ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
သမ္မာကျမ်းစာသမ္မာတရားက ထုံးတမ်းစဉ်လာကိုအနိုင်ယူ
ဘာသာရေးထုံးတမ်းစဉ်လာသည် အလွန်နက်ရှိုင်းစွာ အမြစ်စွဲတတ်သည်။ သန်းပေါင်းများစွာသောသူတို့က ဘာသာပြောင်းခြင်းကိုမှားသည်ဟု သဘောထားကြသည်။ တမန်တော်ပေါလုဖြစ်လာသူ ရှောလုက “ဘိုးဘေးတို့၏ထုံးတမ်းစဉ်လာများအတွက် ငါသည်ပို၍စိတ်ထက်သန်သည်’ ဟုပြောခဲ့ဖူးသဖြင့် သူလည်းအလားတူသဘောထားခဲ့ကြောင်း ထင်ရှားသည်။ သို့သော်လည်းသမ္မာတရားပြသခြင်းခံရသောအခါ၌မူကား ယုဒဘာသာမှပြောင်းလဲ၍ ခရစ်ယာန်တစ်ဦးဖြစ်လာလေသည်။ “အဘယ်သို့နည်းဟူမူကား၊ အထက်ကယုဒဘာသာ၌နေ၍ ငါကျင့်သောအကျင့်တည်းဟူသော ဘုရားသခင်၏အသင်းတော်ကို အတိုင်းထက်အလွန် ညှဉ်းဆဲဖျက်ဆီးခြင်းအကြောင်းကိုလည်းကောင်း ဘိုးဘေးတို့၏လက်မှ ငါခံရသောနည်းဥပဒေသဘက်၌ အထူးသဖြင့်စိတ်အားသန်လျက် ငါ၏လူမျိုးထဲတွင် ငါ့ရွယ်တူချင်းအများတို့ထက် ယုဒဘာသာကို ကျင်လည်လေ့ကျက်ကြောင်းကိုလည်းကောင်း သင်တို့ကြားသိရကြပြီ။ သို့သော်လည်း၊ ငါ့ကိုအမိဝမ်းထဲကပင် ရွေးချယ်ခွဲထား၍ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသောဘုရားသခင်သည် သားတော်၏ဧဝံဂေလိတရားကို တစ်ပါးအမျိုးသားတို့၌ ဟောပြောစေမည်အကြောင်း မိမိအလိုတော်နှင့်အညီ သားတော်ကိုငါ့အားပြတော်မူသောအခါ ငါသည်အသွေးအသားနှင့် တိုင်ပင်ခြင်းကိုမပြု။” (ဂလာတိ ၁:၁၃-၁၆) သမ္မာကျမ်းစာသမ္မာတရားမှာ ထုံးတမ်းစဉ်လာထက်မြင့်မားသည့် အရင်းအမြစ်မှဆင်းသက်လာကြောင်းကို များစွာသောသူတို့ယနေ့ သိမြင်လာကြသည်။ သမ္မာကျမ်းစာသမ္မာတရားသည် အီတလီနိုင်ငံတွင်မည်သို့ အနိုင်ယူနေကြောင်းဂရုပြုပါ။
“ကျွန်မရဲ့ဘဝမှာ ၇၆ နှစ်တိုင်တိုင်စွဲမြဲလာတဲ့ ထုံးတမ်းစဉ်လာကို စိုးရိမ်ကြောက်ရွံ့တဲ့အတွက် ဗရင်ဂျီအသင်းတော်နဲ့ အဆက်ဖြတ်စက ကျွန်မငိုခဲ့ရတယ်။ ဒါပေမဲ့အခုမှာ ယေဟောဝါရဲ့လမ်းတော်မှာလျှောက်ပြီး တစ်ခြားသူတွေကို ဝိညာဏအမှောင်ထုထဲက ထွက်လာဖို့ကူညီပေးရာမှာ တတ်အားသရွေ့ကူညီပေးရတဲ့အတွက် ကျွန်မစိတ်ချမ်းသာတယ်။” ၁ ပေတရု ၂:၉နှင့်နှိုင်းယှဉ်ကြည့်ပါ။ “သင်တို့မူကား၊ မှောင်မိုက်ထဲမှအံ့ဖွယ်သောအလင်းတော်သို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှာ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ၏။”
ဆံသဆရာ မှားယွင်းသောအမြင်ကိုပြုပြင်
ဂျပန်ပြည်မှဆံပင်ညှပ်သူတစ်ဦးသည် ဆံပင်ညှပ်ရင်း နတ်ဆိုးများအကြောင်းနှင့် အမျိုးအမည်မသိပန်းကန်ပြားပျံများအကြောင်းပြောဆိုရန် ထက်သန်သည်။ သို့ရာတွင်သမ္မာကျမ်းစာစတင်သင်အံလာသည့်နောက်သော် ယင်းအလေ့အထမည်မျှအန္တရာယ်ကြီးမားကြောင်း သဘောပေါက်လာသည်။ သို့နှင့်ဆံပင်လာညှပ်သူတို့အား ထိုအကြောင်းများမပြောတော့ပဲ မိမိနှင့်အတူကျမ်းစာလေ့လာရန် ဖိတ်ခေါ်လေသည်။ ဆံပင်ညှပ်နေကျလူငယ်များအား ဖန်ဆင်းခြင်းအကြောင်း သက်သေခံသည်။ သူသည်ဆံပင်ညှပ်နေကျဖောက်သည်များအားဝေငှရန် သင်သည်ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်များနှင့် သမ္မာကျမ်းစာများ သူ့အားကျမ်းစာသင်ပေးသော သက်သေခံထံမှ အပတ်စဉ်မှာယူသည်။
သူသည်သက်သေခံမဖြစ်သေးသော်လည်း လေ့လာသည့်ပထမနှစ်အတွင်း၌ သမ္မာကျမ်းစာနှင့် ထာဝစဉ်အသက်ရှင် စာအုပ်အစုံ ၃၀ ကျော်ဝေငှနိုင်ခဲ့သည်။ ယခုကဲ့သို့သူအလွတ်သဘော သက်သေခံခြင်းကြောင့် ရရှိသောအကျိုးရလဒ်မှာလူပေါင်း ၂၅ ယောက်မက သမ္မာကျမ်းစာလေ့လာခြင်းဖြစ်သည်။ တစ်ခါတစ်ရံ သူ၏ကျမ်းစာသင်အံမှု၌ ဆယ်ယောက်အထိပါဝင်တတ်သည်။ ယခုအခါသူဆံပင်ညှပ်ပေးစဉ် သက်သေခံခဲ့သည့်လူခုနစ်ယောက်သည် သူတို့၏မှားယွင်းသော အမြင်ကိုပြုပြင်ကါ နှစ်ခြင်းခံပြီးသောသက်သေခံများဖြစ်လာကြသည်။