အသင်ဝမ်းမြောက်နိုင်ရန် အဘယ်အရာလိုသနည်း
လူများတင်မြှောက်ထားခံရသည့် သူများသည် လူတို့အား ဝမ်းမြောက်စေရန် ကြိုးစားရသည်။ ဘာသာရေးခေါင်းဆောင်များကလည်း ဤလောကတွင်မဟုတ်သည့်တိုင် အနည်းဆုံး အနာဂတ်တွင် ဝမ်းမြောက်စေရမည်ဟု ကတိပေးပါသည်။ လူတို့တွင် မသေနိုင်၊ သို့မဟုတ် ဘဝကူးပြောင်းသောဝိညာဉ်စိုးလ်ရှိသည် ဟူသောအယူအဆကိုအခြေပြု၍ ဤသို့ကတိပေးကြခြင်းဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် များစွာသောသူတို့သည် ဤအယူအဆကိုလက်မခံ ငြင်းပယ်ကြသည်။ သမ္မာကျမ်းစာကလည်း ယင်းအယူအဆသည် မှားယွင်းကြောင်း ချေပငြင်းဆိုထားသည်။ ချာ့ချ်များတွင် လူသူနည်းပြီး အသင်းသားနာမည်စာရင်းများ လျော့နည်းသွားနေခြင်းက သန်းပေါင်းများစွာသောသူတို့သည် ဝမ်းမြောက်နိုင်ရန် ဘာသာတရားရှိရမည်ဟု မယူမှတ်တော့ကြောင်း တင်ပြပါသည်။—ကမ္ဘာဦး ၂:၇၊ ၁၇။ ယေဇကျေလ ၁၈:၄၊ ၂၀ နှိုင်းယှဉ်။
မကျေမနပ်ဖြစ်နေသော ငွေကိုတပ်မက်သူများ
ဝမ်းမြောက်မှုကို နိုင်ငံရေး၊ သို့မဟုတ် ဘာသာရေးနယ်ပယ်မှ မရရှိနိုင်လျှင် အဘယ်နေရာမှ ရရှိနိုင်မည်နည်း။ စီးပွားရေးလောကမှ ရနိုင်စရာအကြောင်း ရှိပါသလော။ ယင်းကလည်း ဝမ်းမြောက်မှုပေးနိုင်သည်ဟု ဆိုပါသည်။ ယင်း၏အဆိုကို ကြော်ငြာများအားဖြင့် လူတို့အားတင်ဆက်ပြီး ငွေဖြင့်ဝယ်ယူနိုင်သော ဥစ္စာပစ္စည်းများနှင့်အခွင့်အရေးများမှ ဝမ်းမြောက်နိုင်သည်ဟု တစ်နည်းအားဖြင့်ဆိုပါသည်။
ဤနည်းဖြင့် ဝမ်းမြောက်မှုရရန်ရှာကြံသူဦးရေလည်း တိုးများနေဟန်ရှိသည်။ ဂျာမနီနိုင်ငံရှိ နှစ်အိမ်ထောင်မှ တစ်အိမ်ထောင်သည် ကြွေးမြီကြီးလေးစွာတင်နေကြောင်း နှစ်အနည်းငယ်က သတင်းရထားပါသည်။ ထို့ကြောင့် နာမည်ကြီးဂျာမန်သတင်းစာ Die Zeit က “ဤသူအများတို့သည် အကြွေးကျေနိုင်သည့်ပုံစံ မရှိပုံပေါက်နေပါသည်” ဟုဆိုသည်။ ဆက်၍ ဤသို့ရှင်းပြသည်။ “ဘဏ်မှ ငွေအမြဲထုတ်ယူနေနိုင်သည့်အတွက် ပိုလွန်ထုတ်ယူမိရန် လွယ်ကူပါသည်။—အကြွေးတင်ခြင်း၏ထောင်ချောက်မှ အလွတ်ရုန်းထွက်ဖို့ရန်ကား ခဲယဉ်းလှသည်။”
အခြားတိုးတက်ဖွံ့ဖြိုးသောစက်မှုနိုင်ငံများတွင်လည်း ထပ်တူအခြေအနေမျိုးကိုတွေ့ရှိရပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ဒေးဗစ် ကပ်လိုဗစ်ဇ်ဆိုသူ နယူးယောက်မြို့တော်တက္ကသိုလ်မှ လူမှုရေးသိပ္ပံပညာရှင်က အမေရိကန်နိုင်ငံတွင် အိမ်ထောင်သန်း ၂၀ မှ ၂၅ သည်ကြွေးမြီအကြီးအကျယ်တင်နေကြောင်း ခန့်မှန်းခဲ့သည်။ “လူတို့သည် အကြွေးအောက်နစ်မြုပ်နေ၍ သူတို့ဘဝပျက်စီးကုန်ကြပြီ” ဟုသူဆိုသည်။
ဤစကားများက ဝမ်းမြောက်မှုရှိနေပုံမပေါက်ပါ။ အခြားအရာနှစ်ခု (နိုင်ငံရေးနှင့် ဘာသာရေး) မစွမ်းဆောင်နိုင်ကြောင်းထင်ရှားနေ၍ စီးပွားရေးလောကအနေနှင့် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်သင့်သလော။ သူကြွယ်ရှောလမုန်မင်းကြီး တစ်ချိန်က ဤသို့ရေးသားခဲ့သည်။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။”—ဒေသနာ ၅:၁၀။
စည်းစိမ်ခံစားခြင်းဖြင့် ဝမ်းမြောက်မှုရှာကြံခြင်းသည် လေထဲတိုက်အိမ်ဆောက်ခြင်းနှင့် ထပ်တူပင်ဖြစ်သည်။ ထိုသို့အိမ်ဆောက်ခြင်းသည် စိတ်တက်ကြွစရာဖြစ်နိုင်သော်လည်း ယင်းတိုက်အိမ်များတွင် နေထိုင်ရန် သင်ကြိုးစားပါက ပြဿနာတွေ့မည်အမှန်။
ဝမ်းမြောက်မှုရရှိနိုင်၊ သို့သော် အဘယ်နည်းအားဖြင့်နည်း
တမန်တော်ပေါလုက ယေဟောဝါရှင်အား “ပျော်ရွှင်သောဘုရားသခင်” ဟူ၍ခေါ်ဆိုထားပါသည်။ (၁ တိမောသေ ၁:၁၁) လူကို မိမိ၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခြင်းအားဖြင့် ဝမ်းမြောက်သောဘုရားသခင်သည် သူတို့အား ဝမ်းမြောက်နိုင်သည့်သတ္တိကို ထည့်သွင်းထားတော်မူ၏။ (ကမ္ဘာဦး ၁:၂၆) သို့သော် သူတို့၏ဝမ်းမြောက်မှုသည် ဘုရားသခင်အမှုတော်ကိုဆောင်ရွက်ခြင်းအပေါ် အခြေခံရမည်ဖြစ်ကြောင်း ဆာလံဆရာတင်ပြပါသည်။ “ယေဟောဝါကို မိမိဘုရားသခင်အဖြစ်ကိုးကွယ်သောလူမျိုးသည် ရွှင်လန်းဝမ်းမြောက်၏။” (ဆာလံ ၁၄၄:၁၅ခ၊ ကဘ) ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် “ဝမ်းမြောက်သော” နှင့် “ဝမ်းမြောက်ခြင်း” ဟူသောစကားများပါသည့် အကြိမ်ပေါင်း ၁၁၀ အနက်အချို့ကိုသုံးသပ်ကြည့်လျှင် ဘုရားသခင့်လုပ်ငန်းတော်၌ အဘယ်အရာပါဝင်ကြောင်းနှင့် ကိုယ်တော့်အမှုကိုဆောင်ခြင်းသည် စစ်မှန်သောဝမ်းမြောက်မှုကို မည်သို့ရရှိစေကြောင်း ပိုမိုနားလည်စေသည်။
ဝိညာဏလိုအပ်ရာများကို အသိအမှတ်ပြုခြင်း
ဘုရားသခင့်သားတော် ယေရှုခရစ်တော်သည် ကိုယ်တော်၏ကျော်ကြားသောတောင်ပေါ်ဒေသနာတွင် ဤသို့မိန့်တော်မူသည်။ “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။” (မဿဲ ၅:၃၊ ကဘ) ဝမ်းမြောက်မှုအတွက် ဇိမ်ခံပစ္စည်းများကို ရယူခြင်းသည် လုံလောက်ပေသည်ဟုယူမှတ်စေရန် စီးပွားရေးလောကက ကျွန်ုပ်တို့အား ကြိုးစားလှည့်ဖြားပေးပါသည်။ ဤသို့အားပေးတတ်၏။ ဝမ်းမြောက်ခြင်းမှာ အိမ်သုံးကွန်ပျူတာ၊ ဗွီဒီယိုကင်မရာ၊ တယ်လီဖုန်း၊ မော်တော်ကား၊ နောက်ဆုံးပေါ် အားကစားကိရိယာများ၊ သို့မဟုတ် ခေတ်မီအဝတ်အစားများ ရှိခြင်းတည်း။ ကမ္ဘာသား သန်းပေါင်းများစွာတို့၌ ဤအရာများမရှိကြသော်လည်း သူတို့သည် ဝမ်းမြောက်မှုကင်းမဲ့နေသည်မဟုတ်ကြောင်းကိုကား ကျွန်ုပ်တို့အား အသိမပေးပါ။ ယင်းတို့သည် သက်သောင့်သက်သာရှိစေ၍ ပိုအဆင်ပြေစေသည်မှန်သော်လည်း ဤအရာများသည် ဝမ်းမြောက်မှုအတွက် အဓိကအရာများမဟုတ်ပါ။
ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်းကို သတိပြုသူများသည် ပေါလုနည်းတူပင် ဤသို့ဆိုသည်။ “စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။” (၁ တိမောသေ ၆:၈) အဘယ်ကြောင့်နည်း။ အကြောင်းမူကား၊ ဝိညာဉ်ရေးတွင် လိုလျက်နေသောအရာများကို ဖြည့်စွက်ပေးခြင်းသည် ထာဝရအသက်သို့ပို့ဆောင်သောကြောင့်တည်း။—ယောဟန် ၁၇:၃။
ငွေရှိမည်ဆိုလျှင် ပစ္စည်းဥစ္စာပိုင်ဆိုင်ခြင်းသည် အပြစ်ရှိပါသလော။ အပြစ်ရှိစရာမလိုပါ။ သို့တိုင် စိတ်ထင်တိုင်းမပြုခြင်း (ဝါ) ကိုယ်ကတတ်နိုင်သည်အတွက်မဝယ်ခြမ်းရန် သင်ယူထားခြင်းက ကျွန်ုပ်တို့၏ဝိညာဉ်ရေးပိုင်းကို ခွန်အားရှိစေသည်။ ဤနည်းအားဖြင့် လောကီစံချိန်အရဆိုလျှင် ယေရှု၏စီးပွားရေးအခြေအနေသည် အကောင်းဆုံးမဟုတ်သော်လည်း ကိုယ်တော်ကဲ့သို့ပင် ရောင့်ရဲတင်းတိမ်တတ်လာကာ ဝမ်းမြောက်မှုအမြဲရှိနိုင်ပါလိမ့်မည်။ (မဿဲ ၈:၂၀) “ငါသည် တွေ့ကြုံသမျှသောအခြင်းအရာတို့၌ ရောင့်ရဲသောစိတ်ရှိအံ့သောငှာ သင်မိပြီ။ ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ” ဟုပေါလုရေးသားရာတွင် သူ့မှာဝမ်းမြောက်မှုမရှိခြင်းကို ဆိုလိုနေခြင်းမဟုတ်ပါ။—ဖိလိပ္ပိ ၄:၁၁၊ ၁၂။
ယေဟောဝါကို ကိုးစားခြင်း
ဝိညာဉ်ရေးတွင် လိုလျက်နေကြောင်း သတိပြုခြင်းက ဘုရားသခင်ကိုကိုးစားလိုစိတ်ရှိကြောင်း တင်ပြပါသည်။ ယင်းသည် ဝမ်းမြောက်မှုရှိစေသည်ဟု ရှောလမုန်မင်းကြီး ဤသို့ရှင်းပြပါသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုခိုလှုံသောသူသည်လည်း မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိ၏။”—သု၊ ၁၆:၂၀။
သို့သော် လူအများသည် ဘုရားသခင်ထက် မိမိတို့စည်းစိမ်ဥစ္စာကို ပိုအားထားတတ်ကြသည်မဟုတ်လော။ ဤရှုထောင့်ဘက်မှကြည့်လျှင် ငွေပြားပေါ်တွင် ငွေထက် “ဘုရားကို ငါတို့ကိုးစား၏” ဟူသောစာတမ်းသည် အမေရိကန်တွင်သုံးစွဲသောငွေပေါ် ပါရှိသည်မှန်သော်လည်း ဤသို့ဖော်ပြထားခြင်းလောက် မလျောက်ပတ်သည့်အရာမရှိချေ။
စည်းစိမ်ဥစ္စာကို ကိုးစားခြင်းသည် အမြဲဝမ်းမြောက်စေနိုင်သည်မဟုတ်ကြောင်း လိုလေသေးမရှိ ပြည့်စုံကုံလုံသောရှောလမုန်မင်းကြီး အသိအမှတ်ပြုခဲ့ပါသည်။ (ဒေသနာ ၅:၁၂-၁၅) ဘဏ်တွင်စုထားသောငွေသည် ဒေဝါလီခံခြင်း၊ သို့မဟုတ် ငွေကြေးဖောင်းပွမှုကြောင့် ဆုံးရှုံးရခြင်း ဖြစ်နိုင်သည်။ အိမ်နှင့်ခြံမြေရှိမည်ဆိုလျှင်လည်း ပြင်းထန်သောမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားနိုင်သည်။ အာမခံစာချုပ်များသည် ဥစ္စာဆုံးရှုံးခံရသည့်အခါ အချို့အဝက်ပြန်ရရှိစေသည်မှန်သော်လည်း စိတ်လှုပ်ရှားမှုဘက် ဆုံးရှုံးမှုများကိုကား ဖာထေးမပေးနိုင်ပါ။ ဈေးကွက်ရုတ်တရက် ကျဆင်းသည့်အခါ အစုရှယ်ယာနှင့်အာမခံစာချုပ်များသည် တစ်ညတွင်းပင် တန်ဖိုးမဲ့ ဖြစ်သွားနိုင်ပါသည်။ ဝင်ငွေကောင်းသောအလုပ်အကိုင်ပင်လျှင်—အကြောင်းမျိုးစုံကြောင့်—ယနေ့ရှိပြီး နက်ဖန် နတ္ထိဖြစ်သွားနိုင်သည်။
ယင်းကြောင့် ယေဟောဝါကိုကိုးစားသူသည် ယေရှု၏သတိပေးချက် ပညာရှိကြောင်း သဘောပေါက်နားလည်ပါသည်။ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကိုမဆည်းပူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက်မခိုးမယူရာ ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့။”—မဿဲ ၆:၁၉၊ ၂၀။
အစဉ်အမြဲဖြည့်စွက်ပေးသနားတော်မူသော အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးစားနေကြောင်း အသိအမှတ်ပြုခြင်းထက် အခြားအဘယ်လုံခြုံမှု၊ ဝမ်းမြောက်ရွှင်လန်းမှု ရှိနိုင်ပါဦးမည်နည်း။—ဆာလံ ၉၄:၁၄။ ဟေဗြဲ ၁၃:၅၊ ၆။
မြင့်မြတ်သောဆုံးမပဲ့ပြင်မှုကို လက်ခံခြင်း
မိတ်ဆွေစစ်တစ်ဦးသည် မေတ္တာရှေ့ထား ဆုံးမပဲ့ပြင်ခြင်းကို ခံယူနိုင်ပါသည်။ ဘုရားသခင့်ကျေးကျွန်ယောဘ၏ မိတ်ဆွေဟုဆိုသူတစ်ဦးက ကိုယ့်ကိုယ်ကိုဖြောင့်မတ်မှန်ကန်သည့်အမူအရာမျိုးဖြင့် သူ့အား ဤသို့ဆိုသည်။ “အပြစ်နှင့်အလျောက် ဘုရားသခင်စစ်ဆေးတော်မူခြင်းကိုခံရသောသူသည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိ၏။” ယင်းစကားများသည် မှန်ကန်သော်လည်း ဤစကားများအားဖြင့် ဧလိဖတ်က—ယောဘသည် ကြီးလေးသောအပြစ်ပြုမိကြောင်းရည်ညွှန်းခြင်းမှာ မမှန်ပါ။ အလွန် ‘ပင်ပန်းစေသောသူ’ ပါတကား။ သို့သော် နောက်ပိုင်းတွင် မေတ္တာနှင့် ယောဘအား ယေဟောဝါဆုံးမပဲ့ပြင်သောအခါ ယောဘသည် နှိမ့်ချစွာ ဆုံးမပဲ့ပြင်မှုကိုလက်ခံပြီး ပိုမိုဝမ်းမြောက်ရွှင်လန်းနိုင်စရာအကြောင်းရှိစေပါသည်။—ယောဘ ၅:၁၇။ ၁၆:၂။ ၄၂:၆၊ ၁၀-၁၇။
ယောဘအား ဘုရားသခင်ကိုယ်တော်တိုင် မိန့်တော်မူခဲ့သည့်နည်းတူ ယနေ့ ကိုယ်တော့်ကျေးကျွန်များအား ထိုသို့တိုက်ရိုက်မိန့်တော်မမူပါ။ ယင်းအစား နှုတ်ကပါဌ်တော်နှင့် ကိုယ်တော်၏ဝိညာဉ်တော်ညွှန်ကြားသောအဖွဲ့အစည်းအားဖြင့် ဆုံးမပဲ့ပြင်တော်မူသည်။ သို့သော် စည်းစိမ်ချမ်းသာနောက်သာ လိုက်နေသောခရစ်ယာန်များသည် အများအားဖြင့် သမ္မာကျမ်းစာကို မှန်မှန်လေ့လာရန်၊ ယေဟောဝါအဖွဲ့အစည်း ပြင်ဆင်ပေးသည့် အစည်းအဝေးအားလုံးကို တက်နိုင်ရန် အချိန်၊ ခွန်အားနှင့် စိတ်ဆန္ဒပင်မရှိချေ။
သု၊ ၃:၁၁-၁၈ နှင့်အညီ ဘုရားသခင်၏ဆုံးမခြင်းကိုခံရသောသူသည် ဤသို့သောပဲ့ပြင်ဆုံးမမှုကို လက်ခံနာယူခြင်းကို ပညာရှိလမ်းစဉ်ဖြစ်ကြောင်း အသိအမှတ်ပြုပါသည်။ “ဉာဏ်ပညာကိုရှာ၍ရသောသူသည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိ၏။ အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ကောင်း၏။ ပညာကုန်သွယ်၍ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ကောင်း၏။ ပညာသည် ပတ္တမြားထက်သာ၍အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသောအရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။ သူ၏လက်ယာလက်၌ အသက်တာရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။ ပညာကိုကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိ၏။”
ဖြူစင်၍ ငြိမ်းချမ်းရေးကိုမြတ်နိုးခြင်း
ယေရှုက ဝမ်းမြောက်သူများကို “စိတ်နှလုံးဖြူစင်သောသူ” “ရန်ငြိမ်းသောသူ” ဟူ၍ဖော်ပြပါသည်။ (မဿဲ ၅:၈၊ ၉) သို့သော် စည်းစိမ်ဥစ္စာရှိဘဝပုံစံကို မြေတောင်မြှောက်ပေးသောဤလောကတွင် အတ္တဆန်သည်သာမက မစင်ကြယ်သောစိတ်ဆန္ဒများ အမြစ်တွယ်လာရန် လွယ်ကူလှသည်တကား။ မြင့်မြတ်သောဉာဏ်ပညာ၏လမ်းပြမှုကိုသာမခံရလျှင် သူတစ်ပါးနှင့် အသင့်အတင့်မရှိစေသည့် သံသယဖြစ်ဖွယ်နည်းများဖြင့် စီးပွားရှာခြင်းငှာ လမ်းလွဲသွားနိုင်သည်တိုင်ဖြစ်ရန် အလွန်ပင်လွယ်ကူလှမည်ပါတကား။ ယင်းကြောင့် သမ္မာကျမ်းစာက ဤသို့သတိပေးရခြင်းဖြစ်သည်။ “ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ့်ကိုယ်ကိုထုတ်ချင်းခပ်အောင်ထိုးကြပြီ။”—၁ တိမောသေ ၆:၁၀။
ငွေကိုတပ်မက်ခြင်းက ရောင့်ရဲတင်းတိမ်မှုမရှိခြင်း၊ ကျေးဇူးကန်းခြင်း၊ လောဘကြီးခြင်းကို မွေးပေးသည့် တစ်ကိုယ်ကောင်းဆန်စိတ်ထားကို မြေတောင်မြှောက်ပေးပါသည်။ ဤသို့သော သဘောထားအမှားမပေါ်ပေါက်စေရန် ခရစ်ယာန်အချို့သည် ငွေကြေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို မပြုမီ ဤမေးခွန်းမျိုးကို ကိုယ့်ကိုယ်ကိုမေးတတ်ကြသည်။ ဒီပစ္စည်းကို ငါတကယ်လိုသလား။ ဒီအဖိုးအခကြီးတဲ့ပစ္စည်း၊ သို့မဟုတ် ဒီဝင်ငွေကောင်းတဲ့ အချိန်ပိုလုပ်ကိုင်ရတဲ့အလုပ်မရှိဘဲ အသက်ရှင်နေကြတဲ့ အခြားလူသန်းပေါင်းများစွာထက် အဲ့တာတွေကို ငါလိုအပ်နေသလား။ ကမ္ဘာချီဟောပြောတဲ့လုပ်ငန်းကို၊ ဒါမှမဟုတ် ငါ့လောက်အခွင့်မသာတဲ့လူတွေကို ငါ့ငွေ၊ ဒါမှမဟုတ် ငါ့အချိန်ပေးပြီး စစ်မှန်တဲ့ဝတ်ပြုရေးကိုထောက်ပံ့ကူညီပေးရင် ပိုများကောင်းမလား။
ခံနိုင်ရည်တင်ပြခြင်း
ယောဘခံခဲ့ရသည့် စုံစမ်းခြင်းများအနက်တစ်ခုမှာ ဆင်းရဲချို့ငဲ့ရခြင်းဖြစ်သည်။ (ယောဘ ၁:၁၄-၁၇) ဘဝကဏ္ဍတိုင်းတွင် ခံနိုင်ရည်ရှိရန်လိုကြောင်း သူ၏အဖြစ်အပျက်က တင်ပြပါသည်။ ခရစ်ယာန်အချို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရကြမည်။ အခြားသူများမူ သွေးဆောင်ခံရလိမ့်မည်။ အချို့ဆိုလျှင် စီးပွားရေးအဆင်မပြေမှုများရှိကြမည်။ သို့သော် အဘယ်အခြေအနေမျိုးတွင်ပင်မဆို ခံနိုင်ရည်ရှိခြင်းကို ယေဟောဝါဆုချတော်မူမည့်အကြောင်း ယောဘနှင့်ပတ်သက်၍ ခရစ်ယာန်တပည့်တော်ယာကုပ် ဤသို့ရေးသားခဲ့သည်။ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာ [ဝမ်းမြောက်ခြင်း၊ ကဘ] ရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။”—ယာကုပ် ၅:၁၁။
တိုး၍အဆင်ပြေလာစေရန် ဝိညာဉ်ရေးကိုလျစ်လျူရှုခြင်းဖြင့် ခေတ္တအဆင်ပြေမည်ဖြစ်သော်လည်း ဘုရားသခင့်နိုင်ငံတော်တွင် အစဉ်အဆင်ပြေမည့် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို တောက်ပနေစေရန် အကူအညီပေးပါမည်လော။ ယင်းကို စွန့်စားပြုလုပ်ထိုက်ပါသလော။—၂ ကောရိန္သု ၄:၁၈။
ယခုနှင့်ထာဝစဉ်ဝမ်းမြောက်ခြင်းကို ရှာတွေ့ခြင်း
မည်သို့ပြုလျှင် ဝမ်းမြောက်နိုင်ကြောင်း ယေဟောဝါ၏အမြင်ကို အချို့ငြင်းခုံသည်ကားအမှန်။ ပိုမိုအရေးကြီးသည့် ရေရှည်အကျိုးကျေးဇူးများကို မထီမဲ့မြင်ပြုကြသဖြင့် ဘုရားအကြံပေးတော်မူသည့်အတိုင်း ပြုလုပ်ခြင်း၌ လတ်တလောခံစားရသောအကျိုးကို သူတို့မမြင်နိုင်ကြပါ။ စည်းစိမ်ဥစ္စာကို ကိုးစားခြင်းသည် အချည်းနှီးသက်သက်ဖြစ်ပြီး စိတ်ပျက်အားလျော့စေကြောင်းကို သူတို့အသိအမှတ်မပြုကြပါ။ ကျမ်းရေးသူတစ်ဦးက ဤသို့မှန်ကန်စွာ မေးမြန်းထားသည်။ “ဥစ္စာတိုးပွားသောအခါ စားရသောသူတို့သည်လည်း တိုးပွားများပြားကြ၏။ ဥစ္စာရှင်သည် မျက်စိနှင့်ကြည့်ရှုခြင်းကျေးဇူးမှတစ်ပါး အဘယ်ကျေးဇူးရှိသနည်း။” (ဒေသနာ ၅:၁၁။ ဒေသနာ ၂:၄-၁၁။ ၇:၁၂ ကိုလည်းရှု။) စိတ်ဝင်စားမှု အလျင်အမြန်ပျောက်လွင့်သွားပြီး မရှိမဖြစ်ဟု ထင်မှတ်ခဲ့သည့်ပစ္စည်းများသည် နေရာစားပြီး ဖုန်တက်နေပြီပါတကား။
စစ်မှန်သောခရစ်ယာန်တစ်ဦးသည် ‘သူတစ်ပါးနှင့် အပြိုင်အဆိုင်’ မည်သည့်အခါမျှ ဥစ္စာပစ္စည်းစုဆောင်းမည်မဟုတ်ပါ။ လူ့တန်ဖိုးကို စည်းစိမ်ဖြင့်မဆုံးဖြတ်ဘဲ လူအမျိုးအစားကိုယ်နှိုက်အားဖြင့် ဆုံးဖြတ်ကြောင်း သူသဘောပေါက်ထားပါသည်။ ဝမ်းမြောက်နိုင်ရန်—တကယ်ဝမ်းမြောက်ရန်—အဘယ်အရာလိုကြောင်း သူလုံးဝသံသယရှိမည်မဟုတ်ပါ။ ယင်းကား ယေဟောဝါနှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး ကိုယ်တော့်လုပ်ငန်းတော်တွင် အလုပ်များနေခြင်းဖြစ်ပါသည်။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
စည်းစိမ်ဥစ္စာဖြင့်သာ အစဉ်အမြဲဝမ်းမြောက်နိုင်လိမ့်မည်မဟုတ်
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာက “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက် နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏” ဟုဆိုသည်