ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wcg အခန်း ၉ စာ. ၄၈-စာ. ၅၁
  • “ယုံကြည်ခြင်းကြောင့်” မောရှေကို ဝှက်ထားခဲ့ကြသူတွေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ယုံကြည်ခြင်းကြောင့်” မောရှေကို ဝှက်ထားခဲ့ကြသူတွေ
  • ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • တွေးတောစရာ သင်ခန်းစာ
  • အတွေးနယ်ချဲ့ကြည့်ပါ
  • ထပ်လေ့လာပါ
  • ယုံကြည်ခြင်းရှိသောမိဘများ ဆုကျေးဇူးခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “ယေဟောဝါကို ချီးမွမ်းသီချင်း ဆိုကြစို့”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ယေဟောဝါကို ကိုးကွယ်ဖို့ မောရှေ ရွေးချယ်ခဲ့
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဖာရောကို သွားတွေ့သူ
    ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
နောက်ထပ် ကြည့်ပါ
ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
wcg အခန်း ၉ စာ. ၄၈-စာ. ၅၁

၉ ရှိဖရ၊ ပုအာ၊ အာမရံ၊ ယောခေဗက်၊ မိရိအံ

“ယုံကြည်ခြင်းကြောင့်” မောရှေကို ဝှက်ထားခဲ့ကြသူတွေ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

အီဂျစ်ပြည်ကို အငတ်ဘေးကနေ ကယ်တင်ဖို့ ယေဟောဝါဘုရား အသုံးပြုခဲ့တဲ့ ယောသပ် သေဆုံးသွားတာ နှစ် ၆၀ ကျော်ပြီ။ ယောသပ်အကြောင်း အီဂျစ်တွေ မေ့သွားကြပြီ။ နောက်တက်လာတဲ့ အီဂျစ်ဘုရင်က အစ္စရေးတွေကို မုန်းလည်း မုန်း၊ ကြောက်လည်း ကြောက်တယ်။ ယေဟောဝါဘုရား ကောင်းချီးပေးတဲ့အတွက် အစ္စရေး လူဦးရေ များသည်ထက် များလာလို့ပဲ။ ဒါနဲ့ အစ္စရေးတွေကို ကျွန်ပြုလိုက်တယ်။ အလုပ်ကြမ်း လုပ်ခိုင်းပြီး နှိပ်စက်ညှဉ်းဆဲတယ်။ ဒါပေမဲ့ နှိပ်စက်လေ တိုးပွားပျံ့နှံ့လေ ဖြစ်လာတယ်။

ဒါနဲ့ သိပ်ရက်စက်တဲ့အကြံ ဖာရော ထုတ်တယ်။ ရှိဖရနဲ့ ပုအာလို့ ခေါ်တဲ့ ဟီဘရူး လက်သည်နှစ်ယောက်ကို ဆင့်ခေါ်လိုက်တယ်။ အစ္စရေး အမျိုးသမီးတွေကို မီးဖွားပေးတဲ့အခါ ယောက်ျားလေးဆိုရင် သတ်ပစ်ဖို့ အမိန့်ပေးတယ်။ လက်သည်နှစ်ယောက် ဘယ်လို ခံစားရမလဲ စဉ်းစားကြည့်ပါ။ ဒါပေမဲ့ သတ္တိခဲ ဒီအမျိုးသမီးနှစ်ယောက်ဟာ “စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့” ကြတယ်။ ဘုရားအမြင်မှာ လူ့အသက် သိပ်တန်ဖိုးရှိမှန်း၊ အာဏာရှင် ဖြစ်နေပါစေ ဘယ်သူမှ လူ့အသက် သတ်ဖို့ အမိန့်ပေးပိုင်ခွင့် မရှိမှန်း သိကြတယ်။ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင် ဘုရားကို ကြောက်ရွံ့တဲ့အတွက် မှန်ရာကို သတ္တိရှိရှိ လုပ်ကြတယ်။ “ဘုရင့်အမိန့်အတိုင်း မလုပ်ဘဲ ယောက်ျားလေးတွေကို အသက်ချမ်းသာပေးတယ်။” ဖာရော သိသွားလို့ ဒေါသထွက်ပြီး ခေါ်မေးတဲ့အခါ ပိပိရိရိ လျှောက်ကြတယ်။ သူတို့ရဲ့ သတ္တိရှိတဲ့ လုပ်ဆောင်မှုတွေကို ယေဟောဝါ မြင်တယ်။ ဒါကြောင့် “အဲဒီလက်သည်တွေကို ကျေးဇူးပြုတယ်။” နောက်ပိုင်းမှာ မိသားစုဘဝ ပေးသနားတယ်။

မောရှေရဲ့ မိဘ၊ အစ်မနဲ့ လက်သည် အမျိုးသမီးတွေသာ သတ္တိမရှိခဲ့ရင် မောရှေလေး ဘာဖြစ်သွားနိုင်သလဲ

မိမိအကြံ မအောင်မြင်မှန်း ဖာရော သိသွားတော့ ရက်စက်တဲ့အမိန့် နောက်တစ်ခု ထုတ်တယ်။ မွေးလာတဲ့ အစ္စရေးယောက်ျားလေး အားလုံးကို နိုင်းမြစ်ထဲ ပစ်ချဖို့ပါ။ အဲဒီအမိန့် ထွက်လာတော့ အာမရံနဲ့ ယောခေဗက်လို့ ခေါ်တဲ့ အစ္စရေး မောင်နှံ အကျပ်ရိုက်သွားတယ်။ သူတို့မှာ မိရိအံနဲ့ အာရုန်ဆိုတဲ့ သားသမီးနှစ်ယောက် ရှိတယ်။ အခု တတိယ ရင်သွေးလေး လွယ်ထားရတယ်။ သားယောက်ျားလေးသာ မွေးလာရင် သားလေး အသက်အန္တရာယ် ရှိလာမှာ။ ဖြစ်ချင်တော့ တကယ်ပဲ သားယောက်ျားလေး မွေးလာတယ်။ ဒါနဲ့ အတတ်နိုင်ဆုံး ဝှက်ထားကြတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကို ဝှက်ထားရတာ လွယ်တာမှ မဟုတ်တာ။ သားလေး သုံးလသား ရောက်လာတော့ ယောခေဗက်က ကတ္တရာစေး သုတ်ထားတဲ့ ခြင်းတောင်းထဲ ကလေးကို ထည့်တယ်။ အဲဒီတောင်းကို နိုင်းမြစ်ကမ်းနားက ကျူပင်တွေကြားမှာ ထားလိုက်တယ်။ သမီး မိရိအံက ခပ်လှမ်းလှမ်းကနေ မောင်လေးအခြေအနေကို စောင့်ကြည့်ပေးတယ်။

နိုင်းမြစ်ကမ်းဘေး ကျူပင်တွေကြားမှာ ပပိုင်းရပ်တောင်းထဲ မောရှေလေးကို ယောခေဗက် ထည့်နေ။ မိရိအံလည်း ဘေးမှာ ရှိ။

သိပ်မကြာခင်မှာပဲ ဖာရောသမီးတော်က နိုင်းမြစ်မှာ ရေချိုးဖို့ ဆင်းလာတယ်။ ခြင်းတောင်းကို တွေ့သွားပြီး အစေခံမလေးကို သွားယူခိုင်းတယ်။ တောင်းကို ဖွင့်ကြည့်လိုက်တော့ ချစ်စရာ ကလေးလေး ငိုနေတာ တွေ့တဲ့အခါ သိပ်သနားသွားတယ်။ ဒါနဲ့ မွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ကလေးထိန်း လိုမယ်ဆိုတာ တွေးမိမှာပဲ။ အဲဒီအချိန်မှာပဲ အကင်းပါးတဲ့ မိရိအံ သတ္တိရှိရှိ ပြေးလာပြီး ကလေးထိန်း ရှာပေးရမလားလို့ မေးလိုက်တယ်။ ရှာပေးပါလို့ ဖာရောသမီးတော် ပြောတော့ မိခင်ဖြစ်သူကို ခေါ်လာပေးတယ်။ သိပ်ချစ်ရတဲ့ သားလေးကို အီဂျစ်တွေရဲ့ ရန် ကြောက်စရာ မလိုဘဲ ပြုစုထိန်းကျောင်းပေးနိုင်တော့မယ်၊ ကိုယ့်ကလေးကိုယ် ထိန်းတာ ကလေးထိန်းခတောင် ရဦးမယ်ဆိုတာ သိလိုက်ရချိန် ယောခေဗက် ဘယ်လောက် ဝမ်းသာသွားမလဲ မြင်ယောင်ကြည့်ပါ။ ယေဟောဝါဘုရားအကြောင်း သားလေးကို အာမရံနဲ့ ယောခေဗက် အတတ်နိုင်ဆုံး သင်ပေးကြမှာ သေချာတယ်။ ဒီလိုနဲ့ ဖာရောသမီးတော်လက်ထဲ သားလေးကို အပ်ရမယ့်နေ့ ရောက်လာတယ်။ သမီးတော်က မောရှေလို့ နာမည်ပေးတယ်။

ယုံကြည်ခြင်း၊ သတ္တိ ရှိတဲ့ အာမရံ၊ ယောခေဗက်၊ မိရိအံကို ယေဟောဝါဘုရား ကောင်းချီးပေးသလား။ ပေးပါတယ်။ ယေဟောဝါဘုရားရဲ့ သစ္စာရှိ ကျေးကျွန်တွေ ဖြစ်လာဖို့ မိရိအံနဲ့ အာရုန်ကို အာမရံနဲ့ ယောခေဗက် ပျိုးထောင်ပေးနိုင်ခဲ့ကြတယ်။ မောရှေကို ယေဟောဝါဘုရား ကာကွယ်ပေးတာ မြင်ကြရတယ်။ မောရှေမှာ အရည်အသွေးကောင်း အများကြီး ရှိလာတာ၊ ဘုရားအသုံးတော် ခံရတာ မြင်ရတဲ့အထိ သူတို့ အသက်ရှည်သလား ကျမ်းစာမှာ ဖော်ပြမထားဘူး။ (ထွ. ၆:၂၀) ဒါပေမဲ့ မောရှေကတစ်ဆင့် ယေဟောဝါဘုရား အံ့ဖွယ်အမှုတွေ လုပ်တာ မိရိအံနဲ့ အာရုန် မြင်ကြရတယ်။ မောင်နှမသုံးယောက်စလုံး ယုံကြည်ခြင်း၊ သတ္တိ ရှိကြတယ်။ အတူတူ ဘုရားအမှုဆောင်ကြတယ်။ ဘယ်လို အခြေအနေမျိုးမှာ မောရှေ ကြီးပြင်းလာသလဲ၊ ဘုရားအမှုဆောင်ဖို့ ဘာကြောင့် ဆုံးဖြတ်သလဲဆိုတာ နောက်အခန်းမှာ လေ့လာသွားကြပါမယ်။

ကျမ်းမှတ်တမ်းကို ဖတ်ပါ–

  • ထွက်မြောက်ရာ ၁:၆–၂:၁၀

  • တမန်တော် ၇:၁၇-၂၁

  • ဟီဘရူး ၁၁:၂၃

ဆွေးနွေးရန်–

သတ္တိရှိကြောင်း လက်သည်တွေ၊ မောရှေရဲ့ မိသားစုဝင်တွေ ဘယ်နည်းတွေနဲ့ ပြသလဲ။

ရှာဖွေလေ တွေ့ရှိလေ

  1. ၁။ ဒီကျမ်းမှတ်တမ်း မှန်ကန်ကြောင်း ရှေးဟောင်း သုတေသီတွေရဲ့ အဆိုက ဘယ်လို ထောက်ခံသလဲ။ (န၀၄-E ၄/၈ ၄ ပိုဒ်. ၄–၅ ပိုဒ်. ၁-wcgr)

  2. ၂။ ဟီဘရူး ကလေးတွေ အသတ်ခံရတာ၊ အီဂျစ်တွေ ပပိုင်းရပ်ကျူပင် အသုံးပြုတာနဲ့ပတ်သက်တဲ့ ကျမ်းမှတ်တမ်း မှန်ကန်ကြောင်း ဘာက ထောက်ခံသလဲ။ (န၀၄-E ၄/၈ ၆ ပိုဒ်. ၁-၂-wcgr) ရုပ်ပုံ က

    ပပိုင်းရပ်ကျူရိုးတွေကို သုံးပြီး အီဂျစ်လူတစ်ယောက် လှေဆောက်နေ။

    Christine Osborne Pictures/Alamy Stock Photo

    ရုပ်ပုံ က– လှေဆောက်ဖို့ ပပိုင်းရပ်ကျူကို ဒီနေ့အချိန်အထိ အသုံးပြု

  3. ၃။ ဟီဘရူး လက်သည်တွေအကြောင်း ဘာသိရသလဲ။ သူတို့ကို ဘုရား ဘယ်လို ကောင်းချီးပေးသလဲ။ (က၀၃ ၁၁/၁ ၈ ပိုဒ်. ၃-၄။ it “လက်သည်”-wcgr) ရုပ်ပုံ ခ

    မွေးကင်းစ သားယောက်ျားလေးကို လက်သည်နှစ်ယောက် ဝှက်ထား။ မွေးကင်းစ သားယောက်ျားလေးတွေကို ရှာချင်လို့ အီဂျစ်စစ်သည်တွေ တံခါးလိုက်ခေါက်နေ။ လက်သည်တစ်ယောက် သတိထားစောင့်ကြည့်။

    ရုပ်ပုံ ခ

  4. ၄။ အသက်ကြီးချိန်အထိ ယုံကြည်ခြင်း ခိုင်မာကြောင်း မိရိအံ ဘယ်လို ပြသလဲ။ (ijwia ဆောင်းပါး ၇ ပိုဒ်. ၁၄-၁၈)

တွေးတောစရာ သင်ခန်းစာ

  • အာမရံနဲ့ ယောခေဗက်ဆီကနေ မိဘတွေ ဘာသင်ယူနိုင်သလဲ။

  • မိန်းမငယ်လေး မိရိအံဆီကနေ မောင်နှမ ရှိသူတွေ ဘာသင်ယူနိုင်သလဲ။ ရုပ်ပုံ ဂ

    ရုပ်ပုံ– မိန်းမငယ်လေး မိရိအံဆီကနေ မောင်နှမ ရှိသူတွေ သင်ယူနိုင်ရာများ။ ဒီအခန်းမှာ ရုပ်ပုံတွေ ထပ်ဖော်ပြထား။ ညီအစ်မငယ်လေးတစ်ယောက် မောင်လေးကို စာအုပ်ထိုင်ဖတ်ပြနေ။ မောင်လေးက ကျမ်းစာဇာတ်လမ်းရုပ်ပုံတွေ ဆွဲနေ။ ညီအစ်မငယ်လေးနဲ့ သူ့မောင်လေး အအေးသောက်ရင်း စကားတပြောပြောနဲ့ လမ်းလျှောက်လာ။ အစည်းအဝေးမှာ ညီအစ်မငယ်လေး မှတ်ချက်ပေးနေ။ သူ့မောင်လေး ပြုံးပြီး ကြည့်နေ။

    ရုပ်ပုံ ဂ

  • ရှိဖရနဲ့ ပုအာရဲ့ သတ္တိကို ဘယ်လို အတုယူနိုင်မလဲ။

အတွေးနယ်ချဲ့ကြည့်ပါ

  • ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

  • ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။

  • ရှိဖရ၊ ပုအာ၊ အာမရံ၊ ယောခေဗက်နဲ့ မိရိအံတို့ အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။

ထပ်လေ့လာပါ

ဖာရောအမိန့်ကို ဖီဆန်ခဲ့တဲ့ ရှိဖရနဲ့ ပုအာဆီကနေ ဘာသင်ယူနိုင်သလဲ။

“ယေဟောဝါ၏နှလုံးကို ရွှင်ပြုံးစေသော အမျိုးသမီးများ” (က၀၃ ၁၁/၁ ၈-၉ ပိုဒ်. ၃-၅)

လူ့စကားထက် ဘုရားစကား သတ္တိရှိရှိ နားထောင်သူတွေကို ဘုရား အမြဲ စောင့်ရှောက်မယ်ဆိုတာ ဘယ်လို သိရသလဲ။

ကျွန်တော်တို့ကို ယေဟောဝါဘုရား ပိုင်တယ် (၆:၅၅)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ