ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ပျောက်သောသား ပြန်တွေ့သောအခါ
ယေရှု၏ဥပမာထဲမှ ပျောက်နေသောသား သို့မဟုတ် ဖြုန်းတီးသောသား ဖခင်အိမ်ပြန်လာသောအခါ အဘယ်သို့သော ကြိုဆိုဧည့်ခံခြင်း ခံရသနည်း။ ယေရှုဆက်၍ မိန့်ကြားသည်ကို နားဆင်ကြည့်ပါ။
“အဝေး၌ရှိသေးစဉ် အဘမြင်၍ ကရုဏာသက်သဖြင့် ပြေးကြိုလျက် လည်ကိုဖက်ပြီးလျှင် နမ်းရှုပ်လေ၏။” ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင် ခမည်းတော်ယေဟောဝါအား ကိုယ်စားပြုသည့် ကရုဏာတရား၊ အကြင်နာနှလုံးသားရှိသော ဖခင်ပါတကား။
သားဖြစ်သူ အကျင့်ပျက် ပျော်ပါးနေထိုင်ခဲ့ခြင်းအကြောင်းကို ဖခင်ဖြစ်သူကြားခဲ့ပေမည်။ သို့သော်လည်း အကြောင်းစုံရှင်းပြခြင်းကို မစောင့်ဘဲ သူ့အား လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ ယေရှု၌လည်း ထိုသို့ကြိုဆိုလက်ခံသည့် စိတ်ဓာတ်ရှိတော်မူ၏။ ဤဥပမာထဲမှ ဖြုန်းတီးသောသား ကိုယ်စားပြုသည့် အပြစ်သားများနှင့် အခွန်ခံများထံ ကိုယ်တော်စ၍ ချဉ်းကပ်တော်မူခဲ့သည်။
ယေရှု၏ ဥပမာထဲမှ အမြော်အမြင်ကြီးမားသော ဖခင်ဖြစ်သူသည် ခေါင်းမဖေါ်ဘဲ ဝမ်းနည်းပက်လက်နှင့် ပြန်လာနေသောသားကိုကြည့်၍ သားဖြစ်သူ၏ နောင်တကို ရိပ်စားမိသည်မှာ ယုံမှားသံသယမရှိပေ။ သို့သော် ဖခင်ဖြစ်သူက ဤသို့ မေတ္တာရှေ့ထား ခရီးဦးကြိုပြုမှုကြောင့် သားဖြစ်သူက သူ့အပြစ်ဝန်ခံရန် လွယ်ကူသွားစေသည်။ ယေရှုမိန့်ကြားသည့်အတိုင်းပင်။ “ထိုအခါ သားက “အဘ၊ ကျွန်တော်သည် ကောင်းကင်ရှင်ကိုလည်းကောင်း၊ ‘အဘကိုလည်းကောင်း ပြစ်မှားမိပါပြီ။ သားဟု အခေါ်ခံထိုက်တော့သည်မဟုတ်ပါ။ သူရင်းငှားတစ်ယောက်ကဲ့သို့ ထားပါ’ ဟူ၍ဆို၏။”
သို့သော် သားဖြစ်သူ၏နှုတ်မှ ထိုစကားများထွက်လာရုံရှိသေး၊ ဖခင်ဖြစ်သူက ချက်ချင်းပင်ဖြတ်၍ ကျွန်တို့အား ဤသို့အမိန့်ပေးလေတော့သည်။ “‘အကောင်းဆုံးသော ဝတ်လုံကို အမြန်ထုတ်ယူပေးကြလော့။ လက်တွင် လက်စွပ်နှင့် ခြေတွင် ဖိနပ်ကို ဆင်ပေးကြလော့။ ဆူဖြိုးသော နွားငယ်ကို ဆွဲယူစီရင်ကြလော့။ စားသောက်ပွဲလုပ်၍ ပျော်မွေ့ကြကုန်အံ့။ ငါ့သားသည် သေရာမှ ရှင်ပြန်ပြီ။ ပျောက်ရာမှ တွေ့ပြီ’ ဟုဆိုလျက် ပျော်မွေ့ကြ၏။”
ထိုအချိန်၌ ‘သားကြီးသည် လယ်ထဲမှာ ရောက်နေ၏။’ ပုံပြင်၏ ကျန်အပိုင်းကို နားထောင်ပြီး သားကြီးမည်သူကို ကိုယ်စားပြုကြောင်း သင်ခွဲခွဲခြားခြား သိမြင်နိုင်မနိုင် စစ်ဆေးကြည့်ပါ။ သားကြီးနှင့်ပတ်သက်၍ ယေရှုဤသို့ဆို၏။ “သားအကြီးသည် တောင်ယာကလာ၍ အိမ်အနီးသို့ရောက်သောအခါ ကခြင်း၊ တီးမှုတ်ခြင်းအသံကိုကြားလျှင် ငယ်သားတစ်ယောက်ကိုခေါ်၍ အဘယ်သို့သော အခြင်းအရာနည်းဟု မေး၏။ ငယ်သားက ‘သခင်၏ညီသည် ရောက်လာပါပြီ။ ဘေးနှင့်ကင်းလွတ်လျက်ရှိသည်ကို အဘတွေ့သောကြောင့် ဆူအောင်ကျွေးသောနွားကလေးကို သတ်ပါပြီ ဟုပြောဆို၏။’ သားအကြီးသည် အမျက်ထွက်၍ အိမ်သို့မဝင်ဘဲနေ၏။
“အဘသည် သူ့ဆီသို့သွား၍ ချော့မော့ရ၏။ သားအကြီးကလည်း ‘အကျွန်ုပ်သည် ကာလတာရှည်စ္စာ အဘ၏အစေကိုခံပါပြီ။ အဘ၏အလိုကို တစ်ခါမျှမလွန်ကျူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အဆွေတို့နှင့်အတူ ပျော်မွေ့ခြင်းကို ပြုစေခြင်းငှာ အဘသည် ဆိတ်ကလေးတစ်ကောင်ကို တစ်ခါမျှမပေး။ ပြည်တန်ဆာမိန်းမတို့နှင့် ပေါင်းဘော်၍ မိမိဥစ္စာကို ဖြုန်းသော ဤသားငယ်ရောက်လာသောအခါမူကား အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကား’ ဟုဆို၏။”
သားကြီးကဲ့သို့ အပြစ်သားများနှင့် တန်သောကရုဏာနှင့် ဂရုစိုက်မှုကို မည်သူတို့ အပြစ်တင်ဝေဖန်ခဲ့ကြသနည်း။ ကျမ်းတတ်တို့နှင့် ဖါရိရှဲတို့မဟုတ်လော။ အပြစ်သားတို့ကို ယေရှုကြိုဆိုလက်ခံသဖြင့် ကိုယ်တော်အား သူတို့အပြစ်တင်ဝေဖန်ခြင်းကြောင့် ဤဥပမာကိုဆောင်၍ ဟောကြားခဲ့သည်ဖြစ်ရာ သူတို့သည် သားကြီးကိုယ်စားပြုသူများပင်ဖြစ်သည်မှာ ရှင်းလှပေသည်။
ဖခင်က သားကြီးအားချော့မော့သည့် အောက်ပါစကားနှင့် ပုံပြင်ကို ယေရှုနိဂုံးချုပ်လိုက်သည်။ “ငါ့သား သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။ သင်၏ညီမူကား အထက်ကသေ၏၊ ယခုရှင်ပြန်၏။ အထက်က ပျောက်၏၊ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်း ရှိ၏။”
ဤသို့ဖြင့် သားကြီး နောက်ဆုံးဘာလုပ်သည်ကို ယေရှုမရှင်းပြဘဲ ချန်ထားတော်မူ၏။ အမှန်အားဖြင့် ယေရှုအသေခံပြီး ထမြောက်ပြီးနောက်ပိုင်းတွင် ‘များစွာသော ယဇ်ပုရောဟိတ်တို့ပင် ယုံကြည်ခြင်းတရားတော်ကို လိုက်နာခဲ့ကြ၏။’ ထိုသူတို့ထဲတွင် ယေရှု၏ တရားတော်ကို ကြားနာနေသော “သားကြီး” အတန်းအစားမှ ပုဂ္ဂိုလ်အချို့လည်း ပါဝင်ဖွယ်ရှိသည်။
သို့သော် ယခုခေတ်သစ်၌ ထိုသားနှစ်ယောက် မည်သူတို့ကို ကိုယ်စားပြုကြသနည်း။ ထိုသူတို့မှာ ယေဟောဝါနှင့် ဆက်ဆံရေးထူထောင်နိုင်သည့် အခြေခံအုတ်မြစ်ရှိလောက်အောင် ကိုယ်တော်.ရည်ရွယ်ချက်အကြောင်း အတော်အတန် သိကျွမ်းသူများဖြစ်ရပေမည်။ သားကြီးကား “သိုးစုငယ်” သို့မဟုတ် “ကောင်းကင်စာရင်း၌ ဝင်သော သားဦးတို့၏ အသင်းတော်” မှ အသင်းသားအချို့တို့ကို ကိုယ်စားပြု၏။ ဤသူတို့သည် သားကြီး၏ စိတ်သဘောကဲ့သို့သော သဘောမျိုးပိုက်ထားကြသည်။ သူတို့သည် တစ်နေ့တစ်ခြား မသိမသာ ထင်ပေါ်လာသည်ဟု သူတို့ထင်သော မြေကြီးအတန်းအစား “အခြားသိုးများ” ကို ကြိုဆိုလက်ခံလိုသော ဆန္ဒမရှိကြပေ။
အခြားတစ်ဘက်၌ ဖြုန်းတီးသောသားမူကား ဤလောကကမ်းလှမ်းသော သာယာပျော်ပါးမှုတို့ကို ခံစားရန် ဘုရားလူမျိုးတော်အဖြစ်မှ ထွက်ခွာသွားကြသော သူတို့ကို ကိုယ်စားပြုသည်။ သို့သော် အချိန်တန်သောအခါ ဤသူတို့သည် နောင်တရလျက် ပြန်လာကာ ဘုရားသခင်၏လှုပ်ရှားတက်ကြွသော ကျေးကျွန်များ ပြန်၍ဖြစ်လာကြသည်။ အပြစ်လွှတ်ခြင်း လိုအပ်ကြောင်း အသိအမှတ်ပြု၍ ပြန်လှည့်လာသူတို့အပေါ် ဘုရားသခင်သည် အမှန်ပင် မေတ္တာနှင့် ကရုဏာတရားကြွယ်ဝလှသည်တကား။ လုကာ ၁၅:၂၀–၃၂။ တမန်တော် ၆:၇။ လုကာ ၁၂:၃၂။ ဟေဗြဲ ၁၂:၂၃။ ယောဟန် ၁၀:၁၆။
◆ ပုံဥပမာထဲမှ ကရုဏာသက်တတ်သော ဖခင်၏ပုံသက်သေကို ယေရှုအဘယ်သို့တုပတော်မူသနည်း။
◆ သားကြီးက သူ့ညီကိုကြိုဆိုပုံအပေါ် အဘယ်သို့သဘောထားသနည်း။ သားကြီးကဲ့သို့ ဖါရိရှဲများ အဘယ်သို့ပြုကျင့်ကြသနည်း။
◆ ယေရှု၏ပုံဥပမာသည် ကျွန်ုပ်တို့ခေတ်တွင် အဘယ်သက်ဆိုင်ပုံရှိသနည်း။