ရွှင်လန်းသောလူမျိုး
ရွှင်လန်းသောလူမျိုး။ ယနေ့ယင်းရုပ်လုံးဖော်ချက်နှင့်ညီထွေသော တိုင်းနိုင်ငံလူမျိုးရှိပါသလော။ အကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ ဆင်းရဲခြင်း၊ လေမြေရေညစ်ညမ်းမှု၊ မသန်မစွမ်းဖြစ်စေသောရောဂါများ၊ နိုင်ငံရေးယိုယွင်းမှု၊ ဘာသာရေးမုန်းတီးမှုကိုပပျောက်စေခဲ့ပြီဟု နိုင်ငံတစ်ခုခုကရွှင်လန်းစွာကြွေးကြော်နိုင်ခဲ့ပြီလော။ ထိုသို့သောပန်းတိုင်များကိုရရှိရန် စစ်မှန်သောမျှော်လင့်ချက် ကမ်းလှမ်းသောနိုင်ငံတစ်ခုခုရှိပါ၏လော။ ဝေးလှပါသည်တကား။
ကမ္ဘာ့အခြေအနေကားမည်သို့နည်း။ ယူအက်စ်အက်စ်အာရ်၏သမ္မတ မီခေးလ်ဂေါ်ဘာချက်ဗ်က ပြီးခဲ့သည့်ဇူလိုင် ၁၆ ရက်နေ့က “ကျွန်တော်တို့ဟာအပြည်ပြည်ဆိုင်ရာဆက်ဆံရေးမှာ ခေတ်တစ်ခေတ်ကိုထားခဲ့ပြီး၊ ကျွန်တော့်အထင်တော့ ခိုင်မြဲ၊ တာရှည်ငြိမ်းချမ်းတဲ့ နောက်သမယထဲကိုဝင်ရောက်လာကြပြီ” ဟုဖော်ပြခဲ့သည်။ သို့သော်၊ ထိုနေ့စွဲထုတ် TIME မဂ္ဂဇင်းကအမေရိကန်သည် နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည် ၁၂၀ ဖြင့်မော်စကိုကိုချိန်ထားဆဲဖြစ်ကြောင်း ဖော်ပြထားပြီး၊ ယင်းထဲမှတစ်ခုခုသည် ထိုမြို့တစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်နိုင်သည်။ ဆိုဗီယက်ကလည်း၊ အလားတူပင်တုံ့ပြန်ရန် အသင့်ဖြစ်နေမည်မှာမလွဲချေ။ ကုလသမဂ္ဂဝင်နိုင်ငံအများသည် ယခုနျူကလီးယားလက်နက်များထုတ်လုပ်ရန် သိရှိသည်နှင့်အမျှ မည်သူသည်ပထမဦးဆုံးမောင်းခလုတ်ဖြုတ်မည့်သူ ဖြစ်မည်ကိုစဉ်းစားလျှင်ရွှင်လန်းဖွယ်မဟုတ်ချေ။
အမှန်ပင်ရွှင်လန်းသောလူမျိုး
တစ်ခါကရာဇဝင်တွင်၊ လွန်ခဲ့သည့်နှစ်ပေါင်း ၃၅၀၀ ခန့်ကအမှန်ပင်ရွှင်လန်းခဲ့သော လူမျိုးတစ်မျိုးရှိခဲ့သည်။ ရှေးဣသရေလများဖြစ်ကြသည်။ ယေဟောဝါဘုရားရှင်သည်ထိုလူမျိုးအား အီဂျစ်ဖိနှိပ်မှုအောက်မှကယ်လွှတ်ခဲ့စဉ်က သူတို့သည်မောရှေနှင့်အတူ ချီးမြှောက်၊ အောင်ပွဲခံသီချင်းကိုသီဆိုခဲ့ပြီး၊ သူတို့သည်သူတို့၏ဘုရား၊ ကယ်တင်ရှင်ကိုနာခံသ၍ ဆက်လက်ရွှင်လန်းခဲ့ကြသည်။—ထွက်မြောက်ရာ ၁၅:၁-၂၁။ တရားဟောရာ ၂၈:၁၊ ၂၊ ၁၅၊ ၄၇။
ရှောလမုန်၏အုပ်ချုပ်မှုအောက်တွင် “ယုဒအမျိုးနှင့်ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် . . . များပြား၍စားသောက်ပျော်မွေ့လျက်နေကြ၏။” ယင်းအချိန်သည်မဟာရွှင်လန်းဖွယ်ချိန်ခါဖြစ်ပြီး၊ ရာဇဝင်တစ်လျှောက်၌ အခမ်းနားဆုံးဖြစ်ကောင်းဖြစ်မည့် ယေဟောဝါ၏ဝတ်ပြုရေးဗိမာန်ကို ယေရုရှလင်တွင်တည်ထောင်ခြင်းဖြင့် အထွတ်အထိပ်သို့ရောက်ခဲ့သည်။ “ယခုတည်ဆောက်သောအိမ်တော်အရာမှာ၊ သင်သည်ငါသွန်သင်သောလမ်းသို့လိုက်လျက် ငါ့စီရင်ချက်အတိုင်းစီရင်၍ ငါပညတ်သမျှတို့ကို စောင့်ရှောက်လျှင် သင်၏အဘဒါဝိဒ်အား ငါဂတိထားသည့်အတိုင်း သင်၌ငါပြုမည်။ ငါ၏လူ. . .မျိုးကိုငါမစွန့် သူတို့အလယ်၌နေမည်ဟု မိန့်တော်မူ၏။”၃ ဓမ္မရာဇဝင် ၄:၂၀။ ၆:၁၁-၁၄။
မျက်မှောက်ခေတ်ရွှင်လန်းသောလူမျိုး
ယနေ့တိုင်းနိုင်ငံများတွင် စစ်မှန်သောရွှင်လန်းမှုမတွေ့နိုင်ပါ။ လောဘ၊ ယိုယွင်းမှုနှင့်မရိုးသားမှုပြည့်နေပြီး၊ နိုင်ငံအများတွင်သာမန်လူများသည် ရွှင်လန်းမှုကင်းမဲ့စွာဖြင့် အသက်ရှင်ရုံမျှအတွက်သာ ရုန်းကန်နေကြသည်။—သု၊ ၂၈:၁၅။ ၂၉:၂။
သို့ပင်ငြားလည်း ယနေ့တွင်မှတ်သားလောက်အောင် အထူးရွှင်လန်းသောလူမျိုးတစ်မျိုးရှိသည်။ ယင်းသည်နိုင်ငံရေးဆိုင်ရာမဟုတ်။ အကြောင်းမှာ၊ ယင်း၏ဦးခေါင်း၊ ခရစ်တော်ယေရှုသည် မိမိ၏လူများအား “သင်တို့သည်လောကီနှင့်မဆက်ဆံ” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၅:၁၉) ယူအန်သည်မိမိ၏အဖွဲ့ဝင်များအား မစုစည်းနိုင်သော်လည်း ဤလူမျိုးသည်ယင်း၏နောက်လိုက်များအား “လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” ရယူထားသည်။ (ဗျာဒိတ် ၇:၄၊ ၉) ယင်း၏အရေအတွက်သည် ယခုလေးသန်းနီးပါးရှိနေသောကြောင့် ထိုလူဦးရေသည် ယူအန်အဖွဲ့ဝင် ၁၅၉ နိုင်ငံမှနိုင်ငံပေါင်း ၆၀ ကျော်ထက်ပိုများလေသည်။ ဤလေးသန်းကျော်သောသူများ၏မွေးရာဇာတိစကားသည် ၂၀၀ ခန့်ရှိသည်။ သို့ပင်ငြားလည်း၊ သူတို့အားလုံးသည် တစ်ခုတည်းသော “စင်ကြယ်သောဘာသာစကား” ကိုပြောဆိုရာ၌ စည်းလုံးကြသည်။—ဇေဖနိ ၃:၉။
ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးရှိသူများသည် အများသုံးဘာသာစကားတစ်ခုကိုသာ အသုံးပြုခြင်းသည် မထူးဆန်းပေလော။ မထူးဆန်းပါ။ အကြောင်းမှာ၊ ဤစည်းလုံးစေသောဘာသာစကားတွင် ဖြောင့်မတ်သောဘုရားရှင်၏ လာလတံ့သောနိုင်ငံတော်သတင်း ပါဝင်သောကြောင့်ဖြစ်သည်။ ရွှင်လန်းသောလူမျိုးသည် “မြေကြီးစွန်းမှ” လာရောက်ကြပြီး၊ ကမ္ဘာတစ်ဝန်းတွင် ‘ယေဟောဝါသက်သေများ’ အဖြစ်သိကြသည်။ (ဟေရှာယ ၄၃:၅-၇၊ ၁၀။ ဇာခရိ ၈:၂၃) ဤကမ္ဘာကြီး၏ မည်သည့်နေရာဒေသ၌မဆို သင်ခရီးထွက်လျှင် သူတို့အားသင်တွေ့ရပေမည်။
ဟေရှာယ ၂:၂-၄ တွင်ဘုရားရှင်၏ပရောဖက်က လူအမျိုးအနွယ်ခပ်သိမ်းမှထွက်ပေါ်လာသော လူအစုအဝေးကို ဤသို့ဖော်ပြသည်။ “လာကြလော့။ ထာဝရဘုရား [ယေဟောဝါ၊NW] ၏တောင်တော်၊ ယာကုပ်အမျိုးဘုရားသခင့်အိမ်တော်သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည်ခြေတော်ရာသို့လိုက်သွားကြမည်။” ဇွဲလုံ့လဖြင့်သူတို့သည် အခြားသူများအား ကိုယ်တော်၏အလိုတော်ကိုထမ်းဆောင်လာနိုင်ရန် ယေဟောဝါရှင်ထံမှကိုယ်တော်၏နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာအားဖြင့် သွန်သင်ချက်ခံယူရန် ဖိတ်ခေါ်လျက်ရှိသည်။ ဤလူမျိုးတစ်စုသည် စစ်မှန်သောငြိမ်ချမ်းရေးလမ်းစဉ်ကို လိုက်လျှောက်ကြပြီး၊ သူတို့သည် ‘ဓားလက်နက်များကိုထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကိုတံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း၊ ထုလုပ်လိုက်ကြပြီး၊ စစ်အတတ်ကိုလည်းမသင်ကြတော့လေ။’ အမှန်ပင်ရွှင်လန်းသော လူမျိုးပါတကား။
သင်လည်းဤရွှင်လန်းမှုတွင် ခံစားနိုင်သည်။ ဘုရင်ခရစ်တော်ယေရှုသည် ယိုယွင်းသောလူများနှင့်အုပ်ချုပ်ရေးများကိုဖယ်ရှားပြီး၊ မြေကြီးပေါ်တွင်ပရဒိသုတည်ထောင်မည့် အလျင်အမြန်ချဉ်းကပ်နေသောနေ့အကြောင်းကို သင်,သင်ယူနိုင်သည်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၉၊ ၁၀) နောက်ဆက်တွဲစာမျက်နှာများတွင် ဖော်ပြမည်ဖြစ်သည့်အတိုင်း ယခုပင်၊ အမှန်စည်းလုံးသောလူမျိုးတစ်စုအနေနှင့် ထိုထွန်းပြောင်ပြီးစစ်မှန်သည့်ငြိမ်းချမ်းသောသမယအတွက် သူတို့၏ပြင်ဆင်နေခြင်းလုပ်ငန်းတွင် ယေဟောဝါသက်သေတို့သည်ရွှင်လန်းမှုခံစားကြရသည်။