နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
အောက်ပိုင်းဒေသမှ နိုင်ငံတော်သတင်းကောင်း
အခြားတိုင်းနိုင်ငံ ၂၁၁ ခုမှာကဲ့သို့ပင် အောက်ပိုင်းရှိသြစတြေးလျမှ ယေဟောဝါသက်သေများသည် နိုင်ငံတော်သတင်းကောင်းကိုတက်ကြွစွာ ဟောပြောလျက်ရှိကြသည်။ ထိုတွင်ရှိသက်သေခံ ၄၉၀၀၀ ကျော်သည် ကြွယ်ဝစွာကောင်းချီးခံစားနေကြသည်။ မကြာမီနှစ်များအတွင်း နိုင်ငံအများမှလူတို့ ပြောင်းရွှေ့လာကြသဖြင့် ယခုလူမျိုးစုအသင်းတော် ၅၈ သင်းက လယ်ကွင်းအမှုဆောင် မှတ်တမ်းသွင်းနေကြသည်။ အားရဖွယ် တွေ့ကြုံမှုများကို ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးက ပြောပြသည်။
ဗီယက်နမ်ဒုက္ခသည်များ
ယခုသြစတြေးလျတွင် နေထိုင်လျက်ရှိသော ဗီယက်နမ်ဒုက္ခသည်တစ်ဦးသည် ဘိုးဘေးကိုးကွယ်မှု၊ ကွန်ဖြူးရှပ်ဘာသာမှစ၍ အရှေ့တိုင်း၊ အနောက်တိုင်းအတွေးအခေါ်တို့နှင့်အတူ ကြီးပြင်းလာခဲ့သည်။ ၁၉၇၅ ခုနှစ်အထိတောင်ဗီယက်နမ်တပ်မတော်၌ စစ်မှုထမ်းခဲ့သည်။ ၁၉၇၉ ခုနှစ်တွင်သူသည် လက်ကောက်ဝတ်တွင်အကျိတ်တစ်ခုကြောင့် လက်ဝဲလက်ကိုဖြတ်ပစ်ခဲ့ရသည်။ လွတ်လပ်မှုကိုတောင့်တသဖြင့် ၁၉၈၃ ခုနှစ်တွင်အခြားလူ ၂၄ ဦးနှင့်အတူလှေငယ်လေးတစ်စင်းဖြင့် ဗီယက်နမ်မှထွက်ပြေးခဲ့သည်။ ကြောက်စရာကောင်းသော ပင်လယ်ဓားပြတို့နှင့် တွေ့ကြုံပြီးနောက် သူတို့၏လှေသည် နောက်ဆုံးမလေးရှားရောက်သည်အထိ တောင်တရုတ်ပင်လယ်ပြင်၌ ပူပြင်းသည့်နေအောက်တွင် ခြောက်ရက်တိုင်တိုင်ဦးတည်ချက်မရှိဘဲ မျောနေခဲ့သည်။ ဒုက္ခသည်စခန်းတွင် ငါးလနေထိုင်ပြီးနောက် ဩစတြေးလျသို့ဝင်ခွင့်ရရှိခဲ့သည်။ သုံးလအကြာတွင်သမ္မာတရားနှင့် အဆက်အသွယ်ရရှိလာသည်။ “သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည်သင်တို့ကိုလွှတ်လိမ့်မည်” ဟူသောယောဟန် ၈:၃၂ ပါယေရှု၏စကားတို့က လွတ်လပ်မှုအလွန်တောင့်တနေသည့် သူ့ဆန္ဒကိုပြည့်ဝစေခဲ့သည်။ ညီအစ်ကိုတို့သည်သူ့အား မေတ္တာများစွာထားကြသည်။ ယနေ့သူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်နေပြီး ဗီယက်နမ်စကားပြောသူတို့အား လွတ်မြောက်မှုပေးသောသမ္မာတရားသင်ယူရန် ကူညီပေးရာတွင် အသုံးတော်ခံတစ်ဦးလည်းဖြစ်နေသည်။
တိုင်းရင်းသားတစ်ဦး သမ္မာတရားကို တုံ့ပြန်ခြင်း
ဩစတြေးလျအနောက်မြောက်ပိုင်းတွင် လူငယ်ရှေ့ဆောင်ညီအစ်ကိုတစ်ဦးသည် သူ့အဖေါ်နှင့်အတူ ဝူးရှက်ဟုခေါ်သော လူမျိုးစုဒေသတစ်ခု၌ နေထိုင်သောတိုင်းရင်းသား အမျိုးသမီးတစ်ဦးထံသို့သွားသည်။ လာရင်းအကြောင်းသိပြီးနောက် ထိုအမျိုးသမီးသည် လည်ပင်း၌ဆွဲထားသောသော့ကိုယူ၍ သံမဏိသေတ္တာကြီးကိုဖွင့်လိုက်သည်။ သေတ္တာထဲတွင်သူမ၏ ကိုယ်ပိုင်ပစ္စည်းအနည်းငယ်နှင့်အတူ ကင်းမျှော်စင်စာအုပ်နှစ်အုပ်နှင့် သမ္မာကျမ်းစာအဟောင်းတစ်အုပ်ကို တွေ့လိုက်ရသဖြင့် သူတို့အလွန်အံ့သြသွားကြသည်။ သူတို့သည် ရုပ်ပြစာစောင်တစ်အုပ်ဖြင့် သင်အံမှုစတင်နိုင်ခဲ့သည်။ ယင်းအမျိုးသမီးသည်မဖတ်တတ်၊ မရေးတတ်စေကာမူ သူရရှိထားသောစာအုပ်ငယ်လေးများကိုမူ အထူးတန်ဖိုးထားသည်။ ယခုမှန်မှန်သင်အံမှုပြုလုပ်နေပြီဖြစ်ရာ သူမကျေနပ်နေသည်။
မတော်တဆ ဖုန်းဆက်မိခြင်း
လူဦးရေသုံးသန်းရှိသော ဆစ်ဒနီမြို့ကြီး၌ သုံးနှစ်အရွယ်မိန်းကလေးတစ်ယောက်သည် တယ်လီဖုန်းနှင့်ဆော့ကစားနေပြီး ဖုန်းနံပါတ်တစ်ခု လှည့်မိလျက်သားဖြစ်သွားသည်။ ထိုနံပါတ်မှာ သက်သေခံတစ်ဦး၏ ဖုန်းနံပါတ်ဖြစ်နေသည်။ ညီအစ်မတစ်ဦးက ကောက်ကိုင်လိုက်သည်။ အစကမြေးဖြစ်သူပြောနေသည်ဟု ထင်မှတ်သည်။ မကြာမီ လူကြီးအသံကြားရသည်။ ယင်းမှာ ကလေးအမေ၏အသံဖြစ်ပြီး သူ့သမီးလုပ်ရပ်အတွက်တောင်းပန်စကားပြောသည်။ သို့နှင့်စကားအပြန်အလှန်ပြောဖြစ်သွားရာ ညီအစ်မဖြစ်သူက သက်သေခံလိုက်သည်။ ထိုအမျိုးသမီးက “ကျွန်မတို့အိမ်ကို သက်သေခံတွေပြန်လာဖို့ ကျွန်မမျှော်နေတာ။ ကျွန်မယေဟောဝါသက်သေခံဖြစ်ချင်တယ်” ဟုရုတ်တရက်ပြောလိုက်သည်။ သူမကလွန်ခဲ့သောနှစ်လလောက်က ပီရူးနိုင်ငံကိုသွားခဲ့ကြောင်း ယခုယေဟောဝါသက်သေခံဖြစ်နေကြသော အဒေါ်ဖြစ်သူနှင့်မိသားစုကို အားကျမိကြောင်း ဆက်၍ပြောပြသည်။ “ကျွန်မအမျိုးတွေရဲ့ကလေးတွေဟာအရင်က သရဲသဘက်ကလေးတွေလိုဘဲ၊ ခုတစ်ခါကျတော့ ကောင်းကင်တမန်လေးတွေကျနေတာဘဲ” ဟုပြောပြသည်။ ကျမ်းစာသင်အံမှုတစ်ခုအတွက် စီစဉ်လိုက်သည်။ ထိုစိတ်ဝင်စားသူအမျိုးသမီးသည် ကောင်းစွာတိုးတက်လာသည်။ သူ၏သမီးလေးမတော်တဆဖုန်းဆက်မိရာမှ ရရှိလာသောအကျိုးကျေးဇူးပင်တည်း။