ပဲ့ပြင်မှုခံယူခြင်းအားဖြင့်နာခံမှုကို သင်ယူလေ
မြင့်မားမတ်စောက်သောကျောက်ဆောင်ပေါ် ရပ်နေပြီး လောကကြီးအပေါ်ရောက်နေသည်ဟူသော ခံစားချက်မျိုးကို စဉ်းစားကြည့်ပါ။ လွတ်လပ်မှုကြီးပါတကား။
မည်သို့ဆိုစေ သင့်လွတ်လပ်မှုသည် အမှန်မှာအကန့်အသတ်နှင့်ဖြစ်သည်။ ဆွဲငင်အားနိယာမကြောင့် သင့်သွားလာလှုပ်ရှားမှုတိုင်းကို အထူးသတိပြုရသည်။ ခြေတစ်ချက်ချော်လှမ်းမိလျှင်ပင် အသက်ဘေးကြုံတွေ့နိုင်သည်။ တစ်ဖက်ကကြည့်ပြန်လျှင်လည်း ယင်းဆွဲငင်အားနိယာမကြောင့် ပြင်ပလဟာပြင်ထဲ ပါမသွားနိုင်ကြောင်းသိထားရခြင်းသည် စိတ်ချမ်းသာစရာပင်။ ထိုကြောင့်ယင်းနိယာမတရားသည် သင့်အကျိုးအတွက်သာဖြစ်သည်။ ထိုတောင်ထိပ်ပေါ် သင့်သွားလာလှုပ်ရှားမှုကို ယင်းနိယာမတရားကကန့်သတ်ပေးကြောင်းကို အသိအမှတ်ပြုလက်ခံခြင်းသည် အကျိုးရှိသည်။ အသက်ဘေးမှ ကာကွယ်ပေးပေသည်။
မှန်သည်။ တစ်ခါတစ်ရံ တရားဥပဒေများနှင့်ယင်းတို့ကိုနာခံရခြင်းသည် ကျွန်ုပ်တို့လွတ်လပ်မှုကို အတားအဆီးဖြစ်လိမ့်မည်။ သို့သော် ယင်းကြောင့် နာခံမှုသည် ငြီးငွေ့စရာဖြစ်သွားမည်လော။
နာခံမှုကို ဘုရားသခင်မည်သို့ယူမှတ်
“ကြီးမြတ်သောဖန်ဆင်းတော်မူရှင်” အနေနှင့် ယေဟောဝါရှင်သည် “အသက်ပင်ရင်း” ဖြစ်သည်။ ယင်းကြောင့် ဖန်ဆင်းခံအပေါင်းတို့သည် ကိုယ်တော်အားနာခံထိုက်ပါသည်။ မှန်ကန်သောစိတ်ထားတင်ပြသူဆာလံဆရာ ဤသို့ရေးသားသည်။ “လာကြ။ ပျပ်ဝပ်၍ကိုးကွယ်ကြကုန်အံ့။ ငါတို့ကိုဖန်ဆင်းတော်မူသော ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌နေသော သိုးစုဖြစ်ကြ၏။”—ဒေသနာ ၁၂:၁။ ဆာလံ ၃၆:၉။ ၉၅:၆၊ ၇။
ကနဦးကတည်းက ယေဟောဝါသည် ကိုယ်တော်၏ဖန်ဆင်းခံများထံမှ နာခံမှုကိုတောင်းဆိုတော်မူခဲ့သည်။ ပရဒိသုတွင် အာဒံနှင့်ဧဝဆက်နေထိုင်နိုင်ရေးသည် နာခံမှုပေါ်အခြေခံသည်။ (ကမ္ဘာဦး ၂:၁၆၊ ၁၇) လူသားတို့ထက် သာ၍အဆင့်မြင့်သောသက်ရှိများဖြစ်သော်လည်း ကောင်းကင်တမန်များပင် နာခံမှုကိုတင်ပြကြရသည်။ “နောဧလက်ထက်၌ . . . ဘုရားသခင်၏ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သော ဝိညာဉ်” ရှိသောကြောင့် သူတို့သည် “စစ်ကြောစီခြင်းအလို့ငှာချုပ်ထား၍ မှောက်မိုက်သံကြိုးနှင့်ချည်နှောင်” ခြင်းခံကြရသည်။—၁ ပေတရု ၃:၁၉၊ ၂၀။ ၂ ပေတရု ၂:၄။
ရှင်းရှင်းပြောရလျှင် ဘုရားသခင့်အလိုတော်နှင့်တွေ့ခြင်းငှာ နာခံမှုရှိရမည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏အမိန့်တော်ကိုနားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ် အစရှိသောယဇ်မျိုးတို့ကိုပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ကောင်း၏။”—၁ ဓမ္မရာဇဝင် ၁၅:၂၂။
ယင်းကို သင်ယူရမည်—အဘယ်ကြောင့် နှင့် အဘယ်နည်းဖြင့်နည်း
နာခံမှုသည် ဘုရားသခင်ရှေ့ဖြောင့်မတ်သောအနေအထားရရှိစေသည့်အတွက် ယင်းကိုသင်ယူရန် အလွန်အရေးကြီးလှပေသည်။ တိုင်းတစ်ပါးဘာသာစကားကိုသင်ယူသကဲ့သို့ပင် နာခံမှုရှိသည့်အကျင့်ကို ငယ်စဉ်ကစ၍ သင်ယူနိုင်ပါသည်။ ယင်းကြောင့် နို့စို့အရွယ်မှပင် ကလေးသူငယ်များကို လေ့ကျင့်သွန်သင်ပေးမှုကို သမ္မာကျမ်းစာက အလေးအနက်ဖော်ပြထားခြင်းဖြစ်သည်။—ယောရှု ၈:၃၅။
ခေတ်လူသားအချို့သည် သမ္မာကျမ်းစာအမြင်ကိုဆန့်ကျင်၍ ကလေးသူငယ်များထံမှ နာခံမှုတောင်းဆိုခြင်းသည် စိတ်ဓာတ်ကိုဗလက္ကာရပြုရာကျသည်ဟုဆိုကြ၏။ ကလေးသူငယ်များ အသက်ရှင်နေထိုင်ရေးအတွက် ပြင်ပလူကြီးအနှောင့်အယှက်မပါဘဲ ကိုယ်ပိုင်အကြံဉာဏ်များထုတ်၊ ကိုယ်ပိုင်စံထားရာများပြုစုခွင့် ရရှိသင့်သည်ဟု သူတို့ဆိုသည်။
သို့သော် ၁၉၆၀ ပြည့်လွန်နှစ်က ဤအယူအဆကို မိဘများစွာခံယူထားကြစဉ် စိတ္တဗေဒကထိက၊ အယ်ဒီတာနှင့်ပါမောက္ခ၊ ဝီလ်ဟမ် ဟန်စင်သဘောမတူညီနိုင်ခဲ့ပါ။ သူဤသို့ရေးသားခဲ့သည်။ “မိဘနှင့်ကလေး၏ဆက်ဆံမှုတွင် ကလေးသည်စောဒကတက်စရာမရှိသည့် မူလအရွယ်တွင်ရှိ ကလေးသူငယ်အတွက် မိဘများတားမြစ်ရာသည် ‘အဆိုး’ ဖြစ်ပြီး သူတို့သဘောကျ၍ ချီးမွမ်းအားပေးရာသည် ‘အကောင်း’ ဖြစ်ချေသည်။ ထိုကြောင့်နာခံမှုတစ်ခုတည်းကသာ ကလေး၏စာရိတ္တလမ်းစဉ်နှင့်အကျင့်ကောင်းများရှိရန် လမ်းပြညွှန်ကြားပေးသည်။”—သု၊ ၂၂:၁၅ နှိုင်းယှဉ်။
ဘုရားသခင့်နှုတ်ကပါဌ်တော်က နာခံမှုကိုသင်ယူရန်လိုကြောင်း အလေးအနက်ဖော်ပြထားသည်။ ဖတ်ရသည်က ဤသို့။ “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကိုမစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။” (ယေရမိ ၁၀:၂၃၊ The New English Bible) ကိုယ်ပိုင်စံထားရာများအတိုင်း မိမိတို့ဘဝလမ်းစဉ်ကို ထိန်းကျောင်းပေးခဲ့သည့်အတွက် ကြီးစွာသောဒုက္ခများဆိုက်ခဲ့ရသည့် အဖြစ်အပျက်များစွာ သမိုင်းတွင်ပြည့်နှက်နေပါသည်။ ယင်းသို့အဘယ်ကြောင့်အကြိမ်ကြိမ်ဖြစ်ပျက်ရသနည်း။ လူသားသည် အကူအညီမပါဘဲ မိမိ၏ဘဝလမ်းစဉ်ကိုထိန်းကျောင်းပေးနိုင်သည့် အသိဉာဏ်ပညာနှင့်နားလည်မှု နည်းပါးသေး၍ဖြစ်သည်။ ထိုထက်ဆိုးရွားသေးသည်ကား မှားယွင်းစွာဆုံးဖြတ်ရန် မွေးရာပါစရိုက်များရှိကြသည်။ ရေလွှမ်းမိုးဘေးပြီးပြီးချင်းပင် လူနှင့်စပ်လျဉ်း၍ ယေဟောဝါဤသို့ဆိုသည်။ “လူတို့သည်ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။”—ကမ္ဘာဦး ၈:၂၁။
ထိုကြောင့် ယေဟောဝါစကားနားထောင်လိုစိတ်ကို မည်သူမျှအမွေမခံခဲ့ပါ။ ယင်းစိတ်ထားကို သားသမီးများနှလုံးသွင်းရန် ပြုစုပေးပြီး ကျွန်ုပ်တို့ဘဝအသက်တာတစ်လျှောက် ဆက်သင်ယူနေရမည်ဖြစ်သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သောဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို အစဉ်မျှော်လင့်လျက်နေပါ၏” ဟူ၍ရေးသားခဲ့သူ ဒါဝိဒ်မင်းကြီး၏စိတ်ထားမျိုးကို ကျွန်ုပ်တို့တစ်ဦးစီ မွေးမြူပေးရန်လိုပါသည်။—ဆာလံ ၂၅:၄၊ ၅။
နာခံခြင်းအားဖြင့် နာခံမှုကိုသွန်သင်
ယေရှု၏မိခင်နှင့်မွေးစားဖခင်တို့သည် ယေရှုမွေးဖွားခြင်းနှင့်စပ်လျဉ်းသောအခြေအနေများကို ကောင်းစွာသိထားသည်။ ထိုကြောင့် ယေဟောဝါ၏ရည်ရွယ်ချက်များပြည့်စုံလာရန် သားဖြစ်သူသည် အရေးကြီးကဏ္ဍတွင်ပါဝင်မည်ကို သူတို့အသိအမှတ်ပြုကြသည်။ (လုကာ ၁:၃၅၊ ၄၆၊ ၄၇ နှိုင်းယှဉ်။) သူတို့အတွက် “ဖွားမြင်သောသား . . . သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆုချ၍ပေးသနားတော်မူသောအမွေဥစ္စာဖြစ်ကြ၏” ဟူသောစကားသည် ထူးခြားသောအဓိပ္ပာယ်ရှိသည်။ (ဆာလံ ၁၂၇:၃) သူတို့၏ကြီးမားသောတာဝန်ကို အပြည့်အဝအသိအမှတ်ပြုသည့်အတွက် အီဂျစ်နိုင်ငံသို့ပြေးရမည် သို့မဟုတ် နောင်တွင် ဂါလိလဲပြည်သို့သွားရမည် အစရှိသည့် ဘုရားပေးညွှန်ကြားချက်တို့ကို ချက်ချင်းနာခံရန် အသင့်ရှိခဲ့ကြသည်။—မဿဲ ၂:၁-၂၃။
ပဲ့ပြင်မှုနှင့်ပတ်သက်၍ သူတို့၏တာဝန်ကိုလည်း ယေရှု၏မိဘများအသိအမှတ်ပြုကြပါသည်။ လူမဖြစ်မီကာလက ယေရှုသည် အမြဲနာခံမှုပြခဲ့သည်။ သို့သော်မြေကြီးပေါ်တွင် အခြေအနေအသစ်အောက်တွင် နာခံမှုပြရန် သင်ယူခဲ့ရသည်။ တစ်ခုအနေနှင့် စုံလင်သောကလေးပင်လျှင် သွန်သင်မှုနှင့်ပညာခံယူခြင်းငှာ ပဲ့ပြင်မှုလိုအပ်သည့်အတွက် မစုံလင်သောမိဘများစကားကို နားထောင်ခဲ့ရပါသည်။ သူ၏မိဘများသည်လည်း သွန်သင်ပို့ချပေးခဲ့ပါသည်။ သို့သော် ဒဏ်ခတ်၍ပဲ့ပြင်စရာ မလိုအပ်ခဲ့ပါ။ ယေရှုသည် အမြဲနာခံမှုပြသည်။ နှစ်ကြိမ်ပြောဆိုစရာ လုံးဝမလိုအပ်ခဲ့ပါ။ ယင်းကြောင့် ဤသို့ဖတ်ရသည်။ “ထိုနောက်ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နားထောင်လျက် နေလေ၏။”—လုကာ ၂:၅၁၊ Phillips.
ယေရှုအား ပုံသက်သေပြ၍ ယောသပ်နှင့်မာရိသွန်သင်ပေးတတ်ပါသည်။ ဥပမာ၊ “မိဘတို့သည် နှစ်တိုင်းအစဉ် ပသခါပွဲခံချိန်ရောက်လျှင် ယေရုရှလင်မြို့သို့သွားကြ” သည်ဟုဖတ်ရ၏။ (လုကာ ၂:၄၁) မိသားစုနှင့်အတူသွားရန် စီစဉ်ပေးခြင်းအားဖြင့် သူတို့၏ဝိညာဉ်ရေးကို ယောသပ်စိတ်ဝင်စားရုံမက ယေဟောဝါ၏ဝတ်ပြုရေးကို အလေးအနက်သဘောထားကြောင်း တင်ပြပါသည်။ ကောင်းသောပုံသက်သေပါတကား။ ယနေ့လည်း ထပ်တူနည်းမျိုးဖြင့် ဝတ်ပြုရေးတွင် ကိုယ်တိုင်နာခံမှုပြခြင်းအားဖြင့် သားသမီးများအား နာခံမှုကိုသွန်သင်ပေးနိုင်ပါသည်။
ဖြောင့်မတ်ခြင်းတရား၌ ယောသပ်နှင့်မာရိတို့ ကောင်းစွာပဲ့ပြင်ပေးခဲ့ခြင်းကြောင့် “ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။” ယနေ့ခရစ်ယာန်မိဘများ အတုယူစရာကောင်းသည့် ပုံသက်သေပါတကား။—လုကာ ၂:၅၂။
“အရာရာ၌နားထောင်”
“သားသမီးတို့၊ မိဘစကားကို အရာရာ၌နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် သခင်ဘုရားနှစ်သက်တော်မူသောအမှုဖြစ်၏။” (ကောလောသဲ ၃:၂၀) ယေရှု၏မိဘများကိုယ်တိုင် ယေဟောဝါစကားကိုနားထောင်သူများဖြစ်သည့်အတွက်၊ ယေရှုနှင့် သူ၏မိတူဖကွဲညီအစ်ကိုမောင်နှမများကို ယေဟောဝါ၏အလိုတော်နှင့်ဆန့်ကျင်၍ မသွန်သင်သည့်အတွက်၊ ယေရှုသည် မိဘစကားကို အရာရာ၌နားထောင်နိုင်ခဲ့သည်။
ယနေ့မိဘများစွာတို့သည် သားသမီးများအား အရာရာ၌နားထောင်မှုရှိရန် အောင်မြင်စွာသွန်သင်ပေးနေကြပါသည်။ ယခုသားသမီးမွေးမြူပေးရေးတာဝန်ပြီးဆုံး၍ မျက်မှောက်အချိန်တွင် ကင်းမျှော်စင်အသင်း၏ဌာနခွဲတွင် အမှုထမ်းနေကြသော ဖခင်သုံးဦး၏စကားကို နားထောင်ကြည့်ပါ။
တေအိုသည် ဇနီးသည်နှင့်အတူ သားငါးဦးကိုကျွေးမွေးပြုစုခဲ့ခြင်းအကြောင်း ပြောပြပါသည်။ သူဤသို့ဆိုသည်။ “ကျွန်ုပ်တို့လူကြီးများလည်း မှားတတ်ကြောင်းကို ကလေးတွေကို အစကတည်းကအသိပေးရန်အရေးကြီးသည်။ ဝမ်းနည်းစရာကား ထိုအမှားများကို ထပ်မံပင်ပြုတတ်၍ ကောင်းကင်ခမည်းတော်ထံမှ ခွင့်လွှတ်ခြင်းနှင့်အကူအညီရရှိရန် အမြဲတောင်းခံနေရကြသည်။ လူငယ်များသည် လူငယ်တို့နှင့်ဆိုင်သောစိုးရိမ်ပူပန်မှုများကို တိုက်လှန်နေရကြသကဲ့သို့ ကျွန်ုပ်တို့လည်း လူကြီးများ၏စိုးရိမ်ပူပန်မှုများနှင့် တိုက်လှန်နေကြရကြောင်း သားသမီးများကို တမင်တကာတွေ့မြင်စေခဲ့ပါသည်။”
ကလေးငယ်သည် နာခံမှုရှိတတ်လာရန် သူနှင့်မိဘများစပ်ကြား ချစ်ခင်ရင်းနှီးသောဆက်ဆံမှုရှိရန်လိုသည်။ ဇနီးဖြစ်သူအကြောင်း ဟာမန်ဤသို့ဆိုသည်။ “သူမသည် သားတို့၏မိခင်ဖြစ်သည်သာမက မိတ်ဆွေလည်းဖြစ်သည်။ ယင်းကိုသူတို့အလွန်သဘောကျနှစ်သက်သည့်အတွက် နာခံမှုပြရန် သူတို့အတွက်မခဲယဉ်းတော့ပါ။” ထိုနောက်မိဘနှင့်သားသမီးဆက်ဆံရေးကို တိုး၍မြှင့်တင်ပေးနည်းနှင့်ပတ်သက်၍ ဤအသုံးဝင်သောအကြံပြုချက်ကို ပေးခဲ့ပါသည်။ “ပန်းကန်ဆေးစက်တမင်တကာမဝယ်ဘဲ နှစ်ချီနေခဲ့တယ်။ သို့နှင့်ပန်းကန်များကို ကိုယ်တိုင်ဆေးကြောသုတ်ပေးခဲ့ကြရသည်။ သားများကို အလှည့်ကျပန်းကန်သုတ်ဖို့တာဝန်ပေးထားသည်။ ဤအချိန်ကား ပေါင်းသင်းဆက်ဆံမှုပြုစရာ အကောင်းဆုံးအချိန်ဖြစ်ခဲ့သည်။”
ချစ်ခင်ရင်းနှီးသောမိဘနှင့်သားသမီးဆက်ဆံမှုသည် ယေဟောဝါနှင့်ခရစ်ယာန်တစ်ဦး၏ဆက်ဆံမှုအတွက် စံနမူနာဖြစ်သည်။ ရူးဒေါ့လ်ဖ်နှင့်သူ၏ဇနီးသည်သည် သားနှစ်ယောက်ကို ထိုသို့သောဆက်ဆံမှုရှိရန် မည်သို့ကူညီပေးခဲ့ကြောင်း ပြောပြပါသည်။ “ကျွန်ုပ်တို့၏အခြေခံကား မိသားစုသင်အံမှုကို မှန်မှန်ပြုလုပ်ခြင်းပင်ဖြစ်သည်။ သုတေသနပြုလုပ်ခဲ့ကြရန် သင့်လျော်သည့်အကြောင်းများစွာကို သားသမီးများအား တာဝန်ပေးပါသည်။ ကျမ်းစာဖတ်ရှုခြင်းကိုလည်း အတူတကွပြုလုပ်ကြပြီး ဆွေးနွေးကြသည်။ သားသမီးများထံမှသာမက မိဘများထံမှလည်း ယေဟောဝါသည် နာခံမှုကိုတောင်းဆိုထားကြောင်း ကျွန်ုပ်တို့သားများကောင်းစွာသဘောပေါက်ကြသည်။”
“အပြစ်ကိုပြတတ်သောသြဝါဒစကားသည် အသက်လမ်းဖြစ်၏” ဟူသောမှုတ်သွင်းခံကျမ်းပိုဒ်သည် သားသမီးများနှင့်သာမက မိမိတို့နှင့်လည်းသက်ဆိုင်ကြောင်း ခရစ်ယာန်မိဘများအသိအမှတ်ပြုကြပါသည်။ ထိုကြောင့် မိဘစကားကိုအရာရာ၌နားထောင်ရန် သားသမီးများမှာတာဝန်ရှိသည်မှန်သကဲ့သို့ မိဘများလည်း မိမိတို့ထံမှယေဟောဝါတောင်းဆိုလေသမျှကို နားထောင်ရန် တာဝန်ရှိကြပါသည်။ မိဘနှင့်သားသမီးဆက်ဆံရေးကို တည်ဆောက်ပေးသည့်အပြင် မိဘရော၊ သားသမီးများပါ ဘုရားသခင်နှင့် မိမိတို့၏ဆက်ဆံရေးကို တည်ဆောက်ပေးလိုကြရမည်။—သု၊ ၆:၂၃။
နာခံမှုကို အပြုသဘောဖြင့်မြင်
သားသမီးမွေးမြူခြင်းနှင့်စပ်လျဉ်း၍ ဘုရားသခင့်နှုတ်ကပါဌ်တော်က ဤမျှလက်တွေ့ကျသြဝါဒပေးထားသည့်အတွက် အလွန်ကျေးဇူးတင်စရာကောင်းလှသည်တကား။ (အကွက်ကိုရှု။) ဖြောင့်မတ်ခြင်းတရား၌ ပဲ့ပြင်ပေးသောမိဘများထံမှ နာခံတတ်သောသားသမီးများသည် ခရစ်ယာန်ညီအစ်ကိုများအသင်းအပင်းတစ်ရပ်လုံးအတွက် အမှန်အားရဝမ်းသာစရာအကြောင်းဖြစ်သည်။
ဘုရားသခင့်စကားနားထောင်ခြင်းသည် အသက်ရရှိစေသည့်အတွက် ကိုယ့်ကိုယ်တိုင်၏လွတ်လပ်ခွင့်ကို ဘုရားသခင်၏မိန့်မှာချက်များက ကန့်သတ်ပေးသည့်အတွက် ခေတ္တယာယီမျှပင် မနာခံဘဲဆိုင်းထားဦးမည်ဟူ၍ ကြံစည်ခြင်းကို လုံးဝရှောင်သင့်သည်။ ဥပမာ၊ ဆွဲငင်အားနိယာမကို တစ်ခဏသာဆိုင်းထားသည်ဆိုပါစို့။ ကျွန်ုပ်တို့၏လွတ်လပ်မှုကို ဘာအတားအဆီးမျှမရှိ တောင်ထိပ်ပေါ်မှ ကောင်းကင်သို့ပျံသန်းတက်သွားရစဉ် စိတ်ရွှင်ပျပေါ့ပါးလိုက်မည်ဖြစ်ချင်း။ သို့သော်ပုံမှန်အခြေအနေသို့ ပြန်ရောက်သည့်အခါ မည်သို့ဖြစ်မည်နည်း။ မည်မျှအကျနာလိုက်မည်ကို စဉ်းစားကြည့်လေ။
ပဲ့ပြင်မှုကိုလက်ခံပြီး နာခံမှုကိုသင်ယူခြင်းအားဖြင့် မျှတသောစိတ်ထားရှိသူအဖြစ်သို့ကြီးထွားလာရန် အထောက်အကူဖြစ်ပြီး ကိုယ့်ကိုယ်တိုင်၏မပြည့်စုံသေးသည့်အခြေအနေကို အသိအမှတ်ပြုစေသည်။ သူတစ်ပါး၏အခွင့်အရေးနှင့်လိုအပ်ရာများကို အသိအမှတ်ပြုစေပြီး အလွန်အမင်းတောင်းဆိုရန်၊ စာနာမှုမရှိတတ်ရန်မဖြစ်ဖို့ အကူအညီပေးပါသည်။ မသေမချာဖြစ်၍သံသယစိတ်ထားများရှိသည့် အဖြစ်မျိုးတို့ကို ရှောင်ရှားရန် အကူအညီဖြစ်သည်။ အတိုချုပ်ပြောရမည်ဆိုလျှင် ပျော်ရွှင်မှုရှိစေမည်။
ထိုကြောင့်သင်သည် လူကြီးဖြစ်စေ၊ ကလေးဖြစ်စေ၊ “သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်း” ပဲ့ပြင်မှုခံယူခြင်းအားဖြင့် နာခံမှုကိုသင်ယူပါ။ (ဧဖက် ၆:၁-၃) ပဲ့ပြင်မှုကိုမခံယူခြင်းအားဖြင့် မနာခံတတ်သည့်အတွက် ထာဝရအသက်ကို မည်သူအရှုံးခံလိုမည်နည်း။—ယောဟန် ၁၁:၂၆။
[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]
မိဘတို့သည် ဖြောင့်မတ်ခြင်းတရား၌ပဲ့ပြင်ပေးခြင်းအားဖြင့် နာခံမှုကိုသင်ပေး
၁။ ကျမ်းစာဥပဒေနှင့်မူများအတိုင်း ပဲ့ပြင်ပေးပါ။
၂။ နာခံမှုတောင်းခံခြင်းအားဖြင်သာမဟုတ် နာခံမှုသည် ပညာရှိလမ်းစဉ်အဘယ်ကြောင့်ဖြစ်ကြောင်း ရှင်းပြပေးခြင်းဖြင့် ပဲ့ပြင်ပေးပါ။—မဿဲ ၁၁:၁၉ခ။
၃။ အမျက်ဒေါသဖြင့် သို့မဟုတ် အော်ဟစ်၍ ပဲ့ပြင်မပေးပါနှင့်။—ဧဖက် ၄:၃၁၊ ၃၂။
၄။ ချစ်ခင်ရင်းနှီးသောဆက်ဆံမှုရှိကာ ပဲ့ပြင်ပေးပါ။—ကောလောသဲ ၃:၂၁။ ၁ သက်သာလောနိတ် ၂:၇၊ ၈။ ဟေဗြဲ ၁၂:၅-၈။
၅။ နို့စို့အရွယ်မှစ၍ ကလေးများကို ပဲ့ပြင်ပေးပါ။—၂ တိမောသေ ၃:၁၄၊ ၁၅။
၆။ ထပ်ခါတလဲပဲ့ပြင်၍ ရှေ့နောက်စကားညီညွတ်ပါ။—တရားဟောရာ ၆:၆-၉။ ၁ သက်သာလောနိတ် ၂:၁၁၊ ၁၂။
၇။ မိမိကိုယ်ကိုဦးဆုံးပဲ့ပြင်ပေးကာ၊ ပြီးနောက် ပုံသက်သေအားဖြင့်သွန်သင်ပါ။—ယောဟန် ၁၃:၁၅။ မဿဲ ၂၃:၂၊ ၃ နှိုင်းယှဉ်။
၈။ ယေဟောဝါကိုလုံးဝအားထားမှီခို၍ ပဲ့ပြင်မှုပေးပြီး ဆုတောင်းခြင်းအားဖြင့် ကိုယ်တော်၏အကူအညီကိုတောင်းခံပါ။—တရားသူကြီး ၁၃:၈-၁၀။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
“အပြစ်ကိုပြတတ်သောသြဝါဒစကားသည် အသက်လမ်းဖြစ်၏”