အပြစ်များကိုအာပတ်ဖြေခြင်း—လူ့နည်းလမ်းလော၊ ဘုရားသခင့်နည်းလမ်းလော
အာပတ်ဖြေခြင်းသည် နှစ်ရာစုများအတွင်း ထူးခြားစွာပြောင်းလဲခဲ့သည်။ စောစောပိုင်းက ကြီးလေးသောအပြစ်များအတွက်သာ အာပတ်ဖြေခြင်းနှင့် အပြစ်ဒဏ်ပေးရန်လိုအပ်ခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍၊ Religion in the Medieval West စာအုပ်က၊ “ခြောက်ရာစုအကုန်ပိုင်းအထိ အပြစ်ဒဏ်ပေးခြင်းသည် အလွန်ကြမ်းတမ်းခဲ့သည်။ စက်ကရေမင်တူးကို တစ်သက်တာတွင် တစ်ကြိမ်သာပြုလုပ်နိုင်ပြီး၊ အာပတ်ဖြေခြင်းကိုလူသူရှေ့ပြုလုပ်ကာ၊ အပြစ်ဒဏ်ပေးခြင်းသည် တာရှည်၍ပြင်းထန်သည်။”
အပြစ်သိမြင်ရန် ဒဏ်ပေးခြင်းသည်မည်မျှပြင်းထန်သနည်း။ ၁၀၅၂ ခုနှစ်ကနောင်တယူရန် လူတစ်ဦးအား ဘယ်လ်ဂျီယန်ဘရူဂျ်မြို့မှ ယေရုရှလင်မြို့အထိ ဖိနပ်မပါဘဲခြေလျင်လျှောက်ခိုင်းလေသည်။ “၁၇၀၀ ခုနှစ်ရောက်သည်အထိ ဘာသာဝင်များကိုသူတို့၏နောင်တယူ ဆုတောင်းချက်များရွတ်ဆိုရန် သန့်ရှင်းသောရေတွင်းများနှင့်စမ်းရေတွင်းများရှိ ရေခဲရေများ လည်ပင်းရောက်သည်အထိ ဒူးထောက်နေသည်ကိုတွေ့နိုင်သည်” ဟု Christianity in the West 1400-1700 စာအုပ်ကဆိုသည်။ ထိုအချိန်မှစ၍ မိမိအပြစ်သိမြင်ရာအချိန်ပြီးဆုံးမှ အာပတ်ဖြေကြသည်။ အချို့သည်သေဆုံးခါနီးအချိန်ရောက်မှ အာပတ်ဖြေကြသည်။
မျက်မှောက်ခေတ်အာပတ်ဖြေခြင်းသည် ဘယ်သောအခါကအစပြုသနည်း။ Religion in the Medieval West ကဖော်ပြသည်။ “မျက်မှောက်ခေတ်နောင်တယူပုံစံသည် ပြင်သစ်နိုင်ငံတွင် ခြောက်ရာစုအကုန်ပိုင်းက ကဲလ်တစ်ဘုန်းကြီးများက အစပြုခဲ့ခြင်းဖြစ်သည်။ ၄င်းသည်ကြားနာခြင်းဆိုင်ရာအာပတ်ဖြေခြင်းဖြစ်၍ နောင်တယူသူသည်သူ၏အပြစ်များအား ဘုန်းကြီးတစ်ပါးထံ သီးသန့်အာပတ်ဖြေခြင်းဖြစ်သည်။ ယင်းသည်ဘုန်းကြီးဆိုင်ရာ ဝိညာဏသွန်သင်ခြင်းကို အလိုက်သင့်ပြုပြင်လိုက်ခြင်းဖြစ်သည်။” ပိုမိုရှေးကျသောဘုန်းကြီးဆိုင်ရာလုပ်ထုံးအရမူ သူတို့၏အားနည်းချက်ကိုအောင်နိုင်ရန် ဝိညာဏအကူအညီရရှိဖို့ ဘုန်းကြီးများသည်တစ်ဦးနှင့်တစ်ဦးထံ အပြန်အလှန် သူတို့၏အပြစ်များကို အာပတ်ဖြေကြသည်။ ကြားနာခြင်းဆိုင်ရာ အာပတ်ဖြေခြင်းပုံစံသစ်တွင်မူ ချာ့ချ်သည်ဘုန်းကြီးများအားပိုမို၍ “တန်ခိုး သို့မဟုတ် အပြစ်များလွှတ်ပိုင်ခွင့်” အပ်နှင်းထားလေသည်။—New Catholic Encyclopedia.
ယေရှုသည်မိမိ၏နောက်လိုက်များအား ထိုသို့သောတန်ခိုး အမှန်ပင်ပေးအပ်ပါသလော။ အချို့သည်ထိုသို့ကောက်ယူရန် ကိုယ်တော်ဘာမြွက်ဆိုခဲ့သနည်း။
“ဘုရားနိုင်ငံတော်၏သော့များ”
တစ်နေရာတွင်ယေရှုခရစ်သည် တမန်တော်ပေတရုအား “ကောင်းကင်နိုင်ငံတော်၏သော့တို့ကိုလည်း သင့်အားငါပေးမည်။ သင်သည်မြေကြီးပေါ်မှာချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ဖြေလွှတ်လျက်ရှိလိမ့်မည်” ဟုမိန့်တော်မူ၏။ (မဿဲ ၁၆:၁၉) ယေရှုက “သော့တို့ကို” ဟုဆိုရာ၌ဘာကိုဆိုလိုသနည်း။ နောက်တစ်နေရာတွင် ယေရှုသည် “သော့” စကားလုံးအားအသုံးပြုပုံကိုသုံးသပ်လျှင် ယင်းကိုကျွန်ုပ်တို့ပိုမိုသဘောပေါက်ပေမည်။
တစ်ခါကယေရှုသည် မောရှေပညတ်တွင်လေ့ကျက်ခဲ့သော ဂျူးဘာသာရေးခေါင်းဆောင်များကို “ကျမ်းတတ်တို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပညာဖွင့်သောသော့ကို သိမ်းထားကြပြီ။ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြသည်” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၁၁:၅၂) ဘယ်ထဲသို့မဝင်ရန် ‘ဆီးတားခဲ့သနည်း။’ မဿဲ ၂၃:၁၃ တွင်ယေရှုက “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့ သင်တို့သည်အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။” ယေရှုခရစ်နှင့်အတူ ကောင်းကင်တွင်အတူရှိရန် အခွင့်အရေးကိုလုယူခြင်းဖြင့် ဂျူးဓမ္မဆရာများသည် လူအများအားတံခါးကိုပိတ်ထားသကဲ့သို့ဖြစ်သည်။ ဘာသာရေးခေါင်းဆောင်များ “သိမ်းထား” သော “သော့” သည်အပြစ်များကို လွှတ်ခြင်းနှင့်ဘာမျှ မဆိုင်ချေ။ ယင်းသည်ဘုရားပေးအသိပညာသို့သွားရာ သော့ဖြစ်သည်။
အလားတူပင်၊ ပေတရုအားပေးခဲ့သော “နိုင်ငံတော်သော့” များသည် မည်သူ့အပြစ်ကိုလွှတ်ရန် သို့မဟုတ် ချည်နှောင်ထားရန် ကောင်းကင်သို့အကြောင်းကြားခြင်းကို ပုံဆောင်သည့်တန်ခိုး မဟုတ်ချေ။ သို့အစား၊ ပေတရု၏အမှုဆောင်ခြင်းအားဖြင့် ဘုရားပေးအသိပညာကိုပြန့်ပွားစေကာ ကောင်းကင်သို့ဝင်ရာလမ်းကို ဖွင့်ပေးသည့်သူ၏မဟာအခွင့်အရေးကြီးကို ပုံဆောင်လေသည်။ ယင်းတို့ကိုသူသည်ဦးစွာ ဂျူးနှင့်ဂျူးဘာသာဝင်များအတွက်၊ ပြီးနောက်ရှမာရိနှင့်နောက်ဆုံးတွင် တစ်ပါးအမျိုးသားများအတွက် လုပ်ဆောင်ခဲ့သည်။—တမန်တော် ၂:၁-၄၁၊ ၈:၁၄-၁၇၊ ၁၀:၁-၄၈။
“မြေကြီးပေါ်မှာချည်နှောင်သမျှ”
နောက်ပိုင်းတွင်၊ ပေတရုအားယေရှုပြောခဲ့သည့်အတိုင်း အခြားသူများအားထပ်ပြောခဲ့သည်။ “ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာသင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၈:၁၈) တပည့်တော်များအား ခရစ်တော်သည်မည်သည့်အခွင့်အာဏာကို လွှဲအပ်နေသနည်း။ အထက်အောက်စကားများက ကိုယ်တော်သည် ယုံကြည်သူချင်းစပ်ကြား ပြဿနာများဖြေရှင်းခြင်းနှင့် နောင်တမယူသောဆိုးယုတ်သူများမှ အသင်းတော်ကိုသန့်ရှင်းစွာထားရန် ပြောနေကြောင်းပြသည်။—မဿဲ ၁၈:၁၅-၁၇။
ဘုရားပညတ်ကိုကြီးလေးသောချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသင်းတော်မှတာဝန်ရှိသူများသည် ကိစ္စရပ်များကိုစီရင်ရမည်ဖြစ်ပြီး၊ ပြစ်မှားသူတစ်ဦးကို “ချည်နှောင်” (အပြစ်ရှိသည်ဟုယူမှတ်) သို့မဟုတ် “လွှတ်” (လွတ်ကင်း) ရန်ဆုံးဖြတ်ဖို့ဖြစ်သည်။ ယင်းကကောင်းကင်သည် လူ့ဆုံးဖြတ်ချက်များကို လိုက်နာမည်ဟုဆိုလိုပါသလော။ မဟုတ်ပါ။ ကျမ်းတတ်ရောဘတ်ရန်းဖော်ပြသည့်အတိုင်း တပည့်တော်များ၏ဆုံးဖြတ်ချက်ဟူသမျှသည် ကောင်းကင်ဆုံးဖြတ်ချက်နောက်မှဖြစ်ပြီး၊ ယင်းထက်ဦး၍မရချေ။ သူကအခန်းငယ် ၁၈ သည်စာသားအရ မြေကြီးပေါ်တွင်သင်တို့ချည်နှောင်သောအရာသည် “ကောင်းကင်တွင်ချည်နှောင်ပြီး (လုပ်ပြီး) သောအရာဖြစ်မည်” ဟုဆိုလိုကြောင်းပြောသည်။
ကောင်းကင်တရားရုံးတွင်ချည်နှောင်နိုင်သော ဆုံးဖြတ်ချက်များကို မစုံလင်သောလူသားများ ချမှတ်နိုင်သည်ဟုယူမှတ်ခြင်းမှာ အမှန်ပင်လျော်ကန်မည်မဟုတ်ချေ။ ခရစ်တော်၏ခန့်အပ်ခံကိုယ်စားလှယ်များသည် ကိုယ်တော်၏အသင်းတော်ကိုသန့်ရှင်းစွာထားရန် ကိုယ်တော်၏ညွှန်ကြားချက်များကိုလိုက်နာမည်ဟု ဆိုခြင်းသည်ပိုမို၍လျော်ကန်ပါသည်။ သူတို့သည်ယင်းကို ကောင်းကင်တွင်ချမှတ်ပြီးဖြစ်သော မူများပေါ်တွင်အခြေခံ၍ ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် ယေရှုကိုယ်နှိုက်သည်သူတို့အားဦးဆောင်မည်ဖြစ်သည်။—မဿဲ ၁၈:၂၀။
ဝတ်ပြုသူချင်းတစ်ဦး၏ ထာဝရအနာဂတ်ကို ဆုံးဖြတ်နိုင်လောက်အောင် “ဖခင်ဆိုင်ရာတရားသူကြီးအဖြစ် ယေရှုကိုကိုယ်စားပြု” နိုင်မည့်လူတစ်ဦးတစ်ယောက် ရှိနိုင်ပါမည်လော။ (New Catholic Encyclopedia) ကြားနာသူဘုန်းကြီးများသည် အာပတ်ဖြေသူများတွင် “မိမိ၏အပြစ်ကိုအမှန်တကယ်ဝမ်းနည်းသူ ရှားသည်ဟု (ဘာသာရေးပညာရှင်များအတွင်း) ယုံကြည်ပုံ” ရသော်လည်း အများအားဖြင့်တစ်သမတ်တည်းအပြစ်လွှတ်လေ့ရှိသည်။ (The New Encyclopœdia Britannica) အမှန်တွင်၊ ဘုန်းကြီးတစ်ဦးသည် ပြစ်မှားသူတစ်ဦးအား အပြစ်မလွှတ်ကြောင်း သို့မဟုတ် အပြစ်မှကင်းလွတ်ခွင့်မပေးကြောင်း သင်နောက်ဆုံးဘယ်တုံးကကြားခဲ့ရသနည်း။ ဖြစ်နိုင်သည်ကား၊ ထိုဘုန်းကြီးအနေနှင့် အပြစ်သားတစ်ဦးသည် နောင်တရ,မရကို ဆုံးဖြတ်နိုင်သည့်အစွမ်းမိမိ၌ရှိသည်ဟု မယူဆသောကြောင့်ဖြစ်သည်။ သို့ဖြစ်လျှင်၊ သူ့အနေနှင့် အပြစ်လွတ်ပိုင်ခွင့်အာဏာရှိသည်ဟု အဘယ်ကြောင့်ဆိုသနည်း။
သနားတတ်သောတရားသူကြီးတစ်ဦးသည် အမြဲဥပဒေချိုးဖောက်သူများအပါအဝင် ရာဇဝတ်ကောင်များသည် ထုံးစံအရသူတို့၏အပြစ်ကိုဝန်ချပြီး၊ သူတို့မှားပါသည်ဟုဆိုသောကြောင့် သူတို့ကိုအစဉ်ခွင့်လွှတ်နေသည့် တရားရုံးတစ်ခုကို စဉ်းစားကြည့်ပါ။ ယင်းသို့ပြုခြင်းသည် အမှားပြုသူများကို ကျေနပ်စေမည်ဖြစ်သော်လည်း ထိုသို့သောတလွဲဖြစ်နေသည့် ကရုဏာအမြင်က တရားဥပဒေအားလေးစားခြင်းကို အလွန်အမင်းပျက်ပြားစေပေမည်။ ခရစ်ယာန်ဘောင်တွင် ပြုကျင့်သောအာပတ်ဖြေခြင်းသည် အပြစ်လမ်းကြောင်းတွင် လူများကိုပို၍စွဲမြဲရန် မဖြစ်စေနိုင်ပေလော။—ဒေသနာ ၈:၁၁။
“အာပတ်ဖြေခြင်းက အနာဂတ်မှာအပြစ်ကို ကြိုးစားရှောင်ဖို့စိတ်ကို မဖြစ်စေပါဘူး” ဟုခုနစ်နှစ်အရွယ်မှစ၍ အာပတ်ဖြေခဲ့သောသူမ၏အတွေ့အကြုံပေါ်မူတည်၍ ရမိုနာကဆိုသည်။ “ဘုရားသခင်ဟာ အရာရာကိုခွင့်လွှတ်တတ်ပြီး၊ သင့်ရဲ့မစုံလင်တဲ့အသွေးအသားဟာ ဘာပဲလုပ်လုပ် ကိုယ်တော်ဟာခွင့်လွှတ်မယ်ဆိုတဲ့အမြင်ကို အာပတ်ဖြေခြင်းကဖြစ်ပေါ်စေတယ်။ အဲ့ဒါက၊ အမှန်ကိုပြုလုပ်ဖို့ နက်ရှိုင်းတဲ့စိတ်ကိုမဖြစ်စေပါဘူး” ဟုသူမကထပ်ဆင့်လိုက်သည်။a
သို့သော်ယောဟန် ၂၀:၂၂၊ ၂၃ တွင်မှတ်တမ်းတင်ထားသော ယေရှု၏စကားများကောမည်သို့နည်း။ ထိုတွင်ကိုယ်တော်သည် သူ၏တပည့်တော်များအား “သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူကြလော့။ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင် အပြစ်လွှတ်လျက်ရှိမည်။ အကြင်သူတို့၏အပြစ်ကို သင်တို့ချည်နှောင်လျှင် ချည်နှောင်လျက်ရှိမည်” ဟုမိန့်ဆိုခဲ့သည်။ (The Jerusalem Bible) ဤတွင်ယေရှုသည်မိမိ၏တပည့်တော်များအား အပြစ်လွှတ်ပိုင်ခွင့်အာဏာကို အထူးပေးအပ်နေသည်မဟုတ်လော။
ယင်းတစ်ချက်တည်းယူလျှင် ဤကျမ်းပိုဒ်သည် ထိုသို့ဆိုလိုပုံရသည်။ သို့သော်၊ ဤစကားများကို မဿဲ ၁၈:၁၅-၁၈ နှင့်အာပတ်ဖြေခြင်း၊ အပြစ်လွှတ်ခြင်းနှင့်စပ်လျဉ်းသည့် သမ္မာကျမ်းစာသွန်သင်ချက်အားလုံးနှင့်အတူ သုံးသပ်ကြည့်လိုက်သောအခါ ကျွန်ုပ်တို့ဘာကောက်ချက်ချနိုင်သနည်း။ ယောဟန် ၂၀:၂၂၊ ၂၃ တွင်ယေရှုသည်မိမိ၏တပည့်တော်များအား အပြစ်ကြီးကျူးလွန်သော နောင်တမယူသည့်သူများကို အသင်းတော်မှနှင်ထုတ်ရန် အခွင့်ပေးခဲ့သည်။ တစ်ချိန်တည်းတွင်ခရစ်တော်သည် မိမိ၏နောက်လိုက်များအား နောင်တရသောအပြစ်သားများအား ကရုဏာပြပြီး၊ ခွင့်လွှတ်ရန် အခွင့်ကိုပေးခဲ့သည်။ ယေရှုကမိမိ၏တပည့်တော်များအား အပြစ်ဟူသမျှအတွက် ဘုန်းကြီးထံအာပတ်ဖြေရန် ပြောဆိုနေခြင်းမဟုတ်သည်မှာသေချာပါသည်။
သို့ဖြင့်အသင်းတော်မှတာဝန်ရှိသူများအား အပြစ်ကြီးကျူးလွန်သူများနှင့် မည်သို့ဆက်ဆံရမည်ကို ဆုံးဖြတ်နိုင်ခွင့်ပေးထားလေသည်။ ထိုသို့သောဆုံးဖြတ်ချက်များကို ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုအောက်နှင့် ယေရှုခရစ်၊ သန့်ရှင်းသောကျမ်းစောင်များအားဖြင့်ပေးခဲ့သော ဘုရားသခင်၏ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ရပေမည်။ (တမန်တော် ၅:၁-၅။ ၁ကောရိန္သု ၅:၁-၅၊ ၁၁-၁၃ နှင့်နှိုင်းယှဉ်) သို့ဖြင့်ထိုတာဝန်ရှိယောက်ျားများသည် ကောင်းကင်မှညွှန်ကြားချက်ကို တုံ့ပြန်မည်ဖြစ်ပြီး၊ သူတို့၏ဆုံးဖြတ်ချက်ကို ကောင်းကင်အပေါ်ပြဌာန်းချက်ထုတ်မည်မဟုတ်ချေ။
“အချင်းချင်း. . .ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့”
ထိုသို့ဖြစ်လျှင်၊ တစ်ဦးနှင့်တစ်ဦးထံ အပြစ်ဝန်ချရန် လျောက်ပတ်သောအချိန်ကားအဘယ်နည်း။ လူတစ်ဦးသည် ကြီးလေးသောအပြစ် (သေးငယ်သောမှားယွင်းမှုတိုင်းမဟုတ်) တို့တွင် အသင်းတော်ရှိတာဝန်ရှိသူများထံ ဝန်ချသင့်သည်။ မကြီးလေးသည့်တိုင် အပြစ်ပြုမိသူ၏သြတ္တပ္ပစိတ်သည် သူ့အားအလွန်ဒုက္ခပေးနေလျှင် ဝန်ချရန်နှင့်ဝိညာဏအကူအညီယူခြင်းဖြင့် တန်ဖိုးများစွာရှိလေသည်။
ယင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာရေးသားသူယာကုပ်က ဤသို့ဆိုသည်။ “သင်တို့တွင်တစ်ဦးဦးသည် (ဝိညာဉ်ရေးအရ) ဖျားနာလျှင် သူသည်ချာ့ချ်အကြီးအကဲများကို အခေါ်လွှတ်သင့်သည်။ သူတို့သည် အရှင်သခင်၏နာမ၌သူ့အားဆီနှင့်လိမ်းပြီး၊ သူ့အတွက်ဆုတောင်းရမည်။ ယုံကြည်ခြင်းဆုတောင်းချက်သည် ဖျားနာသူအား ကယ်တင်မည်ဖြစ်ပြီး၊ အရှင်သခင်သည်သူ့အား တစ်ဖန်ထောက်မလိမ့်မည်။ အကယ်၍သူသည် အပြစ်တစ်ခုခုကျူးလွန်မိခဲ့သော် သူ့အားခွင့်လွှတ်တော်မူမည်။ ထို့ကြောင့်သင်တို့၏အပြစ်များကို တစ်ဦးနှင့်တစ်ဦးထံဝန်ချပြီး၊ တစ်ဦးနှင့်တစ်ဦးအတွက် ဆုတောင်းပေးကြလော့။”—ယာကုပ် ၅:၁၄-၁၆၊ JB။
ထိုစကားများထဲတွင်၊ ပုံသေ၊ ထုံးတမ်းအရ၊ နားနှင့်နာခြင်းဆိုင်ရာ အာပတ်ဖြေခြင်းအကြောင်း ဖော်ပြထားသည်ကိုမတွေ့ရချေ။ သို့အစား၊ ခရစ်ယာန်တစ်ဦးသည် ဆုမတောင်းနိုင်လောက်အောင် အပြစ်နှင့်ဝန်လေးနေသည်ဟု ခံစားရလျှင် သူသည်ခန့်အပ်ခံအကြီးအကဲများ သို့မဟုတ် အသင်းတော်ကြီးကြပ်ရေးမှူးများကို ခေါ်ပြီး၊ သူတို့သည်သူနှင့်အတူ ဆုတောင်းပါလိမ့်မည်။ သူသည်ဝိညာဉ်ရေးအရ ပြန်လည်ကောင်းလာရန်အတွက် သူတို့သည်ဘုရားနှုတ်ကပါဌ်တော်၏ဆီကိုလည်း အသုံးပြုပါလိမ့်မည်။—ဆာလံ ၁၄၁:၅။ လုကာ ၅:၃၁၊ ၃၂။ ဗျာဒိတ် ၃:၁၈ နှင့်နှိုင်းယှဉ်ရန်။
နှစ်ခြင်းဆရာယောဟန်၏ “နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကိုကျင့်” ရန် တိုက်တွန်းချက်သည်လည်း မှတ်သားဖွယ်ဖြစ်သည်။ (မဿဲ ၃:၈။ တမန်တော် ၂၆:၂၀ နှင့်နှိုင်းယှဉ်ရန်) အမှန်ပင်နောင်တရသောမှားယွင်းသူသည် သူ၏အပြစ်လမ်းစဉ်များကို စွန့်ပစ်သည်။ ရှေးဣသရေလခေတ်မှ ဒါဝိဒ်ကဲ့သို့ ဘုရားရှင်ထံမိမိ၏အပြစ်ကို ဝန်ချသောနောင်တရသည့် အပြစ်သားသည် အပြစ်လွှတ်ခြင်းခံရမည်။ ဒါဝိဒ်ကရေးသားခဲ့သည်။ “အကျွန်ုပ်သည်ကိုယ်အပြစ်ကို ရှေ့တော်၌ဝန်ချပါ၏။ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ‘ငါလွန်ကျူးသောအရာကို ထာဝရဘုရား [ယေဟောဝါ၊ NW] အားဖော်ပြတောင်းပန်မည်’ ဟုပြောဆိုသောအခါ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။”—ဆာလံ ၃၂:၅။
အာပတ်ဖြေခြင်းဆိုင်ရာ အပြစ်ဝန်ချခြင်းမျိုးသည် ထိုသို့သောအပြစ်လွှတ်ခြင်းမျိုး မရရှိနိုင်ချေ။ ဘုရားရှင်တစ်ပါးတည်းသာ ထိုသို့လွှတ်နိုင်သည်။ ကိုယ်တော်သည်လုံးဝတရားမျှတမှုကို ကြည့်မှတ်ပြီး၊ ကိုယ်တော်၏အပြစ်လွှတ်ခြင်းသည် လူသားများအပေါ် ကိုယ်တော်၏မေတ္တာကို ပြသသည်။ ကိုယ်တော်၏အပြစ်လွှတ်ခြင်းသည် ယေရှုခရစ်၏ရွေးဖိုးပူဇော်သက္ကာ အပေါ်အခြေခံသော မခံစားထိုက်သောကရုဏာတော်ကိုလည်း ထင်ရှားစေပြီး၊ ဘုရားရှေ့တော်တွင် မှားယွင်းသောလမ်းမှ လှည့်လာသောနောင်တရ အပြစ်သားများအတွက်သာ ဖြစ်လေသည်။ (ဆာလံ ၅၁:၇။ ဟေရှာယ ၁:၁၈။ ယောဟန် ၃:၁၆။ ရောမ ၃:၂၃-၂၆) ယေဟောဝါဘုရားရှင်၏ အပြစ်လွှတ်ခံရသူများသာ ထာဝရအသက်ရရှိမည်။ ထိုသို့သောအပြစ်လွှတ်ခြင်းခံရရန်လည်း ကျွန်ုပ်တို့သည် အပြစ်ဝန်ချအာပတ်ဖြေခြင်းကို လူ့နည်းလမ်းအတိုင်းမဟုတ်ဘဲ ဘုရားရှင်နည်းလမ်းအတိုင်းပြုလုပ်ရပေမည်။
[အောက်ခြေမှတ်ချက်များ]
a ဆန့်ကျင်ဘက်အနေနှင့်မာကု ၃:၂၉။ ၁ ကောရိန္သု ၆:၉၊ ၁၀။ ဟေဗြဲ ၆:၄-၆။ ၁၀:၂၆ ကိုကြည့်ပါ။ ဤကျမ်းချက်များတွင် ဘုရားသခင်လုံးဝခွင့်မလွှတ်သော အပြစ်များကို သမ္မာကျမ်းစာရေးသားသူများကပြောထားသည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ဒါဝိဒ်သည် အပြစ်လွှတ်ခဲ့သော ယေဟောဝါထံ အပြစ်ဝန်ချသည်။