ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၁/၁ စာ. ၁၅-၂၁
  • ရည်ရွယ်ချက်တစ်ခုရှိသောပညာရေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရည်ရွယ်ချက်တစ်ခုရှိသောပညာရေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ထိရောက်အောင်မြင်သောဓမ္မအမှုဆောင်များဖြစ်ရန် ကျွမ်းကျင်မှုများလိုအပ်
  • လျောက်ပတ်သောကျောင်းပညာရေး၏အကျိုးကျေးဇူးများ
  • ဖူလုံသောပညာရေး
  • ပညာရေးနှင့်ပတ်သက်၍ မျှတသောအမြင်
  • အကုန်အကျတွက်ခြင်း
  • စည်းလုံး၍ပညာရှိသောလူတစ်စု
  • ပညာရေး—ယင်းကို ယေဟောဝါရှင်အားချီးမွမ်းရန် အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကျွန်ုပ်၏ကလေး ကျောင်းနေသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • မိဘတို့၊ သားသမီးများကို အဘယ်အနာဂတ် ရရှိစေလိုကြသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မိမိတို့၏ဖန်ဆင်းရှင်ကို သတိရသောလူငယ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၁/၁ စာ. ၁၅-၂၁

ရည်ရွယ်ချက်တစ်ခုရှိသောပညာရေး

“ဖြောင့်မတ်သောသူကိုအသိပညာဝေပေးလျှင် သူသည် လေ့လာဆည်းပူးမှု၌တိုးပွားလိမ့်မည်။”—သု၊ ၉:၉၊ ကဘ။

၁။ အသိပညာနှင့်ပတ်သက်၍ ယေဟောဝါသည် မိမိကျေးကျွန်များကို မည်သို့မျှော်လင့်သနည်း။

ယေဟောဝါသည် “အသိပညာနှင့်ပြည့်စုံသောဘုရား” ဖြစ်တော်မူ၏။ (၁ ဓမ္မရဇဝင် ၂:၃၊ သမ) ကိုယ်တော်သည် မိမိကျေးကျွန်များကို သွန်သင်ညွှန်ကြားတော်မူသည်။ ဣသရေလလူမျိုးနှင့်တစ်ခေတ်တည်းသားများက သူတို့အား “ဤကြီးမြတ်သောလူမျိုးသည် အကယ်စင်စစ် ဉာဏ်ပညာနှင့်ပြည့်စုံသောအမျိုးဖြစ်၏” ဟုပြောကြလိမ့်မည်ကို မောရှေကြိုဟောထားသည်။ (တရားဟောရာ ၄:၆) စစ်မှန်သောခရစ်ယာန်များသည်လည်း ထိုနည်းတူ အသိပညာကြွယ်ဝရမည်။ သူတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ဆိုင်ရာ အလွန်တော်သောကျောင်းသားများဖြစ်ရမည်။ ထိုသင်ကြားမှု၏ရည်ရွယ်ချက်ကို တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်။ “ငါတို့သည် . . . သင်တို့အတွက်မပြတ်ပတ္ထနာပြုသည်မှာ ဝိညာဏသိနားလည်မှု၊ ဉာဏ်ပညာအမျိုးမျိုးဖြင့်အလိုတော်ကို သိကျွမ်းခြင်းပညာမှန်နှင့်ပြည့်စုံ၍ ဘုရားသခင်ကိုသိကျွမ်းခြင်းပညာမှန်၌ တိုးပွားလျက်ကောင်းမှုအသီးအမျိုးမျိုးကိုသီးသည့်အလျောက် စိတ်တော်နှင့်တွေ့ခြင်းငှာ ယေဟောဝါနှင့်ထိုက်တန်စွာကျင့်ကြံမည်အကြောင်း ဆုတောင်းပါ၏။”—ကောလောသဲ ၁:၉၊ ၁၀၊ ကဘ။

၂။ (က) ဘုရားသခင်၏မှန်သောအသိပညာကို ရယူနိုင်ရန် မည်သည့်အရာလိုအပ်သနည်း။ (ခ) ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့က မည်သို့ဖော်ပြသနည်း။

၂ ဘုရားသခင်၏မှန်သောအသိပညာနှင့် ကိုယ်တော့်ရည်ရွယ်တော်မူချက်များကိုသိနားလည်ရန်လေ့လာရာတွင် အနည်းဆုံးပညာအနည်းအကျဉ်းတတ်ရန်လိုသည်။ သို့သော် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သိနားလည်လာသူလူအများတို့သည် ထိုက်သင့်သောလောကီပညာရေးရရှိရန် အခွင့်မသာသောနိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြသည်။ သူတို့အတွက်နစ်နာဆုံးရှုံးမှုဖြစ်ခဲ့သည်။ ဤပြဿနာကိုကျော်လွှားနိုင်ရန် ယေဟောဝါသက်သေများ၏အုပ်ချုပ်ရေးအဖွဲ့သည် နှစ်ပေါင်းများစွာကတည်းကယခုထိ လိုအပ်သောဒေသများတွင် အသင်းတော်များအတွင်း စာတတ်မြောက်ရေးသင်တန်းများကိုဖွဲ့စည်းသင့်ကြောင်း ညွှန်ကြားခဲ့သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က ဘရာဇီးသတင်းစာ Diário de Mogi က “စာမတတ်မြောက်မှုကို ယေဟောဝါသက်သေများစစ်ဆင်ခြင်း” အမည်ရှိသောဆောင်းပါးကို ထုတ်ဝေခဲ့သည်။ ယင်းက ဤသို့ဖော်ပြထားသည်။ “အရည်အချင်းပြည့်ဝသောဆရာတစ်ဦးက စတင်၍ . . . အခြားသူများအား ဖတ်တတ်၊ ရေးတတ်ရန် စိတ်ရှည်စွာသင်ကြားပေးသည် . . . မိမိတို့သည် ဘုရားသခင်၏ဓမ္မအမှုဆောင်များဖြစ်သည်ဟူသော အခြေအနေ၏စေ့ဆော်မှုကြောင့် ကျောင်းသားများသည် ဟောပြောချက်ရှည်ပေးနိုင်ရန် မိမိတို့၏ ဘာသာစကားဆိုင်ရာအသိပညာကို တိုးတက်စေရမည်။” ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ လူထောင်ပေါင်းများစွာတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကျောင်းသားများဖြစ်လာနိုင်ခဲ့ကြသည်။ သူတို့သည် မြင့်မားသည့်ရည်ရွယ်ချက်တစ်ခုကိုစိတ်စွဲလျက် ဤအခြေခံပညာရေးကိုသင်ယူကြသည်။

ထိရောက်အောင်မြင်သောဓမ္မအမှုဆောင်များဖြစ်ရန် ကျွမ်းကျင်မှုများလိုအပ်

၃၊ ၄။ (က) ခရစ်ယာန်စစ်များသည် အဘယ့်ကြောင့် ပညာရေးတွင်စိတ်ဝင်စားကြသနည်း။ (ခ) ဣသရေလနိုင်ငံတွင် မည်သည့်အခြေအနေရှိခဲ့သနည်း။ ယနေ့ကျွန်ုပ်တို့၏အသင်းတော်တွင် မည်သည့်အခြေခံပညာရေးသည် မရှိမဖြစ်လိုအပ်သနည်း။

၃ ပညာရေးကို စစ်မှန်သောခရစ်ယာန်များစိတ်ဝင်စားခြင်းသည် မိမိတို့အတွက်သာမဟုတ်ဘဲ ယေဟောဝါ၏ သာ၍ထိရောက်အောင်မြင်သောကျေးကျွန်များဖြစ်လာရန်အတွက်ဖြစ်သည်။ ခရစ်ယာန်အားလုံးတို့အား ခရစ်တော်တာဝန်ပေးသည်မှာ “လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒ [သွန်သင်၊ ကဘ] ပေးကြလော့” ဟူ၍ဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) သူတစ်ပါးကိုသွန်သင်ရန် သူတို့ကိုယ်နှိုက်က သင်အံလေ့လာထားရမည်ဖြစ်ပြီး ယင်းအတွက် ကောင်းသောလေ့လာမှုနည်းစနစ်များလိုအပ်သည်။ သူတို့သည် ကျမ်းစာကို စေ့စေ့စစ်ဆေးကြည့်ရှုနိုင်သည့်အရည်အချင်းရှိကြရမည်။ (တမန်တော် ၁၇:၁၁) သူတို့၏တာဝန်ကိုကျေပွန်နိုင်ရန် ချောချောမောမောစာဖတ်တတ်ဖို့လည်းလိုသည်။—ဟဗက္ကုတ် ၂:၂။ ၁ တိမောသေ ၄:၁၃ရှု။

၄ ရှေ့ဆောင်းပါးတွင် ကျွန်ုပ်တို့တွေ့မြင်ခဲ့သည့်အတိုင်း အဖက်ဖက်မှခြုံ၍ကြည့်သော် ရှေးဣသရေလကလေးများပင်လျှင် ရေးတတ်ဖတ်တတ်ကြကြောင်း ကျွန်ုပ်တို့ယုံကြည်ရန်အကြောင်းများစွာရှိသည်။ (တရားသူကြီး ၈:၁၄။ ဟေရှာယ ၁၀:၁၉) ယနေ့ခရစ်ယာန်ဓမ္မအမှုဆောင်များသည် တစ်အိမ်မှတစ်အိမ်သက်သေခံရာတွင် သန့်ရှင်းသပ်ရပ်သည့်မှတ်စုထားရှိသင့်သည်။ သူတို့သည် စာရေးကြ၊ အစည်းအဝေးများတွင် မှတ်ချက်ယူကြ၊ လေ့လာသိရှိသည့်အကြောင်းများကို ရေးမှတ်ထားကြသည်။ ယင်းတို့အားလုံးအတွက် ရှင်းလင်းသောလက်ရေးလက်သားလိုအပ်သည်။ ခရစ်ယာန်အသင်းတော်အတွင်း မှတ်တမ်းများထားရှိနိုင်ရန် အနည်းဆုံးအခြေခံသင်္ချာကို သိရှိထားရန်လိုအပ်သည်။

လျောက်ပတ်သောကျောင်းပညာရေး၏အကျိုးကျေးဇူးများ

၅။ (က) “ကျောင်း” ဟူသောဝေါဟာရ၏ မူလအဓိပ္ပာယ်ကား အဘယ်နည်း။ (ခ) လူငယ်များသည် မည်သည့်အခွင့်အရေးကို ကိုင်ဖမ်းသင့်သနည်း။

၅ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ “ကျောင်း” ဟူသောစကားလုံးသည် မူရင်းအားဖြင့် “အားလပ်ချိန်” သို့မဟုတ် လေ့လာဆည်းပူးမှုကဲ့သို့သော အခြားအရေးကြီးလုပ်ရပ်အတွက် အားလပ်ချိန်ကိုအသုံးပြုခြင်းဟုအဓိပ္ပာယ်ရသည့် ဂရိစကားလုံး စကိုလေး (skho·leʹ) မှဆင်းသက်လာခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ယင်းသည် ထိုသို့လေ့လာဆည်းပူးမှုပြုရာအရပ်ကို သတ်မှတ်ဖော်ပြရန်အတွက် ဖြစ်လာခဲ့သည်။ တစ်ချိန်က ဂရိနှင့်အခြားနိုင်ငံများတွင် အခွင့်ထူးခံလူတန်းစားသာလျှင် လေ့လာဆည်းပူးရန် အားလပ်ချိန်ရှိကြောင်း ယင်းအချက်ကညွှန်ပြသည်။ အလုပ်သမားလူတန်းစားမှာ အများအားဖြင့် အသိပညာမဲ့နေခဲ့ကြရသည်။ ယနေ့နိုင်ငံအများစုတို့တွင် ကလေးများနှင့်လူငယ်များသည် လေ့လာဆည်းပူးရန် အချိန်ပေးကြသည်။ ငယ်ရွယ်သောသက်သေခံများသည် အသိပညာကြွယ်ဝပြီး ယေဟောဝါ၏တတ်စွမ်းသောကျေးကျွန်များဖြစ်လာရန် အခွင့်အခါကို မလွဲမသွေရှာယူသင့်သည်။—ဧဖက် ၅:၁၅၊ ၁၆။

၆၊ ၇။ (က) တော်သင့်သောကျောင်းပညာ၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။ (ခ) နိုင်ငံခြားဘာသာစကားလေ့လာခြင်းသည် မည်သည့်နည်းများဖြင့် အသုံးကျနိုင်သနည်း။ (ဂ) ယနေ့ ကျောင်းပြီးသွားသောလူငယ်အမြောက်အမြားတို့တွင် မည်သည့်အခြေအနေရှိသနည်း။

၆ သမိုင်း၊ ပထဝီ၊ သိပ္ပံစသည်တို့နှင့်ဆိုင်သော အခြေခံအသိပညာများသည် လူငယ်သက်သေခံများအား ချင့်ချိန်မျှတမှုရှိသောဓမ္မအမှုဆောင်များဖြစ်စေနိုင်သည်။ သူတို့၏ကျောင်းများသည် သူတို့အား ဘာသာရပ်များကိုသာသင်ကြားပေးသည်မဟုတ်ဘဲ သင်ယူမှုနည်းစနစ်ကိုလည်းသင်ကြားပေးသည်။ စစ်မှန်သောခရစ်ယာန်များသည် ကျောင်းထွက်သည့်အခါ၌ပင် သင်ယူခြင်းနှင့်လေ့လာခြင်းတို့ကို မရပ်ဆိုင်းလိုက်ပါ။ သို့သော်၊ သူတို့လေ့လာမှုမှမည်မျှရရှိသည်ဆိုခြင်းသည် မည်သို့လေ့လာရမည် ကို သူတို့သိခြင်းအပေါ် များစွာမူတည်နေသည်။ လောကနှင့်အသင်းတော်ကျောင်းပညာနှစ်ရပ်လုံးက သူတို့၏စဉ်းစားတွေးတောမှုအရည်အချင်းမြင့်မားလာရန် အကူအညီပေးနိုင်သည်။ (သု၊ ၅:၁၊ ၂၊ ကဘ) သူတို့စာဖတ်သောအခါ မည်သည့်အရာကအရေးကြီးသည်၊ မည်သည့်အချက်များကို ရေးမှတ်သင့်သည်၊ အာဂုံဆောင်သင့်သည်တို့ကို သာ၍ပိုင်းခြားနိုင်မည်ဖြစ်သည်။

၇ ဥပမာ၊ နိုင်ငံခြားဘာသာစကားသင်ယူခြင်းသည် လူငယ်များအား စိတ်ပိုင်းဆိုင်ရာအရည်အချင်းမြင့်မားစေရုံမျှမက ယေဟောဝါ၏အဖွဲ့အစည်းအတွက် ပို၍အသုံးဝင်စေသည်။ ကင်းမျှော်စင်အသင်း၏ဌာနခွဲအချို့တို့တွင် လူငယ်ညီအစ်ကိုမြောက်မြားစွာတို့သည် အင်္ဂလိပ်စာကို ချောမောစွာရေးတတ်၊ ဖတ်တတ်ရန် အခွင့်အရေးရှိကြောင်းတွေ့မြင်ခဲ့ကြပြီ။ ထို့အပြင် ခရစ်ယာန်ဓမ္မအမှုဆောင်အားလုံးတို့သည် မိမိတို့၏မိခင်ဘာသာစကားကို ပီပီပြင်ပြင်ပြောနိုင်ရန် ကြိုးစားသင့်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ရှင်းလင်းပြတ်သား၊ သဒ္ဒါနည်းလမ်းမှန်ကန်စွာဖြင့် ဖော်ပြထိုက်သည်။ ယနေ့ကမ္ဘာ့လူငယ်များစွာတို့သည် ကျောင်းပြီးသော်လည်း မှန်ကန်စွာရေးသားပြောဆိုမှုတွင်လည်းကောင်း၊ အရိုးရှင်းဆုံးသင်္ချာတွက်ချက်မှု၌ပင်လည်းကောင်း အခက်အခဲတွေ့နေကြပြီး သမိုင်းနှင့်ပထဝီပညာရပ်များတွင် ဝိုးတိုးဝါးတားသာသိကြကြောင်း အဖြစ်မှန်များကတင်ပြသည်။

ဖူလုံသောပညာရေး

၈။ လောကပညာရေးနှင့် လူတစ်ဦးမိမိကိုယ်ကိုထောက်ပံ့နိုင်သည့်အရည်အချင်းနှင့်ပတ်သက်၍ မည်သည့်ကျမ်းစာထောက်ခံချက်ရှိသနည်း။

၈ လောကပညာရေးနှင့်ပတ်သက်၍ ခရစ်ယာန်များ၏သဘောထားကို ဆင်ခြင်သုံးသပ်ရန် သင့်လျော်သောအချိန်ကျရောက်ပြီဟုယူမှတ်ရပေမည်။ ဤကိစ္စနှင့်မည်သည့်ကျမ်းစာမူသက်ဆိုင်သနည်း။ ပထမအနေနှင့် နိုင်ငံအများတွင် “ကဲသာ” အား လျောက်ပတ်သောလက်အောက်ခံခြင်းက ခရစ်ယာန်မိဘများအား မိမိတို့၏သားသမီးများကို ကျောင်းထားရန်လိုအပ်စေသည်။ (မာကု ၁၂:၁၇။ တိတု ၃:၁) လူငယ်သက်သေခံများအနေနှင့် သူတို့၏ကျောင်းလုပ်ငန်းများတွင် ကောလောသဲ ၃:၂၃ တွင်ဖော်ပြထားသော “လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ် သခင်ဘုရား [ယေဟောဝါ၊ ကဘ] ၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့” ဟူသောအချက်ကို သတိရသင့်သည်။ ဒုတိယသက်ဆိုင်သည့်ကျမ်းမူမှာ ခရစ်ယာန်များသည် အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုဆောင်ပင်ဖြစ်ပါစေ မိမိကိုယ်ကို ထောက်ပံ့နိုင်သင့်သည်။ (၂ သက်သာလောနိတ် ၃:၁၀-၁၂) အိမ်ထောင်သည်ဖြစ်ပါက ယောက်ျားတစ်ဦးသည် ဇနီးသည်နှင့် မွေးဖွားလာမည့်သားသမီးများကို တော်လျော်စွာထောက်ပံ့နိုင်သည်သာမက ဒေသန္တရနှင့်ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအတွက် ထောက်ပံ့နိုင်ရန် ငွေပိုအနည်းငယ်ရှာပေးနိုင်သင့်သည်။—ဧဖက် ၄:၂၈။ ၁ တိမောသေ ၅:၈။

၉၊ ၁၀။ (က) နိုင်ငံများစွာတို့တွင် မည်သို့ဖြစ်လေ့ရှိသနည်း။ (ခ) ဖူလုံသောလုပ်ခနှင့်ပတ်သက်၍ ရှေ့ဆောင်တစ်ဦး၏ယူမှတ်ချက်ကား မည်သို့ဖြစ်မည်နည်း။

၉ ခရစ်ယာန်လူငယ်တစ်ဦးသည် ဤကျမ်းမူများကို အလေးထားနိုင်ရန်နှင့် ခရစ်ယာန်တာဝန်များကိုကျေပွန်နိုင်ရန် ပညာရေးမည်မျှလိုအပ်သနည်း။ ယင်းသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူကြပါ။ ခြုံကြည့်လျှင် နိုင်ငံများစွာတို့၌ အများအားဖြင့်ဖြစ်နေပုံရသည်မှာ တော်သင့်သောအခကြေးငွေလုပ်ကိုင်ရရှိနိုင်ရန် လိုအပ်သောပညာရေးအဆင့်သည် ယခင်နှစ်အနည်းငယ်ကထက် ယခုအခါပိုမိုမြင့်မားလာသည်ကိုတွေ့ရသည်။ ကမ္ဘာအရပ်ရပ်ရှိ ကင်းမျှော်စင်အသင်းဌာနခွဲရုံးများမှ လက်ခံရရှိသောမှတ်တမ်းများအရ နိုင်ငံများစွာတို့တွင် ဥပဒေတောင်းဆိုသည့်အတိုင်း အနည်းဆုံးအဆင့်ကိုအောင်မြင်ပြီးရုံမျှနှင့် သို့မဟုတ် အချို့သောနိုင်ငံများတွင် အထက်တန်းကျောင်းအောင်မြင်ပြီးနောက်ပိုင်း၌ပင် တော်သင့်သောလုပ်ခရနိုင်သည့်အလုပ်ရရန် မလွယ်ကူကြောင်းသိရသည်။

၁၀ “တော်သင့်သောလုပ်ခ” ဟူသည် အဘယ်နည်း။ ဝင်ငွေများစွာရသည့်အလုပ်ကို မရည်ညွှန်းပါ။ ဝက်ဘ်စတားအဘိဓာန် (Webster’s Dictionary) က “တော်သင့်သော” ကို “ဖူလုံသော၊ ကျေနပ်လောက်ဖွယ်သော” ဟုအဓိပ္ပာယ်ဖွင့်ထားသည်။ ဥပမာ၊ သတင်းကောင်း၏ ရှေ့ဆောင်ဓမ္မအမှုဆောင်လုပ်လိုသူတစ်ဦးအတွက် “ဖူလုံသော” ဟူသည် မည်သည့်အဓိပ္ပာယ်သက်ရောက်သနည်း။ ထိုသူသည် မိမိ၏ညီအစ်ကို သို့မဟုတ် မိသားစုအပေါ် “ကြီးမားသောဝန်ထုပ်ဝန်ပိုး” တင်ခြင်းကိုရှောင်နိုင်ရန် အချိန်ပိုင်းအလုပ်လိုအပ်သည်။ (၁ သက်သာလောနိတ် ၂:၉၊ ကဘ) သူတို့ရှာဖွေရရှိသည့်ငွေသည် ခရစ်ယာန်ဓမ္မအမှုကို ပြီးမြောက်စေနိုင်သည့်အချိန်နှင့်ခွန်အားပြည့်စုံလျက် တော်သင့်လျောက်ပတ်စွာနေထိုင်စေနိုင်လျှင် ယင်းကို “ဖူလုံသော” သို့မဟုတ် “ကျေနပ်ဖွယ်သော” လုပ်ခဟုဆိုနိုင်ပေသည်။

၁၁။ အချို့လူငယ်များသည် အဘယ့်ကြောင့် ရှေ့ဆောင်လုပ်ရန်လက်လျှော့လိုက်ကြသနည်း။ အဘယ်မေးခွန်းပေါ်လာသနည်း။

၁၁ ယနေ့ဖြစ်လေ့ရှိသည့်အခြေအနေကား အဘယ်နည်း။ အချို့နိုင်ငံများတွင် ကောင်းသောရည်ရွယ်ချက်ရှိလူငယ်များစွာတို့သည် ကျောင်းပညာလိုအပ်ချက်၏အနည်းဆုံးအဆင့်ပြီးဆုံးသောအခါ ရှေ့ဆောင်လုပ်ရန် ကျောင်းထွက်လိုက်ကြသည်။ သူတို့တွင် အတတ်ပညာကျွမ်းကျင်မှုတစ်ခုမျှမရှိပါ။ သူတို့၏မိဘများ ငွေကြေးထောက်ပံ့မှုမပြုပါက အချိန်ပိုင်းအလုပ်ကိုသူတို့ရှာရတော့မည်။ အချို့တို့က စားဝတ်နေရေးအတွက် လုံလောက်သောငွေကိုရနိုင်ရန် နာရီပေါင်းများစွာလုပ်ရသည့်အလုပ်ကိုရကြသည်။ ကာယစွမ်းအင်ကုန်ခန်းမှုကြောင့် ရှေ့ဆောင်ဓမ္မအမှုကို သူတို့လက်လျှော့လိုက်ကြသည်။ ထိုကဲ့သို့သောသူများသည် မိမိတို့ကိုယ်ကိုထောက်ပံ့နိုင်ပြီး ရှေ့ဆောင်လုပ်ငန်းသို့ပြန်လည်ဝင်ရောက်နိုင်ရန် ဘာလုပ်နိုင်သနည်း။

ပညာရေးနှင့်ပတ်သက်၍ မျှတသောအမြင်

၁၂။ ပညာရေးနှင့်ပတ်သက်၍ မည်သည့်အစွန်းရောက်အမြင်နှစ်မျိုးကို ခရစ်ယာန်တစ်ဦးရှောင်မည်နည်း။ (ခ) ပညာရေးသည် ဆက်ကပ်အပ်နှံပြီးသောယေဟောဝါ၏ကျေးကျွန်နှင့် သူတို့၏သားသမီးများအတွက် မည်သည့်ရည်ရွယ်ချက်ကို ဖြည့်စွက်ပေးသနည်း။

၁၂ ပညာရေးနှင့်ပတ်သက်၍မျှတသောအမြင်က အကူအညီဖြစ်စေနိုင်သည်။ လောကလူငယ်များစွာအတွက်မူ ပညာရေးသည် ဂုဏ်အသရေ၏အမှတ်လက္ခဏာ၊ လူမှုရေးအဆင့်အတန်းကိုတက်လှမ်းရန်အကူအညီ၊ ကြီးပွားအောင်မြင်ပြီး ရုပ်ဝါဒဆန်သောအသက်တာကိုရရှိရန်သော့ချက်များဖြစ်သည်။ အချို့သူများအတွက်မူ ကျောင်းတက်ခြင်းသည် မြန်မြန်ပြီးလျှင်မြန်မြန်အေးရောဟူသည့် အလုပ်တစ်ခုကဲ့သို့ဖြစ်သည်။ ဤအမြင်နှစ်မျိုးလုံးသည် စစ်မှန်သောခရစ်ယာန်များအတွက် မသင့်လျော်ပါ။ သို့ဆိုလျှင် “မျှတသောအမြင်” ကို မည်သို့အနက်ဖွင့်မည်နည်း။ ခရစ်ယာန်များသည် ပညာရေးကို လိုအပ်သောအကျိုးတစ်ခုရရန်သုံးသောနည်းလမ်းအဖြစ် ယူမှတ်သင့်သည်။ ဤဆုံးခန်းကာလတွင် သူတို့၏ရည်ရွယ်ချက်သည် ယေဟောဝါအား တတ်နိုင်သရွေ့နှင့်ထိရောက်မှုရှိနိုင်သရွေ့ အမှုဆောင်ရန်ဖြစ်သည်။ သူတို့နေထိုင်သည့်နိုင်ငံတွင် အနည်းဆုံး သို့မဟုတ် အထက်တန်းပညာရေးပင်လျှင် ရှေ့ဆောင်အဖြစ်နှင့် မိမိတို့ကိုယ်ကိုထောက်ပံ့ရန်မလုံလောက်သည့် အလုပ်ကိုသာရစေသည်။ ထိုအခါ ထပ်ဆင့်ပညာရေး သို့မဟုတ် သင်တန်းများသည် စဉ်းစားစရာဖြစ်လာသည်။ ယင်းတို့သည် ထူးခြားသည့်အချိန်ပြည့်လုပ်ငန်းပန်းတိုင်အတွက်ဖြစ်သည်။

၁၃။ (က) ဖိလစ်ပိုင်နိုင်ငံရှိညီအစ်မတစ်ဦးသည် အိမ်ထောင်တာဝန်များကိုကျေပွန်ရင်းနှင့် ရှေ့ဆောင်လုပ်ငန်းကို မည်သို့ဆက်လုပ်နိုင်ခဲ့သနည်း။ (ခ) မည်သည့်အချိန်တန်သတိပေးချက်ရှိသနည်း။

၁၃ အချို့တို့က ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်နိုင်ရန် သို့မဟုတ် ပြန်လည်လုပ်ကိုင်နိုင်ရန်အတွက် အလုပ်အကိုင်ရရှိစေသည့်သင်တန်းများကို တက်ရောက်ကြသည်။ ဖိလစ်ပိုင်နိုင်ငံရှိညီအစ်မတစ်ဦးသည် မိသားစုကိုရှာကျွေးနေရသူဖြစ်သည်။ သို့သော် သူမရှေ့ဆောင်လုပ်လိုသည်။ ဌာနခွဲက အကြောင်းကြားသည်မှာ “သူမဒီလိုလုပ်နိုင်ရခြင်းအကြောင်းက အစိုးရလက်မှတ်ရစာရင်းကိုင်ဖြစ်နိုင်လောက်တဲ့ ထပ်ဆင့်ပညာရေးကိုသူမ,ရရှိထားလို့ပဲ” ဟူ၍ဖြစ်သည်။ ထိုဌာနခွဲကပင် ဤသို့ဆက်၍ဖော်ပြသည်။ “ကျွန်တော်တို့ဆီမှာ ပညာသင်နေရင်းနဲ့ ရှေ့ဆောင်လုပ်ဖို့အစီအစဉ်ဆွဲနိုင်တဲ့သူတော်တော်များများရှိတယ်။ အများအားဖြင့် သူတို့တွေဟာ အားတက်သရောလေ့လာမှုတွေလုပ်ကြတဲ့အတွက် အကောင်းဆုံးကြေညာသူတွေဖြစ်လာကြတယ်။ ဒါပေမယ့် လောကီလိုက်စားမှုတွေမှာ အလွန်အကျွံစိတ်စွဲလမ်းမှုမထားကြဘူး။” နောက်ဆုံးမှတ်ချက်က ကျွန်ုပ်တို့ပြန်လည်သုံးသပ်ရန်အကြောင်းဖြစ်သင့်သည်။ လိုအပ်သည့်အတွက်အပိုပညာသင်ကြားခြင်း၏ ရည်ရွယ်ချက် ကို မျက်ခြည်မပြတ်သင့်၊ သို့မဟုတ် ရုပ်ပစ္စည်းတပ်မက်သည့်ပန်းတိုင်သို့ ပြောင်းလဲမသွားသင့်။

၁၄၊ ၁၅။ (က) ပညာရေးနှင့်ပတ်သက်၍ အဘယ့်ကြောင့် တရားသေဝါဒကို မချမှတ်သင့်သနည်း။ (ခ) တာဝန်ရှိညီအစ်ကိုအချို့မည်သည့်လောကပညာကို ရရှိထားကြသနည်း။ သို့သော် မည်သို့ကျေနပ်မှုရရှိသနည်း။

၁၄ နိုင်ငံအချို့တို့တွင် အထက်တန်းကျောင်းများသည် ခရစ်ယာန်လူငယ်များအတွက် ဘွဲ့ရသောအခါ အတတ်ပညာ သို့မဟုတ် အလုပ်အကိုင်တစ်ခုခုကိုရနိုင်ရန် ပြင်ဆင်ပေးသည့် အသက်မွေးဝမ်းကျောင်းသင်တန်းကို ပို့ချပေးသည်။ ယင်းသို့မဟုတ်သည့်တိုင် အချို့နိုင်ငံများတွင် အခြေခံပညာသာရှိသော စွန့်စားသည့်လူငယ်များသည် ရှေ့ဆောင်လုပ်ရာတွင် မိမိတို့ကိုယ်ကိုထောက်ပံ့နိုင်လောက်သော အချိန်ပိုင်းအလုပ်များကိုရရှိကြသည်။ ထို့ကြောင့် အပိုပညာရေးနှင့်ပတ်သက်၍ တရားသေမဆုံးဖြတ်သင့်ပါ။

၁၅ ယခုအခါ တာဝန်ရှိသောနေရာများတွင်ထမ်းဆောင်နေသည့် နယ်လှည့်ကြီးကြပ်မှူးများ၊ အသင်းမဌာနချုပ်တွင် သို့မဟုတ် ဌာနခွဲတစ်ခုခုတွင် လုပ်ကိုင်နေကြသူများစွာတို့သည် အခြေခံပညာသာရှိထားကြသူများဖြစ်ကြသည်။ သူတို့သည် သစ္စာရှိသောရှေ့ဆောင်များဖြစ်ကြပြီး လေ့လာမှုကိုမရပ်မနားပြုကာ လေ့ကျင့်မှုခံရကြပြီး သာ၍ကြီးမားသောတာဝန်များကို အပ်နှင်းခံခဲ့ရကြသည်။ ယင်းအတွက် သူတို့နောင်တမရကြပါ။ အခြားတစ်ဖက်တွင်မူ သူတို့နှင့်သက်တူရွယ်တူအချို့တို့က တက္ကသိုလ်ပညာကိုရယူရန်ရွေးချယ်ခဲ့ကြပြီး ဝိညာဏတိုးတက်မှုရပ်ဆိုင်းကာ ယုံကြည်ခြင်းပျက်စီးစေသောအတွေးအခေါ်များနှင့် “လောကီပညာ” များ၏ဩဇာအောက်သို့ ရောက်ရှိသွားကြသည်။—၁ ကောရိန္သု ၁:၁၉-၂၁၊ ၃:၁၉၊ ၂၀။ ကောလောသဲ ၂:၈။

အကုန်အကျတွက်ခြင်း

၁၆။ (က) ထပ်ဆင့်ပညာရေးလိုအပ်မလိုအပ်နှင့်ပတ်သက်၍ မည်သူဆုံးဖြတ်ပြီး မည်သည့်အရာကို စိတ်တွင်ရှေးဦးထားရမည်နည်း။ (ခ) မည်သည့်အချက်ကိုထည့်စဉ်းစားသင့်သနည်း။

၁၆ ခရစ်ယာန်လူငယ်တစ်ယောက်သည် ထပ်ဆင့်ပညာရေး သို့မဟုတ် သင်တန်းယူသင့်မယူသင့်ကို မည်သူဆုံးဖြတ်မည်နည်း။ ဤတွင် ဦးစီးမှုဆိုင်ရာကျမ်းစာမူပတ်သက်လာသည်။ (၁ ကောရိန္သု ၁၁:၃။ ဧဖက် ၆:၁) ယင်းကိုအခြေပြု၍ မိဘများသည် မိမိတို့၏သားသမီးများအတွက် အတတ်ပညာ သို့မဟုတ် လုပ်ငန်းရွေးချယ်ခြင်းနှင့် ယင်းတို့အတွက် မည်သည့်အတိုင်းအတာရှိသည့်ပညာရေးလိုအပ်သည်တို့ကို ဆုံးဖြတ်ပေးလိုကြပေမည်။ နိုင်ငံများစွာတို့တွင် ပညာရေးနှင့်အလုပ်အကိုင်ဆိုင်ရာရွေးချယ်မှုများကို အထက်တန်းပညာရေး၏အစောပိုင်းအချိန်ကတည်းက ပြုကြရသည်။ ထိုအချိန်သည် ခရစ်ယာန်မိဘနှင့်လူငယ်များအတွက် ပညာရှိရှိရွေးချယ်မှုပြုလုပ်နိုင်ရန် ဘုရားသခင့်နိုင်ငံတော်အကျိုးကို ဦးထိပ်ထားကာ ယေဟောဝါ၏လမ်းညွှန်မှုကိုရှာယူသင့်သည့်အချိန်ဖြစ်သည်။ လူငယ်များသည် ခြားနားသောအကြိုက်နှင့်ဝါသနာများ ရှိကြသည်။ ပညာရှိသောမိဘများသည် ယင်းတို့ကိုပါထည့်စဉ်းစားမည်ဖြစ်သည်။ ကာယအလုပ်ဖြစ်စေ၊ ဉာဏအလုပ်ဖြစ်စေ ရိုးသားသောအလုပ်အားလုံးသည် ဂုဏ်ယူဖွယ်ဖြစ်သည်။ လောကတွင် ရုံးအလုပ်ကိုချီးမြှင့်မြှောက်စားပြီး အလုပ်ကြမ်းကိုနှိမ်သော်လည်း သမ္မာကျမ်းစာကထိုသို့လုံးဝမပြုပါ။ (တမန်တော် ၁၈:၃) ထို့ကြောင့် ယနေ့ခရစ်ယာန်မိဘများနှင့်လူငယ်များတို့သည် အထက်တန်းပြီးနောက်ပညာရေးကိုဆက်ယူမည်မယူမည်နှင့်ပတ်သက်၍ ကောင်းကျိုးဆိုးကျိုးကို ဂရုတစိုက်နှင့်ဆုတောင်း၍တွက်ချက်ပါ။ အသင်းတော်ရှိအခြားသူများသည် သူတို့ကိုအပြစ်မတင်သင့်ပါ။

၁၇။ အချို့သက်သေခံမိဘများသည် မိမိတို့၏သားသမီးများအတွက် မည်သည့်ရွေးချယ်မှုများကိုပြုကြသနည်း။

၁၇ ခရစ်ယာန်မိဘများသည် မိမိတို့၏ကလေးများအထက်တန်းကျောင်းပြီးနောက် ဆက်၍ပညာသင်ပေးရန်ဆုံးဖြတ်လျှင် ယင်းသည် သူတို့၏ရွေးချယ်ပိုင်ခွင့်ပင်ဖြစ်သည်။ ရွေးချယ်သည့်အတတ်ပညာ သို့မဟုတ် လုပ်ငန်းကိုင်ငန်းပေါ်မူတည်၍ ထိုပညာသင်သည့်အချိန်ကာလကွာခြားမှုရှိပေမည်။ ငွေရေးကြေးရေးနှင့် အချိန်ပြည့်လုပ်ငန်းတွင် သားသမီးများစောနိုင်သရွေ့စောစောဝင်ရောက်နိုင်ရန် သူတို့အတွက် မိဘများသည် အသက်မွေးဝမ်းကျောင်းမှု သို့မဟုတ် စက်မှုလက်မှုသင်တန်းများနှင့်ပတ်သက်၍ အချိန်တိုသင်ကြားမှုအစီအစဉ်များကို ရွေးချယ်ကြသည်။ အချို့ကိစ္စများတွင် လူငယ်များသည် အတတ်ပညာတစ်ခုခုကိုသင်ယူရန်လိုအပ်သော်လည်း ယေဟောဝါကို အသက်တာတစ်လျှောက်လုံးအမှုဆောင်ရန်ပန်းတိုင်ရှိနှင့်ပြီးဖြစ်သည်။

၁၈။ ထပ်ဆင့်ပညာသင်ကြားမှုကိုရယူလျှင် မည်သည့်အရာကိုစိတ်စွဲမှတ်သင့်သနည်း။

၁၈ ထပ်ဆင့်ပညာသင်ကြားမှုကိုရယူလျှင် ပညာရှင်အဖြစ်ထွန်းပြောင်ရန် သို့မဟုတ် နာမည်ကြီးလောကအလုပ်အကိုင်ရရှိဖို့ကြိုးစားရန်ရည်ရွယ်ချက်ဖြင့် မဖြစ်သင့်ပေ။ သင်ရိုးကို ဂရုတစိုက်ရွေးချယ်သင့်သည်။ အဆင့်မြင့်ပညာရေးသည် သမ္မာကျမ်းစာရှိ “ကျန်းခံ့စေသည့်သွန်သင်ချက်များ” ကိုဆန့်ကျင်သောကြောင့်လည်း အဆင့်မြင့်ပညာရေး၏အန္တရာယ်များကို ဤမဂ္ဂဇင်းကပေါ်လွင်စေခဲ့ပြီးဖြစ်သည်။ (တိတု ၂:၁။ ၁ တိမောသေ ၆:၂၀၊ ၂၁၊ ကဘ) ထို့အပြင် ၁၉၆၀ ခုနှစ်ကတည်းကစ၍ အဆင့်မြင့်ပညာသင်ကျောင်းများသည် အဓမ္မမှုနှင့်အကျင့်စာရိတ္တယိုယွင်းမှုများ အလျင်အမြန်တိုးပွားရာနေရာများဖြစ်လာသည်။ ထိုသို့သောအသိုင်းအဝိုင်းမျိုးထဲသို့ဝင်ခြင်းကို ‘သစ္စာနှင့်သတိပညာရှိသောကျေးကျွန်’ က လုံးဝအားမပေးချေ။ (မဿဲ ၂၄:၁၂၊ ၄၅) ယနေ့တွင် လူငယ်များသည် အထက်တန်းကျောင်းများနှင့်စက်မှုလက်မှုကောလိပ်များ၊ လုပ်ငန်းခွင်များ၌ပင် ထိုအန္တရာယ်ကိုရင်ဆိုင်နေကြရသည်။—၁ ယောဟန် ၅:၁၉။a

၁၉။ (က) ထပ်ဆင့်ပညာသင်ယူရန်ဆုံးဖြတ်သူများအတွက် မည်သည့်ကြိုတင်ကာကွယ်မှုကို ရယူထားသင့်သနည်း။ (ခ) အချို့တို့သည် မိမိတို့၏ပညာရေးကို ကောင်းကျိုးအတွက်မည်သို့အသုံးချခဲ့ကြပြီနည်း။

၁၉ သက်သေခံလူငယ်တစ်ဦးသည် ခရစ်ယာန်လေ့လာမှုများပြုခြင်း၊ အစည်းအဝေးများတက်ခြင်း၊ ဟောပြောခြင်းများကို ဆက်လက်ပြုလုပ်ရင်းနှင့် ထပ်ဆင့်ပညာရေးကို အိမ်မှနေ၍ ရယူနိုင်မယူနိုင်အပေါ်မူတည်၍ ဆုံးဖြတ်ချက်ချသင့်သည်။ အစကတည်းက ကျမ်းစာစည်းမျဉ်းပေါ်အခြေပြု၍ ရပ်တည်သင့်သည်။ ဒံယေလနှင့်သူ၏ဟေဗြဲအပေါင်းအဖော်သုံးဦးတို့သည် ဗာဗုလုန်သုံ့ပန်းဘဝရောက်ခဲ့စဉ်က ဗာဗုလုန်၏အဆင့်မြင့်ပညာများကို သင်ယူခဲ့ကြသော်လည်း သူတို့သည် အစဉ်တစိုက်သမာဓိစောင့်သိခဲ့ကြကြောင်းကို ပြန်လည်သတိရသင့်သည်။ (ဒံယေလ အခန်းကြီး ၁) နိုင်ငံပေါင်းများစွာမှ သက်သေခံလူငယ်များသည် ဝိညာဉ်ရေးရာများကိုရှေးဦးထားပြီး သူတို့၏အဓိကလုပ်ငန်းဖြစ်သည့်ရှေ့ဆောင်ခြင်းကို ဖူလုံစွာထောက်ပံ့နိုင်သောအချိန်ပိုင်းအလုပ်များဖြစ်သည့် စာရင်းကိုင်များ၊ လက်မှုပညာရှင်များ၊ ကျောင်းဆရာများ၊ ဘာသာပြန်သူများ၊ စကားပြန်များ သို့မဟုတ် အခြားအလုပ်တစ်ခုခုရရှိရန်အတွက် ထိုသို့သောသင်တန်းများကိုတက်ကြသည်။ (မဿဲ၆:၃၃) ဤကဲ့သို့သောလူငယ်မြောက်မြားစွာတို့သည် နောင်တွင် နယ်လှည့်ကြီးကြပ်မှူးများ၊ ဗေသလတွင်အမှုဆောင်သူများဖြစ်လာကြသည်။

စည်းလုံး၍ပညာရှိသောလူတစ်စု

၂၀။ ယေဟောဝါသက်သေများတွင်မရှိသော လောက၏ခွဲခြားမှုကား အဘယ်နည်း။

၂၀ ယေဟောဝါ၏လူများတွင် လူတစ်ဦး၏အလုပ်သည် ကာယအလုပ်ဖြစ်စေ၊ ဉာဏအလုပ်ဖြစ်စေ၊ စိုက်ပျိုးရေးဖြစ်စေ၊ ဝန်ဆောင်လုပ်ငန်းဖြစ်စေ အားလုံးသည် သမ္မာကျမ်းစာ၏ တတ်ကျွမ်းသောကျောင်းသားများနှင့်ဆရာများဖြစ်ရန်လိုသည်။ စာဖတ်ခြင်း၊ လေ့လာမှုပြုခြင်း၊ သွန်သင်ခြင်းတို့မှရရှိသော ကျွမ်းကျင်မှုအားလုံးတို့သည် လောကကဖန်တီးသည့် ကာယလုပ်သားနှင့်ရုံးထိုင်လုပ်သားများကြားကွာဟမှုကို ပပျောက်စေသည်။ ယင်းတို့သည် စည်းလုံးမှုနှင့် အပြန်အလှန်လေးစားမှုကိုဖြစ်စေပြီး အရေးအကြီးအဆုံးနှင့် လူတိုင်းတွင်ရှိသင့်သော ဝိညာဏအရည်အချင်းရှိရာအရပ်ဖြစ်သည့် အထူးသဖြင့် ဗေသလအိမ်နှင့်ကင်းမျှော်စင်အသင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် တွေ့မြင်နိုင်သည်။ ဤနေရာတွင် အတွေ့အကြုံရှိရုံးထိုင်လုပ်သားများသည် ကျွမ်းကျင်မှုရှိသောအလုပ်ကြမ်းသမားများနှင့်အတူ ရွှင်လန်းစွာအလုပ်လုပ်နေကြသည်။ အားလုံးတို့သည် အချင်းချင်းချစ်ခင်လေးစားမှုကို တင်ပြနေကြသည်။—ယောဟန် ၁၃:၃၄၊ ၃၅။ ဖိလိပ္ပိ ၂:၁-၄။

၂၁။ ခရစ်ယာန်လူငယ်များ၏ဦးတည်ချက်ကား အဘယ်အရာဖြစ်သင့်သနည်း။

၂၁ မိဘတို့၊ သင်တို့၏သားသမီးများကို ကမ္ဘာသစ်အဖွဲ့အစည်းတွင် အသုံးဝင်သောအဖွဲ့သားများဖြစ်လာရန်ပန်းတိုင်ဖြင့် သွန်သင်ညွှန်ပြပေးပါလေ။ ခရစ်ယာန်လူငယ်တို့၊ ယေဟောဝါအားအမှုဆောင်နိုင်သည့်အခွင့်အရေးကို အပြည့်အဝဆုပ်ကိုင်နိုင်ရန်ပြင်ဆင်မှုပေးသည့်နည်းလမ်းအဖြစ် သင်တို့၏ပညာသင်အခွင့်အရေးကို အသုံးပြုပါလေ။ သင်ကြားခံရသူများအနေနှင့် သင်တို့အားလုံးသည် ယခုနှင့်ကတိထားရာ “ကမ္ဘာသစ်” တွင်ရှိသွားမည့် သီအိုကရက်တစ်အဖွဲ့အစည်း၏ ကောင်းစွာပြင်ဆင်လေ့ကျင့်ထားခြင်းခံရသည့် အဖွဲ့ဝင်များဖြစ်ကြောင်း သက်သေထူနိုင်ကြပါစေ။—၂ ပေတရု ၃:၁၃။ ဟေရှာယ ၅၀:၄။ ၅၄:၁၃။ ၁ ကောရိန္သု ၂:၁၃။

သင့်မှတ်ဉာဏ်ကိုစမ်းသပ်ပါ

▫ ခရစ်ယာန်စစ်များသည် အဘယ့်ကြောင့် ပညာရေးကိုစိတ်ဝင်စားကြသနည်း။

▫ ပညာရေးနှင့်ပတ်သက်၍ မည်သည့်အစွန်းရောက်သည့်အမြင်ကို ခရစ်ယာန်စစ်များရှောင်ကြသနည်း။

▫ ထပ်ဆင့်ပညာရေး၏ မည်သည့်အန္တရာယ်များကို ထည့်တွက်သင့်သနည်း။ မည်သည့်ကြိုတင်ကာကွယ်မှုပြုထားသင့်သနည်း။

▫ ယေဟောဝါသက်သေများတွင်မရှိသော လောက၏ခွဲခြားမှုကား အဘယ်နည်း။

a The Watchtower of September 1, 1975, pages 542–4 ကိုလည်းရှု။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဝီရိယရှိစွာလေ့လာမှုပြုခြင်းအားဖြင့် ခရစ်ယာန်လူငယ်များသည် ကမ္ဘာသစ်အဖွဲ့အစည်း၏အဖွဲ့ဝင်များဖြစ်လာနိုင်

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ထပ်ဆင့်ပညာရေးကိုရွေးချယ်လျှင် ယေဟောဝါအားပို၍အမှုဆောင်လိုသည့်ဆန္ဒ၏ လှုံ့ဆော်မှုအားဖြင့်ဖြစ်သင့်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ