စပ်နေတယ်။ အပြစ်ဖြေရာနေ့မှာ ပုရောဟိတ်မင်းဟာ တစ်ကြိမ်သာမဟုတ်၊ နှစ်ကြိမ် ရေချိုးရမယ်လို့ ပညတ်တရားက ပြဋ္ဌာန်းထားတယ်။ (ဝတ်ပြုရာ ၁၆:၄၊ ၂၃၊ ၂၄) တာဝန်ကျတဲ့ ပုရောဟိတ်တွေဟာ ယေဟောဝါကို ပူဇော်သက္ကာ မဆက်သခင် ခြေလက်ဆေးရမယ်လို့ ပညတ်ထားတယ်။ (ထွက်မြောက်ရာ ၃၀:၁၇-၂၁။ ၂ ရာဇဝင်ချုပ် ၄:၆) ပညတ်တရားမှာ ကာယပိုင်း မသန့်ရှင်းမှုနဲ့ ထုံးတမ်းအရ မစင်ကြယ်မှု အမျိုးပေါင်း ၇၀ ခန့် ဖော်ပြထားတယ်။ မသန့်ရှင်းတဲ့ အစ္စရေးလူမျိုးတစ်ဦးဟာ ဝတ်ပြုရေးမှာ ပါဝင်လို့ မရဘူး။ ပါဝင်မယ်ဆိုရင် သေဒဏ်ခံရနိုင်တယ်။ (ဝတ်ပြုရာ ၁၅:၃၁) ရေချိုးတာ၊ အဝတ်လျှော်တာ အပါအဝင် တောင်းဆိုထားတဲ့ စင်ကြယ်ခြင်း လုပ်ထုံးလုပ်နည်းတွေကို မလုပ်ဆောင်သူဟာ ‘ပယ်ရှင်းခံရမယ်။’​—တောလည်ရာ ၁၉:၁၇-၂၀။

၇ ကျွန်တော်တို့ဟာ မောရှေပညတ်အောက်မှာ မရှိပေမဲ့ အဲဒီပညတ်က ကိစ္စရပ်တွေအပေါ် ဘုရားရှုမြင်ပုံကို ထိုးထွင်းသိမြင်စေတယ်။ ဘုရားသခင်ကို ဝတ်ပြုသူတွေဟာ သန့်ရှင်းရမယ်လို့ ပညတ်တရားက အလေးပေးဖော်ပြတယ်။ ယေဟောဝါဟာ ပြောင်းလဲခြင်း မရှိဘူး။ (မာလခိ ၃:၆) “စင်ကြယ်ပြီး အညစ်အကြေးကင်းစင်တဲ့” ဝတ်ပြုမှုကိုသာ ကိုယ်တော် လက်ခံတယ်။ (ယာကုပ် ၁:၂၇) ဒါကြောင့် ဒီကိစ္စမှာ ကျွန်တော်တို့ဆီကနေ ကိုယ်တော် မျှော်လင့်တဲ့အရာကို သိဖို့လိုတယ်။

ဘုရားရဲ့အမြင်အရ သန့်ရှင်းခြင်းမှာ ဘယ်အရာပါဝင်

၈။ ဘယ်ကဏ္ဍတွေမှာ ကျွန်တော်တို့ကို ယေဟောဝါ သန့်ရှင်းစေချင်သလဲ။

၈ ကျမ်းစာမှာပါတဲ့ သန့်ရှင်းခြင်းဆိုတာ ကာယရေးသန့်ရှင်းခြင်းထက်မက ပါဝင်တယ်။ ဘုရားအမြင်မှာ သန့်ရှင်းခြင်းဆိုတာ ကျွန်တော်တို့ရဲ့ ဘဝကဏ္ဍတိုင်းနဲ့ သက်ဆိုင်တယ်။ ယေဟောဝါဟာ ဝတ်ပြုရေး၊ စာရိတ္တရေး၊ စိတ်ဓာတ်ရေး၊ ကာယရေးဆိုတဲ့ ကဏ္ဍလေးခုမှာ ကျွန်တော်တို့ကို သန့်ရှင်းစေချင်တယ်။ အဲဒီကဏ္ဍတစ်ခုစီမှာ ဘာတွေပါဝင်တယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။

၉၊ ၁၀။ ဝတ်ပြုရေးမှာ သန့်ရှင်းတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ခရစ်ယာန်စစ်တွေ ဘာကို ရှောင်ကြသလဲ။

၉ ဝတ်ပြုရေး သန့်ရှင်းခြင်း။ ရိုးရိုးလေးပြောရရင် ဝတ်ပြုရေးမှာ သန့်ရှင်းတယ်ဆိုတာ စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ မှားယွင်းတဲ့ဝတ်ပြုရေး မရောယှက်တာကို ဆိုလိုတယ်။ အစ္စရေးလူမျိုးဟာ ဗာဗုလုန်ကနေ ဂျေရုဆလင်ကို ပြန်လာချိန်မှာ “အဲဒီကနေ ထွက်သွားကြ။ မသန့်ရှင်းတာမှန်သမျှ လက်နဲ့တောင် မထိကြနဲ့။ . . . ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင် နေကြ” ဆိုတဲ့ ဘုရားရဲ့ နှိုးဆော်ချက်ကို နားထောင်ခဲ့ကြတယ်။ (ဟေရှာယ ၅၂:၁၁) သူတို့ဟာ အဓိကအားဖြင့် ယေဟောဝါရဲ့ ဝတ်ပြုရေးကို ပြန်လည်ထူထောင်ဖို့ နေရင်းပြည်ကို ပြန်လာခဲ့ကြတယ်။ အဲဒီဝတ်ပြုရေးဟာ ဘုရားသခင်ကို ရှုတ်ချတဲ့ ဗာဗုလုန်ဘာသာတရားရဲ့ သွန်သင်ချက်တွေ၊ အကျင့်အကြံတွေ၊ ဓလေ့ထုံးစံတွေနဲ့ စွန်းထင်းမနေဘဲ သန့်ရှင်းရမယ်။

၁၀ အခုအချိန်မှာလည်း ခရစ်ယာန်စစ်တွေဟာ မှားယွင်းတဲ့ဝတ်ပြုရေးနဲ့ မစွန်းထင်းမိစေဖို့ သတိပြုရမယ်။ (၁ ကောရိန္သု ၁၀:၂၁ ကိုဖတ်ပါ။) မှားယွင်းတဲ့ဘာသာရဲ့ သြဇာလွှမ်းမိုးမှု အလွန်ပျံ့နှံ့နေတာကြောင့် ဒီကိစ္စမှာ အထူးသတိရှိရမယ်။ နိုင်ငံများစွာမှာရှိတဲ့ ရိုးရာဓလေ့ထုံးစံတွေ၊ လုပ်ဆောင်မှုတွေ၊ ဘာသာရေးထုံးတမ်းတွေဟာ မှားယွင်းတဲ့ဘာသာရေး သွန်သင်ချက်တွေနဲ့ ဆက်စပ်နေတယ်။ ဥပမာ၊ လူသေပြီးတဲ့နောက် ဆက်အသက်ရှင်နေတဲ့အရာ ရှိတယ်ဆိုတဲ့ သွန်သင်ချက်ဖြစ်တယ်။ (ဒေသနာ ၉:၅၊ ၆၊ ၁၀) ခရစ်ယာန်စစ်တွေဟာ မှားယွင်းတဲ့ဘာသာရေး ယုံကြည်ချက်တွေပါဝင်တဲ့ ဓလေ့ထုံးစံတွေကို ရှောင်ကြတယ်။b သန့်ရှင်းတဲ့ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကျမ်းစာစံနှုန်းတွေကို အလျှော့ပေးလိုက်လျောဖို့ တခြားသူတွေက ဖိအားပေးလာတဲ့အခါ ကျွန်တော်တို့ လက်ခံမှာ မဟုတ်ဘူး။​—တမန်တော် ၅:၂၉။

၁၁။ စာရိတ္တသန့်ရှင်းခြင်းမှာ ဘယ်အရာ ပါဝင်သလဲ။ ဒီကဏ္ဍမှာ သန့်ရှင်းနေဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၁ စာရိတ္တရေး သန့်ရှင်းခြင်း။ စာရိတ္တသန့်ရှင်းခြင်းမှာ လိင်အကျင့်ယိုယွင်းမှုအားလုံးကို ရှောင်ကြဉ်ခြင်း ပါဝင်တယ်။ (ဧဖက် ၅:၅ ကိုဖတ်ပါ။) ကျွန်တော်တို့ စာရိတ္တသန့်ရှင်းနေဖို့ အလွန် အရေးကြီးတယ်။ နောက်အခန်းမှာ တွေ့ရမယ့်အတိုင်း ဘုရားသခင့်မေတ္တာ အမြဲခံစားရဖို့ “လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်” ရမယ်။ နောင်တမရတဲ့ လိင်အကျင့်ယိုယွင်းသူတွေဟာ ‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေခံရမှာ မဟုတ်ဘူး။’ (၁ ကောရိန္သု ၆:၉၊ ၁၀၊ ၁၈) အဲဒီလူတွေဟာ ဘုရားသခင့်အမြင်မှာ “ညစ်ညမ်းပြီး ရွံရှာဖွယ်ကောင်းသူတွေ” ဖြစ်ကြတယ်။ စာရိတ္တ မသန့်ရှင်းသူတွေဟာ “ဒုတိယသေခြင်း” နဲ့ ကြုံတွေ့ရလိမ့်မယ်။​—ဗျာဒိတ် ၂၁:၈။

၁၂၊ ၁၃။ စိတ်နဲ့အပြုအမူ ဘယ်လိုဆက်စပ်သလဲ။ စိတ်ဓာတ်ရေးမှာ ဘယ်လို သန့်ရှင်းနေနိုင်သလဲ။

၁၂ စိတ်ဓာတ်ရေး သန့်ရှင်းခြင်း။ စိတ်ထဲရှိတဲ့အတိုင်း ကျွန်တော်တို့ ပြုမူတတ်တယ်။ စိတ်နှလုံးထဲမှာ မကောင်းတဲ့အတွေးအခေါ်တွေ နေရာယူလာပြီဆိုရင် မသန့်ရှင်းတဲ့အကျင့်တွေကို အနှေးနဲ့ အမြန် ကျူးလွန်မိနိုင်တယ်။ (မဿဲ ၅:၂၈။ ၁၅:၁၈-၂၀) ဒါပေမဲ့ စိတ်ထဲမှာ သန့်ရှင်းစင်ကြယ်တဲ့ အတွေးအခေါ်တွေ ပြည့်နေမယ်ဆိုရင် သန့်ရှင်းတဲ့အကျင့်ကို ကျင့်ဖို့ လှုံ့ဆော်ခံရနိုင်တယ်။ (ဖိလိပ္ပိ ၄:၈ ကိုဖတ်ပါ။) စိတ်ဓာတ်ရေးမှာ ဘယ်လို သန့်ရှင်းနေနိုင်သလဲ။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ညစ်ညမ်းစေနိုင်တဲ့ ဖျော်ဖြေမှုအားလုံးကို ရှောင်ဖို့ လိုတယ်။c ဒါ့အပြင် ကျမ်းစာကို မှန်မှန်လေ့လာခြင်းဖြင့် စိတ်ထဲမှာ သန့်ရှင်းတဲ့အတွေးအခေါ်တွေ ဖြည့်ထားရမယ်။​—ဆာလံ ၁၉:၈၊ ၉။

၁၃ ကျွန်တော်တို့ဟာ ဘုရားသခင့်မေတ္တာ အမြဲခံစားရဖို့ ဝတ်ပြုရေး၊ စာရိတ္တရေးနဲ့ စိတ်ဓာတ်ရေးမှာ သန့်ရှင်းနေရမယ်။ အဲဒီကဏ္ဍတွေကို ဒီစာအုပ်ရဲ့ တခြားအခန်းတွေမှာ အသေးစိတ် ဆွေးနွေးထားတယ်။ အခု၊ စတုတ္ထကဏ္ဍဖြစ်တဲ့ ကာယရေး သန့်ရှင်းခြင်းကို ဆန်းစစ်ကြည့်ကြစို့။

ကာယရေးမှာ ဘယ်လို သန့်ရှင်းနေနိုင်သလဲ

၁၄။ ကာယရေးသန့်ရှင်းခြင်းဟာ ဘာကြောင့် ကိုယ်ရေးကိုယ်တာကိစ္စသာ မဟုတ်သလဲ။

၁၄ ကာယရေးသန့်ရှင်းခြင်းမှာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းထားတာ ပါဝင်တယ်။ ဒါဟာ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်တာကြောင့် တခြားသူတွေ ဝင်မစွက်သင့်ဘူးလို့ ပြောနိုင်သလား။ ယေဟောဝါကို ဝတ်ပြုသူတွေကတော့ အဲဒီလို ပြောလို့မရဘူး။ ကျွန်တော်တို့သိရှိခဲ့တဲ့အတိုင်း ကာယရေးသန့်ရှင်းမှုဟာ ယေဟောဝါအတွက် အရေးကြီးတယ်။ အဲဒါဟာ ကျွန်တော်တို့ကို အကျိုးပြုတဲ့အပြင် ဘုရားဘုန်းတော် ထင်ရှားစေလို့ပဲ။ အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဥပမာကို ပြန်စဉ်းစားကြည့်ပါ။ အမြဲ ညစ်ပတ်ပေရေပြီး ဖိုသီဖတ်သီ ဝတ်ဆင်ထားတဲ့ ကလေးတစ်ဦးကို တွေ့ရင် သူ့မိဘဟာ ဘယ်လိုလူစားမျိုးဖြစ်မှန်း သင် တွေးမိမယ် မဟုတ်လား။ ကျွန်တော်တို့ရဲ့ အသွင်အပြင်၊ ဘဝပုံစံကြောင့် ကောင်းကင်ဖခင်ကို ရှုတ်ချစရာ ဖြစ်စေချင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟောပြောတဲ့ သတင်းတရားကို တန်ဖိုးမယုတ်လျော့စေချင်ဘူး။ “အမှုဆောင်လုပ်ငန်းကို လူတွေ အပြစ်တင်စရာ မဖြစ်စေဖို့ တိုက်မိလဲစေနိုင်တဲ့အရာ တစ်ခုမှ ကျွန်တော်တို့ မလုပ်ကြဘူး။ ဘုရားသခင်ရဲ့ အမှုဆောင်သူတွေဖြစ်မှန်း ကျွန်တော်တို့ နည်းအမျိုးမျိုးနဲ့ ဖော်ပြတယ်” လို့ ကျမ်းစာပြောတယ်။ (၂ ကောရိန္သု ၆:၃၊ ၄) ဒါဆို ကာယရေးမှာ ဘယ်လို သန့်ရှင်းနေနိုင်သလဲ။

၁၅၊ ၁၆။ တစ်ကိုယ်ရေသန့်ရှင်းခြင်းမှာ ဘာတွေ ပါဝင်သလဲ။ ကျွန်တော်တို့ရဲ့ အဝတ်အစားဟာ ဘယ်လို ဖြစ်သင့်သလဲ။

၁၅ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အသွင်အပြင်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ လူနေမှုပုံစံ မတူပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်နဲ့ သားသမီးတွေ သန့်ရှင်းရေးအတွက် ပုံမှန်ရေချိုးဖို့ ဆပ်ပြာနဲ့ ရေ အလုံအလောက် ရရှိနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှုမှာ အစာမစားခင်၊ အစားအသောက်တွေ မကိုင်ခင်၊ အိမ်သာသွားပြီးနောက်၊ ကလေးကို သေးခံအဝတ် လဲပေးပြီးနောက် လက်ကို ဆပ်ပြာနဲ့ ဆေးကြောတာ ပါဝင်တယ်။ လက်ကို ဆပ်ပြာနဲ့ ဆေးတာဟာ ရောဂါမဖြစ်စေဖို့ ကာကွယ်ပေးပြီး အသက်ကိုတောင် ကယ်နိုင်တယ်။ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ၊ ဗက်တီးရီးယားတွေ မပျံ့နှံ့အောင် ကာကွယ်ပေးတာကြောင့် ဝမ်းရောဂါတွေ မဖြစ်ဖို့ ကူညီပေးတယ်။ မိလ္လာစနစ်မရှိတဲ့ ဒေသတွေမှာ အညစ်အကြေးတွေကို ရှေးအစ္စရေးနိုင်ငံမှာ လုပ်သလို မြေမှာ မြှုပ်နိုင်တယ်။​—တရားဟောရာ ၂၃:၁၂၊ ၁၃။

၁၆ ကျွန်တော်တို့ရဲ့ အဝတ်အစားတွေလည်း သန့်ရှင်းသပ်ရပ်ပြီး ကြည့်ပျော်ရှုပျော် ဖြစ်စေဖို့ မှန်မှန် လျှော်ဖွပ်ရမယ်။ ခရစ်ယာန်တစ်ဦးရဲ့ အဝတ်အစားတွေဟာ ဈေးကြီးဖို့၊ နောက်ဆုံးပေါ်ဖက်ရှင်ဖြစ်ဖို့ မလိုပေမဲ့ သန့်ရှင်းသပ်ရပ်ပြီး ဣန္ဒြေရှိသင့်တယ်။ (၁ တိမောသေ ၂:၉၊ ၁၀ ကိုဖတ်ပါ။) ဘယ်နေရာမှာပဲ ရှိနေပါစေ ကျွန်တော်တို့ရဲ့ အသွင်အပြင်အားဖြင့် ‘ကယ်တင်ရှင် ဘုရားသခင်ရဲ့ သွန်သင်ချက်ကို တင့်တယ်စေ’ ချင်ကြတယ်။​—တိတု ၂:၁၀။

၁၇။ ကျွန်တော်တို့ရဲ့အိမ်နဲ့ ပတ်ဝန်းကျင်ဟာ ဘာကြောင့် သန့်ရှင်းပြီး ရှုချင်စဖွယ် ဖြစ်သင့်သလဲ။

၁၇ အိမ်နဲ့ ပတ်ဝန်းကျင်။ ကျွန်တော်တို့ရဲ့အိမ်ဟာ ဒီဇိုင်းဆန်းဆန်း ဒါမှမဟုတ် ဇိမ်ခံအိမ် မဟုတ်ပေမဲ့ အခြေအနေ ခွင့်ပြုသရွေ့ သန့်ရှင်းပြီး ရှုချင်စဖွယ် ဖြစ်သင့်တယ်။ အလားတူ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေ၊ အထူးသဖြင့် အစည်းအဝေးတွေနဲ့ အမှုဆောင်လုပ်ငန်းမှာ အသုံးပြုတဲ့အိတ်တွေဟာ သန့်ရှင်းဖို့လိုတယ်။ သန့်ရှင်းတဲ့အိမ်နဲ့ ပတ်ဝန်းကျင်ဟာ ကောင်းတဲ့ သက်သေခံချက်တစ်ရပ် ဖြစ်မှန်း မမေ့ပါနဲ့။ တကယ်တော့ ယေဟောဝါဟာ သန့်ရှင်းတဲ့ဘုရား ဖြစ်တယ်၊ ကိုယ်တော်ဟာ “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” မယ်၊ ဘုရားရဲ့နိုင်ငံဟာ ကမ္ဘာကြီးကို ပရဒိသုစံအိမ်အဖြစ် ပြောင်းလဲပေးတော့မယ် ဆိုတဲ့အကြောင်း လူတွေကို ကျွန်တော်တို့ သင်ပေးနေကြတယ်။ (ဗျာဒိတ် ၁၁:၁၈။ လုကာ ၂၃:၄၃) ဒါကြောင့် လာမယ့်ကမ္ဘာသစ်မှာ အံဝင်မယ့် သန့်ရှင်းတဲ့အကျင့်တွေကို အခုကတည်းက မွေးမြူနေတယ်ဆိုတာ ကျွန်တော်တို့ရဲ့အိမ်နဲ့ ပတ်ဝန်းကျင်၊ အသုံးအဆောင်ပစ္စည်းတွေရဲ့ အသွင်အပြင်နဲ့ ဖော်ပြချင်ကြတယ်။

၁။ သားအဖနှစ်ယောက် လက်ကို ဆပ်ပြာနဲ့ဆေးနေ; ၂။ အိုးကို ဆပ်ပြာနဲ့ဆေးနေတဲ့ အမျိုးသမီး

ကာယရေးသန့်ရှင်းခြင်းမှာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာနဲ့ ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းထားတာ ပါဝင်

၁၈။ နိုင်ငံတော်ခန်းမကို လေးစားကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

၁၈ ဝတ်ပြုတဲ့နေရာ။ ယေဟောဝါကို ချစ်တဲ့မေတ္တာက စစ်မှန်တဲ့ ဝတ်ပြုရေးဗဟိုဖြစ်တဲ့ နိုင်ငံတော်ခန်းမကို လေးစားဖို့ လှုံ့ဆော်ပေးတယ်။ လူသစ်တွေ လာတဲ့အခါ အစည်းအဝေး ကျင်းပတဲ့နေရာကို နှစ်သက်စွဲမှတ်သွားစေလိုကြတယ်။ ခန်းမကို ကြည့်ပျော်ရှုပျော် ဖြစ်နေအောင် ပုံမှန် သန့်ရှင်းရေးလုပ်ဖို့၊ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်တယ်။ အဲဒီလို သန့်ရှင်းနေစေဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်ခန်းမကို လေးစားကြောင်း ဖော်ပြတယ်။ ဝတ်ပြုတဲ့နေရာကို သန့်ရှင်းရေးလုပ်ရာမှာ၊ “ပြုပြင်မွမ်းမံ” ရာမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်တာဟာ အခွင့်ထူးဖြစ်တယ်။ (၂ ရာဇဝင်ချုပ် ၃၄:၁၀) စည်းဝေးပွဲခန်းမမှာ ဒါမှမဟုတ် အစည်းအဝေး၊ အစည်းအဝေးကြီးတွေအတွက်သုံးတဲ့ အဆောက်အအုံမှာ စုဝေးတဲ့အခါမှာလည်း အဲဒီအတိုင်း လုပ်ဆောင်သင့်တယ်။

ညစ်ညမ်းတဲ့ အကျင့်စရိုက်တွေကို ရှောင်ပြီး သန့်ရှင်းစင်ကြယ်စွာ နေပါ

၁၉။ ကာယရေးသန့်ရှင်းနေစေဖို့ ဘာတွေ ရှောင်ရမလဲ။ ဒီကိစ္စမှာ ကျမ်းစာက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးသလဲ။

၁၉ ကာယရေးသန့်ရှင်းနေစေဖို့ ညစ်ညမ်းတဲ့ အကျင့်စရိုက်တွေကို ရှောင်ရမယ်။ ဆေးလိပ်သောက်တာ၊ အလွန်အကျွံ အရက်သောက်တာ၊ စွဲစေတဲ့ ဒါမှမဟုတ် စိတ်ပြောင်းလဲစေတဲ့ ဆေးတွေကို ဆေးကုသမှုအတွက်မဟုတ်ဘဲ သုံးတာတွေဖြစ်တယ်။ အခုချိန်မှာ ပျံ့နှံ့နေတဲ့ ရွံစရာ အကျင့်စရိုက်အားလုံးကို ကျမ်းစာမှာ စာရင်း မပြုစုထားဘူး။ ဒါပေမဲ့ အဲဒါတွေနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ သဘောထားကို သိရှိစေနိုင်တဲ့ မူတွေ ကျမ်းစာမှာ ပါတယ်။ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့သဘောထားကို ကျွန်တော်တို့သိတာကြောင့် ဘုရားကိုချစ်တဲ့ မေတ္တာက ဘုရားမျက်နှာသာ ရရှိစေမယ့်အရာကို လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတယ်။ ကျမ်းစာမူ ငါးခုကို သုံးသပ်ကြည့်ကြစို့။

၂၀၊ ၂၁။ ယေဟောဝါက ကျွန်တော်တို့ကို ဘယ်အကျင့်တွေနဲ့ ကင်းရှင်းစေချင်သလဲ။ အဲဒါတွေကို လိုက်နာဖို့ ဘယ်ခိုင်လုံတဲ့ အကြောင်းရင်း ရှိသလဲ။

၂၀ “ချစ်ရသူတို့၊ အဲဒီကတိတော်တွေကို ကျွန်တော်တို့ ရရှိထားတဲ့အတွက် ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် အသက်ရှင်နေကြစို့။” (၂ ကောရိန္သု ၇:၁) ယေဟောဝါက ကျွန်တော်တို့ကို ကိုယ်ခန္ဓာညစ်ညမ်းပြီး စိတ်ဓာတ် ပျက်စီးစေတဲ့ အကျင့်တွေနဲ့ ကင်းရှင်းစေချင်တယ်။ ဒါကြောင့် ကာယပိုင်းနဲ့ စိတ်ပိုင်း ကျန်းမာရေးကို ထိခိုက်စေတဲ့ စွဲတတ်တဲ့အမူအကျင့်တွေကို ရှောင်ကြဉ်ရမယ်။

၂၁ “ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေ” ဖို့ ခိုင်လုံတဲ့အကြောင်းရင်းကို ကျမ်းစာက ဖော်ပြတယ်။ ၂ ကောရိန္သု ၇:၁ မှာ “အဲဒီကတိတော်တွေကို ကျွန်တော်တို့ ရရှိထားတဲ့အတွက်” လို့ အစပြုထားတာကို သတိပြုပါ။ ဘယ်ကတိတွေကို ပြောတာလဲ။ ရှေ့ပိုင်းအခန်းငယ်တွေမှာ “မင်းတို့ကို ငါလက်ခံမယ်။ ငါက မင်းတို့ရဲ့ဖခင် ဖြစ်လာမယ်” လို့ ယေဟောဝါ ကတိပြုထားတယ်။ (၂ ကောရိန္သု ၆:၁၇၊ ၁၈) စဉ်းစားကြည့်ပါ။ ယေဟောဝါဟာ သင့်ကို ကာကွယ်ပေးပြီး သားသမီးကိုချစ်တဲ့ ဖခင်လို သင့်ကို ချစ်မြတ်နိုးမယ်လို့ ကတိပေးတယ်။ ဒါပေမဲ့ သင်ဟာ “ကိုယ်စိတ်နှစ်ပါး” ညစ်ညူးစေတဲ့အရာတွေကို ရှောင်မှသာ အဲဒီကတိတွေကို ယေဟောဝါ ပြည့်စုံစေမှာ ဖြစ်တယ်။ ညစ်ညူးတဲ့အကျင့်တစ်ခုခုကြောင့် ယေဟောဝါနဲ့ ရင်းနှီးတဲ့ အဖိုးတန်ဆက်ဆံရေးကို ဆုံးရှုံးမယ်ဆိုရင် အလွန် မိုက်မဲရာကျမယ်။

၂၂-၂၅။ မသန့်ရှင်းတဲ့ အကျင့်စရိုက်တွေကို ရှောင်ကြဉ်ဖို့ ဘယ်ကျမ်းစာမူတွေက ကူညီပေးသလဲ။

၂၂ “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ။” (မဿဲ ၂၂:၃၇) ဒီပညတ်ဟာ အရေးကြီးဆုံးပညတ်ဖြစ်တယ်လို့ ယေရှု ဖော်ပြခဲ့တယ်။ (မဿဲ ၂၂:၃၈) ကျွန်တော်တို့ဆီက အဲဒီလိုမေတ္တာကို ယေဟောဝါ ရထိုက်တယ်။ ဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်နိုင်ဖို့ အသက်တိုစေမယ့်၊ ဘုရားပေးစဉ်းစားနိုင်စွမ်း ယုတ်လျော့စေမယ့် အကျင့်တွေကို ရှောင်ကြဉ်ရမယ်။

၂၃ “[ယေဟောဝါ]ဟာ လူအားလုံးကို အသက်နဲ့ ထွက်သက်ဝင်သက်ကိုပေး” ထားတယ်။ (တမန်တော် ၁၇:၂၄၊ ၂၅) အသက်ဟာ ဘုရားပေးလက်ဆောင်ပဲ။ လက်ဆောင်ပေးတဲ့အရှင်ကို ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့အတွက် အဲဒီလက်ဆောင်ကို တန်ဖိုးထားကြောင်း တင်ပြချင်ကြတယ်။ ကျန်းမာရေး ထိခိုက်စေတဲ့ ဘယ်အကျင့်စရိုက်ကိုမဆို ရှောင်ကြဉ်ကြတယ်။ အဲဒီအကျင့်စရိုက်တွေဟာ အသက်ဆုလက်ဆောင်ကို လုံးဝမလေးစားကြောင်း ဖော်ပြရာရောက်လို့ပဲ။​—ဆာလံ ၃၆:၉။

၂၄ “လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။” (မဿဲ ၂၂:၃၉) မသန့်ရှင်းတဲ့အကျင့်တွေဟာ ပြုကျင့်သူကိုသာမက ပတ်ဝန်းကျင်မှာ ရှိသူတွေကိုပါ ထိခိုက်လေ့ရှိတယ်။ ဥပမာ၊ မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ဟာ ဆေးလိပ်မသောက်သူကို ထိခိုက်နိုင်တယ်။ မိမိပတ်ဝန်းကျင်မှာရှိသူတွေကို ထိခိုက်စေသူဟာ လူလူချင်းကို ချစ်ရမယ်ဆိုတဲ့ ဘုရားပညတ်ကို ချိုးဖောက်နေတာပဲ။ ဒါ့အပြင် ဘုရားသခင်ကို ချစ်တယ်လို့ သူပြောနေတာဟာ လိမ်လည်နေတာ ဖြစ်တယ်။​—၁ ယောဟန် ၄:၂၀၊ ၂၁။

၂၅ ‘အစိုးရနဲ့ အာဏာပိုင်တွေကို လက်အောက်ခံပြီး နာခံဖို့ မပြတ် သတိပေးနေပါ။’ (တိတု ၃:၁၊ ၂) နိုင်ငံများစွာမှာ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်တာ ဒါမှမဟုတ် သုံးစွဲတာဟာ ဥပဒေချိုးဖောက်တာပဲ။ ခရစ်ယာန်စစ်တွေဟာ တရားမဝင် မူးယစ်ဆေးတွေကို သုံးစွဲမှာ၊ ဆောင်ထားမှာ မဟုတ်ဘူး။​—ရောမ ၁၃:၁။

၂၆။ (က) ဘုရားသခင့်မေတ္တာ အမြဲခံစားနိုင်ဖို့ ဘာလုပ်ရမလဲ။ (ခ) ဘုရားအမြင်မှာ သန့်ရှင်းနေတာဟာ ဘာကြောင့် အကောင်းဆုံး ဘဝလမ်းစဉ် ဖြစ်သလဲ။

၂၆ ကျွန်တော်တို့ဟာ ဘုရားသခင့်မေတ္တာ အမြဲခံစားရဖို့ ကဏ္ဍတစ်ခု၊ နှစ်ခုမှာသာ မဟုတ်ဘဲ ကဏ္ဍအားလုံးမှာ သန့်ရှင်းနေဖို့ လိုတယ်။ ညစ်ညူးတဲ့ အကျင့်စရိုက်တွေကို စွန့်ပစ်ဖို့ မလွယ်ပေမဲ့ အဲဒီလိုလုပ်နိုင်ပါတယ်။d ဒါဟာ အကောင်းဆုံး ဘဝလမ်းစဉ် ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါဟာ ကျွန်တော်တို့အကျိုးအတွက် အမြဲ သွန်သင်ပေးလို့ပဲ။ (ဟေရှာယ ၄၈:၁၇ ကိုဖတ်ပါ။) အရေးကြီးဆုံးက သန့်ရှင်းနေတာဟာ ကျွန်တော်တို့ချစ်တဲ့ ဘုရားကို ဘုန်းထင်ရှားစေတယ်၊ ဒီနည်းနဲ့ ဘုရားသခင့်မေတ္တာ အမြဲခံစားနေရတယ်ဆိုတာ သိရှိခြင်းကနေ ကျေနပ်ပျော်ရွှင်မှု ခံစားနိုင်တယ်။

a “သန့်ရှင်းခြင်း” လို့ပြန်ဆိုတဲ့ ဟီဘရူးစကားလုံးဟာ ကာယရေးသာမက စာရိတ္တရေး ဒါမှမဟုတ် ဝတ်ပြုရေးမှာ သန့်ရှင်းတာကိုလည်း ဆိုလိုတယ်။

b ခရစ်ယာန်စစ်တွေ ရှောင်ကြဉ်တဲ့ ပွဲနေ့နဲ့ ဓလေ့ထုံးစံတွေအကြောင်းကို ဒီစာအုပ်ရဲ့ အခန်း ၁၃ မှာ ကြည့်ပါ။

c အကျိုးပြုတဲ့ ဖျော်ဖြေမှု ရွေးချယ်နိုင်ပုံကို ဒီစာအုပ်ရဲ့ အခန်း ၆ မှာ ဆွေးနွေးထားတယ်။

d “မှန်ရာကိုလုပ်ဖို့ ငါ ကြိုးစားအားထုတ်နေသလား” နဲ့ “ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်” လေးထောင့်ကွက်ကို ကြည့်ပါ။

မှန်ရာကိုလုပ်ဖို့ ငါ ကြိုးစားအားထုတ်နေသလား

ဘေးမှာ ဆေးလိပ်သောက်သူတွေ ရှိနေချိန်မှာ ဆေးလိပ်သောက်ချင်စိတ်ကို တွန်းလှန်နိုင်ဖို့ ​ဆုတောင်းနေတဲ့ အမျိုးသား

မူ– “သူတစ်ပါးကို ဟောပြောပြီးမှ တစ်နည်းနည်းနဲ့ ကိုယ်တိုင် အပယ်မခံရအောင် ကျွန်တော့်ကိုယ်ခန္ဓာကို ထိုးနှက်ပြီး ကျွန်တစ်ယောက်လိုဖြစ်အောင် ထိန်းချုပ်ထားတယ်။”​—၁ ကောရိန္သု ၉:၂၇။

မိမိကိုယ်ကို မေးရမယ့် မေးခွန်းတချို့

  • ညစ်ညမ်းတဲ့အကျင့်ကို လုပ်ချင်စိတ် ပေါ်လာတဲ့အခါ တွန်းလှန်နိုင်ဖို့ ဘုရားရဲ့စွမ်းအားတော်ရအောင် ငါ ဆုတောင်းသလား။​—မဿဲ ၆:၁၃။

  • ငါ့အပေါင်းအသင်း၊ ငါကြည့်တဲ့ရုပ်ရှင်၊ ငါနားထောင်တဲ့ သီချင်းတွေက အကျင့်ဆိုးတွေကို ရှောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ဘယ်လိုထိခိုက်စေသလဲ။​—၁ ပေတရု ၄:၃၊ ၄။

  • ကောင်းတဲ့အလုပ်တွေ လုပ်နေသရွေ့ အပြစ်ကျူးလွန်ရင်လည်း ဘာမှ မဖြစ်ပါဘူးဆိုပြီး ဘာကြောင့် ဆင်ခြေပေးလို့မရသလဲ။​—မဿဲ ၂၃:၂၅-၂၈။

  • ဘုရားအလိုတော်ဆောင်ဖို့ ယေရှု ဆင်းရဲဒုက္ခခံခဲ့သလို ငါလည်း ဒုက္ခခံဖို့ ဘာကြောင့် အသင့်ရှိသလဲ။​—၁ ပေတရု ၂:၂၁။ ၄:၁။

  • ငါ ဆေးလိပ်မသောက်ရတဲ့အကြောင်းရင်းကို ဘယ်လိုရှင်းပြမလဲ။​—ရောမ ၁၂:၁၊ ၂။

  • မသန့်ရှင်းတဲ့အကျင့်ကို ပြန်လုပ်မိတာဟာ အဲဒီအကျင့်ကို လုံးဝမဖျောက်နိုင်တော့ဘူး ဆိုတဲ့သဘောမဟုတ်မှန်း ငါသိရဲ့လား။​—ရောမ ၇:၂၁-၂၅။

“ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်”

“ကျွန်မအသက် ၁၅ နှစ်မှာ နေ့တိုင်း ဆေးလိပ်သောက်တယ်။ သီတင်းပတ်ကုန်ရက်တွေမှာတော့ သူငယ်ချင်းတွေနဲ့ အရက်သောက်တယ်။ နောက်ပိုင်းမှာ ကျွန်မ ကြင်ဖော်မဲ့မိခင်ဖြစ်သွားပြီး ကလေးသုံးယောက်ရှိပေမဲ့ ကိုကင်းစွဲလာတယ်။ ဘဝမှာ ပြဿနာတွေ အများကြီး ကြုံခဲ့ရတယ်။ ဒါပေမဲ့ ကျမ်းစာ စလေ့လာပြီး ယေဟောဝါရဲ့အကူအညီနဲ့ အကျင့်ဆိုးတွေကို ဖျောက်နိုင်ခဲ့တယ်။ စွဲနေတာတွေ အားလုံးကိုလည်း ဖြတ်နိုင်ခဲ့တယ်။ အဲဒီလို ဖြတ်နိုင်ဖို့၊ အထူးသဖြင့် ကိုကင်းဖြတ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ဒီလိုပြောင်းလဲဖို့ဆိုတာ ကိုယ်ပိုင်အစွမ်းအစနဲ့ မဖြစ်နိုင်ဘူးလို့ ကျွန်မထင်တယ်။ ဒါပေမဲ့ “ဘုရားသခင်အတွက်တော့ အရာအားလုံး ဖြစ်နိုင်တယ်” ဆိုတဲ့ ယေရှုရဲ့စကား သိပ်မှန်တာကို ကိုယ်တွေ့ ကြုံရပြီ” လို့ ဟယ်လင်e ပြောပြတယ်။​—မဿဲ ၁၉:၂၆။

e နာမည်ပြောင်းထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ