ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၂/၁ စာ. ၅-၆
  • ဘုရားသခင့်နှစ်မြို့မှု မည်သူခံရသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နှစ်မြို့မှု မည်သူခံရသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်မြင့်မားသည့်စံချိန်တော်များ
  • ဘုရားသခင့်နှစ်မြို့မှုကို ကျွန်ုပ်တို့ရရှိနိုင်
  • မည်ကဲ့သို့သောလူမျိုးကို သင်နှစ်မြို့သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သင်သည် ‘ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝသောသူ’ လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘာက တကယ် အရေးကြီးသလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • သင်အကုန်အကျ တွက်ပြီးပြီလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၂/၁ စာ. ၅-၆

ဘုရားသခင့်နှစ်မြို့မှု မည်သူခံရသနည်း

ကျွပ်တို့အားလုံးသည် မိမိတို့အပေါင်းအဖော်များ၏ နှစ်မြို့မှုကို ခံလိုကြသည်။ ခရစ်ယာန်တစ်ဦးအတွက် သာ၍ပြင်းပြစွာတောင့်တသည့်အရာမှာ ဘုရားသခင့်နှစ်မြို့မှုကို ရရှိရန်ဖြစ်သည်။ ယေဟောဝါဘုရားသခင်နှင့်ပတ်သက်၍ ဆာလံ ၈၄:၁၁ က ဤသို့ဖော်ပြထားသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ကျေးဇူးတော် [မျက်နှာသာ၊ ကဘ] နှင့်ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကိုငြင်းတော်မမူ။” ယေရှုမွေးဖွားခံရချိန်တွင် ဝမ်းမြောက်စွာကြွေးကြော်ခဲ့ကြသောကောင်းကင်တမန်များက “မြေကြီးပေါ်တွင် နှစ်သက်တော်မူသောလူများ၌ ငြိမ်သက်ခြင်းရှိပါစေ” ဟု ကတိပေးခဲ့ကြသည်။—လုကာ ၂:၁၄၊ Moffatt.

သို့သော် မည်သူကို ဘုရားသခင်နှစ်သက်တော်မူသနည်း။ ဘုရားသခင့်စံချိန်တော်များသည် လူ့စံချိန်များနှင့်တူသလော။ ရှေ့ဆောင်းပါးတွင် ဆွေးနွေးတင်ပြထားသည့်အချက်က မတူကြောင်းထောက်ပြသည်မှာ ရှင်းနေပါသည်။ အမှန်မှာ ခရစ်ယာန်များသည် “ဘုရားသခင်အားတုပသူများဖြစ်လာကြ” ရန် အားပေးခံရရာ ကျွန်ုပ်တို့တစ်ဦးစီ ကောင်းစွာမေးသင့်သည်မှာ ကျွန်ုပ်သည် ဘုရားသခင်နှစ်သက်သောသူကို နှစ်မြို့မှုတင်ပြသလော၊ သို့မဟုတ် လူများကိုအဆုံးအဖြတ်ပြုရာတွင် လောကစံချိန်များကို လိုက်ပါတိမ်းယိမ်းသည့်သဘောရှိသလော ဟူ၍ဖြစ်သည်။ (ဧဖက် ၅:၁) ယေဟောဝါ၏မျက်နှာသာတော်နှင့် နှစ်မြို့မှုခံစားလိုပါက ကျွန်ုပ်တို့သည် ကိုယ်တော့်အမြင်မျိုးရှိရန် ဂရုစိုက်ရမည်။

ဘုရားသခင့်မြင့်မားသည့်စံချိန်တော်များ

“ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏” ဟုတမန်တော်ပေတရုပြောခဲ့သည်။ ထို့အပြင် “လူအမျိုးမျိုးတို့ကို တစ်သွေးတည်းနှင့်ဖန်ဆင်းတော်မူ” ခဲ့ကြောင်းကိုလည်း တမန်တော်ပေါလုသက်သေထူခဲ့သည်။ (တမန်တော် ၁၀:၃၄၊ ၃၅၊ ၁၇:၂၆) ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာအရည်အသွေးများမည်သို့ပင်ရှိစေကာမူ ဘုရားသခင့်အမြင်တွင် လူသားအားလုံးသည် တန်းတူဖြစ်ကြောင်း မှတ်ချက်ချရန်သာလျော်ကန်တော့သည်။ လူတစ်ဦးသည် သီးခြားဒေသတစ်ခုမှလာသောကြောင့် သို့မဟုတ် အသားအရောင်တစ်မျိုးတစ်မည်ရှိသောကြောင့် သို့မဟုတ် လူမျိုးခြားဖြစ်သောကြောင့် ထိုသူအား အလွန်အမင်းမျက်နှာသာပေးခြင်းသည် ခရစ်ယာန်တစ်ဦးအတွက်မသင့်လျော်ပါ။ ယင်းသို့ပြုမည့်အစား ကိုယ်တော်သည်မျက်နှာမလိုက်ကြောင်း ရန်သူများကပင်ဝန်ခံသည့် ယေရှုခရစ်၏ပုံသက်သေကို ကောင်းစွာလိုက်လျှောက်မည်ဖြစ်သည်။—မဿဲ ၂၂:၁၆။

“အပေါ်ယံကြော” ဟူသောအသုံးအနှုန်းကို တစ်ခါတစ်ရံ မနက်ရှိုင်းသော သို့မဟုတ် အရေးမကြီးသောအရာကိုဖော်ပြရန် သုံးလေ့ရှိသည်။ အသားအရောင်သည် ယင်းကဲ့သို့သာဖြစ်သည်။ အပေါ်ယံကြောမျှသာဖြစ်သည်။ လူတစ်ဦး၏အသားအရောင်သည် ထိုသူ၏ဥပဓိရုပ် သို့မဟုတ် အတွင်းအရည်အချင်းကို မည်သည့်နည်းဖြင့်မျှမထင်ဟပ်ပါ။ ပေါင်းသင်းရန်၊ အတူစားသောက်ရန်၊ လက်ဆွဲနှုတ်ဆက်ရန် လူတစ်ဦးတစ်ယောက်ကိုကျွန်ုပ်တို့ရွေးချယ်ဖို့လိုအပ်လာသောအခါ သူ၏အသားအရောင်ကို အထူးအာရုံစိုက်ကြည့်ရန် လုံးဝမဟုတ်ပါ။ “ငါသည် ကေဒတဲကဲ့သို့ မည်းသောအဆင်းရှိ . . . ၏။ ငါသည် နေပူကိုခံ၍ မည်းသောအဆင်းရှိ [၏]” ဟူ၍ အလှပဆုံးသောမေတ္တာဘွဲ့အချို့ကို ရေးစပ်သီကုံးသောမိန်းမပျိုပြောသည့်စကားကို ပြန်သတိရပါ။ (ရှောလမုန်သီချင်း ၁:၅၊ ၆) အမျိုးအနွယ်ဖြစ်စေ၊ အသားအရောင်ဖြစ်စေ မျက်နှာသာပေးရန် တော်လျော်သောအခြေအမြစ်ကို မတည်ဆောက်ပေးပါ။ သာ၍အရေးကြီးသည့်အချက်မှာ လူတစ်ဦးသည် ဘုရားသခင်ကိုကြောက်ရွံ့ပြီး ဖြောင့်မတ်ခြင်းကိုကျင့်သုံးခြင်းရှိမရှိဟူသည့်အချက်ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာစည်းစိမ်ချမ်းသာပိုင်ဆိုင်မှုကို ဘုရားသခင်မည်သို့ရှုမြင်သနည်း။ ဘုရားသခင်ချစ်၍သဘောကျနှစ်သက်တော်မူသူများတွင် ကိုယ်တော့်သားတော်ယေရှုသည် ထိပ်ဆုံးတွင်ဖြစ်သည်။ သို့သော် ယေရှုမြေကြီးပေါ်တွင်ရှိတော်မူခဲ့စဉ်က “ခေါင်းချရာမျှမရှိ” ခဲ့ပါ။ (မဿဲ ၈:၂၀) မြေယာများ၊ အိမ်များ၊ လယ်ကွက်များ၊ စားပင်သီးပင်များ၊ တိရစ္ဆာန်များကို ကိုယ်တော်မပိုင်ဆိုင်ခဲ့ပါ။ သို့တိုင် ယေဟောဝါသည် မိမိပြီးလျှင် စကြဝဠာတစ်ခွင်အထွတ်မြတ်ဆုံးအရှင်အဖြစ် ယေရှုအားဂုဏ်ပြုချီးမြှောက်တော်မူခဲ့သည်။—ဖိလိပ္ပိ ၂:၉။

ယေရှုခရစ်သည် ဘုရားသခင်နှစ်မြို့မှုကို ခံစားခဲ့ရခြင်းမှာ ရုပ်ပစ္စည်းများကြောင့်မဟုတ်ဘဲ ကောင်းသောအလုပ်များဖြင့် ကြွယ်ဝခဲ့သောကြောင့်ဖြစ်သည်။ (၁ တိမောသေ ၆:၁၇၊ ၁၈ နှိုင်းယှဉ်။) “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာဘဏ္ဍာကို မဆည်းပူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက်မခိုးမယူရာကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့” ဟု တပည့်တော်များအား ကိုယ်တော်ဆုံးမတော်မူခဲ့သည်။ (မဿဲ ၆:၁၉၊ ၂၀) ခရစ်ယာန်များသည် ဤလောကပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသူများအားသာ နှစ်မြို့မှုကိုတင်ပြမည့်အစား လောကပစ္စည်းပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍ ခွဲခြားမှုမပြုဘဲနေမည်ဖြစ်သည်။ ရုပ်ပစ္စည်းချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ဂရုမစိုက်ဘဲ ဘုရားသခင့်ရှေ့တွင်ကြွယ်ဝချမ်းသာသူကိုသာ သူတို့ရှာဖွေကြမည်။ “လောကတွင်ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်းရတနာကိုရတတ်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကိုချစ်သောသူတို့အားပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံဖြစ်စေခြင်းငှာလည်းကောင်း ထိုသူတို့ကို ရွေးကောက်တော်မူ” ကြောင်းကို အစဉ်သတိရပါ။ (ယာကုပ် ၂:၅) သင်သည် ဘုရားသခင့်အမြင်မျိုးဆက်လက်မွေးမြူလျှင် ရုပ်ပစ္စည်းကြွယ်ဝချမ်းသာသူအား မျက်နှာသာပေးတတ်သည့် လောက၏လုပ်ရိုးလုပ်စဉ်အကျင့်များအတွင်း သင်ဘယ်တော့မျှသက်ဆင်းမည်မဟုတ်ပါ။

ပညာရေးနှင့်ပတ်သက်လျှင် အသိပညာနှင့်ဉာဏ်ပညာတို့ကိုဆည်းပူးရန် ဘုရားသခင်ကျွန်ုပ်တို့အားတိုက်တွန်းထားကြောင်း၊ ယေရှုခရစ်သည် မြေကြီးပေါ်အသက်ရှင်ခဲ့ဖူးသမျှသူများထဲတွင် အကြီးမြတ်ဆုံးဆရာဖြစ်တော်မူကြောင်းတို့ကို သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြထားသည်။ (သု၊ ၄:၇။ မဿဲ ၇:၂၉။ ယောဟန် ၇:၄၆) သို့သော် လောကီဉာဏ်ပညာ သို့မဟုတ် ပညာရေးတို့သည် ဘုရားသခင့်နှစ်မြို့မှုရစေနိုင်သည်မဟုတ်ပါ။ ယင်းနှင့်ဆန့်ကျင်၍ ပေါလုပြောခဲ့သည်မှာ “ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိအများမပါ။ . . . ဘုရားသခင်သည် ပညာရှိတို့ကိုရှက်ကြောက်စေခြင်းငှာ လောကီအရာ၌မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။—၁ ကောရိန္သု ၁:၂၆၊ ၂၇။

ဘုရားသခင်သည် တက္ကသိုလ်ကောလိပ်များကသင်ကြားပေးသည့် လောကီပညာများတတ်ကျွမ်းသူများကိုမဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာပါ “စင်ကြယ်သောဘာသာစကား” သမ္မာတရားတတ်ကျွမ်းသူများကို သဘောကျနှစ်သက်တော်မူသည်။ (ဇေဖနိ ၃:၉) အမှန်မှာ ယေဟောဝါကိုယ်တော်တိုင်သည် မြေကြီးစွန်းတိုင်ပေါက်ရောက်သည့် ပညာပေးစနစ်တစ်ခုအားဖြင့် မိမိ၏လူများကိုသွန်သင်နေသည်။ ပရောဖက်ဟေရှာယကြိုဟောထားသည့်အတိုင်းဆိုလျှင် လူမျိုးများအားလုံးအထဲမှလူတို့သည် “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏တောင်တော်၊ ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့ တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့လိုက်သွားကြမည်” ဟုပြောဆို၍ တုံ့ပြန်နေကြသည်။ ထို့ကြောင့် ခရစ်ယာန်များသည် လောကီပညာကို မြှောက်စားချီးမြင့်ကြမည့်အစား “ယေဟောဝါ၏သွန်သင်တော်မူခြင်းခံရသူများ” ဖြစ်ကြောင်း အပြောနှင့်အလုပ်အားဖြင့်သက်သေထူသူများကို ရှာဖွေကြသည်။ ထိုသို့ပြုခြင်းအားဖြင့် ဘုရားပေး ‘ကြွယ်ဝသည့်ငြိမ်သက်ခြင်း’ ကို သူတို့ခံစားကြရမည်ဖြစ်သည်။—ဟေရှာယ ၂:၃။ ၅၄:၁၃၊ ကဘ။

ဘုရားသခင့်နှစ်မြို့မှုကို ကျွန်ုပ်တို့ရရှိနိုင်

မှန်ပါသည်။ သူတစ်ပါးအပေါ် နှစ်မြို့မှုတင်ပြခြင်းဆိုင်ရာ ဘုရားသခင့်စံချိန်များသည် လူ့စံချိန်များနှင့် အလွန်ကွာခြားလှသည်။ မည်သို့ဆိုစေ ကျွန်ုပ်တို့သည် ကိုယ်တော့်အမြင်တွင် နှစ်မြို့မှုခံစားလိုပါက ကိုယ်တော့်နည်းလမ်းတော်များအားဖြင့် လမ်းညွှန်မှုကိုခံယူရန် ကြိုးစားသင့်သည်။ ယင်းက ကျွန်ုပ်တို့သည် တစ်ကိုယ်ကောင်းဆန်မှုနှင့်ငဲ့ကွက်မှုများလွှမ်းမိုးနိုင်သည့်လူ့စံချိန်များအားဖြင့်မဟုတ်ဘဲ ဘုရားသခင့်ရှုမြင်ပုံအားဖြင့် သူတစ်ပါးကိုမြင်ရန် ဆိုလိုခြင်းဖြစ်သည်။ ယင်းကို ကျွန်ုပ်တို့မည်သို့ပြုနိုင်မည်နည်း။

ယေဟောဝါသည် လူတစ်ဦး၏နှလုံးကို စစ်ဆေးတော်မူပြီး မေတ္တာ၊ ကောင်းမြတ်ခြင်း၊ ကြင်နာခြင်းနှင့် စိတ်ရှည်ခြင်းစသည့်အရည်အချင်းတင်ပြသူများကို သဘောကျနှစ်သက်တော်မူသည်။ ကျွန်ုပ်တို့လည်း အလားတူပြုလုပ်နိုင်သည်။ (၁ ဓမ္မရာဇဝင် ၁၆:၇။ ဂလာတိ ၅:၂၂၊ ၂၃) ကျွန်ုပ်တို့သည် လူသားများအနေနှင့်တတ်စွမ်းနိုင်သည့်အတိုင်းအတာရှိသရွေ့ အတွင်းလူကိုရှုမြင်ရန်လိုအပ်သည်။ ထိုသူ၏အသားအရေ သို့မဟုတ် လူမျိုးနောက်ခံကို ကြည့်မှတ်ရန်မဟုတ်ပါ။ ရုပ်ပစ္စည်းကြွယ်ဝချမ်းသာသူများကိုရှာဖွေမည့်အစား ဘုရားသခင့်အမြင်၌ကြွယ်ဝချမ်းသာခြင်းကို ကျွန်ုပ်တို့ကောင်းစွာနှလုံးသွင်းကြပြီး “သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း” ရှိကြရန် ကြိုးစားအားထုတ်သင့်သည်။ (၁ တိမောသေ ၆:၁၈) ဘုရားခင့်နှစ်မြို့မှုကိုခံစားရရန် ဘုရားသခင်နှင့် ကိုယ်တော့်သားတော်ယေရှုတို့နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာကို ကျွန်ုပ်တို့ဆက်လက်ရှာဖွေနေကြရမည်ဖြစ်ပြီး သမ္မာတရား၏စင်ကြယ်သောဘာသာစကားကို ကောင်းစွာတတ်ကျွမ်းနေရမည်။ (ယောဟန် ၁၇:၃၊ ၁၇) ထိုသို့ပြုခြင်းအားဖြင့် ကျွန်ုပ်တို့လည်း ဘုရားသခင်နှစ်မြို့တော်မူသောသူများတွင် အပါအဝင်ဖြစ်မည်တည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ