ဘုရားသခင်နိုင်ငံတော် ကြွေးကြော်သူများ မှတ်တမ်း
သူမဖတ်ပြသည့်ကျမ်းချက်တိုင်းသည် ကျွန်မနှလုံးသားကို ထိမိစေသည်
“ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း” နှင့်ပြည့်စုံကြောင်း တမန်တော်ပေါလုဆိုသည်။ (ဟေဗြဲ ၄:၁၂) ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးတစ်ယောက်၏ဘဝ၌ ဤအချက်မှန်ကန်ကြောင်းတွေ့ရှိရသည်။ သူမ၏ဇာတ်လမ်းမှာ အောက်ပါအတိုင်းဖြစ်သည်။
“တကယ်လို့ကျွန်မသာ ဗီယက်နမ်နိုင်ငံမှာဆက်ပြီးရှိနေမယ်ဆိုယင် သမ္မာတရားကိုသင်ကြားနိုင်မယ့်အခွင့်အရေး သိပ်နည်းခဲ့မှာပါ။ တောင်ဗီယက်နမ်တစ်ဝန်းလုံးမှာ နိုင်ငံရေးအုံကြွမှုကြီးဖြစ်ပွားလာတဲ့အချိန်မှာ ကျွန်မကြီးပြင်းလာတာဖြစ်ပြီး ဆေးဂုံမြို့နဲ့ အတော်အလှမ်းဝေးတဲ့မြို့တစ်မြို့မှာနေထိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဩစတြေးလျကိုထွက်ပြေးနိုင်တဲ့အခွင့်ရရှိခဲ့တာပေါ့။
ကျွန်မဟာလှေနဲ့ထွက်ပြေးကြတဲ့ အကြောင်းသင့်သူတွေထဲမှာ တစ်ယောက်ပါဝင်ပါတယ်။ နှစ်လသားရင်သွေးလေးကို ရင်ခွင်မှာပိုက်ပြီး ညဘက်မှာငါးဖမ်းလှေကလေးဆီကို အရောက်ပြေးခဲ့ရပါတယ်။ ပင်လယ်ထဲမှာ ခုနစ်ရက်ကြာပြီးနောက် မလေးရှားနိုင်ငံကိုရောက်ခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံကိုရောက်မလာခင် မလေးရှားနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုမှာ လအနည်းငယ်ကြာအောင်နေခဲ့ရပါတယ်။
“ဩစတြေးလျနိုင်ငံမှာနေလို့ နှစ်နှစ်ခွဲကြာပြီးနောက် ယေဟောဝါသက်သေများ တစ်အိမ်တက်ဆင်းအမှုဆောင်နေချိန်မှာ သူတို့နဲ့ကျွန်မအဆက်အသွယ်ရလာပါတယ်။ သူတို့နဲ့တွေ့တွေ့ချင်းပဲ မှန်မှန်ကျမ်းစာသင်အံမှုကို ကျွန်မလက်ခံလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာအင်္ဂလိပ်စာသင်ဖို့အခွင့်အရေးကောင်းပဲလို့ ယူဆလို့ပါပဲ။ ဒါပေမယ့် ကျွန်မကိုတွေ့ခဲ့တဲ့သက်သေခံရဲ့အကျင့်နဲ့ သူမသင်ပေးတဲ့သမ္မာတရားတွေကို ကျွန်မသိပ်သဘောကျသွားတယ်။ သူမ ဖတ်ပြတဲ့ကျမ်းချက်တိုင်းဟာ ကျွန်မနှလုံးကိုထိမိသွားစေပါတယ်။ ပြီးတော့ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ဟန်ဆောင်မှု၊ အရေခြုံမှုတွေကိုလည်းမတွေ့ရဘူး။ တစ်နှစ်ခွဲကြာ ကျမ်းစာသင်ပြီးနောက် ကျွန်မအသက်တာကိုကျွန်မ ယေဟောဝါထံအပ်နှံလိုက်ပြီး နှစ်ခြင်းခံခဲ့ပါတယ်။
“သမ္မာတရားဟာ ကျွန်မရဲ့ဘဝအမြင်တစ်ခုလုံးကို ပြောင်းလဲစေခဲ့တယ်ဆိုတာကို ကျွန်မဝန်ခံရမှာပါ။ ကျွန်မရဲ့ခင်ပွန်းဟာ မယုံကြည်သူဖြစ်ပေမယ့် ကျွန်မနဲ့ကျွန်မရဲ့မိသားစုကလေးကို ယေဟောဝါမစထောက်ပံ့ပေးခဲ့တယ်။ ကိုယ်တော်ဟာ ကျွန်မကို မယားကောင်း၊ မိခင်ကောင်းဖြစ်လာအောင် သွန်သင်ပေးခဲ့တဲ့ ကြီးမြတ်တဲ့ဆရာဖြစ်ခဲ့ပါတယ်။ ကျွန်မကို ဝိညာဏမှောင်မိုက်ထဲကနေပြီး ကျမ်းစာသမ္မာတရားအလင်းထဲကို ရောက်လာအောင် ကူမပေးမှုအတွက် ယေဟောဝါကို ကျေးဇူးတင်လို့မဆုံးပါဘူး။”
မှန်ပါသည်။ ဘုရားသခင့်နှုတ်ကပါဌ်တရားတော်သည် ဤကိစ္စ၌ ကောင်းမှုပြုလုပ်ရန် တန်ခိုးအရှိန်သက်ရောက်ခဲ့ပေသည်။ သမ္မာကျမ်းစာကိုလေ့လာ၍ သိရှိသမျှကိုကျင့်သုံးလျှင် ဘဝ၌အနှစ်သာရနှင့်ရည်မှန်းချက်ပြည့်ဝစေသည့်ပြင် ဘုရားသခင်ကမ္ဘာသစ်တွင် ထာဝရအသက်ကိုပင် ရရှိစေနိုင်သည်။ မောရှေအား ဘုရားသခင်မှုတ်သွင်းတော်မူခဲ့သည်အတိုင်း “ဤတရားသည် အကျိုးမဲ့ဖြစ်သည်မဟုတ်။ သင်တို့အသက်ရှင်ရာရှင်ကြောင်းဖြစ်သည်။”—တရားဟောရာ ၃၂:၄၇၊ သမ။