ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၉/၁ စာ. ၂၃-၂၉
  • ခရစ်ယာန်ဓမ္မအမှုတွင် ဆက်သွယ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်ဓမ္မအမှုတွင် ဆက်သွယ်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စကားမပြောဘဲ ဆက်သွယ်ခြင်း
  • ဆက်သွယ်မှုအတွက် ကျိုးကြောင်းဆင်ခြင်ခြင်းအရေးကြီး
  • ထိရောက်စွာဆက်သွယ်မှုပြုခြင်းအတွက် လိုအပ်သောအရည်အချင်းများ
  • ချစ်ခြင်းမေတ္တာ —ဆက်သွယ်ရေးအတွက်အထောက်အကူ
  • မိသားစုနှင့်အသင်းတော်အတွင်း ဆက်သွယ်မှုပြုခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါနှင့်ခရစ်တော် အဓိကဆက်သွယ်သူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆက်သွယ်ပြောဆိုသူတစ်ဦးဖြစ်ပါ!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • ဘုရားသခင်နဲ့ သင် ဆက်သွယ်နိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၉/၁ စာ. ၂၃-၂၉

ခရစ်ယာန်ဓမ္မအမှုတွင် ဆက်သွယ်ခြင်း

“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလော့။”—မဿဲ ၂၈:၁၉။

၁။ ယေရှုပေးအပ်သောအဘယ်တာဝန်က ဆက်သွယ်ရန်လိုကြောင်းရည်ညွှန်းသနည်း။

အ ထက်ပါယေရှုပေးအပ်သောတာဝန်တွင် တစ်အိမ်မှတစ်အိမ်သွားခြင်း၊ ပြန်လည်ပတ်မှုနှင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းဆိုင်ရာ ကဏ္ဍအသီးသီးကိုပါဝင်ဆောင်ရွက်ရာ၌ တွေ့ဆုံသူများနှင့်ဆက်သွယ်ရန်စိန်ခေါ်ချက်ပါဝင်သည်။ ထိုတာဝန်အပ်နှင်းခြင်း၌ ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နှင့် ယခုယေရှုအစိုးရသော မေရှိယနိုင်ငံတော်အကြောင်းကြေညာရန် တာဝန်ပါဝင်သည်။—မဿဲ ၂၅:၃၁-၃၃။

၂။ ထိရောက်စွာဆက်သွယ်ရန် ဘာလိုအပ်သနည်း။

၂ ထိရောက်စွာ မည်သို့ဆက်သွယ်မည်နည်း။ ဦးဆုံးအနေနှင့် ကျွန်ုပ်တို့တင်ပြပြောဆိုနေသည့်အကြောင်းကို ကိုယ်တိုင်ယုံကြည်စိတ်ချရမည်။ တစ်နည်းအားဖြင့်ဆိုလျှင် ယေဟောဝါသည် တစ်ဆူတည်းသောဘုရားမှန်ဖြစ်၍ သမ္မာကျမ်းစာသည် အမှန်ပင်ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြစ်ကြောင်း၊ ဘုရားသခင်၏နိုင်ငံတော်သည် လူသားတို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်း အခိုင်အမာယုံကြည်ရမည်။ ဤနည်းဖြင့် ကျွန်ုပ်တို့သွန်သင်လေသမျှသည် နှလုံးထဲမှဖြစ်ပေါ်လာပေမည်။ တိမောသေအားပေါလုပြောခဲ့သည့်စကားကိုလည်း လိုက်နာကျင့်သုံးရာရောက်မည်။ “သင်မူကား ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာပိုင်းခြားတတ်သောဆရာသမားဖြစ်လျက် ဘုရားသခင်ရှေ့၌ ကိုယ်ကိုယ်ကိုဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။”—၂ တိမောသေ ၂:၁၅။

စကားမပြောဘဲ ဆက်သွယ်ခြင်း

၃-၅။ (က) စကားတစ်ခွန်းမျှမပြောဘဲ မည်သို့ဆက်သွယ်နိုင်သနည်း။ (ခ) သို့ပြုနိုင်ကြောင်း အဘယ်တွေ့ကြုံမှုများကတင်ပြသနည်း။

၃ ဆက်သွယ်မှုပြုရာတွင် အများအားဖြင့်စကားပြောဆိုရန်လိုသည်။ သို့သော် လူတို့နှင့်စကားမပြောဆိုမီပင် သူတို့နှင့် အဆက်အသွယ်ပြုလုပ်ကြပါသည်။ မည်သို့အားဖြင့်နည်း။ ကျွန်ုပ်တို့၏ဥပဓိရုပ်၊ ဝတ်စားဆင်ယင်ပုံအားဖြင့်ဖြစ်သည်။ လွန်ခဲ့သောနှစ်များက ဂိလဒ်ကင်းမျှော်စင်ကျမ်းစာသင်ကျောင်းဆင်းသူ သာသနာပြုတစ်ဦးသည် မိမိတာဝန်ကျရာတိုင်းတစ်ပါးသို့ ပင်လယ်ကူးသင်္ဘောဖြင့် ခရီးနှင်နေသည်။ ပင်လယ်ထဲတစ်ရက်နှစ်ရက်အကြာတွင် သူစိမ်းတစ်ဦးက သာသနာပြုသည် အခြားခရီးသည်များနှင့် အဘယ်ကြောင့်ခြားနားရကြောင်း မေးမြန်းခဲ့သည်။ သာသနာပြုသည် ထူးခြားနေကြောင်း တင်ပြနေဟန်ရှိမည်။ သူ၏ပုံသဏ္ဌာန်အားဖြင့်ပင် သူ၏စံချိန်များသည် အများနှင့်မတူခင်မင်ရင်းနှီးဖွယ်ဖြစ်နေသည်။ ယင်းကြောင့် သာသနာပြုသည် အခွင့်အရေးယူသက်သေခံခဲ့လေသည်။

၄ နောက်တစ်ဖန် ညီအစ်မတစ်ဦးသည် လမ်းဆုံတွင်လမ်းသွားလမ်းလာသူတို့အား ကျမ်းစာစာပေများကိုကမ်းလှမ်းနေစဉ် ဖြတ်သွားသောအမျိုးသမီးတစ်ဦးကို ခင်မင်စွာပြုံးပြခဲ့သည်။ ဤအမျိုးသမီးက မြေအောက်ရထားလမ်းသို့အဆင်းတွင် စိတ်ပြောင်းလဲပြီး ညီအစ်မထံပြန်လာ၍ အိမ်တွင်းကျမ်းစာသင်အံမှုတောင်းဆိုခဲ့သည်။ သူမစိတ်စွဲမှတ်စရာဖြစ်သွားသည်ကား အဘယ်အရာနည်း။ ကျမ်းစာစာပေကို သူမမယူခဲ့သော်လည်း လမ်းဆုံတွင်လုပ်ငန်းတော်ကိုထမ်းဆောင်နေသောသက်သေခံ၏ရွှင်ပြသောအပြုံးက သူမအားဆွဲဆောင်ခဲ့သည်။

၅ တတိယဥပမာကား၊ သက်သေခံလူငယ်တစ်စုသည် စားသောက်ဆိုင်တစ်ခုတွင် စားသုံးနေကြစဉ် သူစိမ်းတစ်ဦး သူတို့စားပွဲသို့ရောက်လာပြီး ငွေရှင်းပေးခဲ့၍ အံ့အားသင့်ကြလေသည်။ သူအဘယ်ကြောင့်ထိုသို့ပြုသနည်း။ ထိုလူငယ်များ၏ပြုမူကျင့်ကြံပုံကို အားကျခဲ့၍ဖြစ်သည်။ စကားတစ်ခွန်းမျှမပြောလိုက်ဘဲနှင့် မိမိတို့သည် ဘုရားကိုကြောက်ရွံ့သူများဖြစ်ကြောင်း ဤခရစ်ယာန်လူငယ်များက ထိုသူစိမ်းအားသိစေခဲ့သည်။ ကျွန်ုပ်တို့၏အပြုအမူအကျင့်အကြံ၊ ရုပ်ဆင်းသဏ္ဌာန်၊ ခင်မင်ရင်းနှီးမှုအားဖြင့် စကားတစ်ခွန်းမျှမပြောဆိုမီ ဆက်သွယ်မှုပြုကြပါသည်။—၁ ပေတရု ၃:၁၊ ၂ နှင့်နှိုင်းယှဉ်။

ဆက်သွယ်မှုအတွက် ကျိုးကြောင်းဆင်ခြင်ခြင်းအရေးကြီး

၆။ ကျိုးကြောင်းဆင်ခြင်ခြင်းသည် ဆက်သွယ်မှုအတွက်အရေးကြီးကြောင်းကိုတင်ပြပါ။

၆ သတင်းကောင်းအကြောင်း လူတို့အားနှုတ်ဖွင့်ပြောဆိုရာတွင် တစ်ယူသန်သဘောမျိုးဖြင့်မဟုတ်ဘဲ စဉ်းစားဆင်ခြင်စေရန်သဘောမျိုးဖြင့်ပြောဆိုတတ်ရန် အသင့်ရှိရမည်။ သတင်းကောင်းဟောပြောခြင်းငှာ ပေါလုသည် မိမိတရားကိုနာသူတို့နှင့်နှီးနှောဆင်ခြင်ခဲ့ကြောင်း ကြိမ်ဖန်များစွာဖတ်ရကြသည်။ (တမန်တော် ၁၇:၂၊ ၁၇။ ၁၈:၁၉) သူ၏ပုံသက်သေကို မည်သို့အတုယူနိုင်မည်နည်း။ တစ်နေ့တခြားဆိုးရွားလာသော ကမ္ဘာ့အခြေအနေများက လူသားတို့ကိုကရုဏာထားသည့် အနန္တတန်ခိုးနှင့်ပြည့်စုံသောမေတ္တာရှင်ရှိခြင်းကို အချို့အား မယုံသင်္ကာဖြစ်စေပေမည်။ သို့သော် ဘုရားသခင်အတွက် အရာခပ်သိမ်းအဖို့အချိန်ရှိကြောင်း နှီးနှောတင်ပြနိုင်မည်။ (ဒေသနာ ၃:၁-၈) သို့ဖြစ်၍ ဘုရားသခင်ကန့်သတ်ထားရာအချိန်တိုင်သော် မြေကြီးပေါ်သို့ သားတော်ကို စေလွှတ်တော်မူခဲ့ကြောင်း ဂလာတိ ၄:၄ ကဖော်ပြသည်။ ထိုအချိန်ကား ယင်းသို့ပြုတော်မူမည်ဟု ကတိတော်ထား၍ နှစ်ထောင်ချီကြာပြီးနောက်တွင်ဖြစ်သည်။ ထိုနည်းတူစွာ ကန့်သတ်ထားရာအချိန်တိုင်လျှင် ဆင်းရဲဒုက္ခနှင့်ဆိုးသွမ်းမှုကိုရပ်တန့်စေမည်။ ထို့ပြင် ဆိုးသွမ်းမိုက်မဲမှုကို ဤမျှကြာမြင့်စွာခွင့်ပြုထားရခြင်းအကြောင်းကောင်းများရှိကြောင်း ဘုရားသခင်၏နှုတ်ကပါဌ်တော်ကတင်ပြသည်။ (ထွက်မြောက်ရာ ၉:၁၆ နှင့်နှိုင်းယှဉ်။) ဤအတိုင်းစဉ်းစားတွေးတောကြည့်မည်၊ ယင်းကိုဥပမာများ၊ ခိုင်လုံသောကျမ်းစာသက်သေသာဓကများနှင့်တင်ပြမည်ဆိုလျှင် စိတ်ရင်းမှန်သူများက ယေဟောဝါမရှိ၊ ဂရုစိုက်တော်မမူဟူ၍ ဆိုးသွမ်းမိုက်မဲမှုကိုအကြောင်းပြပြောနိုင်တော့မည်မဟုတ်ပါ။—ရောမ ၉:၁၄-၁၈။

၇၊ ၈။ တစ်ယူသန်ဂျူးဘာသာဝင်တစ်ဦးနှင့်ဆက်သွယ်ရန် ကျိုးကြောင်းဆင်ခြင်ခြင်းကား မည်သို့အကူအညီပြုနိုင်သနည်း။

၇ တစ်အိမ်မှတစ်အိမ်သင်သွားနေစဉ် အိမ်ရှင်တစ်ဦးက “ကျွန်ုပ်ကဂျူးပဲ။ စိတ်မဝင်စားဘူး” ဟုပြောလျှင် သင်မည်သို့ဆက်မည်နည်း။ ဤသို့ဖြေဆိုခဲ့ရာ အောင်မြင်ခဲ့ကြောင်း ညီအစ်ကိုတစ်ဦးပြောပြသည်။ ‘မောရှေသည် ဘုရားအသုံးပြုတော်မူခဲ့သူများအနက် အကြီးမြတ်ဆုံးသောပရောဖက်များအဝင်ဖြစ်သည်ကို သင်လက်ခံမည်အမှန်။ တရားဟောရာ ၃၁:၂၉ တွင် “ငါသေသောနောက် သင်တို့သည်လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှလွှဲသွားကြလိမ့်မည်ကိုငါသိ၏။ . . . သင်တို့သည် ဘေးဥပဒ်နှင့်တွေ့ကြုံကြလိမ့်မည်” ဟုပြောထားကြောင်း သိပါသလော။ မောရှေသည် စစ်မှန်သောပရောဖက်တစ်ပါးဖြစ်သည်။ ယင်းကြောင့် သူပြောသည့်အတိုင်းဖြစ်ပျက်ရမည်။ ဂျူးလူမျိုးထံ မေရှိယကိုဘုရားသခင်စေလွှတ်တော်မူချိန်တွင် ပြည့်စုံခဲ့သည့်အတွက် ဂျူးတို့သည် ကိုယ်တော်ကိုလက်မခံနိုင်ခြင်းဖြစ်ကောင်းဖြစ်မည်လော။ ထိုသို့ဖြစ်နိုင်ပေသည်။ ထိုသို့သာဖြစ်၍ သူတို့အမှားကြီးမှားခဲ့ပြီဆိုလျှင် ကျွန်ုပ်တို့လည်း သူတို့ကဲ့သို့ထပ်မှားရမည်လော။’

၈ အထူးသဖြင့် ဤရာစုတွင် ခရစ်ယာန်ဘောင်လက်ချက်ကြောင့် ဂျူးများအပြင်းအထန်ဒုက္ခဆင်းရဲခံခဲ့ရကြောင်းကိုလည်း သတိရပါ။ ယင်းလုပ်ငန်းတွင် ကျွန်ုပ်တို့လုံးဝမပါဝင်ခဲ့ကြောင်း အိမ်ရှင်အား သင်သိစေလိုမည်။ ဥပမာအနေနှင့် ဤသို့ဆိုနိုင်ပေသည်။ ‘ဟစ်တလာအာဏာရှိချိန်က ဂျူးများကို ဖယ်ကြဉ်ပထုတ်ခြင်း၌ ယေဟောဝါသက်သေများမပါဝင်ခဲ့ကြောင်း သိပါသလော။ “ဟိုင်လ်ဟစ်တလာ” မလုပ်၊ သူ့စစ်တပ်တွင်လည်း အမှုမထမ်းခဲ့ကြပါ။’a

၉၊ ၁၀။ မီးငရဲကိုယုံကြည်သူတစ်ဦးနှင့် ကျိုးကြောင်းဆင်ခြင်ခြင်းဖြင့် မည်သို့အကူအညီဖြစ်မည်နည်း။

၉ မီးငရဲဝါဒကိုယုံကြည်ထားသူတစ်ဦးနှင့် စကားပြောဆိုဆွေးနွေးရာတွင် ငရဲ၌ထာဝစဉ်ဆင်းရဲဒုက္ခခံရရန် သူ့မှာမသေနိုင်သောဝိညာဉ်စိုးလ်ရှိရမည်ဟု သင်တင်ပြနိုင်သည်။ မီးငရဲဝါဒကိုလက်ခံသူအနေနှင့် ချက်ချင်းသဘောတူလိမ့်မည်။ ထိုနောက် အာဒံဧဝဖန်ဆင်းချိန်အကြောင်းကိုပြန်တင်ပြ၍ ထိုစဉ်က ယင်းကဲ့သို့သော မသေနိုင်သည့်ဝိညာဉ်စိုးလ်အကြောင်း ရည်ညွှန်းခြင်းကိုသတိပြုမိသလောဟု အေးအေးလူလူမေးမြန်းနိုင်သည်။ ဤသို့အကျိုးအကြောင်းဆင်ခြင်ခြင်းကိုဆက်ရန် အာဒံသည် ဝိညာဉ်စိုးလ်ဖြစ်လာ သည်ဟုဆိုသည့် ကမ္ဘာဦး ၂:၇ ကိုသတိပြုစေနိုင်မည်။ ထိုနောက် အာဒံပြစ်မှားခဲ့ခြင်း၏ရလဒ်အနေနှင့် ဘုရားသခင်မိန့်မြွက်သောစကားများကို သတိပြုပါ။ “သင်ထွက်ရာမြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်။” (ကမ္ဘာဦး ၃:၁၉) သို့ဖြစ်၍ ဝိညာဉ်စိုးလ်ဖြစ်သူအာဒံသည် မြေမှုန့်သို့ပြန်သွားခဲ့သည်။

၁၀ မီးငရဲ၌ထာဝရဆင်းရဲခံရမည်ဟု ကမ္ဘာဦးကျမ်း၌ ဘုရားသခင်တစ်ကြိမ်တစ်ခါမျှမိန့်တော်မမူခဲ့ကြောင်းကိုလည်း သင်သတိပြုစေနိုင်မည်။ တားမြစ်ထားသောအသီးကိုမစားရန် အာဒံအားဘုရားသခင်သတိပေးစဉ်က “စားသောနေ့တွင် ဧကန်အမှန်သေရမည်” ဟုမိန့်တော်မူသည်။ (ကမ္ဘာဦး ၂:၁၇) မီးငရဲအကြောင်း မပါပါ။ အာဒံပြစ်မှားခြင်း၏ရလဒ်အမှန်မှာ ‘မြေမှုန့်သို့ပြန်သွားခြင်း’ ဖြစ်သည့်သေခြင်းမဟုတ်ဘဲ ထာဝစဉ်ညှဉ်းဆဲခံရခြင်းဖြစ်ပါက ယင်းအကြောင်းကို တရားသဖြင့်ဘုရားသခင်ရှင်းပြသင့်သည်မဟုတ်လော။ ဤနည်းဖြင့် မေတ္တာပါစွာ အသေအချာစဉ်းစားစေခြင်းအားဖြင့် စိတ်ရင်းမှန်သူအား သူ့ယုံကြည်ချက်၏ရှေ့နောက်မညီညွတ်မှုတို့ကို သိမြင်စေနိုင်မည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ အမှန်တရားများကိုတင်ပြရာတွင် ကျိုးကြောင်းဆင်ခြင်ယူခြင်း၏အရေးကြီးမှုကို လျစ်လျူမရှုသင့်။—၂ တိမောသေ ၂:၂၄-၂၆။ ၁ ယောဟန် ၄:၈၊ ၁၆ တို့နှင့်နှိုင်းယှဉ်။

ထိရောက်စွာဆက်သွယ်မှုပြုခြင်းအတွက် လိုအပ်သောအရည်အချင်းများ

၁၁-၁၃။ ထိရောက်စွာဆက်သွယ်နိုင်ရန် အဘယ်ခရစ်ယာန်အရည်အချင်းများသည် အကူအညီပေးနိုင်မည်နည်း။

၁၁ ယခု နိုင်ငံတော်နှင့်ဆိုင်သော အမှန်တရားများကို ထိရောက်စွာဆက်သွယ်တင်ပြနိုင်ရန် အဘယ်အရည်အချင်းများ ပြုစုပျိုးထောင်ပေးရမည်နည်း။ ယေရှု၏ပုံသက်သေကား အဘယ်သို့ဖော်ပြသနည်း။ မဿဲ ၁၁:၂၈-၃၀ (NW) တွင်ဤသို့ဖတ်ရ၏။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။” ထိုတွင် ဆက်သွယ်ရာ၌ ယေရှုအောင်မြင်ခဲ့ခြင်းဆိုင်ရာသော့ချက်တစ်ခုတွေ့ရှိနိုင်သည်။ ကိုယ်တော်သည် နူးညံ့သိမ့်မွေ့နှိမ့်ချသောသဘောရှိတော်မူသည်။ စိတ်ထားမှန်သူတို့အဖို့ ကိုယ်တော်သည် လန်းဆန်းမှုဖြစ်စေသည်။ တမန်တော်ပေါလုလည်း ပုံသက်သေကောင်းတင်ပြခဲ့သည်။ အကြောင်းမှာ ဧဖက်မြို့မှအသက်ကြီးသူတို့အား သူပြောသည့်အတိုင်း သူတို့ထံရောက်လာသည့် ပထမနေ့ရက်ကပင် “အလွန်နှိမ့်ချသောစိတ်” ဖြင့်သခင်အရှင်၏အစေကိုခံခဲ့သည်။—တမန်တော် ၂၀:၁၉။

၁၂ ကျိုးနွံစိတ်၊ နှိမ့်ချသောသဘောကို အမြဲတင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့လည်း လန်းဆန်းမှုပေးသူများဖြစ်ကြောင်း လူအများသိလာကြမည်။ ထိုအခါ ကျွန်ုပ်တို့ဆက်သွယ်မှုပြုရန် လွယ်ကူလာပေမည်။ အခြားမည်သည့်စိတ်သဘောထားမျိုးမဆိုသည် ကျွန်ုပ်တို့အဆက်အသွယ်ပြုလိုသူနှင့်ကျွန်ုပ်တို့စပ်ကြား တားဆီးပိတ်ဆို့မှုဖြစ်ပေါ်စေနိုင်သည်။ “စိတ်နှိမ့်ချသောသူတို့၌ ပညာရှိ” သည်ကား မှန်လှပေသည်။—သု၊ ၁၁:၂။

၁၃ အချက်အလက်များကို ထိရောက်စွာတင်ပြနိုင်ရန် လိမ္မာပါးနပ်မှုနှင့်စိတ်ရှည်မှုလည်းလိုပါသည်။ အာရေတောင်ပေါ် မိမိရှေ့စုဝေးသောပညာတတ်များအားသက်သေခံချိန်တွင် တမန်တော်ပေါလုသည် အမှန်ပင်လိမ္မာပါးနပ်ခဲ့ပေသည်။ သူတို့နားလည်လက်ခံနိုင်သည့်နည်းမျိုးဖြင့် သတင်းကောင်းကိုတင်ဆက်ခဲ့သည်။ (တမန်တော် ၁၇:၁၈၊ ၂၂-၃၁) ကြားနာလိုသူများနှင့် အောင်မြင်စွာဆက်သွယ်လိုလျှင် ကောလောသဲအသင်းသားများအား တမန်တော်ပေါလုပေးခဲ့သည့်သြဝါဒကို ကျွန်ုပ်တို့လိုက်နာသင့်သည်။ “သင်တို့ပြောသောစကားသည် နားဝင်ချို၍ စိတ်ဝင်စားဖွယ်ဖြစ်စေကြလော့။ . . . လူတိုင်းအား အဘယ်သို့လျောက်ပတ်စွာပြန်လည်ဖြေကြားရမည်ကို သင်တို့လေ့လာထားကြလော့။” (ကောလောသဲ ၄:၆၊ သတင်းကောင်း) ကျွန်ုပ်တို့စကားသည် အစဉ်ရည်မွန်သင့်သည်။ ဤသို့သောစကားမျိုးကား တရားနာသူတို့အားစိတ်ဝင်စားမှုရှိစေမည်။ ဆင်ခြင်မှုမရှိဘဲပြောသောစကားမူကား ကြားနာသူ၏နှလုံးကို ပိတ်ဆို့စေနိုင်သည်။

၁၄။ သက်သောင့်သက်သာ၊ အပြန်အလှန်စကားပြောဆိုခြင်းဖြင့် သူတစ်ထူးနှင့်ဆက်သွယ်ရန် မည်သို့အကူအညီရမည်နည်း။

၁၄ အချိန်အခါမရွေး သက်သောင့်သက်သာရှိပုံပေါ်နေရမည်။ ယင်းကား ကြားနာသူတို့အား အမ်းတမ်းတမ်းဖြစ်စေမည်မဟုတ်ပါ။ သက်သောင့်သက်သာရှိခြင်းကား ကိုယ်သာ လု၍စကားပြောဆိုနေခြင်းမဟုတ်ပါ။ ၄င်းအစား ဖြည်းညှင်းအေးဆေးဖော်ရွေစွာဖြင့် မေးခွန်းများမေးမြန်းကာ နားထောင်သူတို့အား မေးမြန်းပြောဆိုခွင့်ပေးမည်။ အထူးသဖြင့် အလွတ်သဘောသက်သေခံရာတွင် သူတစ်ဖက်သားအား စကားပြောဆိုခွင့်ပေးခြင်းကား ပညာရှိရာကျသည်။ တစ်ချိန်က သက်သေခံတစ်ဦးသည် လေယာဉ်ခရီးစဉ်တစ်ခုတွင် ဗရင်ဂျီဘုန်းကြီးတစ်ဦးဘေး၌ထိုင်ခဲ့ရသည်။ သက်သေခံသည် အလိမ္မာနှင့် ဘုန်းကြီးအား တစ်နာရီကျော်မေးမြန်းခဲ့ရာ အဖြေပေးစဉ် ဘုန်းကြီးက အများဆုံးစကားပြောဆိုခဲ့သည်။ သို့သော် သူတို့ခရီးဆုံးသည့်အခါ ဘုန်းကြီးသည် ကျမ်းစာစာပေများစွာကိုလက်ခံယူသွားသည်။ ဤကဲ့သို့စိတ်ရှည်စွာချဉ်းကပ်ခြင်းက ကျွန်ုပ်တို့တင်ပြရမည့် ကိုယ်ချင်းစာနာမှုအရည်အချင်းကိုတင်ပြတတ်ရန် အကူအညီပေးမည်။

၁၅၊ ၁၆။ ကိုယ်ချင်းစာနာမှုက ဆက်သွယ်မှုကို မည်သို့အထောက်အကူပြုသနည်း။

၁၅ ကိုယ်ချင်းစာနာမှုရှိခြင်းကား သူတစ်ဖက်သားနေရာ၌ ဝင်ကြည့်ခြင်းဖြစ်သည်။ ကောရိန္သုအသင်းသားများထံ တမန်တော်ပေါလုရေးခဲ့သည့်စာက ကိုယ်ချင်းစာနာတတ်ဖို့လိုခြင်းကို သူသဘောပေါက်ကြောင်းတင်ပြသည်။ “ငါသည် အဘယ်သူ၏ကျွန်မဖြစ်သော်လည်း သာ၍များသောသူတို့ကိုရခြင်းအလိုငှာ လူတကာတို့၏ကျွန်ခံရ၏။ ယုဒလူတို့ကိုရခြင်းအလိုငှာ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင်မဆည်းကပ်သော်လည်း ပညတ်တရားကိုဆည်းကပ်သောသူတို့ကိုရခြင်းအလိုငှာ၊ ပညတ်တရားကိုဆည်းကပ်သောသူတို့၌ ပညတ်တရားကိုကျင့်သောသူကဲ့သို့ဖြစ်၏၊ ဘုရားသခင့်ရှေ့တော်၌တရားမဲ့မနေ၊ ခရစ်တော်၏တရားကိုကျင့်သောသူဖြစ်သော်လည်း ပညတ်တရားမဲ့သောသူတို့ကိုရခြင်းငှာ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ဖြစ်၏။ အားနည်းသောသူတို့ကိုရခြင်းအလိုငှာ အားနည်းသောသူတို့၌ အားနည်းသောသူကဲ့သို့ဖြစ်၏။ အချို့သောသူတို့ကို တစ်စုံတစ်ခုသောအမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။”—၁ ကောရိန္သု ၉:၁၉-၂၂။

၁၆ ဤနေရာတွင် တမန်တော်ပေါလုကိုအတုယူရန် အလိမ္မာသုံးရန်၊ ထိုးထွင်းဉာဏ်သုံးရန်၊ မျက်စိရှင်ရန်လိုသည်။ စာနာမှုရှိခြင်းကား သူတစ်ဖက်သား၏စဉ်းစားပုံ၊ ခံစားပုံနှင့်အညီ သမ္မာတရားကိုတင်ပြပြောဆိုပေးရန် အကူအညီပြုမည်။ ယင်းသို့ပြုနိုင်ရန် Reasoning From the Scriptures စာအုပ်က များစွာအထောက်အကူပြုမည်။ ဓမ္မအမှုဆောင်ရွက်ရာတွင် ဤစာအုပ်ကိုအမြဲဆောင်ထားပါ။

ချစ်ခြင်းမေတ္တာ —ဆက်သွယ်ရေးအတွက်အထောက်အကူ

၁၇။ ခရစ်ယာန်အရည်အချင်းအားလုံးတို့အနက် သမ္မာတရားကိုထိရောက်စွာတင်ပြရာတွင် တန်ဖိုးအရှိဆုံးကအဘယ်နည်း။ မည်သို့တင်ပြနိုင်သနည်း။

၁၇ ကျိုးနွံစိတ်၊ နှိမ့်ချသောသဘော၊ စိတ်ရှည်မှု၊ ကိုယ်ချင်းစာနာမှုတို့သည် ထိရောက်စွာဆက်သွယ်မှုပြောဆိုခြင်းအတွက် မရှိမဖြစ်အရည်အသွေးများဖြစ်သည်။ ထိုထက်ကား ကိုယ်ကျိုးစွန့်မေတ္တာသည် သူတစ်ဖက်သား၏နှလုံးကို အောင်မြင်စွာထိမိနိုင်ရန် အကူအညီဖြစ်မည်။ လူတို့သည် “ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ” သောကြောင့်ယေရှုအလွန်သနားခဲ့သည်။ သို့နှင့် ချစ်ခြင်းက ယေရှုအား “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်” ဟုနှုတ်မြွက်စေခဲ့သည်။ (မဿဲ ၉:၃၆။ ၁၁:၂၈) လူတို့ကိုကျွန်ုပ်တို့ချစ်ကြသောကြောင့်လည်း လန်းဆန်းမှုပေးပြီး သူတို့အားအသက်လမ်းပေါ်ရောက်စေလိုကြသည်။ ကျွန်ုပ်တို့၏သတင်းတရားမှာ မေတ္တာတရားနှင့်ဆိုင်သည့်အတွက် မေတ္တာရှိရှိဆက်ပြောဆိုတင်ပြကြစို့။ ဤချစ်ခြင်းကို ဖော်ရွေသောအပြုံး၊ ကြင်နာမှု၊ နူးညံ့သိမ်မွေ့မှု၊ ရွှင်ပြသောမျက်နှာထားနှင့်ခင်မင်ရင်းနှီးမှုဖြင့် တင်ပြနိုင်ပါသည်။

၁၈။ သခင်ကိုပေါလုအတုယူခဲ့သည်နည်းတူ ကျွန်ုပ်တို့လည်း သူ့ကိုမည်သို့အတုယူနိုင်သနည်း။

၁၈ ဤနေရာတွင် တမန်တော်ပေါလုသည် သူ၏သခင်ယေရှုခရစ်ကို ကောင်းစွာအတုယူနိုင်ခဲ့သည်။ အသင်းတော်တစ်ခုပြီးတစ်ခု သူတည်ထောင်နိုင်ခဲ့သည့်အကြောင်းကားအဘယ်နည်း။ သူ၏ဇွဲလုံ့လကြောင့်လော။ မှန်သည်။ သို့သော် သူတင်ပြခဲ့သောချစ်ခြင်းမေတ္တာကြောင့်လည်းဖြစ်သည်။ သက်သာလောနိတ်အသင်းတော်သစ်နှင့်စပ်လျဉ်း၍ သူ၏ညီအစ်ကိုချင်းမေတ္တာကိုသတိပြုပါ။ “သင်တို့တွင်ဖြည်းညှင်းစွာပြုကြ၏။ သင်တို့ကိုချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကိုကျွေးမွေးပြုစုသကဲ့သို့ ငါတို့သည် သင်တို့ကိုနှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ဧဝံဂေလိတရားကိုမျှမက ကိုယ်အသက်ကိုပင်ပေးချင်သောစေနာစိတ်ရှိကြ၏။” ပေါလုကိုအတုယူခြင်းဖြင့် ဆက်သွယ်မှုပြုရန် ကျွန်ုပ်တို့၏ကြိုးပမ်းမှုများတွင် အထောက်အကူရမည်။—၁ သက်သာလောနိတ် ၂:၇၊ ၈။

၁၉။ တုံ့ပြန်မှုမရှိသောရပ်ကွက်ကြောင့် အဘယ်ကြောင့်စိတ်ဓာတ်မကျသင့်သနည်း။

၁၉ အတတ်နိုင်ဆုံးဆက်သွယ်မှုပြုကြသော်လည်း လိုလားသောအကျိုးရလဒ်များကိုမရရှိပါက ကျွန်ုပ်တို့စိတ်ဓာတ်ကျသင့်သလော။ မဖြစ်သင့်ပါ။ ကျမ်းစာသင်သားများ (တစ်ချိန်က ယေဟောဝါသက်သေများကိုခေါ်ခဲ့သောအမည်) ပြောခဲ့ဖူးသည်ကား သမ္မာတရားကိုလက်ခံနိုင်ဖို့ လူတို့သည် ရိုးသားရန်၊ နှိမ့်ချမှုရှိရန်၊ မွတ်သိပ်နေရန်လိုသည်။ စိတ်ရင်းမမှန်၊ မရိုးသားသူများသည် သမ္မာတရားကိုလက်သင့်ခံနိုင်မည်မဟုတ်ပါ။ မာနထောင်လွှားစိတ်နေမြင့်သူတို့လည်း သတင်းကောင်းကိုကြားနာလိုကြမည်မဟုတ်ပါ။ ထို့ပြင် ရိုးသားသူ၊ နှိမ့်ချသူဖြစ်ဦးတော့ ဝိညာဉ်ရေးကိုမွတ်သိပ်ဆာလောင်သူမဖြစ်ပါက သမ္မာတရားကိုနှစ်ခြိုက်မည်မဟုတ်ပါ။

၂၀။ ကျွန်ုပ်တို့၏ကြိုးပမ်းမှုများသည် အချည်းနှီးသက်သက်မဟုတ်ဟူ၍ အဘယ်ကြောင့်အမြဲပြောဆိုနိုင်သနည်း။

၂၀ သင့်ရပ်ကွက်တွင်တွေ့ဆုံသူများ၌ ထိုအရည်အချင်းတစ်ခုမျှမရှိသူများဖြစ်နေမည်။ ပရောဖက်ယေရမိလည်း ထပ်တူပင်တွေ့ကြုံခဲ့သည်။ (ယေရမိ ၁:၁၇-၁၉။ မဿဲ ၅:၃ နှင့်နှိုင်းယှဉ်။) သို့နှင့်ပင် ကျွန်ုပ်တို့၏ကြိုးပမ်းမှုများသည် အချည်းနှီးသက်သက်မဟုတ်ပေ။ အဘယ်ကြောင့်နည်း။ ယေဟောဝါ၏နာမတော်နှင့်နိုင်ငံတော်ကို ကြွေးကြော်နေကြခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ဟောပြောခြင်း၊ လည်ပတ်ရောက်ရှိခြင်းအားဖြင့် လူဆိုးတို့အား သတိပေးချက်ဖြစ်သည်။ (ယေဇကျေလ ၃၃:၃၃) သမ္မာတရားကို ကျွန်ုပ်တို့ကြိုးစားတင်ပြပြောဆိုခြင်းအားဖြင့် ကိုယ်တိုင်အကျိုးကျေးဇူးခံစားရသည်ကိုလည်း မမေ့ပါနှင့်။ (၁ တိမောသေ ၄:၁၆) သို့ဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုမြဲမြံစေသည်၊ နိုင်ငံတော်မျှော်လင့်ချက်ကို တောက်ပနေစေသည်။ ထို့ပြင် သစ္စာသမာဓိကိုစောင့်ထိန်းကာ ယေဟောဝါဘုရားသခင်၏နာမတော်ကို သင်္ကာယနကင်းရှင်းစေခြင်း၌ပါဝင်သည့်အတွက် ကိုယ်တော်၏နှလုံးကိုရွှင်လန်းစေသည်။—သု၊ ၂၇:၁၁။

၂၁။ ခြုံငုံပြီး အဘယ်သို့ပြောဆိုနိုင်သနည်း။

၂၁ ခြုံပြောရမည်ဆိုလျှင် ဆက်သွယ်မှုသည် အကြောင်းအရာများကို ထိရောက်စွာတင်ပြပြောဆိုခြင်းဖြစ်သည်။ ဆက်သွယ်တတ်ရန်အရေးကြီးသည်။ ဆက်သွယ်မှုပြတ်စဲလျှင် အန္တရာယ်ပင်ရှိသည်။ အဓိကဆက်သွယ်ရှင်များမှာ ယေဟောဝါဘုရားသခင်နှင့်ယေရှုခရစ်တို့ဖြစ်ပြီး ကျွန်ုပ်တို့ခေတ်အတွက် ဆက်သွယ်ရာလမ်းကြောင်းကို ယေရှုခရစ်တာဝန်ပေးအပ်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီ။ ကျွန်ုပ်တို့၏ဝတ်စားဆင်ယင်ပုံ၊ ကျင့်ကြုံပြုမူပုံဖြင့် သူတစ်ဖက်သားအားသတင်းပေးဆက်သွယ်နိုင်ကြောင်းကိုလည်း သတိပြုမိခဲ့ပြီ။ လူတို့နှင့်ဆက်သွယ်ရာတွင် ကျိုးကြောင်းဆင်ခြင်ခြင်းသည် အရေးကြီးကြောင်း၊ ထိရောက်စွာဆက်သွယ်နိုင်ရန် ကျိုးနွံနှိမ့်ချသောသဘော၊ ကိုယ်ချင်းစာနာမှု၊ စိတ်ရှည်ခြင်း၊ ထိုထက်မက မေတ္တာပြည့်လျှံသောနှလုံးရှိအပ်ကြောင်း သဘောပေါက်နားလည်ခဲ့ပြီ။ ဤအရည်အချင်းတို့ကိုမွေးမြူပြီး ကျမ်းစာပုံသက်သေများကိုအတုယူမည်ဆိုလျှင် အောင်မြင်မှုတွေ့သောဆက်သွယ်သူများဖြစ်လာနိုင်သည်။—ရောမ ၁၂:၈-၁၁။

[အောက်ခြေမှတ်ချက်များ]

a ဂျူးဘာသာဝင်များ၊ အခြားသူများနှင့် မည်သို့ဆက်သွယ်မှုပြုနိုင်ကြောင်း အကြံဉာဏ်ရလိုလျှင် Reasoning From the Scriptures စာမျက်နှာ ၂၁-၄ ကိုကြည့်ပါ။

သင်မည်သို့ဖြေဆိုမည်နည်း

▫ စကားတစ်ခွန်းမျှမပြောမီ အဘယ်နည်းဖြင့် စတင်ဆက်သွယ်နိုင်သနည်း။

▫ ထိရောက်စွာကျိုးကြောင်းဆင်ခြင်ခြင်းအားဖြင့် ဆက်သွယ်ခြင်းဥပမာအချို့ကားအဘယ်နည်း။

▫ ယေရှုခရစ်နှင့်ပေါလု ထိရောက်စွာဆက်သွယ်နိုင်ကြသည့်အရည်အချင်းများကားအဘယ်နည်း။

▫ အကျိုးရလဒ်များ လျင်မြန်စွာမဖြစ်ထွန်းသည်တိုင် အဘယ်ကြောင့်စိတ်ဓာတ်မကျသင့်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ