ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၇/၁၅ စာ. ၁၉-၂၂
  • စိတ်ဒုက္ခရောက်ချိန်တွင် သက်သာမှုရှာတွေ့နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဒုက္ခရောက်ချိန်တွင် သက်သာမှုရှာတွေ့နိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဒုက္ခရောက်ခဲ့သောတမန်တော်သည် သက်သာမှုရရှိခဲ့
  • ဘုရားပေးတာဝန်များကို မည်သို့ယူမှတ်သင့်
  • နောင်တရစရာများအတွက် စိတ်ဒုက္ခရောက်သည့်အခါ သက်သာမှုရရှိခြင်း
  • ဆုတောင်းခြင်းကို ဘယ်သောအခါမျှလျစ်လျူမရှုနှင့်
  • သံသယစိတ်များကြောင့် စိတ်ဒုက္ခရောက်ခြင်း
  • ယေဟောဝါသက်သာစေကြောင်း သတိရလေ
  • လက်မလျှော့လေနှင့်
  • “နှစ်သိမ့်ခြင်းရှိသမျှတို့၏ဘုရားသခင်” ယေဟောဝါကို ယုံကြည်ကိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ယေဟောဝါ၊ ‘ဘေးရောက်သည်ကာလ၌ ကျွန်ုပ်တို့၏ခိုလှုံရာ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • စိတ်မသာညည်းတွားသူတို့ကို နှစ်သိမ့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ ယေဟောဝါ နှစ်သိမ့်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၇/၁၅ စာ. ၁၉-၂၂

စိတ်ဒုက္ခရောက်ချိန်တွင် သက်သာမှုရှာတွေ့နိုင်

စိတ်ဒုက္ခရောက်ခြင်းကို မည်သို့ယူမှတ်သင့်သနည်း။ ယေဟောဝါထံဆက်ကပ်အပ်နှံထားသူတစ်ဦးဖြစ်ပါက ကျွန်ုပ်တို့၏မွန်မြတ်လှသောမျှော်လင့်ချက်နှင့် ဝိညာဏအစွမ်းအစများကြောင့် ယင်းသို့မဖြစ်သင့်ဟုယူမှတ်သင့်သလော။ ဤသို့စိတ်ဒုက္ခရောက်ခြင်းကြောင့် ဘုရားသခင့်လုပ်ငန်းတော်အတွက် ဝိညာဉ်ရေးအရမထိုက်တန်ဟူ၍ ထင်သင့်သလော။

“ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ကျင်လည်သောသူဖြစ်” ၏ဟုတပည့်တော်ယာကုပ်ရေးသားခဲ့သည်။ (ယာကုပ် ၅:၁၇) ဧလိယကိုထူးခြားစွာ ဘုရားသခင်အသုံးပြုတော်မူခဲ့သော်လည်း ထိုသစ္စာရှိပရောဖက်ပင်လျှင် စိတ်ဒုက္ခရောက်ခဲ့သည်။ တစ်ချိန်တွင်ဧလိယက “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက်သာ၍မကောင်းပါ” ဟုမြည်တမ်းခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၄) သမာဓိစောင့်သိသူယောဘ၊ သစ္စာရှိအမျိုးသမီးဟန္န နှင့် ယေဟောဝါ၏အခြားသစ္စာရှိကျေးကျွန်များလည်း စိတ်ဒုက္ခရောက်ခဲ့ဖူးသည်။ ဘုရားတရားကြည်ညိုသောဒါဝိဒ်ပင်လျှင် ဤသို့ဆုတောင်းခဲ့သည်။ “အကျွန်ုပ်စိတ်နှလုံးဆင်းရဲသည်ကို ချမ်းသာပေး၍ အမှုများထဲကကယ်နှုတ်တော်မူပါ။”—ဆာလံ ၂၅:၁၇။

ကိုယ်တော်၏လုပ်ငန်းတော်တွင် လူတို့ကိုယေဟောဝါအသုံးပြုတော်မူသည့်အတွက် သူတို့၌ စိုးရိမ်စရာလုံးလုံးလျားလျားမရှိတော့ဟူ၍ မဖြစ်နိုင်ပါ။ သူတို့တွင် လူ့မသန်စွမ်းမှုများ၊ ခံစားချက်များရှိနေဆဲဖြစ်၍ စုံစမ်းနှောင့်ယှက်ခြင်းခံရသည့်အခါ စိတ်ဒုက္ခရောက်ပေမည်။ (တမန်တော် ၁၄:၁၅) မည်သို့ပင်ဆိုစေ စိတ်ဖိစီးမှုကိုရင်ဆိုင်ဖြေရှင်းပေးရန် အခြားသူတို့ထက် ဘုရားသခင့်ကျေးကျွန်တို့အတွက် အကူအညီသာ၍များပါသည်။ စိတ်ကျဝေဒနာနှင့်စိတ်ဒုက္ခရောက်ကြသည့်အခါ လူအချို့မည်သို့အောင်မြင်ကျော်လွှားခဲ့ကြောင်း ကျမ်းစာဥပမာအချို့ကို သုံးသပ်ကြည့်ကြစို့။

စိတ်ဒုက္ခရောက်ခဲ့သောတမန်တော်သည် သက်သာမှုရရှိခဲ့

တမန်တော်ပေါလုသည် စိတ်ဓာတ်ကျခဲ့ဖူးသည်။ “ငါတို့သည် မာကေဒေါနိပြည်သို့ရောက်သောအခါ ကိုယ်ကာယငြိမ်ဝပ်ခြင်းအလျှင်းမရှိ။ . . . ပြင်၌ကား တိုက်လှန်ခြင်းရှိ၏။ အတွင်း၌ကား စိုးရိမ်ခြင်းရှိ၏။ သို့သော်လည်း နှိမ့်ချလျက်ရှိသောသူတို့ကို သက်သာစေတော်မူတတ်သောဘုရားသခင်သည် တိတုရောက်လာသောအားဖြင့် ငါတို့ကိုသက်သာစေတော်မူ၏” ဟုသူပြောသည်။ (၂ ကောရိန္သု ၇:၅၊ ၆) တစ်ပြိုင်တည်းတွင် စိတ်ပျက်စရာများ ဖြစ်ပျက်ခဲ့သောကြောင့် ပေါလုစိတ်ဓာတ်ကျခဲ့ခြင်းဖြစ်သည်။ “ပြင်၌ကား တိုက်လှန်ခြင်း” တည်းဟူသောအသက်အန္တရာယ်ရှိသည့် ပြင်းထန်သောညှဉ်းဆဲခြင်းခံရ၏။ (၂ ကောရိန္သု ၁:၈ နှင့်နှိုင်းယှဉ်။) ထို့ပြင် ကောရိန္သုမြို့တွင်ပေါ်ပေါက်သည့်ပူပန်မှုကဲ့သို့သော အသင်းတော်အတွက်စိုးရိမ်စရာများဖြစ်သည့် “အတွင်း၌ကား စိုးရိမ်ခြင်း” များရှိ၏။

လွန်ခဲ့သောလအနည်းငယ်က ကောရိန္သုခရစ်ယာန်များထံ မိမိ၏ပထမစာစောင်ကို ပေါလုရေးသားခဲ့သည်။ ထိုတွင်အသင်းတော်အတွင်းပေါ်ပေါက်နေသော အဖြစ်ဆိုးအသီးသီးကို သူပြစ်တင်ရှုတ်ချခဲ့၍ မိမိ၏စာကို ကောရိန္သုအသင်းသားများ မည်သို့တုံ့ပြန်လိမ့်မည်အကြောင်း သူအတော်အတန်စိုးရိမ်နေဟန်တူသည်။ သို့ရာတွင် သူတို့၏တုံ့ပြန်ပုံအကြောင်း တိတုထံမှသတင်းရရှိသောအခါ ပေါလုစိတ်သက်သာမှုရရှိခဲ့ပါသည်။ ထိုနည်းထပ်တူ ယေဟောဝါသည် ကိုယ်တော်၏မျက်မှောက်ခေတ်ကျေးကျွန်တစ်ဦးကိုအသုံးပြုကာ သတင်းကောင်းပါးစေ၍ စိတ်ဒုက္ခကိုကာသတ်စေမည်။

ဘုရားပေးတာဝန်များကို မည်သို့ယူမှတ်သင့်

ခရစ်ယာန်အချို့သည် သူတို့၏ဓမ္မအမှုကြောင့် စိတ်ဒုက္ခအနည်းအကျဉ်းရောက်တတ်ကြသည်။ ယေဟောဝါ၏ကျေးကျွန်အချို့ကား ဘုရားပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်မဟုတ်ဟူ၍ စိုးရိမ်တကြီးဖြစ်ခဲ့ဖူးကြပြီ။ ဥပမာ၊ အီဂျစ်ပြည်ရှိဣသရေလလူမျိုးတို့အကျိုးအလိုငှာ ဘုရားသခင့်ကိုယ်စားလှယ်မဖြစ်ထိုက်ဟု မောရှေခံစားခဲ့ဖူးသည်။ အခြားအရာများအပြင် မိမိသည်နှုတ်သတ္တိရှိသူမဟုတ်ပါဟု သူဆင်ခြေပေးခဲ့သည်။ (ထွက်မြောက်ရာ ၃:၁၁။ ၄:၁၀) သို့သော် ဘုရားသခင်ကိုအားကိုးပြီး မိမိအတွက်ပြောဆိုပေးသူအာရုန်နှင့်အတူသွား၍ မောရှေသည် တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။

အချိန်တန်လေသော် အာရုန်ကိုမောရှေအားထားနေစရာမလိုတော့ပါ။ ထိုနည်းတူ၊ အစပထမတွင် ခရစ်ယာန်ဓမ္မအမှုကိုခဲယဉ်းသောလုပ်ငန်းဟုယူမှတ်ခဲ့သော်လည်း လေ့ကျင့်သွန်သင်မှုရရှိပြီးနောက် အချို့သည် ကျွမ်းကျင်လိမ္မာသော သတင်းကောင်းဟောပြောသူများဖြစ်လာကြသည်။ ဥပမာ၊ ယေဟောဝါ၏ လူငယ်သက်သေခံမြောက်မြားစွာတို့သည် ရှေ့ဆောင်များ၊ သာသနာပြုများအဖြစ် အချိန်ပြည့်တရားဟောပြောသူများအဖြစ်သို့ ကြီးပြင်းလာခဲ့ကြပြီ။ ခရစ်ယာန်ဓမ္မအမှုဆောင်များကို အရည်အချင်းပြည့်မီစေရန်၊ သူတို့၏ဘုရားပေးတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ရန် ယေဟောဝါတန်ခိုးပေးတော်မူမည့်အကြောင်း စိတ်ချနိုင်ခြင်းကား စိတ်သက်သာမှုရရှိစေသည်။—ဇာခရိ ၄:၆။ ၂ ကောရိန္သု ၂:၁၄-၁၇။ ဖိလိပ္ပိ ၄:၁၃။

နောင်တရစရာများအတွက် စိတ်ဒုက္ခရောက်သည့်အခါ သက်သာမှုရရှိခြင်း

ဘုရားသခင့်လုပ်ငန်းတော်တွင် ပိုမိုမလုပ်ဆောင်ခဲ့သဖြင့် စိတ်ဓာတ်ကျကောင်းကျမည်။ နှစ်ချီ၍မလှုပ်ရှားခဲ့သောညီအစ်ကိုတစ်ဦးသည် လယ်ကွင်းဓမ္မအမှုတွင် တစ်ဖန်ပြန်ပါဝင်ခဲ့သည်။ ထိုနောက်များမကြာမီပင် အကြီးအကျယ်ဖျားနာပြီး အိပ်ရာပေါ် တုံးလုံးလှဲနေရတော့လေသည်။ ထိုအခါ၌စိတ်ပျက်စွာဖြင့်ညီအစ်ကိုက ဤသို့ဆိုသည်။ “ကျွန်တော်လှုပ်လှုပ်ရှားရှားရှိနိုင်တုန်းက တာဝန်ပျက်ကွက်ခဲ့တယ်။ အခုအမှုဆောင်မှာ လှုပ်လှုပ်ရှားရှားပါဝင်ချင်တော့တဲ့အခါ ကိုယ်လက်မလှုပ်ရှားနိုင်တော့ဘူး။”

လွန်လေပြီးသောအချိန်အတွက် စိတ်ဆင်းရဲနေမည့်အစား ယခုအတတ်နိုင်ဆုံးပြုမူခြင်းသည် ပညာရှိရာမကျပေလော။ ယေရှု၏သွေးသားတော်စပ်သောညီတော်များဖြစ်သည့် ယာကုပ်နှင့်ယုဒတို့သည် ကိုယ်တော်သေဆုံး၍ရှင်ပြန်ထမြောက်ပြီးနောက်မှသာ ယုံကြည်သူများဖြစ်လာကြသည်။ ယင်းအတွက် သူတို့ဝမ်းနည်းခဲ့ကြမည်ဖြစ်သော်လည်း ထိုအကြောင်းကြောင့် ဘုရားသခင့်ကျေးကျွန်များမဖြစ်လာဘဲမနေသည့်အပြင် ကျမ်းရေးသူများပင် ဖြစ်လာကြသေးသည်။

ဆုတောင်းခြင်းကို ဘယ်သောအခါမျှလျစ်လျူမရှုနှင့်

စိတ်ဓာတ်ကျသည့်အခါ ဘုရားသခင့်လူမျိုးတော်သည် စိတ်အားထက်သန်စွာဆုတောင်းသင့်သည်။ အမှန်သော်ကား၊ စိတ်ဒုက္ခရောက်ချိန်တွင်ပြုသောဆုတောင်းချက်အမြောက်အမြားကို ကျမ်းစာတွင်ဖတ်ရှုရ၏။ (၁ ဓမ္မရာဇဝင် ၁:၄-၂၀။ ဆာလံ ၄၂:၈) အချို့က ‘စိတ်ဓာတ်ကျလွန်းလို့ ဆုတောင်မတောင်းနိုင်ဘူး’ ဟုအထင်ရှိမည်။ ထိုသို့ဆိုလျှင် ယောနကိုသတိရပါ။ ငါး၏ဝမ်းဗိုက်ထဲရှိစဉ် သူဤသို့ဆိုသည်။ “အကျွန်ုပ်သည် စိတ်ပျက်သောအခါ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုအောက်မေ့၍ အကျွန်ုပ်၏ပတ္ထနာသည် သန့်ရှင်းသောဗိမာန်တော်၌ ကိုယ်တော်ထံသို့ဝင်ပါ၏။ . . . ကျေးဇူးတော်ကိုချီးမွမ်းသောစကားနှင့် ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကိုပြုပါမည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်။” (ယောန ၂:၄-၉) မှန်သည်၊ ယောနဆုတောင်းခဲ့သဖြင့် ဘုရားသခင်ကသူ့အား သက်သာမှုရရှိစေ၍ အသက်ချမ်းသာပေးတော်မူခဲ့သည်။

ဆွီဒင်နိုင်ငံရှိညီအစ်မတစ်ယောက်သည် နှစ်ပေါင်းများစွာရှေ့ဆောင်တစ်ဦးဖြစ်ခဲ့သော်လည်း အကျိုးဖြစ်ထွန်းသောဓမ္မအမှုကိုဆောင်ရွက်နေလျက်ပင် ဗြုန်းကနဲစိတ်ဓာတ်ကျ၍ ပင်ပန်းနွမ်းလျလာသည်။ မိမိ၏စိတ်ဓာတ်ကျဆင်းမှုအကြောင်းကို ယေဟောဝါထံဆုတောင်းခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ကင်းမျှော်စင်အသင်း၏ဌာနခွဲမှ ညီအစ်ကိုတစ်ဦး သူ့ထံတယ်လီဖုန်းဆက်သည်။ ဗေသလအိမ်တိုးချဲ့မည်ဖြစ်၍ တစ်ပတ်လျှင်တစ်ရက် လာရောက်အကူအညီပေးနိုင်မည်လောဟု သူစုံစမ်းခံရသည်။ နောင်တွင်ဤညီအစ်မက ဤသို့ဆိုသည်။ “ဗေသလအိမ်အသိုင်းအဝိုင်းမှာ တိုးချဲ့လာတဲ့လုပ်ငန်းကိုတွေ့မြင်ရုံမက ပါဝင်ခွင့်ရတဲ့အတွက် ကျွန်မလိုအပ်နေတဲ့ခွန်အား ရရှိလာပါတယ်။”

စိတ်ဓာတ်ကျနေမည်ဆိုလျှင် စိတ်ဓာတ်ကျဆင်းခြင်းကိုတိုက်လှန်နိုင်ရန်တစ်နည်းကား ဆုတောင်းခြင်းဖြစ်ကြောင်း သတိရသင့်သည်။ (ကောလောသဲ ၄:၂) ကျွန်ုပ်တို့၏ဆုတောင်းချက်များနှင့်အညီ လုပ်ငန်းတော်မြတ်တွင် တိုးချဲ့ပါဝင်ခြင်းအခွင့်ကို ယေဟောဝါကမ်းလှမ်းပေးတော်မူမည်။ သို့မဟုတ် ဓမ္မအမှုတိုးတက်ကြီးပွားလာသည့်ကောင်းချီး ခံစားစေတော်မူလိမ့်မည်။ (၁ ကောရိန္သု ၁၆:၈၊ ၉) မည်သို့ပင်ဆိုစေ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။” (သု၊ ၁၀:၂၂) ယင်းက ကျွန်ုပ်တို့စိတ်ဓာတ်ကိုမြှင့်တင်ပေးမည်အမှန်။

သံသယစိတ်များကြောင့် စိတ်ဒုက္ခရောက်ခြင်း

ရံဖန်ရံခါ၊ ယေဟောဝါကျေးကျွန်တစ်ဦးသည် သံသယစိတ်ဝင်လာလိမ့်မည်။ ထိုသို့ဖြစ်လာပါက ဘုရားသခင့်မျက်နှာသာမခံစားရတော့ဟူ၍ ချက်ချင်းမဆုံးဖြတ်သင့်ပါ။ အရှင်သခင်ထမြောက်ကြောင်း မျက်မြင်ကိုယ်တွေ့ဖြစ်သူတို့၏သတင်းကို တမန်တော်သောမသံသယဝင်ခဲ့သောကြောင့် သူ့အားယေရှုမငြင်းပယ်ခဲ့ပါ။ ယင်းအစား သံသယမဖြစ်နေရန် သောမအားမေတ္တာပါပါ ယေရှုဆက်ကူညီပေးတော်မူသည်။ ယေရှုအမှန်အသက်ရှင်နေတော်မူကြောင်း သောမစိတ်ချလာနိုင်သည့်အခါ မည်မျှဝမ်းသာအယ်လဲဖြစ်လာခဲ့သည်တကား။—ယောဟန် ၂၀:၂၄-၂၉။

ပထမရာစုခရစ်ယာန်အသင်းတော်အတွင်း ဝင်ရောက်လာသည့် “အဓမ္မလူ” တို့၏မှောက်မှားသောသွန်သင်ချက်နှင့် ညည်းညူခြင်းအစရှိသည်တို့ကြောင့် အချို့သူတို့အား စိတ်ဒုက္ခရောက်စေသည့်သံသယစိတ်များဝင်စေခဲ့သည်။ ယင်းကြောင့် တပည့်တော်ယုဒ ဤသို့ရေးသားခဲ့သည်။ “ယုံမှားသံသယဖြစ်သူတို့အား ကရုဏာထားကြလော့။ အချို့သောသူတို့ကို မီးထဲမှကယ်ဆယ်ကြလော့။” (ယုဒ ၃၊ ၄၊ ၁၆၊ ၂၂၊ ၂၃၊ သက) ဘုရားသခင့်ကရုဏာတော်ကို ဆက်ခံစားရရန် အထူးသဖြင့်အသင်းတော်အကြီးအကဲများဖြစ်သည့် ယုဒ၏ဝတ်ပြုသူချင်းတို့သည် ကရုဏာပြခံထိုက်သော သံသယဝင်သူများအား ဆက်မေတ္တာပြသရန်လိုအပ်ခဲ့သည်။ (ယာကုပ် ၂:၁၃) သူတို့သည် ထာဝရပျက်စီးခြင်း “မီး” ၏အန္တရာယ်စက်ကွင်းတွင်ရောက်နေသဖြင့် သူတို့ထာဝရအသက်ရှင်ရေးအတွက် စိုးရိမ်စရာရှိနေသည်။ (မဿဲ ၁၈:၈၊ ၉။ ၂၅:၃၁-၃၃၊ ၄၁-၄၆ နှိုင်းယှဉ်။) သံသယစိတ်ဝင်သောယုံကြည်သူချင်းတို့ကို သနားကြင်နာစွာဖြင့်ကူညီပေးသည့်အတွက် သူတို့သည် ဝိညာဉ်ရေးဘက်ခိုင်ခံ့မြဲမြံလာသည့်အခါ မည်မျှရွှင်လန်းဝမ်းမြောက်နိုင်ပါသည်တကား။

ပြင်းထန်သောစုံစမ်းခြင်းများခံရသဖြင့် မိမိနှင့်ဘုရားသခင်ရှိသည်ကို သံသယဝင်မည်ဆိုလျှင် ကျွန်ုပ်တို့ဆုတောင်းသည့်အခါ အတိအကျဖော်ပြရန်လိုသည်။ ဤကဲ့သို့သောအခြေအနေမျိုးအောက်တွင် ယေဟောဝါထံတော်မှဉာဏ်ပညာရရန်အတွက် အဆက်မပြတ်တောင်းဆိုပါ။ ဉာဏ်ပညာလိုအပ်နေ၍ ယင်းအတွက်ဆုတောင်းခြင်းကို ဘုရားသခင်သည် ကဲ့ရဲ့ပြစ်တင်ခြင်းမရှိဘဲ ရက်ရောစွာပေးတော်မူမည်။ “သံသယမရှိဘဲ ယုံကြည်သောစိတ်နှင့်ဆက်တောင်း” ရမည်။ အကြောင်းမူကား၊ သံသယဝင်သူသည် အဘက်ဘက်သို့ “လေခတ်၍လှုပ်ရှားတတ်သောလှိုင်းတံပိုးနှင့်တူ၏။” ဤကဲ့သို့သောသူများသည် ဆုံးဖြတ်ချက်အတိအကျမချတတ်သူ၊ ဆုတောင်းရာတွင်လည်းကောင်း၊ ပြုလေရာရာ၌လည်းကောင်း “တည်ကြည်” သောသူများမဖြစ်ကြသဖြင့် ဘုရားသခင့်အထံတော်မှ ဘာမျှမရရှိနိုင်ပါ။ (ယာကုပ် ၁:၅-၈) ထိုကြောင့် ကျွန်ုပ်တို့၏စုံစမ်းခြင်းများကို သင့်မြတ်လျော်ကန်စွာကြည့်မြင်တတ်၍ ခံနိုင်ရည်ရှိကြရန် ယေဟောဝါကူညီမစပေးတော်မူမည့်အကြောင်း ယုံကြည်စိတ်ချကြစို့။ ယုံကြည်သူချင်းတို့ကညွှန်ပြ၍လည်းကောင်း၊ သမ္မာကျမ်းစာလေ့လာရာတွင်လည်းကောင်း ကျမ်းချက်များကိုတွေ့မြင်သဘောပေါက်လာမည်။ ဘုရားသခင့်စီမံမှုအားဖြင့် ဖြစ်ပေါ်လာသည့်အဖြစ်အပျက်များက ကျွန်ုပ်တို့ဘာပြုလုပ်သင့်သည်ကိုတွေ့ရှိလာရန် အကူအညီရပါလိမ့်မည်။ ကျွန်ုပ်တို့အားကောင်းကင်တမန်များပင်ညွှန်ကြားနိုင်သည်။ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုကိုခံရပေမည်။ (ဟေဗြဲ ၁:၁၄) အဓိကမှာ၊ မေတ္တာရှင်ဘုရားသခင်ကို ယုံကြည်စိတ်ချစွာဖြင့် ဉာဏ်ပညာအတွက်ဆုတောင်းရန်ဖြစ်သည်။—သု၊ ၃:၅၊ ၆။

ယေဟောဝါသက်သာစေကြောင်း သတိရလေ

ယေဟောဝါကိုပေါလုဆုတောင်းလျက် အားကိုးအားထားခဲ့ရာ ကိုယ်တော်သည် သက်သာရာတို့၏မူလအမြစ်ဖြစ်ကြောင်း သိရှိခဲ့သည်။ တမန်တော်ဤသို့ရေးသားခဲ့သည်။ “သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်တည်းဟူသော ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကိုယ်တိုင်သက်သာခြင်းရှိသကဲ့သို့ ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အားသက်သာစေတော်မူ၏။”—၂ ကောရိန္သု ၁:၃၊ ၄။

သက်သာခြင်းအမျိုးမျိုးတို့၏ဘုရားသခင်သည် ကိုယ်တော့်ကျေးကျွန်များ၏စိတ်ဒုက္ခကိုတွေ့ရှိကာ သက်သာမှုရစေလိုတော်မူသည်။ ကောရိန္သုအသင်းသားများအတွက် ပေါလုစိုးရိမ်ခဲ့ခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်အဖော်အဖက်တိတုမှတစ်ဆင့် သက်သာမှုရရှိခဲ့သည်။ ယနေ့ဤနည်းဖြင့် ကျွန်ုပ်တို့သက်သာမှုရရှိနိုင်သည်။ ထိုကြောင့် စိတ်ဒုက္ခရောက်သည့်အခါ တစ်သီးပုဂ္ဂလနေခြင်းကိုရှောင်သင့်သည်။ (သု၊ ၁၈:၁) ခရစ်ယာန်ချင်းတို့နှင့်ပေါင်းသင်းခြင်းကား ကျွန်ုပ်တို့အား ဘုရားသခင်သက်သာစေသည့် နည်းတစ်နည်းဖြစ်သည်။ ကျွန်ုပ်တို့ထင်မြင်မည်ကား ဤသို့။ ‘စိတ်ဓာတ်ကျလွန်းလို့ ခရစ်ယာန်မိတ်ဆွေများနဲ့ သွားပေါင်းဖို့အားမရှိဘူး။’ သို့ရာတွင် ဤကဲ့သို့သောစိတ်ထားများကိုတိုက်လှန်ပြီး ယုံကြည်သူချင်းတို့ပေးကမ်းနိုင်သည့် သက်သာမှုကို မခံစားရဘဲမနေသင့်ပါ။

လက်မလျှော့လေနှင့်

ဤမျှဆိုးရွားသောစိတ်ကျဝေဒနာကိုခံစေသည့် ပြင်းထန်သောစုံစမ်းခြင်းမျိုးကို မခံခဲ့ဖူးသူအချို့ရှိကောင်းရှိမည်။ သို့သော် ခွန်အားနည်းစေသည့်ဖျားနာမှု၊ အိမ်ထောင်ဖက်သေဆုံးခြင်း၊ သို့မဟုတ် အခြားခံရခက်သောအခြေအနေတစ်ခုခုကြောင့် စိတ်ကျဝေဒနာခံရနိုင်သည်။။ ထိုသို့ဖြစ်ခဲ့ပါက ဝိညာဉ်ရေးအရဖျားနာနေ၍ဖြစ်မည်ဟု မဆုံးဖြတ်လိုက်ပါနှင့်။ စိတ်ဓာတ်ကျနေသူတစ်ဦးပင်လျှင် ဘုရားသခင့်လုပ်ငန်းတော်အတွက် အရည်အချင်းပြည့်ပြည့်နှင့် ဝိညာဉ်ရေးဘက် အခြားသူများကိုကူညီပေးနိုင်ပါသည်။ စိတ်ဓာတ်ကျသူများသည် အမှားတစ်ခုပြုမိ၍ ဝိညာဉ်ရေးအရဖျားနာနေသည်ဟု မသင်္ကာဖြစ်မည့်အစား ဤသို့ခံစားနေရသည့် “စိတ်ငယ်သောသူတို့ကိုအားပေး” ရန်ညီအစ်ကိုများကိုပေါလုတိုက်တွန်းခဲ့သည်။ (၁ သက်သာလောနိတ် ၅:၁၄) စိတ်ကျဝေဒနာကိုတစ်ခါတစ်ရံ ပြစ်မှားခြင်းနှင့်ဆက်စပ်ပေးတတ်သည်မှန်သော်လည်း စင်ကြယ်သောနှလုံးဖြင့် ဘုရားသခင့်အမှုတော်ထမ်းနေသူများ၌ကား ထိုသို့မဟုတ်ပါ။ ကြီးစွာသောအခက်အခဲဖြင့်ထမ်းဆောင်ရမည့် သူတို့၏ဝတ်ပြုမှုကို ယေဟောဝါလက်သင့်ခံတော်မူ၏။ သူတို့ကို ကိုယ်တော်ချစ်တော်မူ၍ လိုအပ်သလိုကူညီပေးပြီးသက်သာမှုရရှိစေတော်မူ၏။—ဆာလံ ၁၂၁:၁-၃။

၁၉၁၈ ခုနှစ်တွင်ဝိညာဏဣသရေလလူမျိုးမှ အကြွင်းအကျန်အဝင်တို့သည့် စုံစမ်းခြင်းများကြောင့် စိတ်ဒုက္ခအကြီးအကျယ်ရောက်ခဲ့ကြသည်။ (ဂလာတိ ၆:၁၆ နှင့်နှိုင်းယှဉ်။) သူတို့၏ဟောပြောခြင်းအစီအစဉ် ပျက်စီးသွားလုမတတ်ဖြစ်ပြီး အချို့တို့သည် အပြစ်မရှိဘဲထောင်ဒဏ်သင့်ခဲ့ရ၏။ သူတို့၏အပေါင်းအသင်းများစွာတို့လည်း သစ္စာဖျက်ပြီး ဆန့်ကျင်တိုက်ခိုက်သောယုံကြည်ခြင်းဖောက်ပြန်သူများဖြစ်လာကြသည်။ ထို့ပြင် ဤသို့ဖြစ်ပျက်ရန် ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုခဲ့သည်ကို သစ္စာရှိဘိသိက်ခံသူများနားမလည်ခဲ့ကြပါ။ အတန်ကြာ “မျက်ရည်ကျလျက်မျိုးစေ့ကြဲ” ကြသော်လည်း လက်မလျှော့ခဲ့ကြပါ။ ယေဟောဝါအမှုတော်ကိုသူတို့ဆက်ထမ်းကာ မိမိတို့ကိုယ်ကိုလည်းစစ်ဆေးခဲ့ကြသည်။ ရလဒ်ကမည်သို့နည်း။ ထိုအခါ “ကောင်းလှိုင်းများကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့်အမှန်ပြန်လာ” ကြ၏။ (ဆာလံ ၁၂၆:၅၊ ၆) အပြည်ပြည်ဆိုင်ရာရိတ်သိမ်းခြင်းလုပ်ငန်းအတွက် သန့်ရှင်းစင်ကြယ်ခြင်းရှိကြရန် ဤသို့စုံစမ်းခံစေတော်မူခဲ့ကြောင်းကို ယခုဘိသိက်ခံများသဘောပေါက်နားလည်လာသည်။

စုံစမ်းခြင်းအမျိုးမျိုးကို အပြည့်အနှက်ခံနေရ၍ စိတ်ဓာတ်ကျမိလျှင် ဘိသိက်ခံအကြွင်းအကျန်၏အတွေ့အကြုံမှ ကျွန်ုပ်တို့အကျိုးရရှိနိုင်သည်။ လက်မြှောက်အရှုံးပေးမည့်အစား ငိုကြွေးလျက်ပင်ပြုလုပ်ရစေကာမူ မှန်ကန်ရာကိုဆက်လက်ပြုလုပ်နေပါ။ အချိန်တန်လျှင် ကျွန်ုပ်တို့စုံစမ်းခြင်းများမှ ထွက်မြောက်ရာလမ်းပေါ်ပေါက်လာပါလိမ့်မည်။ ထိုအခါ “ရွှင်လန်းသောစိတ်နှင့်အမှန်ပြန်လာ” ရလိမ့်မည်။ မှန်ပါသည်။ စုံစမ်းခြင်းများကိုခံနိုင်ရည်ရှိရှိခံခဲ့သည့်အတွက် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အသီးတစ်သီးဖြစ်သည့် ရွှင်လန်းခြင်းအသီးကိုပိုင်ဆိုင်ရလိမ့်မည်။ ယေဟောဝါရှင်သည် “သက်သာခြင်းအမျိုးမျိုးတို့၏ဘုရားသခင်” အမှန်ဖြစ်တော်မူကြောင်း ကျွန်ုပ်တို့တွေ့ရှိခံစားကြရမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ