ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ယေရှုအသက်ရှင်တော်မူသည်
ယေရှု၏သင်္ချိုင်းဂူ ဟင်းလင်းဖြစ်နေသည်ကို မိန်းမများတွေ့သောအခါ မာဂဒလမာရိသည် ပေတရုနှင့်ယောဟန်ထံ ပြောကြားရန် ပြေးလေ၏။ သို့သော်အခြားသောမိန်းမတို့သည် သင်္ချိုင်းဂူ၌ ကျန်ရစ်ခဲ့ကြသည်။ မကြာမီကောင်းကင်တမန်တစ်ပါးပေါ်လာ၍ သူတို့အားအတွင်းသို့ ခေါ်၏။
ဤတွင်မိန်းမတို့သည် အခြားသောကောင်းကင်တမန်တစ်ပါးကိုလည်း တွေ့ကြ၏။ ကောင်းကင်တမန်တစ်ပါးက “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောယေရှုကို သင်တို့ရှာကြသည်ကိုငါသိ၏။ ဤအရပ်၌မရှိ။ မိန့်တော်မူသည့်အတိုင်း ထမြောက်တော်မူပြီ။ လာကြ။ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။ အလျင်အမြန်သွား၍ သေခြင်းမှထမြောက်တော်မူကြောင်းကို တပည့်တော်တို့အား ပြောကြလော့” ဟုထိုမိန်းမတို့အားဆို၏။ ထိုမိန်းမတို့သည်လည်း ကြောက်ရွံ့မှု၊ အလွန်ဝမ်းမြောက်မှုတို့ဖြင့် ပြေးသွားကြ၏။
ထိုအချိန်တွင် မာရိသည် ပေတရုနှင့်ယောဟန်တို့ကိုတွေ့၍ “သင်္ချိုင်းတော်မှသခင်ကို ယူသွားကြပြီ။ အဘယ်မှာထားသည်ကိုမသိ” ဟုသတင်းကြားပြော၏။ ချက်ချင်းတမန်တော်နှစ်ပါးသည် အပြေးထွက်သွားကြ၏။ ငယ်ရွယ်သူဖြစ်သည့်အလျောက် ယောဟန်သည်လျင်မြန်ပေါ့ပါးပြီး သင်္ချိုင်းဂူရှိရာသို့ အလျင်ရောက်လာသည်။ ထိုအချိန်တွင်မိန်းမများ ထွက်သွားကြပြီဖြစ်ရာ အနီးအနားတွင်တစ်ယောက်မျှ မရှိတော့ပေ။ ယောဟန်သည်ရပ်တန့်ပြီး သင်္ချိုင်းဂူထဲသို့ စေ့စေ့ကြည့်ရာ ကျပ်စည်းအဝတ်များကိုတွေ့၏။ သို့တိုင်သင်္ချိုင်းဂူ အပြင်ဘက်တွင်သာရပ်နေသည်။
ပေတရုရောက်လာသောအခါ ရပ်ဆိုင်းမနေဘဲ ချက်ချင်းအတွင်းသို့ ဝင်သည်။ ကျပ်စည်းအဝတ်များနှင့် သခင်ယေရှု၏ဦးခေါင်းကို ပတ်ရစ်ရန်အသုံးပြုသော အဝတ်များလည်းရှိနေသည်ကို သူမြင်သည်။ ယင်းတို့သည်တစ်နေရာတွင် လိပ်လျက်သားရှိနေသည်။ သင်္ချိုင်းဂူထဲသို့ ယောဟန်လည်းဝင်လာပြီး မာရိ၏ကြားပြောချက်ကိုယုံသည်။ သို့တိုင်ကိုယ်တော်ရှင်ပြန်ထမြောက်မည်ဖြစ်ကြောင်း ကိုယ်တော်မကြာခဏပြောခဲ့ဖူးသော်လည်း ပေတရုနှင့်ယောဟန်နှစ်ဦးစလုံး သခင်ယေရှုရှင်ပြန်ထမြောက်သွားပြီကို သဘောမပေါက်ကြပေ။ စိတ်ရှုပ်ထွေးလျက် နှစ်ဦးစလုံးအိမ်ပြန်သွားကြသော်လည်း ဂူရှိရာသို့ပြန်လာသောမာရိမူ ကျန်ရစ်လေသည်။
ထိုအချိန်အတွင်း၊ အခြားသောမိန်းမတို့သည် ကောင်းကင်တမန်များမိန့်မှာချက်အတိုင်း ယေရှုထမြောက်ပြီဟူသောသတင်းကို တပည့်တော်များအား ကြားပြောရန် သုတ်ခြေတင်ကြ၏။ မြန်နိုင်သမျှမြန်မြန်ပြေးသွားကြစဉ် ယေရှုသူတို့နှင့်တွေ့ဆုံပြီး “မင်္ဂလာဖြစ်စေသတည်း” ဟုမိန့်ဆိုသည်။ ထိုမိန်းမတို့သည် ခြေတော်ရင်း၌ပျပ်ဝပ်၍ အရိုအသေပြုကြ၏။ သခင်ယေရှုက “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွားကြလော့။ ငါ့ညီတို့သည် ဂါလိလဲပြည်သို့သွားစေခြင်းငှာ ဤသတင်းစကားကို ကြားပြောကြလော့။ ထိုပြည်၌သူတို့သည် ငါ့ကိုတွေ့မြင်ရကြလိမ့်မည်” ဟုမိန့်တော်မူ၏။
စောစောပိုင်းတွင်၊ မြေငလျင်လှုပ်၍ ကောင်းကင်တမန်များပေါ်လာစဉ် အစောင့်စစ်သားများသည်မိန်းမောကာ လူသေပမာဖြစ်ခဲ့သည်။ သတိပြန်ရသောအခါ၊ သူတို့သည်ချက်ချင်းပင် မြို့တွင်းသို့ဝင်၍ ယဇ်ပုရောဟိတ်ကြီးများအား ဖြစ်ပျက်ခဲ့ပုံကို ပြောကြား၏။ ဂျူးလူမျိုး “အကြီးအကဲ” တို့နှင့်တိုင်ပင်ပြီးနောက် စစ်သားများကို လာဘ်ထိုးခြင်းဖြင့် ယင်းဖြစ်ရပ်ကိုဖုံးဖိရန် ကြိုးစားကြသည်။ သူတို့အား “ ‘ညအခါငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏တပည့်တို့သည်လာ၍ အလောင်းကိုခိုးသွားကြသည်’ ဟုသင်တို့ပြောကြလော့” ဟုညွှန်ကြားခဲ့သည်။
ရောမစစ်သားများတာဝန်ကျစဉ် အိပ်ပျော်သွားလျှင် သေဒဏ်ချမှတ်ခံရဖွယ်ရှိသောကြောင့် ယဇ်ပုရောဟိတ်များက “ထို့ကြောင့် (သင်တို့အိပ်ပျော်သည့်သတင်းကို) မြို့ဝန်မင်းကြားပြောလျှင် ငါတို့သည်သူ့ကိုဖျောင်းဖျ၍ သင်တို့၌အမှုမရှိစေခြင်းငှာပြုမည်” ဟုကတိပြုလေသည်။ လာဘ်ထိုးသည့်ငွေပမာဏမှာ ကျေနပ်ဖွယ်ဖြစ်သောကြောင့် စစ်သားများသည် ညွှန်ကြားထားသည့်အတိုင်း လုပ်ဆောင်ကြ၏။ ရလဒ်မှာ၊ ယေရှုအလောင်းအခိုးခံရသည့် သတင်းမှားသည် ဂျူးများအတွင်း ပျံ့နှံ့သွားသည်။
သင်္ချိုင်းဂူတွင်ကျန်ရစ်သော မာဂဒလမာရိသည် ကြေကွဲလျက်ရှိသည်။ ယေရှုအဘယ်မှာ ရှိနိုင်သနည်း။ ဂူအတွင်းသို့ကြည့်ရန် ရှေ့သို့ကိုင်းလိုက်သောအခါ၊ ပြန်ပေါ်လာသော ဝတ်ရုံအဖြူဝတ် ကောင်းကင်တမန်နှစ်ပါးကို တွေ့လေ၏။ ယေရှု၏အလောင်းတော်ထားရာ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်နေကြသည်။ သူတို့က “အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း” ဟုမေးမြန်းကြသည်။
မာရိက “ကျွန်မသခင်ကိုယူသွားကြပြီ၊ အဘယ်မှာထားသည်ကိုမသိပါ” ဟုဖြေသည်။ သို့နှင့်သူမလှည့်လိုက်သောအခါ “အချင်းမိန်းမ၊ အဘယ်ကြောင့်ငိုကြွေးသနည်း” ဟူသောမေးခွန်းကို ထပ်၍မေးသူတစ်ဦးအား တွေ့လေသည်။ ထိုသူက “အဘယ်သူကိုရှာသနည်း” ဟုလည်းမေးလေသည်။
ထိုသူကိုဂူရှိရာဥယျာဉ်၏အစောင့်ဟု ယူမှတ်သောကြောင့် သူမက “သင်သည်သူ့ကိုဆောင်သွားသည်မှန်လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မယူသွားပါမည်အရှင်” ဟုသူ့အားဆို၏။
“မာရိ” ဟုထိုသူက ဆိုလိုက်သည်။ အကျွမ်းဝင်သောလေသံဖြင့် ပြောခြင်းကြောင့် ထိုသူသည်ယေရှုဖြစ်ကြောင်း သူမချက်ချင်းသိလေသည်။ “ရဗ္ဗုနီ” (အဓိပ္ပာယ်မှာ၊ “ဆရာ”) ဟုသူမဟစ်ကြွေးလေသည်။ အတိုင်းမသိဝမ်းမြောက်လှသောကြောင့် ကိုယ်တော်အား သူမဆုပ်ကိုင်လိုက်သည်။ သို့သော်ယေရှုက “ငါ့ကိုမဘက်နှင့်ဦး။ ငါသည်ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ရှိရာသို့သွားလော့။ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့” ဟုသူမအား မိန့်တော်မူ၏။
မာရိသည်တမန်တော်များနှင့် တပည့်တော်များ စုဝေးရာနေရာသို့ ပြေးလေ၏။ ထမြောက်ပြီးယေရှုကိုမြင်တွေ့ခဲ့သော အခြားမိန်းမများ၏ သတင်းပေးချက်အပေါ် သူမ၏ကြုံခဲ့ရပုံကို ထပ်ဆင့်လိုက်သည်။ သို့ပင်ငြားလည်း၊ ဦးစွာပြောကြားသော မိန်းမများကိုမယုံသည့် ဤသူများသည် မာရိကိုလည်းမယုံကြည်ကြချေ။ မဿဲ ၂၈:၃–၁၅။ မာကု ၁၆:၅–၈။ လုကာ ၂၄:၄–၁၂။ ယောဟန် ၂၀:၂–၁၈။
◆ သင်္ချိုင်းဂူဟင်းလင်းဖြစ်နေသည်ကို တွေ့ပြီးနောက်မာဂဒလမာရိ ဘာလုပ်သနည်း။ အခြားမိန်းမများ ဘာတွေ့ကြုံကြသနည်း။
◆ ပေတရုနှင့်ယောဟန်သည် ဂူဟင်းလင်းဖြစ်နေသည်ကို တွေ့ရှိသောအခါ မည်သို့တုံ့ပြန်သနည်း။
◆ အခြားသောမိန်းမများသည် ယေရှု၏ထမြောက်ခြင်းကို တပည့်တော်များအား ကြားပြောရန်သွားစဉ် ဘာကြုံရသနည်း။
◆ အစောင့်စစ်သားများဘာဖြစ်သနည်း။ ယဇ်ပုရောဟိတ်တို့ထံ သူတို့သတင်းပို့ရာ၌ တုံ့ပြန်မှုကားမည်သို့နည်း။
◆ ဂူတွင်မာဂဒလမာရိ တစ်ဦးတည်းရှိစဉ် ဘာဖြစ်ပျက်ခဲ့သနည်း။ မိန်းမတို့၏သတင်းကြားပြောမှုကို တပည့်တော်များမည်သို့ တုံ့ပြန်ကြသနည်း။