၄ အာဗြဟံ
တရားသောစစ် ဦးဆုံး ဆင်နွှဲသူ
လူသားထုတစ်ရပ်လုံးအပေါ် အကျိုးသက်ရောက်မယ့် ကတိတစ်ခု မိတ်ဆွေအာဗြဟံကို ယေဟောဝါဘုရား ပေးတယ်။ “မင်းကို လူမျိုးကြီး ဖြစ်စေ[မယ်]” တဲ့။ အဲဒီလူမျိုး အပိုင်ရမယ့် ပြည်ကိုလည်း ပြတယ်။ (က. ၁၂:၂။ ၁၃:၁၄၊ ၁၅) ဒါပေမဲ့ အဲဒီလူမျိုး ပေါ်မလာအောင် အာဗြဟံကို စာတန် အပြတ်ရှင်းချင်နေတယ်။ အဲဒီလူမျိုးကနေ ပေါ်ထွန်းလာမယ့် “မျိုးနွယ်” က မိမိကိုကော မိမိရဲ့ ဆိုးညစ်တဲ့ အုပ်ချုပ်မှုကိုပါ ဖျက်ဆီးပစ်မယ်ဆိုတာ သိနေလို့ပဲ။—က. ၃:၁၅။
အာဗြဟံတို့မိသားစုဟာ စာတန်ရဲ့ ပစ်မှတ် ဖြစ်လာတယ်။ အထိနာသူတစ်ယောက်ကတော့ အာဗြဟံရဲ့ တူ လောတပါ။ အဲဒီအချိန်မှာ သောဒုံမြို့နားမှာ လောတ နေတယ်။ ကတိထားရာပြည်ထဲက ကြိုက်တဲ့နေရာ အာဗြဟံ အရင် ရွေးခိုင်းလို့ ရေမြေအကောင်းဆုံး အဲဒီနေရာကို ရွေးလိုက်တာ။ ဒါပေမဲ့ “သောဒုံမြို့သားတွေဟာ ဆိုးညစ်သူ၊ ယေဟောဝါရှေ့မှာ အပြစ်ကြီးသူတွေပဲ။” (က. ၁၃:၈-၁၃) သောဒုံဘုရင်ဟာ မဟာမိတ် ခါနန်ဘုရင်ငါးပါးထဲက တစ်ပါး ဖြစ်တယ်။ ဧလံဘုရင်ကို အခွန်ဆက်ရလို့ မကျေမနပ် ဖြစ်လာပြီး သူတို့ ပုန်ကန်ကြတယ်။ ဒါနဲ့ ဧလံဘုရင်က မဟာမိတ် ဘုရင်သုံးပါးနဲ့အတူ မြောက်ဘက်ကနေ ဆင်းလာပြီး ခါနန်ဘုရင်တွေကို တိုက်တယ်။ ဧလံဘုရင်နဲ့ မဟာမိတ်တွေ အနိုင်ရသွားလို့ ပစ္စည်းဥစ္စာတွေကိုကော သုံ့ပန်းတွေကိုပါ သိမ်းသွားကြတယ်။ လောတတို့မိသားစုလည်း သုံ့ပန်းအဖြစ် ပါသွားတယ်။
အင်အားကြီး ဘုရင်လေးပါးရဲ့ မဟာမိတ်တပ်ကို အမီလိုက်တိုက်ဖို့ လူ ၃၁၈ ယောက်အဖွဲ့ကို အာဗြဟံ သတ္တိရှိရှိ ဦးဆောင်
အာဗြဟံ ဘာလုပ်မလဲ။ အဲဒီနေရာကိုမှ လောတ ရွေးတာကိုး၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပဲလို့ တွေးချင်ရင် တွေးနိုင်တယ်။ ဒါမှမဟုတ် စိတ်ပူပြီး လောတကို သွားကယ်မယ်ပဲ ထား။ ဧလံဘုရင်နဲ့ အင်အားကြီး မဟာမိတ်တပ်ကို တိုက်ရမှာ။ မဟာမိတ် ဘုရင်တွေထဲမှာ ရှိနာဘုရင်လည်း ပါတယ်။ ရှိနာပြည်၊ ဥရမြို့ကနေ အာဗြဟံ ထွက်လာခဲ့တာ။ ဘုရင်နဲ့ ရန်ငြိုးရန်စ ရှိသွားလို့ကတော့ အဲဒီပြည်ကို ပြန်ခြေချလို့ ရမှာ မဟုတ်ဘူး။ ဒါ့အပြင် အာဗြဟံဟာ စစ်သည် မဟုတ်ဘူး။ တဲထိုးနေထိုင်သူ၊ သိုးထိန်းတစ်ယောက်။ အင်အားကြီး မဟာမိတ် ဘုရင်လေးပါးကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မလဲ။ ဒါပေမဲ့ ယေဟောဝါ အောင်ပွဲခံစေမယ်ဆိုတဲ့ ယုံကြည်စိတ်ချစိတ်နဲ့ လောတကို ကယ်ဖို့ အာဗြဟံ ဆုံးဖြတ်လိုက်တယ်။
အာဗြဟံရဲ့ စခန်းမှာ လူ ၁,၀၀၀ ကျော်လောက် ရှိနိုင်တယ်။ တိုက်ရည်ခိုက်ရည် ရှိတဲ့ လက်ရင်းတပည့် ၃၁၈ ယောက်ကို စု၊ မဟာမိတ်တချို့ကို ခေါ်ပြီး ဟိုးမြောက်ဘက် ဒန်မြို့အထိ ဧလံဘုရင်နဲ့ မဟာမိတ်တပ်ကို အမီလိုက်တယ်။ အုပ်စုခွဲပြီး ညဘက် ဝင်တိုက်တယ်။ အင်အားမမျှပေမဲ့ အာဗြဟံတို့ အသာစီးရတယ်။ မြောက်ဘက် ပိုကျတဲ့ဘက်ကို ဘုရင်လေးပါးနဲ့ တပ်သားတွေ ထွက်ပြေးလို့ အာဗြဟံတို့ လိုက်တယ်။ ဒမတ်စကတ်မြို့မြောက်ဘက် ဟောဘမြို့ ရောက်တော့ ရန်သူတွေကို အပြီးတိုင် ချေမှုန်းလိုက်နိုင်တယ်။ ခါနန်ပြည်ကနေ သိမ်းသွားတဲ့ သုံ့ပန်းတွေ၊ ပစ္စည်းတွေ ပြန်ရတယ်။ လောတတို့မိသားစု အသက်ဘေး လွတ်သွားပြီ။
အာဗြဟံရဲ့ သတ္တိ ရှိတဲ့၊ ယုံကြည်ခြင်း ရှိတဲ့ ဒီလုပ်ရပ်ကို ယေဟောဝါ နှစ်သက်သလား။ ဆာလင်မြို့နားကို အာဗြဟံ ဖြတ်သွားချိန်တုန်းက အဖြစ်အပျက်အရ နှစ်သက်တယ်ဆိုတာ သိနိုင်တယ်။ ယေဟောဝါရဲ့ ပုရောဟိတ်လည်း ဖြစ်တဲ့ ဆာလင်မင်း မေလခိဇေဒက်က အာဗြဟံကို မြို့ထဲကနေ ထွက်တွေ့တယ်။ ကောင်းချီးရဖို့ ဆုမွန်ကောင်း တောင်းပေးတယ်။ အာဗြဟံလည်း မေလခိဇေဒက်ကို အကောင်းဆုံး တိုက်ရာပါဥစ္စာတွေထဲက ဆယ်ဖို့တစ်ဖို့ ပေးလှူတယ်။ ကိုယ့်အစွမ်းအစကြောင့် မဟုတ်ဘဲ ယေဟောဝါရဲ့ အကူအညီကြောင့် အောင်ပွဲရခဲ့ကြောင်း နှိမ့်ချမှုရှိရှိ အသိအမှတ်ပြုတဲ့ သဘောပါပဲ။
အာဗြဟံက ကိုယ့်အကျိုးအတွက် ကိုယ့်အားကိုယ်ကိုးပြီး တိုက်တာ မဟုတ်ဘဲ ယေဟောဝါရဲ့ အကျိုးအတွက် ယေဟောဝါကို အားကိုးပြီး တိုက်ခဲ့တာ ရှင်းနေပါတယ်။ “ယေဟောဝါရဲ့ စစ်ပွဲများ စာစောင်” လို့ ကျမ်းစာမှာ ဖော်ပြထားတာ ရှိတယ်။ (တော. ၂၁:၁၄) အာဗြဟံ တိုက်ခဲ့တဲ့ ဒီစစ်ပွဲဟာ စာစောင်ရဲ့ ထိပ်ဆုံးမှာ ပါနိုင်တယ်။ ရာစုနှစ်တွေ ကြာပြီးနောက် အာဗြဟံရဲ့ သားစဉ်မြေးဆက် အစ္စရေးတွေဟာ ကတိထားရာပြည်ထဲက ခါနန်တွေနဲ့ စစ်ဆင်နွှဲရပြန်တယ်။ ယေဟောဝါ ကူညီပေးလို့ သစ္စာရှိ အစ္စရေးတွေ အောင်ပွဲအလီလီ ဆင်နိုင်ခဲ့တယ်။
ဒါပေမဲ့ မိမိကို အစ္စရေးတွေ စွန့်သွားချိန်မှာ ယေဟောဝါ ကာကွယ်မပေးတော့ဘူး။ နောက်ဆုံးမှာ သားတော် မေရှိယကိုပါ ငြင်းပယ်ကြလို့ သူတို့ကို ယေဟောဝါ ငြင်းပယ်လိုက်တယ်။ ကောင်းချီးမပေးတော့ဘူး။ ဘုရားသခင်ရဲ့ အစ္စရေးလူမျိုး၊ တစ်နည်းအားဖြင့် ခရစ်တော် ဦးဆောင်တဲ့ ဘိသိက်ခံ ခရစ်ယာန်တွေကိုပဲ ကောင်းချီးပေးတော့တယ်။ ပကတိစစ်ပွဲ မဆင်နွှဲဖို့ မိမိဦးဆောင်မှုအောက်မှာ ရှိတဲ့ နောက်လိုက်တွေကို ယေရှု ပြောတယ်။ (မ. ၂၆:၅၂) ဒါပေမဲ့ ယုံကြည်ခြင်းစစ်ပွဲ ဆင်နွှဲဖို့တော့ ပြောတယ်။ အဲဒီလိုဆင်နွှဲနိုင်ဖို့ဆိုတာ ပကတိစစ်မြေပြင်မှာ တိုက်ပွဲဝင်သလောက်ကို သတ္တိရှိဖို့ လိုကြောင်း မြေကြီးပေါ် ရှိစဉ် ယေရှု စံနမူနာ ပြသွားတယ်။
ကျမ်းမှတ်တမ်းကို ဖတ်ပါ–
ဆွေးနွေးရန်–
အသက်တာရဲ့ ဒီအပိုင်းမှာ သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ အာဗြဟံ ပြသလဲ။
ရှာဖွေလေ တွေ့ရှိလေ
၁။ ဒီကျမ်းမှတ်တမ်း အသေးစိတ်ကအစ တိကျမှန်ကန်ကြောင်း ဘာအထောက်အထားတွေ ရှိသလဲ။ (က၉၀ ၇/၁ ၅ ပိုဒ်. ၄–၆ ပိုဒ်. ၂)
၂။ ကျမ်းစာ ဖော်ပြချက်အရ သောဒုံနဲ့ ဂေါမောရ ဘယ်နေရာမှာ ရှိတာ ဖြစ်မလဲ။ ဘာက ဒီအချက်ကို ထောက်ခံသလဲ။ (it “ဆားငန်အိုင်” ပိုဒ်. ၆-wcgr) ရုပ်ပုံ က
© Yadid Levy/age fotostock
ရုပ်ပုံ က– သောဒုံမြို့ ရှိခဲ့တယ်လို့ ထင်ရတဲ့ ပင်လယ်သေ အရှေ့တောင် ကမ်းရိုးတန်းတစ်လျှောက် ဒီနေ့အချိန်ထိ စွန်ပလွံပင်တွေ၊ တခြားအပင်တွေ လှိုင်လှိုင်ပေါက်နေ
၃။ ဆာလင်ပြည်က မေလခိဇေဒက်ဟာ ဘုရင်လည်း ဖြစ်၊ ပုရောဟိတ်လည်း ဖြစ်တယ်။ ဆာလင်ပြည်ဟာ ဘယ်မှာ ရှိသလဲ။ (it “ဆာလင်”-wcgr)
၄။ မေလခိဇေဒက်နဲ့ ယေရှု ဘာတွေ ဆင်တူသလဲ။ (it “ပုရောဟိတ်မင်း” ပိုဒ်. ၂၇-၂၈-wcgr) ရုပ်ပုံ ခ
ရုပ်ပုံ ခ
တွေးတောစရာ သင်ခန်းစာ
လောတကိုအကောင်းဆုံးနေရာ အာဗြဟံ ရွေးခွင့်ပြုတယ်။ မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေ၊ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ အာဗြဟံကို ဘယ်လို အတုယူနိုင်သလဲ။ ရုပ်ပုံ ဂ
ရုပ်ပုံ ဂ
တူဖြစ်သူ သေရေးရှင်ရေး အခြေအနေ ကြုံနေရချိန်မှာ အာဗြဟံ ပစ်မထားဘူး။ အာဗြဟံဆီကနေ ဘာသင်ယူနိုင်သလဲ။
ဒီမှတ်တမ်းမှာ အာဗြဟံ ပြတဲ့ သတ္တိကို တခြားဘယ်နည်းတွေနဲ့ အတုယူနိုင်မလဲ။
အတွေးနယ်ချဲ့ကြည့်ပါ
ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။
အာဗြဟံနဲ့ လောတတို့ အသက်ပြန်ရှင်လာကြတဲ့အခါ ဘာမေးချင်သလဲ။
ထပ်လေ့လာပါ
ယေဟောဝါကို အာဗြဟံ ဘာကြောင့် အကြွင်းမဲ့ ယုံကြည်လာသလဲ။
ဥရမြို့ကနေ ထွက်မလာခင်ကတည်းက သတ္တိရှိကြောင်း အာဗြဟံ ဘယ်လို ပြသလဲ။