ယေရှု၏ ဘဝနှင့် ဓမ္မအမှု
လူသား ပေါ်ထွန်းတော်မူသောအခါ
မြောက်ပိုင်းဒေသ (ရှမာရိနယ် သို့မဟုတ် ဂါလိလဲနယ်) တွင် ယေရှုရှိနေတော်မူစဉ် ကိုယ်တော်အား ဖါရိရှဲတို့က နိုင်ငံတော်ရောက်ရှိခြင်းအကြောင်း မေးလျှောက်ကြသည်။ သူတို့က နိုင်ငံတော်သည် တခမ်းတနားဖြင့်လာမည်ဟု ယုံကြည်ကြသော်လည်း ယေရှုက “ဘုရားသခင့်နိုင်ငံတော်သည် မျက်မြင်သောအရာ၌မတည်။ ‘ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါ’ ဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏ အလယ်မှာရှိသည်” ဟု မိန့်တော်မူ၏။
“သင်တို့၏အလယ်မှာ” ဟူသော ယေရှု၏စကားကို တစ်ခါတစ်ရံ “သင်တို့၏အထဲ၌” ဟူ၍ ပြန်ဆိုလေ့ရှိသဖြင့် ဘုရားသခင့်နိုင်ငံတော်သည် ဘုရားသခင့်အစေခံများ၏နှလုံးထဲ၌ စိုးမိုးသည်ဟု ယေရှုဆိုလိုကြောင်း ထင်မှတ်ကြ၏။ သို့သော် ဘုရားသခင့်နိုင်ငံတော်သည် ယေရှုနှင့် စကားပြောဆိုနေကြသော မယုံကြည်သည့် ဖါရိရှဲတို့၏နှလုံးအထဲ၌ မရှိသည်မှာ ထင်ရှားသည်။ သို့သော်လည်း သူတို့အလယ်မှာရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင့်နိုင်ငံတော်၏မင်းလျာ ယေရှုခရစ်သည် သူတို့အလယ်မှာ ရောက်ရှိနေ၍ဖြစ်သည်။
ဖါရိရှဲများ ထွက်သွားပြီးနောက်၌ ယေရှုသည် တပည့်တော်တို့နှင့် နိုင်ငံတော်တည်ထောင်ခြင်းအကြောင်း ထပ်လောင်းမိန့်တော်မူသည်။ “ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါ’ ဟု သင်တို့အားပြောဆိုသော်လည်း [ထိုမေရှိယအတုအယောင်များနောက်] မလိုက်မသွားကြနှင့်။ ကောင်းကင်တစ်ဖက်မှ ပြက်သော လျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့” ဟုသတိပေးရာတွင် ကိုယ်တော်သည် နိုင်ငံတော်အာဏာဖြင့် အနာဂတ်တွင် မိမိရောက်ရှိခြင်းအကြောင်းကို အထူးတလည်စိတ်စွဲ၍ နေတော်မူ၏။ ထိုကြောင့် လျှပ်စစ်လက်ခြင်းကို ကျယ်ဝန်းလှသည့်အရပ်မှ မြင်နိုင်သကဲ့သို့ ယေရှုက မိမိနိုင်ငံတော်တန်ခိုးဖြင့် ရောက်ရှိခြင်းသာဓကများကို တွေ့မြင်လိုသူတို့သည် ရှင်းလင်းစွာ တွေ့မြင်ရမည်ဖြစ်ကြောင်း အရိပ်အမြွက်တင်ပြသည်။
ထိုနောက်ယေရှုက ရှေးခေတ်အဖြစ်အပျက်များမှ တူညီချက်များကို ကောက်နှုတ်၍ မိမိအနာဂတ်ရောက်ရှိချိန်အတွင်း၌ လူတို့၌ရှိကြမည့် စိတ်သဘောထားကို ဖေါ်ပြတော်မူသည်။ ဤသို့ရှင်းပြ၏။ “နောဧလက်ထက်၌ ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ . . . ထိုနည်းတူ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက် နေသကဲ့သို့လည်းကောင်း၊ လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသော မီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့လည်းကောင်း လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။”
နောဧနှင့် လောတတို့လက်ထက်မှ လူတို့သည် စားသောက်၊ ရောင်းဝယ်၊ စိုက်ပျိုး၊ ဆောက်လုပ်ခြင်းဖြစ်သော သာမန်လုပ်နေကျ လှုပ်ရှားမှုများပြုလုပ်ခြင်းအတွက်ကြောင့် ဖျက်ဆီးခံရကြသည်ဟု ယေရှုမိန့်တော်မူခြင်းမဟုတ်ပါ။ နောဧ၊ လောတနှင့် သူတို့၏မိသားစုလည်း ထိုအရာများပြုလုပ်ကြသည်။ သို့သော် အခြားသူတို့မှာ ဘုရားသခင့်အလိုတော်ကို လုံးဝအရေးမစိုက်သည့်အထိ အဆိုပါနေ့စဉ်လုပ်ငန်းဆောင်တာများ၌သာ လုံးပန်းနေကြသဖြင့် ဖျက်ဆီးခံရခြင်းဖြစ်သည်။ ထပ်တူအကြောင်းကြောင့် ဤစနစ်ပေါ်သက်ရောက်မည့် ကြီးစွာသောဒုက္ခကာလအတွင်း လူသားပေါ်ထွန်းသောအခါ၌ လူတို့သည် ဖျက်ဆီးခြင်းခံရကြလတံ့။
နိုင်ငံတော်အာဏာဖြင့် အနာဂတ်တွင် မိမိရောက်ရှိခြင်းဆိုင်ရာ သက်သေသာဓကများကို တွေ့လျှင်တွေ့ချင်း အမြန်ဆုံးတုံ့ပြန်ရန် အရေးကြီးပုံကို အလေးအနက်တင်ပြသည့်အနေနှင့် ယေရှုဤသို့ထပ်၍ မိန့်တော်မူ၏။ “ထိုနေ့ရက်၌ အိမ်မိုးပေါ်မှာရှိသော သူသည်မိမိအိမ်ထဲမှာရှိသော ဥစ္စာကို ယူခြင်းငှာ မဆင်းစေနှင့်။ ထိုအတူ၊ လယ်၌ရှိသောသူသည် နောက်သို့လှည့်၍ မပြန်လာစေနှင့်။ လောတ၏မယားကို အောက်မေ့ကြလော့။”
ခရစ်တော်ရောက်ရှိသည့် သက်သေသာဓကများ ထင်ရှားလာသောအခါ လူတို့အနေဖြင့် ဥစ္စာစည်းစိမ်သံယောဇဉ်ကြောင့် ချက်ချင်းအရေးယူလုပ်ဆောင်ခြင်း မပြုနိုင်အောင် အဟန့်အတားမဖြစ်စေသင့်။ လောတ၏ဇနီးသည် သောဒုံမြို့မှ ထွက်လာပြီးနောက် ကျန်ရစ်သောအရာများကို တမ်းတသည့်စိတ်နှင့် နောက်လှည့်ကြည့်မိသဖြင့် ဆားတိုင်ဖြစ်သွားလေသည်။
မိမိ၏အနာဂတ်ရောက်ရှိချိန်အတွင်း ဖြစ်မည့်အခြေအနေအကြောင်း ဆက်၍မိန့်ဆိုရာတွင် တပည့်တော်တို့အား ဤသို့မိန့်တော်မူ၏။ “ထိုနေ့ညတွင် အိပ်ရာတစ်ခု၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။ ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့။”
သိမ်းယူခံရခြင်းသည် မိသားစုနှင့်အတူ နောဧသင်္ဘောအတွင်းဝင်ခြင်း၊ လောတနှင့် မိသားစုကို သောဒုံမြို့မှ ကောင်းကင်တမန်ခေါ်ထုတ်ခြင်းတို့နှင့် ဆင်တူသည်။ ကယ်တင်ခြင်းဟုအဓိပ္ပာယ်ဆောင်သည်။ တစ်ဖက်၌မူကား စွန့်ပစ်ခံရခြင်းသည် ဖျက်ဆီးခံရခြင်းဟုအဓိပ္ပာယ်ဆောင်သည်။
ဤနေရာတွင် တပည့်တော်တို့က “သခင်၊ အဘယ်အရပ်၌ ထိုသို့ဖြစ်ပါမည်နည်း” ဟု မေးလျှောက်ကြ၏။
“အသေကောင်ရှိရာအရပ်တွင် လင်းယုန်များ စုရုံးကြလိမ့်မည်” ဟု ယေရှုဖြေကြားတော်မူ၏။ ကယ်တင်ခြင်းအတွက် “သိမ်းယူ” ခံရသူတို့သည် အမြင်သန်သော လင်းယုန်ငှက်များကဲ့သို့ “အသေကောင်” ရှိရာသို့ စုရုံးကြသည်။ အသေကောင်ဆိုရာမှာ နိုင်ငံတော်အာဏာနှင့်အရူပနည်းဖြင့် ရောက်ရှိသော ခရစ်တော်အစစ်နှင့် ယေဟောဝါပြင်ဆင်တော်မူရာ ဝိညာဏခဲဖွယ်စားဖွယ်ပွဲတော်ကြီးတို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ လုကာ ၁၇:၂၀-၃၇။ ကမ္ဘာဦး ၁၉:၂၆။
◆ နိုင်ငံတော်သည် ဖါရိရှဲများအလယ်မှာ အဘယ်သို့ရှိနေခဲ့သနည်း။
◆ ခရစ်တော်၏ရောက်ရှိခြင်းသည် အဘယ်နည်းဖြင့် လျှပ်စစ်ပြက်ခြင်းနှင့် တူသနည်း။
◆ ခရစ်တော်ရောက်ရှိချိန်အတွင်း လူတို့အဘယ်ကြောင့် ဖျက်ဆီးခံရမည်နည်း။
◆ သိမ်းယူခံရခြင်းနှင့် စွန့်ပစ်ခံရခြင်းအသီးသီး အဘယ်အဓိပ္ပာယ်ရှိသနည်း။