အပိုင်း ၄
ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့
အာဗြဟံသည် ယေဟောဝါကို ယုံကြည်ခြင်းဖြင့် နာခံသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ့ကို ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို အလွန်များပြားစေမည်ဟု ကတိပြုတော်မူသည်
နောဧခေတ် ရေလွှမ်းမိုးဘေးမှ နှစ်ပေါင်း ၃၅၀ ခန့်ကုန်လွန်ခဲ့ပြီဖြစ်သည်။ ဘိုးဘေးအာဗြဟံသည် ယနေ့ခေတ်တွင် အီရတ်ဟုခေါ်သောနိုင်ငံမှ ချမ်းသာကြွယ်ဝသည့် ဥရမြို့တွင် နေထိုင်သည်။ အာဗြဟံသည် အံ့သြဖွယ်ကောင်းလောက်အောင် ယုံကြည်ခြင်းခိုင်ခံ့သူတစ်ဦးဖြစ်သည်။ သို့သော် ယခု သူ၏ယုံကြည်ခြင်း စမ်းသပ်ခံရလေပြီ။
ယေဟောဝါသည် အာဗြဟံအား သူ၏မွေးရပ်မြေကို စွန့်ခွာပြီး တိုင်းတစ်ပါးသို့ပြောင်းရွှေ့ရန် မိန့်ဆိုခဲ့သည်။ ယင်းမှာ ခါနာန်ပြည်ဖြစ်ကြောင်း နောက်ပိုင်းတွင် သူသိရှိလာသည်။ အာဗြဟံသည် မဆိုင်းမတွ နာခံခဲ့၏။ သူ၏ဇနီး စာရာ၊ သူ့တူ လောတနှင့် ကျေးကျွန်များစွာသည် သူနှင့်အတူလိုက်ပါသွားကြရာ အာဗြဟံသည် ခရီးရှည်နှင်ပြီးနောက် ခါနာန်ပြည်တွင် တဲရှင်ထိုးကာ နေထိုင်ခဲ့သည်။ ယေဟောဝါသည် အာဗြဟံနှင့်ပဋိညာဉ်ဖွဲ့ကာ သူ့ကို လူမျိုးကြီးဖြစ်စေမည်၊ သူ့အားဖြင့် လူ့မိသားစုအားလုံးကို ကောင်းချီးပေးမည်၊ သူ့သားစဉ်မြေးဆက်များအား ခါနာန်ပြည်ကို အပိုင်ပေးမည်ဟု ကတိပေးခဲ့သည်။
အာဗြဟံနှင့်လောတသည် သိုးနွားတိရစ္ဆာန်အုပ်များ အလွန်တိုးပွားလာကာ စည်းစိမ်ဥစ္စာကြွယ်ဝလာသည်။ အာဗြဟံသည် တစ်ကိုယ်ကောင်းမဆန်ဘဲ လောတကို ကြိုက်နှစ်သက်ရာနယ်မြေ ရွေးချယ်စေသည်။ လောတသည် မြေသြဇာကောင်းသော ဂျော်ဒန်မြစ် ပတ်ဝန်းကျင်ဒေသကို ရွေးချယ်ပြီး သောဒုံမြို့အနီးတွင် အခြေချလိုက်သည်။ သို့သော် သောဒုံမြို့သားတို့သည် အကျင့်ပျက်ပြားကာ ယေဟောဝါရှေ့တွင် အလွန်အပြစ်ကြီးသူများဖြစ်သည်။
အာဗြဟံ၏သားစဉ်မြေးဆက်များသည် ကောင်းကင်ရှိကြယ်များကဲ့သို့ အရေအတွက်အလွန်များပြားလိမ့်မည်ဟု နောက်ပိုင်းတွင် သူ့ကို ယေဟောဝါဘုရားသခင် ထပ်မံကတိပေးခဲ့သည်။ အာဗြဟံသည် ထိုကတိကို ယုံကြည်၏။ သို့သော် သူ့ချစ်ဇနီး စာရာသည် သားသမီးမထွန်းကားဘဲ မြုံနေဆဲပင်။ အာဗြဟံအသက် ၉၉ နှစ်အရွယ်၊ စာရာအသက် ၉၀ နီးပါးအရွယ်တိုင်သော် ဘုရားသခင်က သူတို့သည် သားတစ်ယောက်ရမည်ဟု မိန့်ဆိုသည်။ ဘုရားသခင်မိန့်ဆိုသည့်အတိုင်းပင် စာရာသည် ဣဇာက်ကို ဖွားမြင်ခဲ့သည်။ အာဗြဟံတွင် နောက်ထပ်သားသမီးများ ရှိသော်လည်း ဧဒင်တွင် ကတိပြုခဲ့သော ကယ်နုတ်ရှင်သည် ဣဇာက်မှတစ်ဆင့်သာ ပေါ်ထွန်းလာမည်ဖြစ်သည်။
ထိုအတောအတွင်းတွင် လောတနှင့်သူ့မိသားစုသည် သောဒုံမြို့တွင် နေထိုင်လျက်ရှိသည်။ သို့သော် ဖြောင့်မတ်သောလောတသည် အကျင့်ပျက်ပြားသော ထိုမြို့သားတို့နည်းတူ အသက်မရှင်ခဲ့ချေ။ ယေဟောဝါသည် သောဒုံမြို့ကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ပြီးနောက် ရောက်လာတော့မည့်ဖျက်ဆီးခြင်းဘေးအကြောင်း ကြိုတင်သတိပေးရန် လောတထံ ကောင်းကင်တမန်များကို စေလွှတ်ခဲ့သည်။ ကောင်းကင်တမန်များသည် လောတနှင့်သူ့မိသားစုကို သောဒုံမြို့မှထွက်ပြေးရန်နှင့် နောက်သို့လှည့်မကြည့်ရန် တိုက်တွန်းခဲ့သည်။ ထို့နောက် ဘုရားသခင်သည် သောဒုံမြို့နှင့် အနီးရှိ ဆိုးသွမ်းသောဂေါမောရမြို့အပေါ်သို့ ကန့်နှင့်ရောသောမီးမိုး ရွာချစေပြီး မြို့သူမြို့သားအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ လောတနှင့်သူ့သမီးနှစ်ယောက် လွတ်မြောက်သွားသည်။ သို့သော် လောတ၏မိန်းမသည် ချန်ရစ်ခဲ့ရာများကို နှမြောတသစိတ်ကြောင့် နောက်လှည့်ကြည့်မိခြင်း ဖြစ်ပေမည်။ သူ၏မနာခံမှုကြောင့် အသက်သေဆုံးခဲ့ရသည်။
—ကမ္ဘာဦး ၁၁:၁၀–၁၉:၃၈ ကိုအခြေခံသည်။