ဓမ္မဆရာအုပ်ချုပ်ရေး—ယင်းသည်အဖြေလော
က မ္ဘာတစ်ခွင်ရှိလူများသည် တရားမမျှတမှု၊ ဖိနှိပ်မှုနှင့် နိုင်ငံရေးယိုယွင်းမှုများကို ငြီးငွေ့နေကြသည်။ သူတို့သာ၍ ကောင်းသည်ကိုလိုလားကြကြောင်း နိုင်ငံရေးခေါင်းဆောင်များကို ပြောင်းလဲရန် သူတို့ကြိုးပမ်းမှုမှ ထင်ရှားသည်။ သို့သော်ခေါင်းဆောင်သစ်များလည်း လူထုကိုကျေနပ်မှု ပေးနိုင်လေ့မရှိချေ။
အချို့ကဓမ္မဆရာအုပ်ချုပ်ရေးသည် ပိုမိုကောင်းမွန်သောအစိုးရကို ဖြစ်ပေါ်စေမည်ဟု ထင်မြင်ကြသည်။ ဓမ္မဆရာများ၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စများတွင် ဘုရားရေးရာအရည်အချင်းများ ပါလာမည်ဟုထင်မြင်ကြသည်။ ၁၉၈၈ ခုနှစ်တွင်မျှော်လင့်ချက်ထားသော သမ္မတလောင်းမာရီရန်(ပတ်) ရော်ဘင်ဆင်က “ဘုရားရေးရာလူများ” နိုင်ငံရေးဆိုင်ရာရာထူးအနိုင်ရရှိရန် ဆုတောင်းရာ၌ ယင်းကိုသူ့စိတ်ထဲ ထားကောင်းထားပေမည်။ သို့သော်ယင်းသည်ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးအတွက် တကယ့်အဖြေလော။
ဥရောပတွင်ဓမ္မဆရာများအုပ်ချုပ်ခဲ့စဉ်
အလယ်ခေတ်က ဓမ္မဆရာများသည် အာဏာအတော်ရရှိခဲ့သည်။ ပုပ်ရဟန်းမင်းများသည် ဘုရင်များကိုသရဖူဆောင်းခြင်း နန်းချခြင်းများကိုပင် လုပ်ဆောင်ခဲ့သည်မဟုတ်ပေလော။ စီအီး ၈၀၀ ခုနှစ်ကတတိယမြောက်ပုပ်လီအိုသည် ဂျာမန်နွယ်ဘုရင်ချာလီမိန်းအား သန့်ရှင်းသောရောမအင်ပါယာ၏ ဧကရာဇ်အဖြစ်သရဖူ ဆောင်းပေးခဲ့သည်။ နှစ်ပေါင်းတစ်ထောင်လုံးလုံး ဤအင်ပါယာသည် အသင်းတော်နှင့်အစိုးရပူးပေါင်းမှုကို ကိုယ်စားပြုခဲ့ပြီး ထိုအချိန်ကဓမ္မဆရာများသည် လောကအာဏာပိုင်များအပေါ် ဩဇာအတော်အတန်ညောင်းခဲ့လေသည်။
၁၁ ရာစုမှစ၍ ပုပ်ရဟန်းအုပ်ချုပ်မှုသည် ဥရောပတွင်ဦးဆောင်ခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ဂျွန်ဂရက်တီနှင့်ပီတာဂေး တည်းဖြတ်သော The Columbia History of the World စာအုပ်က “အသင်းတော်သည်ဥရောပ၏အကြီးဆုံး အစိုးရဖြစ်သည်” ဟုဆိုထားသည်။ အသင်းတော်သည် “အခြားမည်သည့်အနောက်တိုင်း အစိုးရထက်မဆို ပိုမို၍နိုင်ငံရေးအာဏာရှိသည်” ဟုထိုစာအုပ်ကသုံးသပ်ထားသေးသည်။ ဓမ္မဆရာအုပ်ချုပ်ရေးအောက်တွင် လူသားတို့၏အခြေအနေကား အသို့နည်း။
မည်သူမျှမိမိနှစ်သက်သလို လွတ်လပ်စွာကိုးကွယ်ခွင့်မရှိ၊ ထိုဓမ္မဆရာများနှင့်ကွဲပြားသော သဘောထားများကို မထုတ်ဖော်နိုင်ချေ။ ဤဓမ္မဆရာများဆိုင်ရာ သည်းမခံမှုက ဥရောပတစ်ခွင်တွင် ကြောက်ရွံ့မှုအခြေအနေကို ဖြစ်ပေါ်စေသည်။ သီးခြားအမြင်စွဲကိုင်သူများကို ဖော်ထုတ်ရန် အသင်းတော်ကစုံစမ်းစစ်ဆေးရေးများ တည်ထောင်ထားသည်။ မိစ္ဆာဟုယူဆခံရသူများကို စုံစမ်းစစ်ဆေးသူများ ရှေ့မှောက်ခေါ်လာပြီး သူတို့ဝန်ခံရန် ညှဉ်းပန်းခဲ့ကြသည်။ အများအားဖြင့် အပြစ်ရှိသည်ဟုတွေ့မြင်ရသူများကို သစ်တိုင်တွင် မီးရှို့သတ်လိုက်ကြသည်။
စပိန်ရှိဓမ္မဆရာအုပ်ချုပ်ရေးနှင့်စပ်လျဉ်း၍ The Columbia History of the World ကဆိုထားသည်။ “စစ်ပွဲများနှင့်ဘာသာရေးစစ်ပွဲ သဘောတရားသည် ဩသဒေါက်စ်၊ အထက်တန်းလွှာအုပ်ချုပ်ရေးနှင့် နိုင်ငံရှိအုပ်ချုပ်ရေးအာဏာအားလုံးကို ကိုင်ထားသောဓမ္မဆရာများကို တပေါင်းတစည်းတည်းရှိစေသည်။ တရားဝင်ဘာသာရေးအယူ သို့မဟုတ် နိုင်ငံ၏စည်းမျဉ်းကိုကန့်ကွက်သူ မည်သူကိုမဆို အပြစ်ရှာစစ်ဆေးမှုများကြောင့် အမြော်အမြင်ရှိရှိအသက်တာသည် ချိုးနှိမ်ခံခဲ့ရသည်။”
The Age of Faith စာအုပ်တွင်ဝင်လ်ဒူးရန့်က “သမိုင်းဆရာတစ်ဦးနှင့်ခရစ်ယာန်တစ်ဦးတို့၏ ခွင့်ပြုကန့်သတ်ချက်များကိုကြည့်၍ ကျွန်ုပ်တို့အချိန်ရှိစစ်မက်များနှင့် ညှဉ်းပန်းမှုများအပါအဝင် စုံစမ်းစစ်ဆေးရာကာလသည် လူ့သမိုင်းတွင်အကြမ်းတမ်းဆုံး အစွန်းအကွက်တစ်ခုဖြစ်သည်။” အလယ်ခေတ်ကဓမ္မဆရာအုပ်ချုပ်ရေးသည် ကိုယ်ပိုင်လွတ်လပ်မှုကိုဖျက်ဆီးခြင်းဟု အဓိပ္ပာယ်သက်ရောက်ခဲ့သည်။
ပရိုတက်စတင့်ပြုပြင်ရေးသမား ဂျွန်ကယ်လ်ဗင်လည်း ကာသိုလိပ်ဓမ္မဆရာများနှင့် ကွာခြားခဲ့သလော။ မိုက်ကယ်လ်စယ်ဗတ်တပ်စ်သည် စပိန်ဓမ္မဆရာများ၏ညှဉ်းပန်းမှုမှ ထွက်ပြေးပြီး ဂျီနီဗာ၊ ဆွစ်ဇာလန်တွင် အဖမ်းခံရစဉ် ဘာဖြစ်ခဲ့သနည်း။ ထိုတွင်ကယ်လ်ဗင်သည် သူနှင့်သူ၏အမှုဆောင်များ အကြွင်းမဲ့အာဏာဖြင့် အုပ်ချုပ်သောအသိုင်းအဝိုင်းတစ်ခုရှိခဲ့သည်။ စယ်ဗတ်တပ်စ်သည် သုံးပါးတစ်ဆူကိုငြင်းပယ်ခဲ့၍ စုံစမ်းစစ်ဆေးမှုမှတိမ်းရှောင်ခဲ့ရာ သူ့ကိုကယ်လ်ဗင်ကစီရင်ခဲ့သည်။ စယ်ဗက်တပ်စ်အား မိစ္ဆာအဖြစ်အပြစ်ဒဏ်ပေးပြီး သစ်တိုင်တွင်မီးရှို့သတ်ခဲ့သည်။ ထို့ကြောင့် ကယ်လ်ဗင်သည် ကာသိုလိပ်ဓမ္မဆရာများကဲ့သို့ အလားတူပင်သည်းမခံမှု ပြခဲ့သည်။
လောကအစိုးရများအပေါ် ဓမ္မဆရာများလွှမ်းမိုးမှုသည် ဥရောပရှိလူများအတွက် ငြိမ်သက်မှုဖြစ်စေခဲ့သလော။ အမှန်ပင်မဖြစ်ခဲ့ချေ။ ငြိမ်သက်မှုကိုခံစားကြမည့်အစား သူတို့သည်ဓမ္မဆရာများလှုံ့ဆော်သော စစ်ပွဲများကိုနှစ်ပေါင်းများစွာ ခံခဲ့ရသည်။ ဒုတိယမြောက်ပုပ်အူမန်းသည် ပထမဆုံးဘာသာရေးစစ်ပွဲကို ထိုးစစ်ဆင်လိုက်ရာ နှစ်ပေါင်း ၂၀၀ တာရှည်သောစစ်ပွဲများတစ်ပွဲပြီးတစ်ပွဲ အစပြုစေခဲ့သည်။ ၄င်းပြင်အယူလွဲသူဟု ယူဆခံရသူများကို ဓမ္မဆရာများလှုံ့ဆော်သော စစ်ပွဲများတိုက်ခိုက်မှုကြောင့် ယောက်ျား၊ မိန်းမနှင့်ကလေးထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။
ဓမ္မဆရာအုပ်ချုပ်ရေးက ယိုယွင်းမှုကို ဖယ်ရှားပစ်သလော။ အနည်းငယ်မျှပင် မဖယ်ရှားချေ။ အာရ်အာရ်ပါလ်မာနှင့် ဂျိုဝဲလ်ကော်လ်တန်ရေးသော A History of the Modern World စာအုပ်က၊ “အသင်းတော်သားများ၏ အသက်တာသည်ငွေကြောင့်ပို၍ ယိုယွင်းလာသည်။ လာဘ်ထိုးခြင်းကိုမည်သူမျှ မယုံကြည်ကြချေ။ သို့သော်အသင်းတော်လူကြီးပိုင်း အတော်များများကို(ထိုအချိန်ကလောက အရာရှိများကဲ့သို့) လာဘ်ထိုး၍ရသည်။” ဓမ္မဆရာများအတွင်း ယိုယွင်းမှုသည် အတော်များများအပြစ်တင်စရာ ဖြစ်လာသည်။
ဓမ္မဆရာအုပ်ချုပ်ရေးသည် သာမန်လူများအပေါ် ကရုဏာသက်ရောက်ခဲ့သလော။ မသက်ရောက်ခဲ့ပါ။ လူးဝစ် (၁၃) အုပ်ချုပ်စဉ် ပြင်သစ်မှသာသနာအကြီးအကဲရစ်ချ်ချလီယူ အုပ်ချုပ်ရေးဆိုင်ရာများကို ချုပ်ကိုင်မှုရရှိခဲ့ရာ ဘာဖြစ်ခဲ့သည်ကို စဉ်းစားကြည့်ပါ။ ဟင်နရီကတ်ဘောတ်လော့ဒ်ဂျ်တည်းဖြတ်သောThe History of the Nationsကရစ်ချ်ချလီယူ၏ “ပေါ်လစီသည်ပြင်သစ်လူများ၏ လွတ်လပ်မှုကိုဖျက်ဆီးခြင်းအပေါ် အခြေခံထားသည်” ဟုဆိုထားသည်။
၁၇ရာစုအတွင်းမက်စီကိုတွင် အင်ဒီးယန်းမြို့များကိုအများအားဖြင့် ဓမ္မဆရာများအုပ်ချုပ်ခဲ့သည်။ လက်စ်လီဆင်စင်ရေးသော Many Mexicos စာအုပ်အရ ဓမ္မဆရာများသည် ကြိမ်ဒဏ်ပေးရာတိုင်များကို “ခရစ်ယာန်ပါရမီထည့်သွင်းရန်၊ ထိန်းသိမ်းရန်နှင့်လောကပြစ်မှုများကို ဒဏ်ပေးရန်မရှိမဖြစ်သော အထောက်အကူ” ဟုယူမှတ်ခဲ့ကြသည်။
ထို့ကြောင့်ရာဇဝင်စာအုပ်များအားဖြင့် ရာစုနှစ်ပေါင်းများစွာ ဓမ္မဆရာအုပ်ချုပ်ရေးမှတ်တမ်းကို လေ့လာသုံးသပ်ခွင့် ရရှိလေသည်။ မှတ်တမ်းများကဘာကိုဖေါ်ပြသနည်း။ သာမန်လူများ၏ပျော်ရွှင်မှု၊ ကောင်းစားရေးနှင့်လွတ်လပ်မှုကို တုန်လှုပ်ဖွယ်ဂရုမစိုက်ကြောင်း ဖေါ်ပြသည်။ အမှန်ပင်ဓမ္မဆရာအုပ်ချုပ်ရေးသည် မခံနိုင်ဖွယ်သက်ဦးဆံပိုင်များ ဖြစ်ခဲ့ကြသည်။ The True-Born Englishman တွင်ဒဲန်နရယ်ဒီဖိုးရေးထားသကဲ့သို့ပင်ဖြစ်သည်။ “လူသားကျရောက်ခဲ့ရသော အမင်္ဂလာဘေးဒဏ်များထဲတွင် ဘာသာရေးဆိုင်ရာကြမ်းကြုတ်မှုသည် အဆိုးဆုံးပင်။”
ထို့ကြောင့်ရှင်းနေသည်ကား ဓမ္မဆရာအုပ်ချုပ်ရေးသည် လူသားများလိုအပ်နေသော သာ၍ကောင်းသောအုပ်ချုပ်ရေးအတွက် အဖြေမဟုတ်ချေ။ သို့ဖြစ်လျှင်မည်သူ့ထံ ကျွန်ုပ်တို့လှည့်မည်နည်း။ ကျွန်ုပ်တို့တွေ့ရမည်ဖြစ်သည့်အတိုင်း အဖြေသည်အားလုံးအတွက် လက်လှမ်းမှီသောအခြေအနေတွင် ရှိနေပါသည်။