ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၀/၁ စာ. ၁၄-၁၉
  • မေရှိယရောက်ရှိနေခြင်းနှင့်ကိုယ်တော်၏အုပ်စိုးမှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေရှိယရောက်ရှိနေခြင်းနှင့်ကိုယ်တော်၏အုပ်စိုးမှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်တော်ပြန်လာသည့်နည်း
  • အဘယ်အချိန်တွင် စတင်သနည်း
  • အဘယ်ကြောင့်ဆင်းရဲဒုက္ခကာလဖြစ်ရ
  • ကမ္ဘာကို မေရှိယ အုပ်စိုးသောအခါ
  • ကိုယ်တော့်အုပ်ချုပ်ရေးသည် သင့်အားမည်သို့အကျိုးပြု
  • ခရစ်တော်ရောက်ရှိနေချိန်အပေါ် ထွန်းလင်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • မည်သည့်အချိန်တွင် ဘုရားသခင့်နိုင်ငံတော်လာမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ခရစ်တော်ပြန်ကြွလာခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ယေရှုကြွလာခြင်း သို့မဟုတ် ယေရှုရောက်ရှိနေခြင်း—မည်သည့်အရာနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၀/၁ စာ. ၁၄-၁၉

မေရှိယရောက်ရှိနေခြင်းနှင့်ကိုယ်တော်၏အုပ်စိုးမှု

“သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။”—တမန်တော် ၁:၁၁။

၁၊ ၂။ (က) ကောင်းကင်သို့ယေရှုတက်ကြွသွားသောအခါ ကောင်းကင်တမန်နှစ်ပါးသည် ကိုယ်တော်၏တမန်တော်များကို မည်သို့နှစ်သိမ့်ပေးသနည်း။ (ခ) ခရစ်တော်၏ပြန်ကြွလာစရာအလားအလာနှင့်ပတ်သက်၍ အဘယ်မေးခွန်းများပေါ်လာသနည်း။

သံလွင်တောင်၏အရှေ့ဘက် ဆင်ခြေလျှောမြေပေါ် လူဆယ့်တစ်ဦးရပ်၍ ကောင်းကင်သို့စိုက်ကြည့်နေကြသည်။ ယေရှုခရစ်၏သဏ္ဌာန်ကိုတိမ်ထုကွယ်သွားသည်အထိ အထက်သို့ကိုယ်တော်တက်ကြွသွားခဲ့သည်မှာ တစ်ခဏသာရှိသေးသည်။ ယေရှုနှင့်အတူရှိခဲ့သည့်ကာလအတွင်း ကိုယ်တော်သည် မေရှိယအမှန်ဖြစ်ကြောင်း သက်သေအထောက်အထားများစွာကို ဤသူတို့တွေ့မြင်ခဲ့ကြပါသည်။ ကိုယ်တော်သေဆုံးချိန်တွင် သူတို့စိတ်နှလုံးကြေကွဲဝမ်းနည်းပူဆွေးခဲ့ကြ၍ ရှင်ပြန်ထမြောက်တော်မူသည့်အခါ ပီတိ ဖြစ်ခဲ့ကြရသည်။ ယခုတစ်ခါ ကိုယ်တော်မရှိတော့ချေ။

၂ ဤအချိန်တွင်ပင် ကောင်းကင်တမန်နှစ်ပါး ရုတ်တရက်ပေါ်ထွန်းလာပြီး ဤသို့နှစ်သိမ့်ပေးကြသည်။ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့။” (တမန်တော် ၁:၁၁) အမှန်အားတက်စရာစကားများပါတကား။ ကောင်းကင်သို့ယေရှုတက်ကြွသွားသည့်အတွက် ဤကမ္ဘာနှင့်လောကီသားများအကျိုးကို မဆောင်ရွက်တော့ဘဲနေမည့်အစား ယေရှုပြန်လာဦးမည် ဆိုပါသည်တကား။ ယင်းစကားများကြောင့် တမန်တော်များ မျှော်လင့်တကြီးဖြစ်ကြပြန်မည်အမှန်။ ယနေ့လည်း ခရစ်တော်ပြန်ကြွလာမည့်ကတိတော်ကို အရေးတကြီးထားသူသန်းပေါင်းများစွာရှိပါသည်။ အချို့က ယင်းကို “ဒုတိယကြွလာခြင်း” သို့မဟုတ် “ပေါ်ထွန်းခြင်း” ဟုခေါ်ဆိုကြသည်။ သို့သော်ခရစ်တော်ပြန်လာခြင်းကို အများအားဖြင့် မရှင်းမလင်းဖြစ်ကြပါသည်။ အဘယ်နည်းဖြင့် ခရစ်တော်ပြန်လာမည်နည်း။ အဘယ်အချိန်တွင်နည်း။ ယင်းသည် ယနေ့ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။

ခရစ်တော်ပြန်လာသည့်နည်း

၃။ ခရစ်တော်၏ပြန်လာခြင်းအကြောင်း လူအများ မည်သို့ယူဆသနည်း။

၃ An Evangelical Christology စာအုပ်အရ “ခရစ်တော်၏ဒုတိယကြွလာခြင်း သို့မဟုတ် ပြန်လာခြင်းသည် (ပါရိုစီးယား) ဘုရားသခင့်နိုင်ငံတော်ကို အပြီးသတ်လူသိရှင်ကြား ထာဝရတည်ထောင်စေမည်” ဖြစ်၏။ ခရစ်တော်၏ပြန်လာခြင်းကို ဤဂြိုဟ်ပေါ်ရှိသူတိုင်း ပကတိမျက်စိဖြင့်တွေ့မြင်ကြမည်ဟု အများကယူဆကြသည်။ ဤအယူအဆကိုထောက်ခံသည့်အနေနှင့် ဗျာဒိတ် ၁:၇ ကိုညွှန်းကြသည်။ ဖတ်ရသည်က ဤသို့။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွကြွလာတော်မူသည်ဖြစ်၍ ကိုယ်တော်ကိုထိုးဖောက်သောသူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။” သို့သော်ဤကျမ်းပိုဒ်ကို စာသားအတိုင်းနားလည်ရန်ဖြစ်သလော။

၄၊ ၅။ (က) ဗျာဒိတ် ၁:၇ ကိုစာသားအတိုင်းယူမှတ်ရမည်မဟုတ်ကြောင်း မည်သို့သိရှိရသနည်း။ (ခ) ဤနားလည်မှုကိုယေရှု၏စကားများကိုယ်နှိုက်က မည်သို့ထောက်ခံသနည်း။

၄ ဗျာဒိတ်ကျမ်းကို “ဗျာဒိတ်တော်အရိပ်” ဖြင့်ပြထားကြောင်း သတိရပါ။ (ဗျာဒိတ် ၁:၁) ထိုကြောင့်ဤကျမ်းပိုဒ်သည် ပုံဆောင်ချက်ဖြစ်ရမည်။ အမှန်ဆိုလျှင် “ကိုယ်တော်ကိုထိုးဖောက်သောသူတို့” သည်ခရစ်တော်အား မည်သို့တွေ့မြင်နိုင်ကြမည်နည်း။ သူတို့သေလွန်ခဲ့သည်မှာ ရာစုပေါင်း ၂၀ နီးပါးပင်ရှိပေပြီ။ ထို့ပြင် ခရစ်တော်ခွဲခွာသွားခဲ့သည့် “နည်းတူ တစ်ဖန်ကြွလာတော်မူလတ္တံ့” ဟုကောင်းကင်တမန်များ အားပေးခဲ့သည်။ သို့ဖြစ်၍ ကိုယ်တော်မည်သို့ခွဲခွာခဲ့သနည်း။ သန်းပေါင်းများစွာသောသူတို့ ရှုစားနေစဉ်လော။ မဟုတ်ပါ။ သစ္စာရှိသူ လူနည်းစုမျှသာ ထိုအဖြစ်အပျက်ကိုတွေ့မြင်ခဲ့ပါသည်။ ထို့ပြင် ကောင်းကင်တမန်များက တမန်တော်များအားစကားပြောဆိုကြသောအခါ ကောင်းကင်သို့ခရစ်တော်၏ခရီးစဉ်ကို သူတို့စိုက်ကြည့်ခဲ့ပါသလော။ မကြည့်နိုင်ကြချေ။ တိမ်ဖုံးကွယ်သွားသဖြင့် သူတို့မြင်ကွင်းမှ ယေရှုပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်နောက်ပိုင်းတွင် လူ့မျက်စိဖြင့်မမြင်နိုင်သည့် နာမ်ဝိညာဉ်သားအဖြစ် နာမ်ဝိညာဉ်ဘောင်ကောင်းကင်အရပ်သို့ ကိုယ်တော်ဝင်ရောက်ခဲ့ပေမည်။ (၁ ကောရိန္သု ၁၅:၅၀) ထိုကြောင့်အလွန်ဆုံးဆိုလျှင် ယေရှု၏ခရီးစဉ်အစကိုသာ တမန်တော်များတွေ့မြင်ခဲ့ကြမည်။ ကိုယ်တော်၏ကောင်းကင်ခမည်းတော်ယေဟောဝါရှေ့မှောက် ကောင်းကင်အရပ်သို့ပြန်ရောက်သွားသည့် ခရီးဆုံးကိုကား သူတို့မြင်နိုင်ကြမည်မဟုတ်ပါ။ ယင်းကို ယုံကြည်ခြင်းမျက်လုံးများဖြင့် သူတို့တွေးကြည့်၍သာ တွေ့မြင်နိုင်မည်ဖြစ်သည်။—ယောဟန် ၂၀:၁၇။

၅ ယေရှုသည် ထပ်တူနည်းမျိုးဖြင့်ပင် ပြန်လာမည်ဟု သမ္မာကျမ်းစာကသွန်သင်ပေးသည်။ မိမိမသေမီအချိန်တိုကလေးတွင် ယေရှုကိုယ်တိုင် ဤသို့ဆိုသည်။ “ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။” (ယောဟန် ၁၄:၁၉) “ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌မတည်” ဟုကိုယ်တော်မိန့်တော်မူသေးသည်။ (လုကာ ၁၇:၂၀) ထိုကြောင့် အဘယ်သဘောမျိုးဖြင့် ‘ရှိသမျှသောသူတို့ကိုယ်တော်ကိုရှုမြင်ရကြ’ မည်နည်း။ အဖြေပေးနိုင်ရန် ယေရှု၏ပြန်လာခြင်းနှင့်ပတ်သက်၍ ကိုယ်တော်နှင့်တပည့်နောက်တော်လိုက်များ အသုံးပြုခဲ့သောစကားလုံးကို ဦးဆုံးနားလည်ရန်လိုသည်။

၆။ (က) “ပြန်လာခြင်း၊” “ရောက်ရှိခြင်း၊” “ပေါ်ထွန်းခြင်း” နှင့် “ကြွလာခြင်း” ကဲ့သို့သောစကားလုံးများသည် ဂရိစကားလုံးပါရိုစီးယားအတွက် အဓိပ္ပာယ်လုံလောက်သောစကားလုံးများ အဘယ်ကြောင့်မဖြစ်သနည်း။ (ခ) ပါရိုစီးယား သို့မဟုတ် “ရောက်ရှိနေခြင်း” သည်မည်သည့်ခေတ္တယာယီအဖြစ်အပျက်မျှမကကြာမြင့်ကြောင်း အဘယ်အချက်ကဖော်ပြသနည်း။

၆ အမှန်မှာ၊ ခရစ်တော်သည် “ပြန်လာ” ရုံထက်မကပြုတော်မူသည်။ ထိုစကားလုံးသည် “ကြွလာခြင်း၊” “ရောက်ရှိခြင်း” သို့မဟုတ် “ပေါ်ထွန်းခြင်း” ကဲ့သို့ပင် အချိန်တိုကလေးတွင်ပင်ဖြစ်ပျက်သော အခြင်းအရာတစ်ခုကိုဆိုလိုနေခြင်းဖြစ်သည်။ သို့သော် ယေရှုနှင့်နောက်တော်လိုက်များ အသုံးပြုခဲ့သည့်ဂရိစကားလုံးသည် ထိုထက်မကအဓိပ္ပာယ်ရှိပါသည်။ ပါရိုစီးယား စကားလုံးသည် စာသားအရ “အပါး၌ရှိနေခြင်း” သို့မဟုတ် “ရောက်ရှိနေခြင်း” အဓိပ္ပာယ်ရှိသည်။ ဤစကားလုံးအားဖြင့် ရောက်လာခြင်းကိုသာမဟုတ် တိုင်းနိုင်ငံ၏အရာရှိတစ်ဦးတစ်ယောက် အလည်အပတ်ရောက်ရှိနေခြင်းကိုလည်းဆိုလိုကြောင်း ပညာရှင်အများသဘောတူညီကြသည်။ ဤသို့ရောက်ရှိနေခြင်းသည် တစ်ခဏမျှကြာသောအဖြစ်အပျက်မဟုတ်ဘဲ အထူးဖြစ်သောအချိန်၊ ထူးခြားသောခေတ်ကာလတစ်ခုဖြစ်ပေသည်။ မဿဲ ၂၄:၃၇-၃၉ (ကဘ) တွင်ယေရှုက “လူသားရောက်ရှိနေခြင်း [ပါရိုစီးယား]” သည် ရေလွှမ်းမိုးဘေးနှင့် နိဂုံးချုပ်ခဲ့သော “နောဧလက်ထက်” ကဲ့သို့ဖြစ်မည်ဟုမိန့်တော်မူသည်။ ရေလွှမ်းမိုးဘေးရောက်၍ ပျက်စီးယိုယွင်းသောထိုလောကစနစ်ကို သုတ်သင်ရှင်းလင်းမပစ်မီ ဆယ်စုနှစ်များစွာအတွင်း နောဧသည် သင်္ဘောဆောက်လုပ်၍ လူဆိုးတို့ကိုသတိပေးနေပါသည်။ ယင်းကြောင့် ခရစ်တော်၏မျက်မြင်မရရောက်ရှိနေခြင်းသည်လည်း ကြီးစွာသောဖျက်ဆီးခြင်းဖြင့်အဆုံးမတိုင်မီ ဆယ်စုနှစ်များစွာကြာရှည်မည်တည်း။

၇။ (က) ပါရိုစီးယားကိုလူ့မျက်စိဖြင့်မမြင်နိုင်ကြောင်း အဘယ်အရာကသက်သေထူသနည်း။ (ခ) ခရစ်တော်၏ပြန်ကြွလာခြင်းကို “ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်” ဟုဖော်ပြသောကျမ်းချက်များသည် အဘယ်နည်းဖြင့် အဘယ်အချိန်တွင် ပြည့်စုံမည်နည်း။

၇ ပါရိုစီးယားကို လူ့မျက်စိဖြင့်တွေ့မြင်နိုင်မည်မဟုတ်သည်ကား အမှန်ပါ။ ထိုသို့သာဆိုလျှင် ဤရောက်ရှိခြင်းကိုပိုင်းခြားနိုင်ရန် အကူအညီဖြစ်စေမည့်နိမိတ်ကို တပည့်နောက်လိုက်များအားဖော်ပြရန် ယေရှုအဘယ်ကြောင့်ဤမျှတိုင်အချိန်ကုန်ခံခဲ့ပါမည်နည်း။aသို့ရာတွင် စာတန့်လောကစနစ်ကိုဖျက်ဆီးပစ်ရန် ခရစ်တော်ကြွရောက်လာသည့်အခါ ကိုယ်တော်၏ရောက်ရှိနေခြင်းဖြစ်ရပ်မှန်ကို လူသိရှင်ကြားဖြစ်ရမည်အမှန်။ ထိုအခါ “ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်။” ယေရှု၏ရန်သူများပင်လျှင် ခရစ်တော်၏မင်းရိုက်ရာသည် အမှန်တကယ်ဖြစ်ပျက်နေကြောင်းကို တွေးကြည့်၍တွေ့မြင်နိုင်သည့်အတွက် ရတက်မအေးဖြစ်ရလိမ့်မည်။—မဿဲ ၂၄:၃၀။ ၂ သက်သာလောနိတ် ၂:၈။ ဗျာဒိတ် ၁:၅၊ ၆။

အဘယ်အချိန်တွင် စတင်သနည်း

၈။ ခရစ်တော်၏ရောက်ရှိနေခြင်းအစကို အဘယ်အဖြစ်အပျက်ကသတ်မှတ်ပေးမည်နည်း။ ယင်းအမှုသည် အဘယ်အရပ်တွင် ဖြစ်ပျက်ခဲ့သနည်း။

၈ မေရှိယ၏ရောက်ရှိနေခြင်းသည် မေရှိယဆိုင်ရာပရောဖက်ပြုချက်များပါ ထပ်ခါတလဲပေါ်လွင်သည့်အဓိကအချက်ကို ပြည့်စုံစေသည့်အဖြစ်အပျက်နှင့် စတင်ပါသည်။ ကိုယ်တော်သည် ကောင်းကင်တွင် ဘုရင်အဖြစ်မင်းမြှောက်ခံရသည်။ (၂ ဓမ္မရာဇဝင် ၇:၁၂-၁၆။ ဟေရှာယ ၉:၆၊ ၇။ ယေဇကျေလ ၂၁:၂၆၊ ၂၇) ယေရှုရောက်ရှိနေခြင်းသည် ကိုယ်တော်၏မင်းရိုက်ရာနှင့်ဆက်နွယ်လိမ့်မည်ဟု ယေရှုကိုယ်တော်တိုင်တင်ပြခဲ့ပါသည်။ ပုံဥပမာများစွာတွင် အိမ်သားများနှင့်ကျေးကျွန်တို့ကိုထားရစ်ကာ “ဝေးသောပြည်” သို့ကြာမြင့်စွာခရီးထွက်၍ “မင်းအရာကိုခံ” သောသခင်တစ်ဦးနှင့် မိမိကိုယ်ကိုခိုင်းနှိုင်းတော်မူသည်။ ကိုယ်တော်၏ပါရိုစီးယားသည် မည်သည့်အချိန်တွင်စတင်မည်နည်းဟု တမန်တော်များ၏မေးခွန်းကိုဖြေဆိုရာတွင် ဤကဲ့သို့သောဥပမာမျိုးတစ်ခုကို ဖြေဆိုချက်အဝင်အနေနှင့်ပေးခဲ့ပါသည်။ “ဘုရားသခင်၏နိုင်ငံတော်သည် ချက်ခြင်းပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်” အခြားတစ်ခုကိုပေးပါသည်။ (လုကာ၊ ၁၉:၁၁၊ ၁၂၊ ၁၅။ မဿဲ ၂၄:၃။ ၂၅:၁၄၊ ၁၉) ထိုကြောင့်လူသားအဖြစ်ကမ္ဘာပေါ်သက်တော်ထင်ရှားစဉ် ကိုယ်တော်၏နန်းတက်ခြင်းမင်္ဂလာသည် အချိန်အားဖြင့် ဝေးလံသေး၍ ကောင်းကင်အရပ် “ဝေးသောပြည်” တွင်ဖြစ်လိမ့်မည်။ ထိုအဖြစ်အပျက်သည် အဘယ်အချိန်တွင်ဖြစ်မည်နည်း။

၉၊ ၁၀။ ကောင်းကင်တွင် ခရစ်တော်သည် ယခုပင်လျှင်အုပ်စိုးနေတော်မူကြောင်း အဘယ်သာဓကရှိသနည်း။ အဘယ်အချိန်တွင် ကိုယ်တော်စတင်အုပ်ချုပ်ခဲ့သနည်း။

၉ ယေရှု၏တပည့်တော်များက “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည် ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ” ဟုပန်ကြားခဲ့စဉ်က ထိုအနာဂတ်ကာလကို အသေးစိတ်အချက်အလက်များဖြင့် ဖော်ပြပြောဆိုခဲ့သည်။ (မဿဲ အခန်းကြီး ၂၄။ မာကု အခန်းကြီး ၁၃။ လုကာ အခန်းကြီး ၂၁။ ၂ တိမောသေ ၃:၁-၅။ ဗျာဒိတ် အခန်းကြီး ၆ ကိုလည်းရှု။) ဤပုပ္ပနိမိတ်သည် ဒုက္ခဆင်းရဲရာကာလတစ်ခုကို အသေးစိတ်ဖော်ပြခြင်းဖြစ်သည်။ ယင်းခေတ်ကာလတွင် အပြည်ပြည်ဆိုင်ရာစစ်မှုများ၊ တိုးများလာသည့်ရာဇဝတ်မှု၊ ပျက်ယွင်းနေသည့် အိမ်ထောင်ရေးဘဝ၊ ရောဂါကပ်ဘေးများ၊ ငတ်မွတ်ခြင်းဘေး၊ မြေငလျင်ဘေးတို့သည် ဒေသလိုက်သာပေါ်သည့်ပြဿနာများအဖြစ်မဟုတ်ဘဲ တစ်ကမ္ဘာလုံးကြုံတွေ့ရသောအရေးအခင်းများအဖြစ် ပေါ်လာမည်ဖြစ်သည်။ ဤသတင်းကို သင်ကြားနေစမြဲလော။ ၂၀ ရာစုသည် ယေရှု၏ဖော်ပြချက်အတိုင်း ကိုက်ညီကြောင်း ကုန်လွန်နေသောနေ့စဉ်နေ့တိုင်းထောက်ခံလျက်ရှိသည်။

၁၀ ၁၉၁၄ ခုနှစ်သည် လူ့သမိုင်းတွင် အလှည့်အပြောင်းဖြစ်သည့်၊ ယင်းပြဿနာများကို စ၍မထိန်းချုပ်နိုင်ဘဲ ကမ္ဘာချီပြဿနာများဖြစ်သွားသည်အထိဖြစ်သည့် အချက်အချာနှစ်ပင်ဖြစ်ကြောင်း ရာဇဝင်ဆရာများ သဘောတူညီကြပါသည်။ မှန်ပါသည်။ သမ္မာကျမ်းစာပရောဖက်ပြုချက်၏ပြည့်စုံချက်အနေနှင့် အကောင်အထည်ပေါ်သော ကမ္ဘာ့အဖြစ်အပျက်အားလုံးတို့သည် ကောင်းကင်တွင် ယေရှုသည်ဘုရင်အဖြစ်စတင်အုပ်စိုးတော်မူသည့်အချိန်အနေနှင့် ၁၉၁၄ ခုနှစ်ကိုညွှန်ပြပါသည်။ ထို့ပြင်ဒံယေလအခန်းကြီး ၄ ပါပရောဖက်ပြုချက်က ၁၉၁၄ ဖြစ်သည့်ယင်းနှစ်သက္ကရာဇ်ကိုပင် ယေဟောဝါ၏ခန့်အပ်ခံဘုရင်အဖြစ် စတင်အုပ်စိုးမည့်အချိန်အဖြစ် သက္ကရာဇ်စဉ်ဆိုင်ရာသာဓကပေးထားပါသည်။b

အဘယ်ကြောင့်ဆင်းရဲဒုက္ခကာလဖြစ်ရ

၁၁၊ ၁၂။ (က) ခရစ်တော်သည် ယခုပင်လျှင် ကောင်းကင်တွင်အုပ်စိုးနေကြောင်းကို အချို့အဘယ်ကြောင့်ယုံရခက်သနည်း။ (ခ) ဘုရင်အဖြစ်ယေရှုနန်းတင်ခံရပြီးနောက် ဖြစ်ပျက်ခဲ့ရာကို မည်သို့ဆိုနိုင်မည်နည်း။

၁၁ အချို့က ‘ကောင်းကင်တွင် မေရှိယအုပ်စိုးနေပြီဆိုလျှင် ကမ္ဘာသည် အဘယ်ကြောင့်ဤမျှဒုက္ခရောက်နေရသနည်း။ ကိုယ်တော်၏အုပ်စိုးခြင်းသည် အာဏာတန်ခိုးမရှိ၍လော’ ဟုသိလိုကြသည်။

၁၂ ခရစ်တော်၏ပါရိုစီးယားတွင် ခရစ်တော်အား ကောင်းကင်တွင်မင်းမြှောက်ခံရသောအခါ စာတန်နှင့်သူ၏နတ်ဆိုးများကို ကောင်းကင်မှကိုယ်တော်ဦးဆုံးပစ်ချတော်မူခဲ့ကြောင်း ဗျာဒိတ် ၁၂:၇-၁၂ ကဖော်ပြပါသည်။ သို့ပြုခြင်းဖြင့် စကြဝဠာအစိုးရ၏မြို့တော်ကြီးကို ရှင်းလင်းတော်မူခဲ့သည်။ ကြာမြင့်စွာကြိုတင်သိထားသည့် ဤစစ်ရှုံးရသောအဖြစ်ကိုခံရသည့်အခါ ခရစ်တော်သည် ဤကမ္ဘာပေါ် အာဏာအပြည့်မသိမ်းမီ “ကာလတစ်ခဏ” အတွင်း စာတန်မည်သို့ပြုမူကျင့်ကြံလိမ့်မည်နည်း။ ဤစနစ်ဟောင်းမှ အမြတ်ထုတ်နိုင်သမျှ ဖျစ်ညှစ်ယူရန်ကြိုးစားပါမည်။ ငွေကိုသူမက်မောသည်ကားမဟုတ်။ လူ့အသက်ကို မက်မောနေပါသည်။ ယေဟောဝါနှင့် ကိုယ်တော်၏မင်းရာဇာလက်အောက်ရှိသူတို့ကို အထံတော်မှသွေဖည်သွားကြရန် အတတ်နိုင်ဆုံးကြိုးစားပါလိမ့်မည်။

၁၃။ မေရှိယအုပ်စိုးသည့်အစပိုင်းအချိန်သည် ဤကမ္ဘာပေါ်ဆင်းရဲဒုက္ခကာလဖြစ်မည်အကြောင်း ကျမ်းစာကမည်သို့ဖော်ပြသနည်း။

၁၃ ထိုကြောင့် မေရှိယအုပ်စိုးချိန်အစပိုင်းတွင် “မြေကြီး . . . သည်အမင်္ဂလာရှိ” နေခြင်းက အံ့ဩစရာမဟုတ်ပါ။ (ဗျာဒိတ် ၁၂:၁၂) ထိုနည်းတူစွာ ဆာလံ ၁၁၀:၁၊ ၂၊ ၆ က မေရှိယသည် ‘ရန်သူတို့ရှိနေစဉ် အုပ်စိုးတော်မူ’ ကြောင်းဖော်ပြသည်။ နောက်နောင်တွင်သာ “လူမျိုးများ” နှင့်တကွစာတန့်ပျက်စီးနေသောစနစ်၏အသွင်အသီးသီးကို တိမ်ကောသွားရသည့်တိုင် လုံးဝချေမှုန်းဖျက်ဆီးပစ်မည်။

ကမ္ဘာကို မေရှိယ အုပ်စိုးသောအခါ

၁၄။ စာတန့်အစီအစဉ်စနစ်ကိုဖျက်ဆီးပြီးနောက် မေရှိယသည် အဘယ်အမှုကိုပြုမူနိုင်တော်မူမည်နည်း။

၁၄ စာတန်၏စနစ်နှင့် ယင်းကိုထောက်ခံအားပေးသူအားလုံးကို မေရှိယဘုရင်ယေရှုခရစ်ဖျက်ဆီးပြီးနောက် ကိုယ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှုကိုဖော်ပြသည့် သမ္မာကျမ်းစာပရောဖက်ပြုချက်များကို ပြည့်စုံစေနိုင်သည့်အဖြစ်မျိုးတွင် ရှိနေမည်ဖြစ်သည်။ မေရှိယသည် မည်သို့သောရှင်ဘုရင် ဖြစ်လိမ့်မည်အကြောင်း ဟေရှာယ ၁၁:၁-၁၀ ကနားလည်စေသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကိုပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကိုပေးသောဝိညာဉ်” သည်ကိုယ်တော်၌ရှိမည်ဟု အခန်းငယ် ၂ ကဖော်ပြပါသည်။

၁၅။ မေရှိယအုပ်စိုးမှုအောက် ‘သတ္တိပေးသောဝိညာဉ်’ သည်မည်သို့ဖြစ်စေမည်နည်း။

၁၅ ယေရှုအုပ်စိုးသည့်အခါ ‘သတ္တိပေးသောဝိညာဉ်’ အားဖြင့် မည်သို့ဖြစ်ပျက်မည်ကို စဉ်းစားကြည့်ပါ။ မြေကြီးပေါ်ကိုယ်တော်ရှိစဉ်က ယေဟောဝါထံတော်မှအစွမ်းသတ္တိအတော်အတန်ရရှိထားသဖြင့် အံ့ဖွယ်ရာများကို ကိုယ်တော်ပြုလုပ်နိုင်တော်မူခဲ့သည်။ လူတို့အားကူညီပေးချင်သောစေတနာစိတ်ကြောင့်လည်း “ငါအလိုရှိ၏” ဟုမိန့်တော်မူခဲ့သည်။ (မဿဲ ၈:၃) သို့သော်ထိုခေတ်ကကိုယ်တော်၏အံ့ဖွယ်ရာများသည် ကောင်းကင်မှအုပ်ချုပ်သည့်အခါ ကိုယ်တော်အဘယ်အမှုများပြုမည်ကို ကြိုတင်၍ရိုးတိုးရိပ်တိပ်သာမြင်ရခြင်းဖြစ်သည်။ အံ့ဖွယ်ရာအမှုများကို ကမ္ဘာချီ၍ယေရှုပြုတော်မူမည်တကား။ ဖျားနာသူ၊ မျက်စိမမြင်သူ၊ နားမကြားသူ၊ ဆွံ့အချို့တဲ့သူများ ထာဝစဉ်ရောဂါပျောက်ကင်းမည်။ (ဟေရှာယ ၃၅:၅၊ ၆) အလျှံပယ်ရှိမည့်အစာရေစာကို မျှတစွာဖြန့်ဝေပေးမည်ဖြစ်၍ ငတ်ပြတ်မှုလည်း ဘယ်တော့မျှရှိမည်မဟုတ်။ (ဆာလံ ၇၂:၁၆) ဘုရားသခင်သတိရ မှတ်မိလိုသူ သင်္ချိုင်းတွင်ရှိ သန်းပေါင်းများစွာသောလူသေများကော။ သူတို့အားရှင်ပြန်ထမြောက်စေနိုင်မည့်တန်ခိုး ယေရှု၏အစွမ်း “သတ္တိ” ၌ပါဝင်မည်ဖြစ်ရာ ထိုသူတစ်ဦးစီတို့သည် ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်ခွင့်ရရှိမည်ဖြစ်သည်။ (ယောဟန် ၅:၂၈၊ ၂၉) ဤမျှတိုင်အစွမ်း “သတ္တိ” ရှိလျက်ပင် မေရှိယဘုရင်သည် အစဉ်အမြဲပင် အလွန့်အလွန်နှိမ့်ချပါလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်” သောကြောင့်တည်း။—ဟေရှာယ ၁၁:၃။

၁၆။ မေရှိယဘုရင်သည် မည်သို့သောတရားသူကြီးဖြစ်မည်နည်း။ လူသားတရားသူကြီးများ၏အဖြစ်နှင့် မည်သို့ကွာခြားသနည်း။

၁၆ ဤဘုရင်သည် စုံလင်သောတရားသူကြီးလည်းဖြစ်မည်။“မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်” သောသူဖြစ်သတည်း။ အတိတ်၊ သို့မဟုတ် လက်ရှိ အဘယ်မည်သောလူ့တရားသူကြီးတစ်ဦးအား ထိုသို့ဖော်ပြနိုင်ပါအံ့နည်း။ အလွန်ဉာဏ်အမြော်အမြင်ရှိသူပင်လျှင် မိမိ၏အသိဉာဏ်ပညာကိုအသုံးပြုကာ ကြားရာ၊ မြင်ရာအတိုင်းသာ စီရင်တတ်သည်။ သို့ဖြစ်၍ ဤကမ္ဘာဟောင်း၏တရားသူကြီးများနှင့် ဂျူရီအဖွဲ့ဝင်များသည် အပြောအဆိုကျင်လည်မှု၊ တရားရုံးအပြုအမူများ သို့မဟုတ် ဆန့်ကျင်သောသာဓကများ၏သြဇာလွှမ်းမိုးမှုခံရပေမည်။ သို့မဟုတ် စိတ်ရှုပ်ထွေးသွားနိုင်သည်။ အများအားဖြင့် သူဌေးသူကြွယ်၊ ဩဇာအာဏာရှိသူများသာ ပိုင်နိုင်စွာထုချေနိုင်စွမ်းရှိသည့်အတွက် ပြစ်မှုအတွက် တရားဥပဒေကိုဝယ်နိုင်သည်ဟုဆို၏။ မေရှိယတရားသူကြီးမင်းလက်ထက်ရောက်လျှင် ထိုသို့မဟုတ်။ နှလုံးသားတို့ကိုသိမြင်တော်မူမည်။ လစ်လပ်၍ သတိမပြုဘဲနေမည့်အရာ တစ်ခုမျှရှိမည်မဟုတ်ပါ။ ကရုဏာမေတ္တာနှင့်ကြင်နာမှုရှေ့ထားကာ တရားဥပဒေအတိုင်း ကိုယ်တော်၏စီရင်ခြင်းကို ဝယ်၍မရပါ။ ယင်းသည်အစဉ်အမြဲ လွှမ်းမိုးအောင်နိုင်လိမ့်မည်။—ဟေရှာယ ၁၁:၃-၅။

ကိုယ်တော့်အုပ်ချုပ်ရေးသည် သင့်အားမည်သို့အကျိုးပြု

၁၇၊ ၁၈။ (က) ဟေရှာယ ၁၁:၆-၉ တွင်လူ့အနာဂတ်၏ အဘယ်တောက်ပသောမြင်ကွင်းကိုပုံဖော်ထားသနည်း။ (ခ) ဤပရောဖက်ပြုချက်သည် အဓိကအားဖြင့် မည်သူနှင့်သက်ဆိုင်သနည်း။ အဘယ်ကြောင့်နည်း။ (ဂ) ဤပရောဖက်ပြုချက်သည် စာသားအတိုင်းလည်း မည်သို့ပြည့်စုံမည်နည်း။

၁၇ ယင်းကြောင့် မေရှိယ၏အုပ်ချုပ်ရေးသည် ပြည်သူပြည်သားများကို အလွန်သြဇာလွှမ်းမိုးရခြင်းတည်း။ လူတို့ကို ပြုပြင်ပြောင်းလဲစေနိုင်၏။ မည်မျှတိုင် သူတို့ပြောင်းလဲနိုင်သည်ကို ဟေရှာယ ၁၁:၆-၉ ကဖော်ပြပါသည်။ အန္တရာယ်ပြုလုယက်ဖျက်ဆီးတတ်သောသားရိုင်းသတ္တဝါများဖြစ်သည့် ဝက်ဝံများ၊ တောခွေးများ၊ ကျားသစ်၊ ခြင်္သေ့နှင့်မြွေဟောက်များသည် အန္တရာယ်မပြုသောသားယဉ်၊ ကလေးသူငယ်များနှင့်ပင်အတူ နေကြသည့်ဘဝင်ခိုက်ဖွယ်မြင်ကွင်းကို ဤပရောဖက်ပြုချက်ကပုံပေါ်စေသည်။ သို့သော်သားရိုင်းသတ္တဝါများသည် အဘယ်အန္တရာယ်မျှမပြုကြချေ။ အဘယ်ကြောင့်နည်း။ အငယ် ၉ ကဖြေဆိုပေးသည်။ “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။”

၁၈ “ယေဟောဝါကိုသိကျွမ်းခြင်းပညာ” သည်တိရစ္ဆာန်သတ္တဝါများကို အကျိုးမပြုနိုင်သည်ကားမှန်၏။ ထိုကြောင့် ဤခန်းငယ်များသည် လူသားတို့နှင့်သက်ဆိုင်နေမည်ဖြစ်သည်။ မေရှိယ၏အုပ်ချုပ်ရေးသည် ကမ္ဘာချီပညာပေးရေးအစီအစဉ်ကို ကမကထပြုလိမ့်မည်။ ယေဟောဝါနှင့်ကိုယ်တော့်နည်းလမ်းတော်များကို လူတို့အားသွန်သင်ပေးမည်။ လူလူချင်းကို ချစ်ခြင်းမေတ္တာရှိရန်၊ ရိုသေလေးမြတ်ရန်၊ သိက္ခာထိန်းသိမ်းစွာဆက်ဆံရန် သွန်သင်ပေးမည်။ လာမည့်ပရဒိသုတွင် မေရှိယသည် လူသားအပေါင်းကို ကာယနှင့်စိတ်ဓာတ်ရေးဘက်စုံလင်ခြင်းအဖြစ်သို့ အံ့ဖွယ်နည်းဖြင့်မြှင့်တင်ပေးပါလိမ့်မည်။ မစုံလင်သောလူ့သဘောကို ပြသည့်လုယက်ဖျက်ဆီး၊ ရိုင်းစိုင်းသောသဘောထားများ ရှိတော့မည်မဟုတ်။ စာသားအတိုင်းပင် လူသားသည် တိရစ္ဆာန်များနှင့်အသင့်အတင့်ရှိသင့်သည်အတိုင်း ရှိတော့မည်တည်း။—ကမ္ဘာဦး ၁:၂၈ နှိုင်းယှဉ်။

၁၉။ ဤနောက်ဆုံးကာလတွင် လူတို့၏အသက်တာကို မေရှိယ၏အုပ်စိုးမှုသည် မည်သို့အကျိုးပြုမည်နည်း။

၁၉ သို့သော်မေရှိယသည် ယခုပင်စိုးမိုးနေကြောင်းသတိရပါ။ ယခုပင်လျှင် ကိုယ်တော့်နိုင်ငံတော်သားများသည် အချင်းချင်းသင့်တင့်စွာနေတတ်နေကြရာ ဟေရှာယ ၁၁:၆-၉ ကိုတစ်နည်းအားဖြင့် ပြည့်စုံစေနေကြသည်။ ထို့ပြင်နှစ်ပေါင်း ၈၀ နီးပါးတိုင် ယေရှုသည် ဟေရှာယ ၁၁:၁၀ ကိုပြည့်စုံစေနေတော်မူပြီ။ “ထိုကာလ၌ ယေရှဲ၏အမြစ်သည်ပေါက်၍ လူများအဖို့ထူသောအလံဖြစ်လိမ့်မည်။ ထိုအလံ၌ တစ်ပါးအမျိုးသားတို့သည် ဆည်းကပ်ကြလိမ့်မည်။ ကျိန်းဝပ်တော်မူရာအရပ်သည်လည်း ဘုန်းကြီးလိမ့်မည်။” လူမျိုးအသီးသီးမှ လူအမြောက်အမြားသည် မေရှိယဘက်သို့လှည့်လာကြပြီ။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ ကိုယ်တော်စတင်အုပ်စိုးကတည်းက ကိုယ်တော်သည် “ထူသောအလံ” ကဲ့သို့ဖြစ်တော်မူပြီ။ အထက်ဖော်ပြပါ ကြီးမားသောပညာပေးရေးအစီအစဉ်အားဖြင့် မိမိရောက်ရှိနေကြောင်းကို ကမ္ဘာတစ်ဝန်းလူသိရှင်ကြားဖြစ်စေတော်မူပြီ။ အမှန်မှာ၊ ဤစနစ်ဟောင်းမကုန်ဆုံးမီ ကိုယ်တော်ရောက်ရှိနေခြင်း၏ ထူးခြားသောနိမိတ်လက္ခဏာမှာ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းဖြစ်လိမ့်မည်ဟု ယေရှုကြိုတင်ဟောပြောထားသည်။—မဿဲ ၂၄:၁၄။

၂၀။ မေရှိယ၏အုပ်ချုပ်မှုအောက်နေသူများအားလုံး အဘယ်စိတ်ထားကိုရှောင်ကြဉ်ရမည်နည်း။ အဘယ်ကြောင့်နည်း။

၂၀ ထိုကြောင့်မင်းရာဇာ၏တန်ခိုးအာဏာဖြင့် ခရစ်တော်၏ရောက်ရှိနေခြင်းသည် သီအိုရီအရသာရှိသည့် ဖြစ်နိုင်ခဲ၍ ဓမ္မပညာဆရာများ ဉာဏ်စမ်းရာစကားရည်လုပြောဆိုကြသည့်အကြောင်းကိစ္စတစ်ခုမျှမဟုတ်ပါ။ ကိုယ်တော်၏အုပ်ချုပ်မှုသည် ဟေရှာယကြိုတင်ဟောထားသည့်အတိုင်းပင် ကမ္ဘာသားတို့၏ဘဝကို ပြုပြင်ပြောင်းလဲနိုင်သည်အထိ အကျိုးသက်ရောက်စေသည်။ ဤပျက်ပြားသောကမ္ဘာ့စနစ်အထဲမှ ဘုရားသခင့်နိုင်ငံတော်အောက် နေထိုင်မည့်သူ သန်းပေါင်းများစွာတို့ကို ယေရှုကယ်နှုတ်တော်မူခဲ့ပြီ။ အသင်သည် ဤနိုင်ငံတော်သားတစ်ဦးဖြစ်သလော။ ထိုသို့ဆိုလျှင် ကျွန်ုပ်တို့၏အုပ်စိုးရှင် ရသင့်ရထိုက်သောဇွဲလုံ့လနှင့်အားရဝမ်းသာစွာ အတတ်နိုင်ဆုံးအမှုတော်ထမ်းပါ။ လက်ပမ်းကျပြီး ဤလောကနည်းတူ “သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း” ဟုသံသယဝင်ပြောဆိုစကားများကို ပါဝင်ပြောဆိုရန် အလွန်လွယ်ကူလှသည်မှန်၏။ (၂ ပေတရု ၃:၄) သို့သော်ယေရှုကိုယ်တော်တိုင်ပြောသကဲ့သို့ပင် “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၃။

၂၁။ မေရှိယနှင့်ဆိုင်သောမျှော်လင့်ချက်ကို ကျွန်ုပ်တို့တန်ဖိုးထားလေးစားခြင်းကို မည်သို့တိုးပွားစေနိုင်မည်နည်း။

၂၁ ရောက်ရှိနေတော်မူခြင်းကို တစ်ကမ္ဘာလုံးအသိအမှတ်ပြုရတော့မည့်နေ့ကြီးဖြစ်သည့် သားတော်အားယေဟောဝါညွှန်ကြားပေးသောအချိန်သို့ တစ်နေ့ထက်တစ်နေ့ နီးကပ်လာပါပြီ။ ထိုနေ့ရက်၌သင်၏မျှော်လင့်နေခြင်းကို ဘယ်တော့မျှမမှေးမှိန်စေပါနှင့်။ ယေရှု၏မေရှိယအဖြစ်နှင့် စိုးစံလျက်ရှိသောဘုရင်အနေနှင့် ကိုယ်တော်၏အရည်အချင်းများကို ဆင်ခြင်သုံးသပ်ပါ။ သမ္မာကျမ်းစာတွင် အကြမ်းဖျင်းဖော်ပြထားသည့် မေရှိယ၌မျှော်လင့်နိုင်ခြင်းကို ဖန်တီးစီရင်ပေးတော်မူသော ယေဟောဝါဘုရားသခင်ကိုလည်း နက်ရှိုင်းစွာစဉ်းစားတွေးတောပါ။ ယင်းသို့ပြုရာတွင် “ဘုရားသခင်၏ပညာနှင့်ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား” ဟုရေးသားခဲ့သူ တမန်တော်ပေါလု၏စိတ်ထား သင်၌တိုးပွားများပြားလာပါလိမ့်မည်။—ရောမ ၁၁:၃၃။

[အောက်ခြေမှတ်ချက်များ]

a ၁၈၆၄ တွင်ဓမ္မပညာဆရာ အာရ်၊ ဂိုဗက် ဤသို့ဆိုသည်။ “ယင်းသည်သာ ကျွန်ုပ်အတွက်အဖြေဖြစ်သည်။ ရောက်ရှိနေခြင်းအတွက် ပုပ္ပနိမိတ်ပေးရခြင်းကား ယင်းကိုမသိနိုင်သည့်လျှို့ဝှက်ရာဖြစ်၍သာတည်း။ တွေ့မြင်နိုင်သည့်အရာတစ်ခု ရောက်ရှိနေခြင်းကိုသိနိုင်ဖို့အတွက် နိမိတ်ဖော်ပြနေစရာမလိုပါ။”

b အသေးစိတ်အချက်အလက်များအတွက် “Let Your Kingdom Come,” pages 133-9 ကိုရှု။

သင်မည်သို့ဖြေဆိုမည်နည်း

▫ ခရစ်တော်သည် အဘယ်နည်းဖြင့်ပြန်လာသနည်း။

▫ ခရစ်တော်၏ပါရိုစီးယားသည် မျက်မြင်မရ၍ အတန်ကြာကာလဖြစ်မည်ကို မည်သို့သိရှိနိုင်သနည်း။

▫ ခရစ်တော်၏ရောက်ရှိနေခြင်းသည် အဘယ်အချိန်တွင်စတင်မည်နည်း။ ယင်းကို မည်သို့သိရှိနိုင်သနည်း။

▫ မေရှိယသည် မည်သို့သောကောင်းကင်အုပ်စိုးရှင်ဖြစ်သနည်း။

▫ ခရစ်တော်၏အုပ်ချုပ်ရေးသည် ပြည်သူပြည်သားတို့၏ဘဝအသက်တာကို အဘယ်နည်းများဖြင့်အကျိုးပြုသနည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေရှုပြန်ကြွလာမည်ဟူသောမျှော်လင့်ချက်သည်သစ္စာရှိတမန်တော်များအတွက် အလွန်အားရှိစရာဖြစ်ခဲ့သည်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကောင်းကင်မှစိုးမိုးစဉ်ယေရှုသည် အံ့ဖွယ်အမှုများကိုကမ္ဘာချီ၍ပြုတော်မူမည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ