သမ္မာကျမ်းစာ—ဘုရားသခင်ထံတော်မှလော
အကန့်အသတ်မရှိတန်ခိုးအာဏာတော်ရှင် ယေဟောဝါဘုရားသခင်သည် ကိုယ်တော်အလိုရှိတော်မူသည့် မည်သည့်နည်းဖြင့်မဆို လူသားတို့နှင့်အမှန်ပင်ဆက်သွယ်ပိုင်ခွင့်ရှိ၏။ မှတ်တမ်းတင်နှုတ်ကပါဌ်တော်ဖြင့် အဆက်အသွယ်ပြုလိုတော်မူလျှင် နှစ်ပရိစ္ဆေဒတစ်လျှောက် ကိုယ်တော်၏သတင်းလွှာကိုသိမ်းဆည်းသိုမှီးပေးတော်မူပါလိမ့်မည်။ သမ္မာကျမ်းစာကို ဤသို့ပင်သိမ်းဆည်းထားတော်မူပြီလော။
သမ္မာကျမ်းစာကိုစတင်ရေးသားချိန် ခရစ်တော်မတိုင်မီ နှစ်ပေါင်း ၁၅၀၀ ခန့်က အခြားဘာသာရေးစာပေ အမြောက်အမြားရှိသည်။ သို့ရာတွင် ယင်းတို့အားလုံးသည် သုံးလေ့မရှိတော့ဘဲ နောက်ဆုံးပျောက်ကွယ်သွားလေသည်။ ယင်းတို့အနက်အချို့ကို ရှေးဟောင်းသုတေသနပညာရှင်များက တူးဖေါ်ရရှိခဲ့ပြီဖြစ်၍ ပြတိုက်များတွင် ယခုရှေးဟောင်းလက်ရာများအဖြစ်ပြထားသည်။ တစ်ဖက်ကကြည့်ပြန်လျှင် ရှေးနှစ်ပေါင်း ၃၀၀၀ ကျော်ကရေးသားခဲ့သော သမ္မာကျမ်းစာအဝင် ကျမ်းပိုဒ်များကို မေ့ပျောက်ခြင်းမရှိဘဲ ကျွန်ုပ်တို့ခေတ်တိုင်အောင် မိတ္တူစာစောင်များရှိဆဲဖြစ်သည်။ သမိုင်းတစ်လျှောက် သမ္မာကျမ်းစာတော်ကို အထူးသဖြင့် ဆန့်ကျင်တိုက်လှန်ခဲ့ခြင်းကို ထောက်ကြည့်လျှင် ယင်းကားထူးခြားလှသည်။ အခြားမည်သည့်စာစောင်မျှ ဤမျှတိုင်ရက်စက်ကြမ်းကြုတ်စွာ ဆန့်ကျင်ဘက်ပြု၊ အမုန်းမခံခဲ့ရပါ။ သမ္မာကျမ်းစာကိုဖတ်ရှုခြင်း၊ ဖြန့်ဝေခြင်းအတွက် ဒဏ်စီရင်ခံခဲ့ရ၏။ ထောင်ချခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနှင့်သေခြင်းပင်ခံခဲ့ရသည်။
ဤကဲ့သို့သောအခြေအနေမျိုးတွင် စာအုပ်တစ်အုပ်မျှသာဖြစ်သောအရာသည် မည်သို့ရပ်တည်လျက်ရှိနေနိုင်သနည်း။ သမ္မာကျမ်းစာကိုယ်နှိုက်က ဖြေဆိုပေးသည်။ “ထာဝရဘုရား [ယေဟောဝါ၊ NW ] ၏နှုတ်ကပါဌ်တရားမူကား ကာလအစဉ်အမြဲတည်၏။” (၁ ပေတရု ၁:၂၅) သမ္မာကျမ်းစာတည်မြဲတည်ခြင်းနှင့်ဖျက်ဆီး၍မရခြင်းက ယင်းသည် ဘုရားသခင်၏သန့်ရှင်းသောနှုတ်ကပါဌ်တော်ဖြစ်ကြောင်း သတ်မှတ်ပေးရန် အထောက်အကူပြုသည်။
ထို့ပြင် လူသားအတွက်ဘုရားသခင်၏သတင်းတရားသည် ကမ္ဘာချီပျံ့နှံ့ရမည်ဟူ၍လည်း ကျွန်ုပ်တို့မျှော်လင့်ထားသင့်သည်။ သမ္မာကျမ်းစာသည် ထိုသို့ပင်ဖြစ်သည်မဟုတ်လော။ အမှန်ပင်ဖြစ်ပေသည်။ သမိုင်းတစ်လျှောက် မည်သည့်စာအုပ်မျှ အနှံ့အပြားရှိခြင်းကိစ္စတွင် သမ္မာကျမ်းကိုမမီနိုင်ပါ။ သမ္မာကျမ်းစာကို ၃,၀၀၀,၀၀၀,၀၀၀ အထိဖြန့်ချီထားသည်ဟု ခန့်မှန်းခဲ့ပြီ။ ၄င်းပြင် မည်သည့်စာစောင်ကိုမျှ ဘာသာစကားပေါင်း ဤမျှတိုင် ဘာသာပြန်ဆိုထားခြင်းမရှိချေ။ ယနေ့ဆိုလျှင် ကျမ်းတစ်အုပ်လုံးအနေနှင့်ဖြစ်စေ၊ အပိုင်းအစအနေနှင့်ဖြစ်စေ ဘာသာစကားပေါင်း ၁,၉၀၀ ကျော်ဖြင့် ဖတ်ရှုနိုင်ပေပြီ။ ကမ္ဘာ့လူဦးရေ ၉၈ ရာခိုင်နှုန်းသည် ယင်းကိုရနိုင်ကြောင်း အမေရိကန်ကျမ်းစာအသင်းကတင်ပြထားသည်။ The New Encyclopœdia Britannica ကသမ္မာကျမ်းစာကို “လူ့သမိုင်းတွင် ဩဇာအညောင်းနိုင်ဆုံးသောစာစောင်ဖြစ်ပေမည်” ဟုခေါ်ဆိုထားသည်။ ယင်းကြောင့် ကမ္ဘာပေါ်အကြီးမြတ်ဆုံးစာအုပ်ဟူ၍ ယင်းကိုဖေါ်ပြခြင်းကား ရောင့်တက်၍ပြောခြင်းဟုမဆိုနိုင်ပါ။
သမ္မာကျမ်းစာအစမှအဆုံး အတွင်းသဘောညီညွတ်မှုကိုထောက်ရှုသော် ယင်းသည် ဘုရားသခင်၏မှုတ်သွင်းခြင်းအားဖြင့်ဖြစ်ကြောင်း ပိုင်နိုင်သောသက်သေသာဓကပင်ဖြစ်နေပေပြီ။ နှစ်ပေါင်း ၁,၆၀၀ ကျော်အတွင်း လူပေါင်း ၄၀ ၏အရေးအသားများသည် ရှေ့နောက်ညီညွတ်ပြီး အဓိကသဘောတစ်မျိုးတည်းရှိနေရန် မျှော်လင့်ခြင်းသည် ယုတ္တိရှိနိုင်ပါမည်လော။ မတော်တဆသာဖြစ်နေမည်၊ သို့မဟုတ် လူ့ညွှန်ကြားမှုအရသာဆိုလျှင် ယင်းသည်လုံးဝဖြစ်နိုင်မည်မဟုတ်။ သို့ဖြစ်၍ပင် အခြားမည်သည့်စာပေများထက်မဆို သမ္မာကျမ်းစာသည် အဆင့်အတန်းမြင့်မားကြောင်း ကျမ်းစာကိုယ်နှိုက်ကသက်သေထူသည်။ လူထက်သာလွန်၍ သက်တမ်းပိုရှည်သော ဉာဏ်ကြီးရှင်သာလျှင်ဤမျှထူးကဲသောထုတ်လုပ်မှုကို ဖြစ်ထွန်းစေနိုင်ပါလိမ့်မည်။
သမိုင်းမျှမဟုတ်
သမ္မာကျမ်းစာ၏သမိုင်းဝင်အဖြစ်အပျက်များသည် ထူးခြားလှသည်။ သို့သော် သမိုင်းဝင်အချက်အလက်များသာဖြစ်သော ဘုရားသခင်ထံမှသတင်းတရားဆိုလျှင် ကျွန်ုပ်တို့အတွက် အကန့်အသတ်တန်ဖိုးသာရှိမည်ဖြစ်သည်။ လမ်းပြညွှန်ကြားမှုနှင့်လက်တွေ့ကျဉာဏ်ပညာကို ကျွန်ုပ်တို့လိုအပ်နေပါ၏။ ယင်းတို့ကို သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်သည်။ ဥပမာ၊ သမ္မာကျမ်းစာက “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” တို့ကိုမွေးမြူရန် အားပေးတိုက်တွန်းထားသည်။ ယင်းအကြောင်းတို့ကို ကျမ်းစာတစ်လျှောက် များစွာရေးသားဖေါ်ပြထား၏။ (ဂလာတိ ၅:၂၂၊ ၂၃။ ကောလောသဲ ၃:၁၂-၁၄) သမ္မာကျမ်းစာက ဝီရိယစိုက်ထုတ်မှု၊ သန့်ရှင်းစင်ကြယ်မှု၊ ရိုးသားဖြောင့်မတ်ခြင်း၊ အိမ်ထောင်ဖက်ချင်းသစ္စာရှိမှု၊ လူလူချင်းကိုလေးစား၍မေတ္တာထားခြင်းတို့ကို ထောက်ခံအားပေးထား၍ အိမ်တွင်းနှင့်ရပ်ကွက်တွင် ပြုမူဆက်ဆံပုံနှင့်ပတ်သက်သည့်အကြံပေးချက် များစွာပါရှိသည်။
သမ္မာကျမ်းစာသြဝါဒကိုကျင့်သုံးသည့်အခါ အမှန်တကယ်အကျိုးရှိကြောင်း ထင်ရှားလှသည်။ အသိဉာဏ်ကင်းမဲ့ခြင်းနှင့်အယူသည်းမှုမှ ကျွန်ုပ်တို့အားလွတ်မြောက်စေသည်။ (ယောဟန် ၈:၃၂) ၄င်း၏လက်တွေ့ကျဉာဏ်ပညာသည် ပြိုင်ဘက်မရှိပါ။ ၄င်း၌ မြင့်မြတ်သောဉာဏ်ပညာအမှန်တကယ်ပါရှိကြောင်း မယုံနိုင်စရာအကြောင်းမရှိ။
“ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း” အစွမ်းရှိသည်ဟူသောအဆိုသည် လူအသီးသီးကို သမ္မာကျမ်းစာကပြုပြင်ပြောင်းလဲစေပုံနှင့် လုံးဝကိုက်ညီပါသည်။ (ဟေဗြဲ ၄:၁၂) ယနေ့လူသန်းပေါင်းများစွာတို့သည် သမ္မာကျမ်းစာစံချိန်များကို နှလုံးပိုက်ကျုံးခြင်းအားဖြင့် ဥပဒ်ပေးသောကိုယ်ပိုင်အကျင့်များကို အနိုင်ယူထိန်းချုပ်ပြီး ပျက်စီးယိုယွင်းသောလက်ဦးဘဝလမ်းစဉ်ကို ပြုပြင်ပြောင်းလဲခဲ့ပြီ။—ဧဖက် ၄:၂၂။
သမ္မာကျမ်းစာစံချိန်များကို ဥပေက္ခာပြုလျှင် မည်သို့ဖြစ်ပျက်သနည်း။ ရလဒ်ကား စိတ်ဆင်းရဲခြင်းနှင့်ဒုက္ခဝေဒနာ၊ စစ်မှု၊ ဆင်းရဲနွမ်းပါးခြင်း၊ လိင်ဆက်ဆံ၍ ရောဂါကူးစက်ခြင်းနှင့်အိမ်ထောင်ပျက်ပြားခြင်းတို့ဖြစ်သည်။ သန့်ရှင်းသောသမ္မာကျမ်းစာပါ မြင့်မြတ်သောဉာဏ်ပညာကို လျစ်လျူရှုအမှုမထားလျှင် ဤသို့သာဖြစ်ရန်မျှော်လင့်နိုင်ပေသည်။
လူသားမတတ်နိုင်သည့် အနာဂတ်ကြိုတင်ဟောပြောခြင်းကို သမ္မာကျမ်းစာကကြိုပြောထားသည်။ ဗာဗုလုန်မှစ၍ ကျွန်ုပ်တို့ခေတ်တိုင်အောင် ရာစုတစ်လျှောက် ကြီးစိုးသောကမ္ဘာ့အာဏာစက်များကို သမ္မာကျမ်းစာ၌ကြေညာထားသည်။ (ဒံယေလ အခန်းကြီး ၂၊ ၇၊ ၈) ထို့ပြင် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကတည်းက ဤနှစ်ဆယ်ရာစု၏ကမ္ဘာ့အခြေအနေများကို သမ္မာကျမ်းစာတွင် တိကျမှန်ကန်စွာဖေါ်ပြထားသည်။ (မဿဲ အခန်းကြီး ၂၄၊ ၂၅။ မာကု အခန်းကြီး ၁၃။ လုကာ အခန်းကြီး ၂၁။ ၂ တိမောသေ ၃:၁-၅။ ၂ ပေတရု ၃:၃၊ ၄။ ဗျာဒိတ် ၆:၁-၈) ပြည့်စုံခဲ့သောကျမ်းစာပရောဖက်ပြုချက်များစာရင်းက ၄င်းစာမျက်နှာများတွင်ဖေါ်ပြထားသော သာယာပျော်ရွှင်သောအနာဂတ်အတွက် အလားအလာတို့သည် ဖြစ်မြောက်အောင်မြင်နိုင်စရာအကြောင်းရှိကြောင်း အာမခံချက်ဖြစ်ပေသည်။
ကျွန်ုပ်တို့တာဝန်
ဤအရာအလုံးစုံတို့ကား လူသားနှင့်ဘုရားသခင် အမှန်တကယ်ဆက်သွယ်ခဲ့ကြောင်း မကုန်မခမ်းနိုင်သောသာဓကများဖြစ်သည်။ မှန်ပေသည်။ မစုံလင်သောလူသားများကို ဘုရားသခင်အသုံးပြုကာ ကိုယ်တော်၏သတင်းတရားကို မှတ်တမ်းတင်ရေးသားစေတော်မူသည်။ သို့သော် ဤသို့မှတ်တမ်းတင်ခြင်းကြောင့် ဘုရားသခင်ထံမှသတင်းကို နှုတ်ဖြင့်တစ်ဆင့်ကြားပြောခြင်း၊ ကောင်းကင်တမန်များက တစ်ဆင့်ကြေညာပေးခြင်း၊ ကောင်းကင်တွင် အံ့ဖွယ်နည်းဖြင့်ရေးသားပြီး မြေကြီးပေါ်ရှိလူသားတို့အား ကိုယ်တိုင်ကမ်းလှမ်းပေးခြင်းမဟုတ်သည့်အတွက် ကျမ်းစစ်ကျမ်းမှန်မဖြစ်ဟူ၍ ယူမှတ်စရာအကြောင်းမရှိပါ။
သို့ရာတွင် သမ္မာကျမ်းစာသည် သန့်ရှင်းသည်၊ မြင့်မြတ်သောဇာစ်မြစ်မှဖြစ်သည်ဟု အသိအမှတ်ပြုခြင်းကား ကျွန်ုပ်တို့အပေါ် တာဝန်သက်ရောက်စေသည်။ ယေဟောဝါသည် ကိုယ်တော်၏နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့အား မှန်မှန်ဖတ်ရှုစေလိုတော်မူသည်။ (ဆာလံ ၁:၁၊ ၂) အကျိုးဖြစ်ထွန်းသောကျမ်းစာဖတ်ရှုခြင်းကား စိတ်သဘောထားမှန်ဖို့လိုအပ်ပေသည်။ စာပေစာတမ်းတစ်ခုမျှသာဟူ၍သဘောထားမျိုးဖြင့် သမ္မာကျမ်းစာကိုမဖတ်ရှုနိုင်ကြောင်း သတိပြုရမည်။ ယင်းကို ‘လူ၏နှုတ်ထွက်စကားအဖြစ်မခံမယူဘဲ ဘုရားသခင်၏နှုတ်ကပါဌ်တော်အမှန်ဖြစ်သည်’ ဟူ၍သဘောထားရန်လိုသည်။—၁ သက်သာလောနိတ် ၂:၁၃။
သမ္မာကျမ်းစာပါအကြောင်းအချို့သည် နားလည်ရခဲယဉ်းပေမည်။ သို့သော် မကြာခဏဖတ်ရှုခြင်းအားဖြင့် သဘောပေါက်နားလည်မှုတိုးပွားလာပြီး ဘုရားသခင်၏အလိုတော်နှင့် ကိုယ်တော်ရည်ရွယ်ချက်များကို ပြည့်ဝစုံလင်စွာတိုးသိနားလည်လာမည်။ (ဟေဗြဲ ၅:၁၄) သမ္မာကျမ်းစာသည် ဘုရားသခင်၏သန့်ရှင်းသောနှုတ်ကပါဌ်တော်အမှန်ဖြစ်သည်ဟု သင်အသေအချာစိတ်မချသေးဘဲဖြစ်နေမည်။ သို့သော် ၄င်းကိုသင်မလေ့လာရသေးလျှင် သမ္မာကျမ်းစာကို ယုံကြည်စိတ်ချနိုင်သည်၊ သို့မဟုတ်မယုံနိုင်ဟူ၍ မည်သို့ကောက်ချက်ချမည်နည်း။
သမ္မာကျမ်းစာ၏မြင့်မြတ်သောမူလအစနှင့်ပတ်သက်၍ ယနေ့မယုံသင်္ကာမှုများသော်လည်း သန့်ရှင်းသောသမ္မာကျမ်းကို အသေအချာစိစစ်လေ့လာရာမှ စဉ်းစားဆင်ခြင်သူအမြောက်အမြားတို့သည် တမန်တော်ပေါလုနည်းတူ “လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း ဘုရားသခင်၏သစ္စာတော်တည်စေသတည်း” ဟူ၍ကြွေးကြော်နေကြပေပြီ။—ရောမ ၃:၄။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အခြားဘာသာရေးစာပေများ ပြတိုက်၏ရှေးဟောင်းလက်ရာများဖြစ်ခဲ့ငြား သမ္မာကျမ်းစာသည်တည်မြဲတည်ရှိနေ
အထက်ပုံ။ ရေလွှမ်းမိုးဘေးကို အာရှုရိတို့ဖေါ်ပြပုံ
လက်ယာပုံ။ အီဂျစ်ဘုရား ရာ (Ra) ထံဆုတောင်းချက်များ
[Credit Line]
Both: Courtesy of the Trustees of The British Museum
[စာမျက်နှာ ၄ ပါ ဇယား]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ယခုကမ္ဘာ့လူဦးရေ ၉၈ ရာခိုင်နှုန်းသည် သမ္မာကျမ်းစာကို လွယ်ကူစွာရနိုင်
သမ္မာကျမ်းစာကို ၃,၀၀၀,၀၀၀,၀၀၀ အထိဖြန့်ချီထားသည်ဟု ခန့်မှန်းချက်နှင့် သမိုင်းတွင် မည်သည့်စာအုပ်မျှကျမ်းကိုမမီနိုင်
The New Encyclopœdia Britannica ကသမ္မာကျမ်းစာကို “လူ့သမိုင်းတွင် ဩဇာအညောင်းနိုင်ဆုံးသောစာစောင်ဖြစ်ပေမည်” ဟုခေါ်ဆိုထား
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
နှစ်ပေါင်း ၁၆၀၀ ကျော်အတွင်း လူပေါင်း ၄၀ ရေးသားခဲ့သည့် သမ္မာကျမ်းစာသည် အစမှအဆုံး အခြေခံအဓိကအချက်တစ်ခုတည်းကိုမူတည်သည်။
လူထက်သာလွန်၍ သက်တမ်းပိုရှည်လျားသော ဉာဏ်ကြီးရှင်သာလျှင် ဤမျှထူးကဲသောထုတ်လုပ်မှုကို ဖြစ်ထွန်းစေနိုင်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဗာဗုလုန်မှစတင်၍ ကျွန်ုပ်တို့ခေတ်တိုင်အောင် ရာစုတစ်လျှောက်ကြီးစိုးသော ကမ္ဘာ့အာဏာစက်များကို သမ္မာကျမ်းစာ၌ကြေညာထားသည်။ (ဒံယေလ အခန်းကြီး ၂၊ ၇၊ ၈)
လက်ယာ။ ကဲသာသြဂုတ္တု (Caesar Augustus)
[Credit Line]
Museo della Civiltà Romana, Roma
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကတည်းက ဤနှစ်ဆယ်ရာစု၏ကမ္ဘာ့အခြေအနေများကို သမ္မာကျမ်းစာတွင် တိကျမှန်ကန်စွာဖေါ်ပြထားသည်။ (မဿဲ အခန်းကြီး ၂၄၊ ၂၅။ မာကု အခန်းကြီး ၁၃။ လုကာ အခန်းကြီး ၂၁။ ၂ တိမောသေ ၃:၁–၅။ ၂ ပေတရု ၃:၃၊ ၄။ ဗျာဒိတ် ၆:၁–၈) ပရောဖက်ပြုချက်များမှန်ကန်စွာပြည့်စုံခဲ့ခြင်းက ပရဒိသုကမ္ဘာမြေကြီးဆိုင်ရာ ဘုရားသခင်၏ကတိတော် အမှန်ပြည့်စုံမည်ကို စိတ်ချစေသည်
[Credit Line]
Reuters/Bettmann Newsphotos