ကတိထားရာနယ်မြေမှမြင်ကွင်းများ
“အို၊ ခေါရာဇိန်မြို့၊ သင်၌အမင်္ဂလာရှိ၏”—အဘယ်ကြောင့်နည်း။
သ င်၌အမင်္ဂလာရှိ၏ဟု ဘုရားသခင်မိန့်ဆိုသည်ကို သင်မုချလိုလားမည်မဟုတ်။ ဘုရားသခင့်သားတော်တရားသူကြီးဖြစ်သူက ဂါလိလဲမြို့သုံးမြို့ရှိ ယုဒအမျိုးသားများအား အောက်ပါအတိုင်းမိန့်ဆိုခဲ့စဉ်က မည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါ။
“အို၊ ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို၊ ဗက်ဇဲဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တွင်ပြသောတန်ခိုးကို တုရုမြို့နှင့်ဇိဒုန်မြို့တို့တွင်ပြဘူးလျှင် ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍ ပြာနှင့်လူးလျက် နောင်တရကြလိမ့်မည်။ ငါဆိုသည်ကား တရားဆုံးဖြတ်သောနေ့၌ သင်တို့သည် တုရုမြို့နှင့်ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။ အိုကပေရနောင်မြို့၊ သင်သည် . . . မရဏာနိုင်ငံတိုင်အောင် နှိမ့်ချခြင်းခံရလတံ့။”—မဿဲ ၁၁:၂၁-၂၃။
အထက်ပါရှုခင်းမှာ ထိုမြို့များအနက်မှ ခေါရာဇိန်မြို့ကို ဗဟိုပြုထားသည်။ ၁၉၈၉ ခုနှစ် ယေဟောဝါသက်သေများ၏ပြက္ခဒိန်၌ ဇူလိုင်/သြဂုတ်လအတွက် ဤပုံပါရှိသည်။ စိတ်ဝင်စားဖွယ်ရာကား မဿဲ ၁၁:၂၁-၂၃ ၌ပါရှိသော ယေရှု၏စကားများသည် ၁၉၈၉ ဩဂုတ်လအတွင်း ယေဟောဝါသက်သေများ၏ ကျမ်းစာဖတ်ခြင်း အစီအစဉ်တွင် ပါရှိပြီးဖြစ်သည်။ သို့ဖြစ်လျှင် ခေါရာဇိန်မြို့အကြောင်း ဘာသိထားသင့်သနည်း။
ရှေးခေါရာဇိန်မြို့၏ တည်နေရာကို ဦးစွာမှတ်သားပါ။ ဤဓာတ်ပုံ၏ ရှေ့ပိုင်းတွင် ၄င်း၏အပျက်အယွင်းများကို တွေ့ရပေမည်။ ၄င်းနောက်ဂါလိလဲအိုင်၏ မြောက်ပိုင်းကမ်းခြေရှိသစ်ပင်များကို မှတ်သားပါ။ နှစ်မိုင်ခန့်အကွာရှိ ထိုနေရာ၌ ကပေရနောင်မြို့တည်ရှိခဲ့သည်။ ဤကောင်းကင်ဓာတ်ပုံ၏ အနေအထားအရ အတော်အတန်ပြန့်ပြူးသည့် အသွင်အပြင်ဖြစ်သည်ဟု ထင်ရသော်လည်း ခေါရာဇိန်မြို့မှာ စင်စစ်အားဖြင့် ကမ်းခြေအထက် ၈၈၅ ပေခန့်မြင့်သည့်တောင်ကုန်းပေါ်တွင်တည်ရှိသည်။
ကပေရနောင်မြို့မှ ထပ်တူကွာဝေးသော ကမ်းခြေ၌ ဗက်ဇဲဒမြို့ရှိကြောင်း သိမြင်ရန်လည်း အထောက်အကူပြုသည်။ သို့ဖြစ်သောကြောင့် ယင်းမြို့သုံးမြို့ကို အပြစ်တင်ရာတွင် ယေရှုသည် ဂါလိလဲနယ်တွင် ဟောပြောရာဗဟိုချက်ဝန်းကျင်ရှိ သေးငယ်သောဒေသတစ်ခုကို အာရုံစူးစိုက်နေတော်မူခြင်းဖြစ်သည်။ (မဿဲ ၄:၁၃။ မာကု ၂:၁။ လုကာ ၄:၃၁) ၄င်းတို့အပေါ်သို့ ယေရှုအဘယ်ကြောင့်အမင်္ဂလာမြွက်ကြားတော်မူခဲ့သနည်း။
ယေရှုသည် တပည့်တော်တို့နှင့်အတူ ဤဒေသတွင် အချိန်များစွာပေး၍ အံ့ဖွယ်တန်ခိုးများစွာပြတော်မူခဲ့သည်။ ဗက်ဇဲဒမြို့အနီး၌ လူ ၅၀၀၀ ကျော်ကို အံ့သြဖွယ်ကျွေးမွေးခဲ့ပြီး မျက်မမြင်တစ်ဦးကိုလည်း စက္ခုအလင်းပြန်လည်ရရှိစေတော်မူသည်။ (မာကု ၈:၂၂-၂၅။ လုကာ ၉:၁၀-၁၇) ကပေရနောင်မြို့ သို့မဟုတ် အနီးဝန်းကျင်၌ ပြုတော်မူသည့် အံ့ဖွယ်အမှုများအနက် ရပ်ဝေးမှဖျားနာသော သူငယ်တစ်ဦးကို ပျောက်ကင်းစေခြင်း၊ နတ်ဆိုးစွဲသူတစ်ဦးအား ချမ်းသာစေခြင်း၊ လေဖြတ်သူတစ်ဦးအား လှမ်းသွားစေခြင်း၊ တရားဇရပ်မှူးတစ်ဦး၏ သမီးကို ထမြောက်စေခြင်းတို့ပါဝင်သည်။ (မာကု ၂:၁-၁၂; ၅:၂၁-၄၃။ လုကာ ၄:၃၁-၃၇။ ယောဟန် ၄:၄၆-၅၄) သမ္မာကျမ်းစာ၌ ခေါရာဇိန်မြို့နှင့် အဘယ် “အံ့ဖွယ်အမှုအရာများ” ဆက်စပ်မှုရှိကြောင်း သီးခြားမဖေါ်ပြထားစေကာမူ ထိုမြို့ထဲနှင့်ဝန်းကျင်ဒေသတွင် အံ့ဖွယ်အမှုများကို ယေရှုပြုတော်မူခဲ့ကြောင်း မဿဲ ၁၁:၂၁ ၌ဖေါ်ပြထားသည်။ သို့သော် လူထုသည် နောင်တမရကြချေ။ ကိုယ်တော်အား မေရှိယအဖြစ်လည်း မယုံကြည်ကြချေ။
ထိုသို့သောအမှုများကို ယေရှုပြုတော်မူသည့် ဖေါ်ပြပါပုံကိုကြည့်ပြီး ‘ခေါရာဇိန်မြို့သားများအဘယ်ကြောင့် ဤမျှစိတ်ခိုင်မာကြသနည်း’ ဟု အသင်မေးပေမည်။ စီအီး တတိယရာစုနှစ်မှဖြစ်သည်ဟု ဆိုသောအပျက်အယွင်းများထဲမှ ရှေးဟောင်းပစ္စည်းလေ့လာရေးပညာရှင်များ တူးဖေါ်ရရှိသော လိပ်သည်းကျောက်အနက်များတွင် သဲလွန်စတစ်ခုတွေ့ရှိနိုင်ဖွယ်ရှိသည်။ ထိုအကျန်အကြွင်းများတွင် မြို့လယ်ခေါင်ရှိ တရားဇရပ်တစ်ခုနှင့် အနီးအနားရှိ လူနေရပ်ကွက်များပါဝင်သည်။ တရားဇရပ်မှ အချို့ကျောက်တုံးများ၌ ထူးဆန်းသော ပန်းပုလက်ရာများတွေ့ရှိရသည်။ အဘယ်ပန်းပုပုံများနည်း။ မက်ဒူးဆာ(Medusa) ခေါ်မြွေဆံပင်ရှိသည့် နတ်သမီးနှင့် လူတစ်ပိုင်း၊ မြင်းတစ်ပိုင်း ကဲ့သို့သောဂရိဒဏ္ဍာရီဆိုင်ရာရုပ်လုံး၊ ရုပ်ကြွများဖြစ်သည်။ ထိုသို့သော ရုပ်တုကိုးကွယ်ခြင်းဆိုင်ရာ ပန်းပုရုပ်ပုံများကို ယုဒဘာသာအနေဖြင့် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ဖို့ကောင်းလျက်နှင့် ခေါရာဇိန်မြို့ရှိ ယုဒအမျိုးသားခေါင်းဆောင်များသည် မိမိတို့၏ တရားဇရပ်၌ ၄င်းတို့ကို အဘယ်ကြောင့်ခွင့်ပြုခဲ့ရကြသနည်း။
တွေးဆချက်တစ်ရပ်မှာ “ထိုဒေသတွင် သဘောထားကြီးသည့် အစဉ်အလာရှိခဲ့ဖွယ် ရှိသည်” ဟူ၍ဖြစ်သည်။ ယင်းကြောင့်ထိုမြို့တွင် တုံ့ပြန်မှုကောင်းစွာရရှိမည်ဟု ယေရှုမျှော်လင့်ရန်အကြောင်းရှိခဲ့သည်။aသို့ရာတွင် ယင်းတရားဇရပ်မျက်နှာကြက်အဆင်အယင်တို့က ယေရှုလက်ထက်တော်မှ စိတ်သဘောထားကို ညွှန်းဆိုမည်ဆိုပါက ထိုအချိန်က ခေါရာဇိန်မြို့သားအများမှာ “ခမည်းတော်ကို စိတ်ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း” ကိုးကွယ်ခြင်းကို အထူးအရေးမပေးကြောင်းထင်ရှားသည်။ (ယောဟန် ၄:၂၃) အံ့ဖွယ်အမှုပြုသော မေရှိယအားလက်သင့်မခံခြင်းအားဖြင့် ထိုသဘောကိုသူတို့ပြသခဲ့ကြသည်။
တပည့်တော် ၇၀ အားစေလွှတ်ရာ၌ ခေါရာဇိန်မြို့၊ ဗက်ဇဲဒမြို့နှင့် ကပေရနောင်မြို့တို့၏ စိတ်ခိုင်မာပုံအကြောင်း လေးနက်ပေါ်လွင်အောင်တစ်ဖန်မိန့်တော်မူ၏။ ကိုယ်တော်၏ အံ့ဖွယ်အမှုအရာများကို အကျွမ်းတဝင်ရှိသော ခေါရာဇိန်မြို့မှ ယေရှု၏ဂါလိလဲနယ်သား အမျိုးသားချင်းတို့ပင် လိုလားစွာ တုံ့ပြန်ခြင်းမပြုကြလျှင် သူတို့သွားဟောသည့် အချို့မြို့များမှ မြို့သားများ သူတို့ကိုလက်မခံပါက တပည့်တော်တို့အနေဖြင့်မအံ့သြသင့်ပေ။—လုကာ ၁၀:၁၀-၁၅။
ထို့ကြောင့်ခေါရာဇိန်မြို့၏ အနက်ရောင်ရှိသောသက်မဲ့ အပျက်အယွင်းများကို စေ့စေ့ကြည့်ရှုရာတွင် ယေရှုမိန့်မြွက်သည့် “အမင်္ဂလာ” မှသက်ရောက်သည့် သတိပေးချက်ကို နှလုံးသွင်းသင့်သည်။ နောင်တမယူ၊ လူမျိုးတော်အားဖြင့်ပြုတော်မူသော ဘုရားသခင့်လုပ်ငန်းတော်အပေါ်မတုံ့ပြန်ဘဲနေလျှင် ယုတ်ညံ့ခြင်းအဖြစ်နှင့် စိတ်ပျက်ဖွယ်အနာဂတ်သို့သာ ဆိုက်ရောက်သွားနိုင်သည်။
[အောက်ခြေမှတ်ချက်များ]
a The World of the Bible, အတွဲ ၅၊ စာမျက်နှာ ၄၄။ Educational Heritage, Inc., New York, 1959 မှထုတ်ဝေသည်။
[Picture Credit Line on page 32]
Pictorial Archive (Near Eastern History) Est.