ယေဟောဝါဘုရားသခင်၏မြေကြီးအဖွဲ့အစည်းကို သင်လေးမြတ်ပါသလော
ကောင်းစွာသွေးထားသောထူးခြားလှသည့် စိန်ကိုကြည့်လိုက်ပါက သင်ဘာတွေ့ရှိမည်နည်း။ တကယ့်ကိုလှပသည့်ကျောက်မျက်ရတနာတစ်တုံးဖြစ်ပေမည်။ ယခုထိုစိန်ကိုအဏုကြည့်မှန်ဘီလူးဖြင့် လေ့လာကြည့်ပါ။ သင်ဘာတွေ့မည်နည်း။ ခြစ်ရာများ၊ အက်ကြောင်းများ၊ အခြားအရာများညပ်နေ သို့မဟုတ် ဂေါ်ကြိုးများရှိသည်ကိုတွေ့ရမည်။
အဏုကြည့်မှန်ဘီလူးဖြင့် ဤတွေ့ရှိချက်များကြောင့် သင်သည်ထိုစိန်ကိုလုံးလုံးဖျက်ဆီး သို့မဟုတ် စွန့်ပစ်လိုက်မည်လော။ စွန့်ပစ်မည်မဟုတ်။ အဏုကြည့်မှန်ဘီလူးမှသာထွက်ခွာသွားလိုက်ပါ။ အခြားရတနာများထက် ထူးခြားစေသောလှပပြီးအံ့မခန်းဖွယ်ဖြိုးပြက်နေသော ထိုစိန်ကိုသင်လေးမြတ်နေဦးမည်ပင်ဖြစ်သည်။
စိန်တစ်လုံးကဲ့သို့ ယေဟောဝါ၏မြေကြီးအဖွဲ့အစည်းသည်လည်း ထူးခြားသောအရာ များစွာရှိ၏။ ကောင်းကင်မျှော်လင့်ချက်ကို မြတ်နိုးသူတမန်တော်ပေတရုသည် ပထမရာစုရှိဘိသိက်ခံခရစ်ယာန်များထံရေးသောစာစောင်တွင် ဤအထူးဆက်ဆံရေးကိုရည်ညွှန်းခဲ့သည်။ “သင်တို့မူကား . . . ‘ရွေးချယ်တော်မူသောအမျိုး၊ မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏’ ” ဟုသူပြောခဲ့သည်။ (၁ ပေတရု ၂:၉) ယခုမြေကြီးပေါ်ထာဝရအသက်မျှော်လင့်ချက်ရှိသူ “အခြားသိုး” မှလူအုပ်ကြီးသည် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ခြင်း၌ ထို “သန့်ရှင်းသောလူမျိုး” မှအကြွင်းအကျန်များနှင့်ပူးပေါင်းလျက်ရှိသည်။ (ယောဟန် ၁၀:၁၆) လှပထူးခြားအံ့မခန်းဖွယ်ဖြိုးပြက်နေသောရတနာပမာ ထူးခြားသည့်အဖွဲ့အစည်းအဖြစ် ဤအုပ်စုနှစ်ခုသည်အတူတကွဖွဲ့စည်းထားသည်။
အခြားသူများကိုအပြစ်ရှာမျက်လုံးဖြင့်ကြည့်ခြင်းကိုရှောင်
သို့သော်ဤကမ္ဘာချီအဖွဲ့အစည်းကို မစုံလင်သောလူသားများနှင့်ဖွဲ့စည်းထားကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုရမည်။ ထို့ကြောင့် ပုံဆောင်အဏုကြည့်မှန်ဘီလူးအားဖြင့် ကျွန်ုပ်တို့ကြည့်ရှုခဲ့သော် ဘာဖြစ်မည်နည်း။ မှန်သည်။ ဤတွင်ပါဝင်သူများ၏ အပြစ်ဘက်သို့တိမ်းညွတ်လိုမှုများနှင့် တစ်ဦးချင်းကိုယ်ပိုင်အပြစ်အနာအဆာများကို သင်တွေ့ရပေလိမ့်မည်။—ရောမ ၃:၂၃။
တမန်တော်ပေါလုက မိမိကိုယ်တိုင် ဤကဲ့သို့အပြစ်အနာအဆာများရှိကြောင်း ဝန်ခံခဲ့သည်။ သူဤသို့ဆိုခဲ့သည်။ “ထိုသို့ကောင်းသောအကျင့်ကိုငါကျင့်ချင်သောအခါ မကောင်းသောအကျင့်ကိုကျင့်စေတတ်သောတရားကိုငါတွေ့၏။” (ရောမ ၇:၂၁) ခရစ်ယာန်တိုင်းအလားတူရုန်းကန်မှုကိုတွေ့ကြုံရသည်။ လူတိုင်းအမှားပြုကြသည်။ ထို့ပြင်တစ်ဦးတစ်ယောက်၏အမှားကြောင့် ကိုယ်ခံရသည့်အခါများလည်းရှိသည်။ ခရစ်ယာန်ချင်းတို့၏မစုံလင်မှု၊ ချို့ယွင်းမှုများပေါ်လာသည့်ခါ ကျွန်ုပ်တို့စိတ်ဓာတ်ကျခြင်း၊ သို့မဟုတ် စိတ်ပျက်ခြင်းဖြစ်သင့်ပါသလော။ ယေဟောဝါ၏အဖွဲ့အစည်းအပေါ် ကျွန်ုပ်တို့၏လေးမြတ်မှုဆုတ်ယုတ်သွားသင့်သလော။ လုံးဝမဖြစ်သင့်ချေ။ သို့အစား ကျွန်ုပ်တို့အဏုကြည့်မှန်ဘီလူးမှထွက်ခွာသွားသင့်ပြီး၊ တစ်ဦးချင်း၏အားနည်းချက်အပေါ်စူးစိုက်ခြင်းကိုရှောင်မည်။
သန့်ရှင်းသောဝိညာဉ်တော်သည် မည်သူများအပေါ်လုပ်ဆောင်ကြောင်းသိသာစေသည့် အရည်အသွေးများကို သမ္မာကျမ်းစာထဲ၌ တင်ပြထား၏။ ယင်းတို့မှအချို့မှာ ‘ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း’ ပေတည်း။ (ဂလာတိ ၅:၂၂၊ ၂၃) ထိုအရာနှင့်ဆန့်ကျင်လျက် ဤကမ္ဘာပေါ်ရှိဘာသာရေးများ၊ နိုင်ငံရေး၊ စီးပွားရေးအဖွဲ့အစည်းများသည် သမ္မာကျမ်းစာကဇာတိအကျင့်များဟုရည်ညွှန်းထားသည့် “ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်သတ်ခြင်း၊ ယစ်မျိုးသောက်ကျူးခြင်း၊ ပွဲလုပ်ခြင်း” စသောအကျင့်များကို တင်ပြလေ့ရှိသည်။ (ဂလာတိ ၅:၂၀) သို့ဖြစ်၍ သာမန်ကျောက်များထဲတွင် ဖြိုးပြက်နေသောစိန်ပမာ ဝိညာဏဖောက်ပြန်နေသောကမ္ဘာ့အလယ်မှ ယေဟောဝါ၏လူမျိုးတို့သည် ထူးခြားလျက်ရှိသည်။—မဿဲ ၅:၁၄-၁၆။
“အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သတ်မတ်တည်း”
စိန်၏ထူးခြားသောအသွင်အပြင်တစ်ခုမှာ ယင်း၏ကျစ်လစ်ခိုင်မာစွာ အဏုမြူဆိုင်ရာဖွဲ့စည်းပုံပင်ဖြစ်သည်။ အလားတူစွာ ယေဟောဝါ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းသည်လည်း အယူဝါဒနှင့်ညီအစ်ကိုစိတ်ဓာတ်တွင် မနှိုင်းယှဉ်နိုင်သောစည်းလုံးမှုကိုပြသလျက်ရှိသည်။ ၁ ကောရိန္သု ၁:၁၀ တွင်တွေ့ရှိရသော ဆုံးမစကားကို ထိုအဖွဲ့အစည်းရှိသူတို့သည် ကျင့်သုံးကြသည်။ ဤတွင် “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံတစ်သမတ်တည်းရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း ငါတို့သခင်ယေရှုခရစ်၏နာမတော်ကို အမှီပြု၍သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏” ဟုဖော်ပြထားသည်။
ယေဟောဝါသက်သေများသည် မျိုးနွယ်ဆိုင်ရာငဲ့ကွက်မှု၊ လူမျိုးရေးမာန်မာနတို့ကိုကျော်လွန်ခဲ့ကြပြီ။ “အထက်မှသက်ရောက်သည့်ပညာ” ရရှိခြင်းကြောင့် သူတို့သည် “မျက်နှာမလိုက်တတ်။” (ယာကုပ် ၃:၁၇၊ သက) မစုံလင်သောလူသားတို့ဖြင့်ဖွဲ့စည်းထားသည့် ဤအဖွဲ့အစည်းတွင် ကိုယ်တော်၏လုပ်ဆောင်ပေးမှုအတွက် ယေဟောဝါဘုရားအား ကျွန်ုပ်တို့ဂုဏ်တင်ပါသည်။
ဘုရားသခင့်အမှုတော်ဆောင်လိုသူတို့သည် ယေဟောဝါဘုရားသခင့်ဝိညာဉ်တော်နှင့်ကောင်းချီးများခံစားလျက်ရှိသော အဖွဲ့အစည်းသို့သာလှည့်လာနိုင်သည်မှာရှင်းနေပါသည်။
‘ငါသည် သင်၏နဖူးကိုစိန်ထက်သာ၍ခိုင်မာစေပြီ’
စိန်သည်သဘာဝအရ အမာဆုံးအရာဖြစ်ကြောင်း လူတို့သိရှိခဲ့ကြသည်။ သမ္မာကျမ်းစာတွင် မာကျောသောအရာဝတ္ထုများကို ခြစ်မှတ်ရာတွင်လည်းကောင်း၊ ထွင်းထုရာတွင်လည်းကောင်းစိန်ကိုသုံးကြောင်းညွှန်ပြထားသည်။ (ယေရမိ ၁၇:၁) ယေဇကျေလအား ယေဟောဝါဘုရားပြောသောစကားကိုလည်းသတိပြုပါ။ “သူ၏မျက်နှာတစ်ဖက်၌သင်၏မျက်နှာကိုလည်းကောင်း၊ သူ၏နဖူးတစ်ဖက်၌သင်၏နဖူးကိုလည်း ငါခိုင်ခံ့စေပြီ၊ သင်၏နဖူးကိုကျောက်ထက်မက စိန်ထက်သာ၍ခိုင်မာစေပြီ။” (ယေဇကျေလ ၃:၈၊ ၉) ယေဟောဝါဘုရားသည် ယေဇကျေလအား ခေါင်းမာသောလူမျိုးအား သူ၏ပရောဖက်ပြုချက်စွမ်းဆောင်နိုင်ရန် စိန်လိုမာကျောသောဇွဲကိုပေးခဲ့သည်။—ယေဇကျေလ ၂:၆။
ယနေ့လည်းအလားတူ ယေဟောဝါဘုရားသခင်သည် မိမိလူမျိုးတော်အားစိန်ကဲ့သို့မာကျောမှုကိုပေးထားသည်။ သို့နှင့်ပင် သူတို့၏ယုံကြည်ခြင်းသည် မချိုးဖောက်ကြောင်းပြသခဲ့ကြသည်။
“ငါ၏ကျွန်တို့သည် ဝမ်းမြောက်ကြလိမ့်မည်”
သမ္မာကျမ်းစာကလူတို့သည် “ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်” မည့်အချိန်အကြောင်းကြိုဟောခဲ့သည်။ (၂ တိမောသေ ၃:၁၊ ၅) အခြားတစ်ဖက်တွင် ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာ၏လေးနက်သောသင်သားများဖြစ်ကြသည်။ အရည်အတွက်တွင်တိုးများလာလျက် လူငယ်၊ လူကြီး၊ ယောက်ျား၊ မိန်းမအားလုံး ပတ်စဉ်စည်းဝေးများစွာကိုတက်ကြသည်။ သတင်းစာတစ်စောင်၌ သူတို့နှင့်ပတ်သက်၍ ဤသို့တင်ပြထားသည်။ “သူတို့ဘာသာတရားသည် သူတို့ရရှိထားသောအဖိုးအထိုက်ဆုံးအရာဖြစ်သည်။ သူတို့၏တစ်ခုတည်းသောစိုးရိမ်မကင်းဖြစ်မှုသည် ယင်းကိုသူတစ်ပါးအားဝေမျှခြင်းဖြစ်သည်။”
ထိုသို့သောသဘောထားသည် ယေဟောဝါအဖွဲ့အစည်းကို အဖိုးထိုက်သောစိန်တစ်လုံးကဲ့သို့ထူးခြားစေသည်။ မိမိ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မစုံလင်သူများအား ခွန်အားပေး၊ လမ်းညွှန်သူပုဂ္ဂိုလ်ထံဂုဏ်တော်သက်ရောက်ပေသည်။
ပရောဖက်ဟေရှာယကကြိုတင်ဤသို့ပြောခဲ့သည်။ “အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ‘ငါ၏ကျွန်တို့သည်စားကြလိမ့်မည်။ . . . ငါ၏ကျွန်တို့သည်သောက်ကြလိမ့်မည်။ . . . ငါ၏ကျွန်တို့သည်ဝမ်းမြောက်ကြလိမ့်မည်။ . . . ငါ၏ကျွန်တို့သည်ရွှင်လန်းသောစိတ်နှင့်သီချင်းဆိုကြလိမ့်မည်။”—ဟေရှာယ ၆၅:၁၃၊ ၁၄။
ယနေ့ဤပရောဖက်ပြုချက်ပြည့်စုံခြင်းကို ကျွန်ုပ်တို့တွေ့မြင်ရသည်။ ဘုရားသခင်သည် ကိုယ်တော်၏လူမျိုးကိုသာမန်ထက်ထူးခြားသောနည်းလမ်းများဖြင့် စောင့်ရှောက်နေပါသည်တကား။ ထို့ကြောင့်သူတို့နှင့်သင်ပေါင်းသင်းသော်၊ သင်၏ပျော်ရွှင်မှုကို လုယူသွားမည့် မည်သည့်အထင်အမြင်လွဲမှားမှုကိုမျှ ခွင့်မပြုပါနှင့်။ တစ်ခုလုံးကိုခြုံကြည့်၍ မြေကြီးပေါ်ရှိမည်သည့်အဖွဲ့အစည်းမျှ ဘုရားသခင်၏အထူးကာကွယ်စောင့်ရှောက်မှု မခံစားရကြောင်းသတိရပါလေ။ ယင်းအဝင်ဖြစ်ရသည့် သင်၏အခွင့်အရေးကိုတန်ဖိုးထားခြင်းအား ဘယ်တော့မှမရပ်စဲစေပါနှင့်။