မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုတို့ကို ယေဟောဝါ သတိရတော်မူ၏
“ခဲယဉ်းသောကာလ” ကိုရင်ဆိုင်ရခြင်းသည် အလွန်ခဲယဉ်းပါလိမ့်မည်။ (ဆာလံ ၃၇:၁၈၊ ၁၉) အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ယင်းနှင့်ဒွန်တွဲလျက် အားနည်းချို့တဲ့မှုများလိုက်ပါလာသည့်အခါ ဤအချိန်ကာလရောက်လာနိုင်ပါသည်။ နာတာရှည်ရောဂါဖိစီးခံရသည့်အခါ ခဲယဉ်းသောကာလရောက်လာနိုင်သည်။ သူတို့၏ရောဂါသည် သူတို့ဘဝကိုချုပ်ကိုင်နေကာ သူတို့၏အတွေးအခေါ်၊ အပြုအမူများမှအစ ထိန်းချုပ်ထားသည်ဟု ယူမှတ်ကြပေမည်။
သို့သော် မိမိ၏ကျေးကျွန်အပေါင်းကို ယေဟောဝါကြည့်ရှုနေတော်မူကြောင်းကို သတိရခြင်းက စိတ်သက်သာမှုရရှိစေသည်။ ကိုယ်တော်ကို ချစ်မြတ်နိုးသော ကျေးကျွန်များသည် အသက်အရွယ်ကြီးရင့်ခြင်း၊ ဖျားနာခြင်း သို့မဟုတ် အခြားခက်ခဲသောအခြေအနေများကို ခံစားနေကြရငြား သစ္စာသမာဓိနှင့် ဉာဏ်ပညာတင်ပြသည့်အခါ နှလုံးတော်ရွှင်လန်းပါသည်။ (၂ ရာဇဝင်ချုပ် ၁၆:၉က။ သု၊ ၂၇:၁၁) ဒါဝိဒ်မင်းကြီးက ဤသို့အာမခံထားသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ပတ္ထနာပြုသောသူအပေါင်း . . . ၏အနီးအပါး၌ ရှိတော်မူ၏။ ထိုသူတို့၏အော်ဟစ်ခြင်းကိုကြား” ၏။ မှန်ပါသည်။ သူတို့၏ရုန်းကန်တိုက်ခိုက်မှုကို ကိုယ်တော်သိရှိတော်မူ၍ ဝိညာဉ်တော်အားဖြင့် ခွန်အားစေရှိတော်မူ၏။ “သူတို့ကို ကယ်တင်တော်မူ၏။” သူတို့ကို သတိရအောက်မေ့တော်မူလျက် ခံနိုင်ရည်ရှိခြင်းငှာ ကူညီမစတော်မူ၏။ (ဆာလံ ၁၄၅:၁၈၊ ၁၉) သို့သော် ကျွန်ုပ်တို့ကော။ ယေဟောဝါနည်းတူ ဖျားနာသူနှင့် သက်ကြီးရွယ်အိုများကို ကျွန်ုပ်တို့သတိရမှတ်မိကြပါသလော။
ဖျားနာခြင်း၊ သို့မဟုတ် အသက်ကြီးရင့်ခြင်းကြောင့် အားနွဲ့ချို့တဲ့ခြင်းသည် လက်ရှိအစီအစဉ်စနစ်၏ ဖြစ်ရပ်မှန်များဖြစ်ပါသည်။ ကမ္ဘာမြေကြီးနှင့်လူသားအတွက် ယေဟောဝါ၏ရည်ရွယ်ချက် ပြည့်စုံသည့်တိုင်အောင် ဤအခြေအနေများကို ကျွန်ုပ်တို့ရင်ဆိုင်ကြရမည်။ ယနေ့ အတော်အတန်အသက်ကြီးရင့်စွာ အသက်ရှင်ရသူများအရေအတွက်သည် တိုးများလာနေပါသည်။ ထိုကြောင့် သက်ကြီးသူများ၏ အားနွဲ့ချို့တဲ့မှုများအကြောင်း သိရှိသူအတော်အတန်ရှိပါသည်။ ထို့ပြင် ငယ်ရွယ်စဉ်ပင် အသက်အန္တရာယ်ရှိ၊ သို့မဟုတ် ကိုယ်အင်္ဂါချို့တဲ့စေသောမတော်တဆမှု၊ သို့မဟုတ် ရောဂါများကိုခံရသူများပါသည်။ ဤကမ္ဘာဟောင်းမကုန်မချင်း ဖျားနာခြင်းနှင့် ဇရာထောင်းခြင်းတို့သည် အများရင်ဆိုင်ရသော ပြဿနာများ ဆက်ဖြစ်နေပါမည်။
“ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်း၏ပုံသက်သေကို” ဆက်ပြနေကြသော ကျွန်ုပ်တို့တွင်ရှိ ဖျားနာသူများနှင့် သက်ကြီးရွယ်အိုတို့ကို တန်ဖိုးထားလေးမြတ်နိုင်ကြသည်တကား။ မှန်ပါသည်။ “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။” (ယာကုပ် ၅:၁၀၊ ၁၁) ယခုအင်အားရော့နည်းသူ သက်ကြီးရွယ်အို မြောက်မြားစွာတို့သည် အသင်းတော်တွင် ယနေ့ဦးစီးနေသောသူတို့ကို ဆယ်စုနှစ်များစွာ သွန်သင်လေ့ကျင့်၍ ပုံသွင်းပေးခဲ့ပါသည်။ သက်ကြီးရွယ်အိုအတော်အတန်၏ သားသမီးများသည် အချိန်ပြည့်ဓမ္မအမှုတွင် ပါဝင်နေသည်ကိုတွေ့ရ၍လည်း ဝမ်းသာနေကြပါသည်။—ဆာလံ ၇၁:၁၇၊ ၁၈။ ၃ ယောဟန် ၄။
ထပ်တူပင် စိုးရိမ်ဖွယ်ရှိသောဖျားနာမှုကိုကြုံတွေ့နေရလျက်ပင် သူတို့၏ဝေဒနာများကြား သစ္စာတည်ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို အားပေးတည်ဆောက်နေသူတို့ကို တန်ဖိုးထားလေးစားပါသည်။ ဤသူတို့သည် မျှော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းမယိမ်း၊ မရွေ့လျော့ဘဲ တည်ကြည်ခြင်းကို တင်ပြကြသည့်အခါ အလွန်အားတက်စရာ၊ ယုံကြည်ခြင်းတိုးပွားစရာဖြစ်စေသည်။ သူတို့၏စိတ်ငြိမ်သက်မှုနှင့် ရောင့်ရဲတင်းတိမ်သောသဘောက အမှန်အတုယူစရာကောင်းသည့် ယုံကြည်ခြင်းကို ဖော်ပြပါသည်။
ရုတ်တရက် ကင်ဆာဖြစ်သည်၊ သို့မဟုတ် လေဖြတ်သည်၊ သို့မဟုတ် တစ်ဦးတစ်ယောက်၏ဘဝကို လုံးလုံးပြောင်းလဲစေသည့်အဖြစ်ကို ကြုံတွေ့ရခြင်းသည် ထိတ်လန့်စရာပင်ဖြစ်သည်။ သားသမီးများ ဖျားနာခြင်း၊ သို့မဟုတ် မတော်တဆမှုကြောင့် ဝေဒနာခံရခြင်းကို မိဘများကြုံတွေ့ရခြင်းသည်လည်း အလွန်ခဲယဉ်းပါသည်။ ကူညီပေးခြင်းငှာ အခြားသူများ မည်သို့ပြုလုပ်နိုင်ပါသနည်း။ ဤကဲ့သို့သောဘေးဥပါဒ်သည် ခရစ်ယာန်ညီအစ်ကိုအသိုင်းအဝိုင်းတစ်ခုလုံးအတွက် စမ်းသပ်ချက်ဖြစ်ပါသည်။ ‘အဆွေခင်ပွန်းသည် ဒုက္ခကာလအဖို့ မွေးဖွားလာသော ညီအစ်ကိုဖြစ်’ ကြောင်း တင်ပြခွင့်ရပါသည်။ (သု၊ ၁၇:၁၇) ဖျားနာသူနှင့် သက်ကြီးရွယ်အိုအပေါင်းသည် အသင်းတော်ရှိလူတိုင်းထံမှ ကိုယ်ရေးကိုယ်တာအကူအညီရလိမ့်မည်ဟု မျှော်လင့်၍မဖြစ်သည်ကား အမှန်ပါ။ သို့သော် နည်းအမျိုးမျိုးဖြင့် ကူညီပေးလိုစိတ်ပေါ်လာစေရန် ဝိညာဉ်တော်အားဖြင့် ယေဟောဝါတိုက်တွန်းပေးပါလိမ့်မည်။ မည်သူကိုမျှ ဥပေက္ခာမပြုမိစေရန် အကြီးအကဲများသည် ကိစ္စအဝဝကို သတိပြုမူနေကြပါမည်။—ထွက်မြောက်ရာ ၁၈:၁၇၊ ၁၈ ရှု။
နားလည်တတ်ရန် ကြိုးစား
တစ်ဦးတစ်ယောက်ကို ကြိုးစားကူညီပေးရာတွင် ဆက်သွယ်မှုကောင်းကောင်းရှိရန် အရေးကြီးသည်။ ထိုသို့ဖြစ်ခြင်းငှာ အချိန်၊ စိတ်ရှည်ခြင်းနှင့်စာနာမှုရှိရန်လိုသည်။ အကူအညီပေးသူတစ်ဦးအနေနှင့် ‘စကားနှင့်အားရှိ’ စေလိုပါမည်။ သို့သော် သင်မပြောဆိုမီ၊ မပြုမူမီ ဂရုစိုက်နားထောင်ပါ။ သို့မဟုတ် ‘နှောင့်ယှက်သော နှစ်သိမ့်သူ’ ဖြစ်သွားနိုင်မည်။—ယောဘ ၁၆:၂၊ ၅။
မမာမကျန်းသူနှင့်သက်ကြီးရွယ်အိုတို့သည် တစ်ခါတစ်ရံ မိမိတို့၏စိတ်ဒုက္ခကို မသိုသိပ်၊ မဖုံးဝှက်ထားနိုင်သည့်အခါများ ရှိပါလိမ့်မည်။ အများအားဖြင့် ကြီးစွာသောဒုက္ခကိုကျော်သည့်အထိ အသက်ရှင်မည်ဟုမျှော်လင့်ခဲ့၍ ယခုမူ ဤတောင်ကိုကျော်နိုင်ပါမည်လောဟု သူတို့ခံစားနေကြရမည်။ ထို့ပြင် သူတို့၏အခြေအနေက မကြာခဏမောပန်း၍ စိုးရိမ်မှုရှိစေပါသည်။ ခရစ်ယာန်ဓမ္မအမှုတွင် အပြည့်အဝပါဝင်လိုစိတ်ရှိသော်လည်း ထိုအတိုင်းမပြုလုပ်နိုင်တော့သည့်အခါ ယုံကြည်ခြင်းထက်သန်ခိုင်မြဲနေစေရန် ရုန်းကန်ရပါသည်။ ခရစ်ယာန်အကြီးအကဲတစ်ဦးသည် သက်ကြီးရွယ်အိုညီအစ်မတစ်ဦးထံ လည်ပတ်ခဲ့၍ သူမနှင့်အတူ ဆုတောင်းရာတွင် ကျွန်ုပ်တို့အပြစ်များကို ခွင့်လွှတ်တော်မူပါဟု တောင်းဆိုခဲ့သည်။ ဆုတောင်းပြီးသည့်အခါ ညီအစ်မသည် မျက်ရည်ကျနေကြောင်း သူသတိပြုမိသည်။ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းတွင် မိမိမပါဝင်နိုင်တော့သည့်အတွက် ယေဟောဝါ၏ခွင့်လွှတ်ခြင်းကို မိမိအထူးလိုအပ်နေသည်ဟု သူမခံစားရကြောင်း ရှင်းပြပါသည်။ မှန်ပါသည်။ မစွမ်းဆောင်နိုင်၊ မလုံလောက်ဟု မလိုအပ်ဘဲ ခံစားရခြင်းသည် အလွန်ဝမ်းနည်းစရာဖြစ်နိုင်ပါသည်။
စိုးရိမ်ခြင်း၊ မောပန်းခြင်းသည် စိတ်တည်ငြိမ်မှုကို ထိခိုက်နိုင်ကြောင်း သတိပြုပါ။ ဇရာအိုအရွယ်၏ ချို့ငဲ့မှုများ၊ အားလျော့နည်းစေသည့် အဖျားအနာကြောင့် မိမိအား ယေဟောဝါစွန့်ပယ်ထားပြီဟု ခံစားစေ၍ “ဘာလုပ်ခဲ့မိပါလိမ့်၊ ငါ့ကျမှ ဘာကြောင့်ဖြစ်ရပါလိမ့်” ဟူ၍ပင်တွေးတောလိမ့်မည်။ သု၊ ၁၂:၂၅ ပါစကားများကို သတိရပါ။ “ဝမ်းနည်းခြင်းအကြောင်းသည် ညှိုးငယ်စေတတ်၏။ ကောင်းသောစကားမူကား၊ ရွှင်လန်းစေတတ်၏။” နှစ်သိမ့်မှုပေးမည့် ကောင်းသောစကားများရှာဖွေပါ။ နာကျင်ကိုက်ခဲသော သက်ကြီးရွယ်အိုများသည် ယောဘနည်းတူပင် သေချင်စိတ်ပေါ်ပေလိမ့်မည်။ ယင်းကား ထိတ်လန့်စရာမဖြစ်သင့်။ စာနာတတ်ရန် ကြိုးစားပါ။ ဤသို့ညည်းညူခြင်းသည် ယုံကြည်ခြင်းအားနည်း၍မဟုတ်၊ အားထားမှုမရှိသောကြောင့်လည်း ဖြစ်ချင်မှဖြစ်မည်။ ယောဘက ‘ရှီးအိုးလ်တွင် ဝှက်ထား’ ခံရရန် ဆုတောင်းခဲ့ပါသည်။ သို့ဖြစ်၍ပင် ထိုသို့ပြောဆိုပြီး သူဆက်လက်ပြောသောစကားများက ယေဟောဝါရှင်သည် မိမိအား ပြန်ရှင်ထမြောက်စေလိမ့်မည်ကို အခိုင်အမာယုံကြည်ကြောင်း တင်ပြပါသည်။ ခိုင်မြဲသောယုံကြည်ခြင်းက ဝမ်းနည်းကြေကွဲခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကို ခံရပ်သွားနိုင်ရန်နှင့် ယေဟောဝါနှင့်ဆက်ဆံရေး ဆက်လက်ကောင်းစေပါလိမ့်မည်။—ယောဘ ၁၄:၁၃-၁၅။
မမာမကျန်းနှင့်သက်ကြီးရွယ်အိုတို့အား ဂုဏ်တင်ခြင်း
မမာမကျန်းဖြစ်သူများနှင့် သက်ကြီးရွယ်အိုတို့ကို ဂုဏ်ပြုစာနာရန် အလွန်အရေးကြီးသည်။ (ရောမ ၁၂:၁၀) ယခင်ကကဲ့သို့ မတုံ့ပြန်၊ မတတ်နိုင်တော့လျှင် သူတို့ကို စိတ်မတိုပါနှင့်။ ကိုယ်တိုင်ဝင်ပြီး အလျင်အမြန် ဦးစီးလုပ်ဆောင်ခြင်းကို ရှောင်ပါ။ စိတ်စေတနာမည်မျှပင်ရှိစေကာမူ နိုင်ထက်စီးနင်း၊ သို့မဟုတ် အခွင့်အာဏာရှိသည့်ပုံစံမျိုးဖြင့် ပြုမူကျင့်ကြံလျှင် သူတစ်ဖက်သား၏ ဂုဏ်သိက္ခာကို ရှုတ်ချရာရောက်ပေသည်။ ၁၉၈၈ ခုနှစ်တွင်ထုတ်ကြေညာခဲ့သော ဆေးဘက်ဆိုင်ရာ သုတေသနစာတမ်းတစ်ခုတွင် ၈၅ နှစ်အရွယ်ရှိသူများတစ်စုက သူတို့အသက်ရှင်ရေးအတွက် အဓိကထားရာများသည် မည်သို့ဖြစ်ကြောင်းကို သုတေသနပြုသူ ဂျဲတ်အင်္ဂါစလက်ဖ်ဖော်ပြပါသည်။ “သူတို့အထူးအရေးထားသည့် ကဏ္ဍသုံးခုမှာ။ ဆွေမျိုးတို့နှင့်အတူရှိခြင်း၊ ကျန်းမာရေး၊ နောက်ဆုံးဖြစ်သော်လည်း အရေးမပါဆုံးမဟုတ်သည်ကား ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရရှိခြင်းတို့ပင်ဖြစ်သည်။” ဘိုးဘေးယာကုပ်သည် အိုမင်းရင့်ရော်သောအခါ သားတို့၏တင်စီးဆက်ဆံမှုကိုမခံခဲ့ရကြောင်း၊ သူ၏ဆန္ဒ ဖြည့်စွက်ခံခဲ့ရကြောင်း သတိပြုပါ။—ကမ္ဘာဦး ၄၇:၂၉၊ ၃၀၊ ၄၈:၁၇-၂၀။
မမာမကျန်းဖြစ်သူများကိုလည်း သိက္ခာရှိစွာ ဆက်ဆံရမည်။ ခွဲစိတ်ကုသရာတွင် မှားယွင်းချက်တစ်ခုကြောင့် အကြီးအကဲတစ်ဦးသည် စကားပြောဆို၊ ဖတ်ရွတ်၊ ရေးသားနိုင်သည့်စွမ်းရည်ကိုပါ ဆုံးရှုံးခဲ့ရရှာသည်။ အလွန်ခံရခက်သည့် ဝမ်းနည်းစရာပင်ဖြစ်သည်။ သို့သော် အကြီးအကဲချင်းတို့က အသုံးမဝင်သူကဲ့သို့ သူမခံစားစေရန် အတတ်နိုင်ဆုံးကြိုးစားကြသည်။ အသင်းတော်စာရွက်စာတမ်းအားလုံးကို သူ့အားဖတ်ပြကြသည်။ အသင်းတော်၏ အခြားအရေးကိစ္စများ ကြံစည်ပြုလုပ်ရာတွင် သူ့အားပါဝင်စေကြသည်။ အကြီးအကဲများအစည်းအဝေးတွင် သူ့သဘောထားကို သိရန် ကြိုးစားအားထုတ်ကြသည်။ အကြီးအကဲတစ်ဦးအဖြစ် သူ့အားဆက်ယူမှတ်နေကြသေး၍ သူရှိနေခြင်းကို တန်ဖိုးထားကြောင်း သိစေကြပါသည်။ ခရစ်ယာန်အသင်းတော်တွင် မမာမကျန်းဖြစ်သူ၊ သို့မဟုတ် သက်ကြီးရွယ်အို မည်သူတစ်ယောက်ကိုမျှ ‘စွန့်ပယ်’ ထားသည်၊ သို့မဟုတ် ချန်လှပ်ထားသည်ဟု မခံစားစေရန် ကျွန်ုပ်တို့အားလုံး အတတ်နိုင်ဆုံး ကြိုးစားနိုင်ပါသည်။— ဆာလံ ၇၁:၉။
ဝိညာဏခွန်အားရရှိခြင်းငှာ အကူအညီ
ယုံကြည်ခြင်းထက်သန်မြဲမြံစေရန် ကျွန်ုပ်တို့အားလုံး ဝိညာဉ်အစာလိုပါသည်။ ယင်းကြောင့် ကျမ်းစာနှင့်ကျမ်းစာစာပေများကို နေ့စဉ်ဖတ်ရှု၍ ခရစ်ယာန်အစည်းအဝေးများနှင့် ဟောပြောခြင်းအစီအစဉ်များတွင် ဇွဲနပဲနှင့်ပါဝင်ရန် တိုက်တွန်းထားပါသည်။ အများအားဖြင့်ဆိုလျှင် မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများကို ယင်းအမှုကိစ္စတွင် ကူညီပေးရန် လိုအပ်ပါသည်။ တစ်ဦးစီ၏အခြေအနေချင်း မတူသည့်အတွက် လက်တွေ့ကျရန်လည်း အရေးကြီးသည်။ ဝမ်းသာစရာမှာ ထိုသို့သောသူအများသည် နိုင်ငံတော်ခန်းမသို့ ကြိုပို့ပေးခြင်း၊ အကူအညီအနည်းအကျဉ်းဖြင့် စည်းဝေးများကို တက်နိုင်ကြဆဲရှိသည်။ ဤအစည်းအဝေးများကို သူတို့တက်ရောက်ခြင်းသည်လည်း အသင်းတော်အတွက် အားရှိစရာဖြစ်ပါသည်။ သူတို့၏ခံနိုင်ရည်သည် အားယူစရာနှင့် ယုံကြည်ခြင်းတိုးပွားစရာဖြစ်သည်။
မမာမကျန်းဖြစ်သူနှင့် သက်ကြီးရွယ်အိုများစွာသည် ခရစ်ယာန်ဓမ္မအမှုတွင် များသောအားဖြင့် ပါဝင်နိုင်ကြတုန်းပင်ဖြစ်သည်။ အချို့သူများကို အုပ်စုဖွဲ့၍ ကားဖြင့်သက်သေခံထွက်ချိန်တွင် ပါဝင်စေနိုင်ပါသည်။ တစ်အိမ်နှစ်အိမ်တွင် သက်သေခံနိုင်ခွင့်ရသည့်အခါ သူတို့ အားသစ်တက်လာပေမည်။ ဤသို့မပြုလုပ်နိုင်တော့သည့်အခါ သူတို့နှင့်ဆက်သွယ်မှုရှိသူများအား အလွတ်သဘောသက်သေခံနိုင်ပါသည်။ ကင်ဆာရောဂါဖြစ်နေသောညီအစ်မတစ်ဦးသည် မိမိမကွယ်လွန်မီ သတင်းကောင်းဟောပြောခွင့်ရရှိရန် အထူးကြိုးစားအားထုတ်ဖို့ စိတ်ဆုံးဖြတ်ပါသည်။ သူမ ရဲရင့်စွာဟောပြောခဲ့ခြင်းက လူတိုင်းအတွက် အားရှိစရာဖြစ်ခဲ့ပါသည်။ မယုံကြည်သူ ဆွေမျိုးများ၊ အလုပ်လုပ်ဖော်များနှင့် အိမ်နီးချင်းတို့အတွက် ကောင်းသောသက်သေခံချက်ဖြစ်စေခြင်းငှာ မိမိအသုဘကိုပင် မိမိစီစဉ်ခဲ့ပါသေးသည်။ ထိုကြောင့် သူမ၏ဝမ်းနည်းစရာအခြေအနေသည် “သတင်းကောင်းကိုကြေညာရာတွင် အကယ်ပင် အထောက်အကူပေးကြောင်း၊” မိမိ၏ယုံကြည်ခြင်းနှင့် အားထားမှီခိုရာကို တင်ပြရန် သူမ၏ဆုံးဖြတ်ချက်က သူမမကွယ်လွန်မီ ရက်အနည်းငယ်ကို ထူးခြားမွန်မြတ်စေခဲ့ပါသည်။—ဖိလိပ္ပိ ၁:၁၂-၁၄။
မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများအား ဝိညာဉ်ခွန်အားရှိစေရန် ကူညီပေးခြင်းသည် အလွန်ကောင်းပါသည်။ မိသားစုများအနေနှင့် ညစာစားချိန်သို့ သူတို့အား ဖိတ်ခေါ်နိုင်သည်။ သို့မဟုတ် အိမ်ပြင်မထွက်နိုင်သူထံသွား၍ မိသားစုသင်အံမှုကို တစ်ခါတစ်ရံပြုလုပ်ပေးနိုင်ပါသည်။ သက်ကြီးရွယ်အိုညီအစ်မတစ်ဦးအိမ်တွင် ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်ကို မိမိ၏ကလေးငယ်နှစ်ဦး ဖတ်ရှုနိုင်ရန် မိခင်တစ်ဦးက ပို့ပေးခဲ့ပါသည်။ ယင်းက သက်ကြီးရွယ်အိုညီအစ်မအား ပျော်ရွှင်မှုရှိစေခဲ့၍ ကလေးငယ်များကလည်း ဂရုစိုက်မှုခံရသည့်အတွက် ဝမ်းသာကြပါသည်။
သို့သော် မမာမကျန်းသူအား အလွန်အမင်းအနှောင့်အယှက်မပေးသင့်သည့်အခါမျိုး ရှိပါသည်။ ထိုအခါ ဆောင်းပါးအချို့ကို သူတို့အား တစ်ခါတစ်ရံဖတ်ရှုပြလျှင် ကောင်းပေမည်။ သို့သော် ခွန်အားအလွန်လျော့နည်းသဖြင့် အပြန်အလှန်စကားမပြောဆိုနိုင်သည်တိုင် ထိုသူသည် ဝိညာဏအကူအညီလိုအပ်၍ ယင်းကိုတမ်းတလိမ့်မည်အကြောင်း မေ့လျော့မထားပါနှင့်။ ဤကဲ့သို့သောသူများနှင့် အတူတကွဆုတောင်းနိုင်ပါသည်။ သူတို့အား စာဖတ်ပြခြင်း၊ တွေ့ကြုံမှုများ ပြောပြခြင်းကို ပြုလုပ်နိုင်သော်လည်း သူတို့တတ်နိုင်သည်ထက် အချိန်ပိုမိုမနေရန် ဂရုစိုက်ပါ။
မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများ ဆောင်ရွက်နိုင်သေးသည့် မြင့်မြတ်သောအမှုတစ်ခု ရှိပါသေးသည်။ သူတစ်ပါးအကျိုးအလိုငှာ ဆုတောင်းပေးခြင်းဖြစ်သည်။ ဤအမှုဆောင်ရွက်ခြင်းကို အစောပိုင်းတပည့်တော်များ အထူးအရေးပေးခဲ့ပါသည်။ တစ်ချိန်ကဆိုလျှင် တမန်တော်များသည် ဆုတောင်းခြင်းအမှုကို အာရုံစိုက်နိုင်ကြရန် အသင်းတော်ရှိ အလုပ်တာဝန်ကို မျှဝေထမ်းဆောင်ခဲ့ကြသည်။ သစ္စာရှိသူ ဧပဖြသည် ‘သူတစ်ပါးအတွက် ကာလအစဉ် ကြိုးစား၍ဆုတောင်းတတ်’ ကြောင်းဖော်ပြခံရသည်။ (ကောလောသဲ ၄:၁၂။ တမန်တော် ၆:၄) ဤကဲ့သို့သောဆုတောင်းချက်မျိုးသည် အလွန်အရေးကြီး၍ အကျိုးလည်းကြီးမားပါသည်။—လုကာ ၂:၃၆-၃၈။ ယာကုပ် ၅:၁၆။
ယေဟောဝါရှင်သည် မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများကို သတိရတော်မူသည်။ သူတို့၏ဘေးဒုက္ခကာလတွင် ကြည့်ရှုတော်မူသည်။ ကျွန်ုပ်တို့လည်း သူတို့အား မည်သို့အတတ်နိုင်ဆုံးကူညီနိုင်မည်ကို ဆင်ခြင်သုံးသပ်စေလိုတော်မူသည်။ သူတို့အတွက် စိုးရိမ်ပူပန်စိတ်ရှိခြင်းက ကိုယ်တိုင်သစ္စာတည်ကြည်ရန် စိတ်ဆုံးဖြတ်ထားကြောင်း ထင်ရှားစေပါသည်။ ထိုအခါ ဒါဝိဒ်မင်းကြီး၏ ဤစကားများကိုသတိရ၍ ဝမ်းသာနိုင်ကြပါသည်။ “ဖြောင့်မတ်သောသူတို့၏နေ့ရက်ကာလကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သိမှတ်တော်မူ၍ သူတို့၏အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်။”—ဆာလံ ၃၇:၁၈။
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]
လက်တွေ့ကျအကူအညီပေးခြင်း—နားလည်မှုရှိစွာဖြင့်
မိတ်ဆွေနှင့်ဆွေမျိုးများသည် မမာမကျန်းသူနှင့် သက်ကြီးရွယ်အိုများကို မည်သို့ကြည့်ရှုပြုစုရန် နည်းမှန်လမ်းကျသည့် အခြေခံသဘောတရားများကို သိရှိထားရန်လိုပါသည်။ ထိုထက်ကား ဘဝကို အပြုသဘောထားရှိရန်အားပေး၍ သူတို့အား တန်ဖိုးထားလေးမြတ်ကြောင်း၊ ကိုယ်တိုင်ကိုလည်း တန်ဖိုးထားတတ်ရန် ပြောဆိုပါသည်။ သို့ဖြင့် သူတို့သည် နာကျင်ကိုက်ခဲနေကြလင့်ကစား သူတို့၏ဘဝအသက်တာတွင် ယေဟောဝါ၌ရွှင်လန်းခြင်းရှိကြပါလိမ့်မည်။ ယေဟောဝါသက်သေများစွာသည် ရင့်ကျက်သောအသက်အရွယ်အထိ ကြာမြင့်စွာအသက်ရှင်ကြောင်း သတိပြုမိကြရမည်။ ဤသို့ဖြစ်စေသည့် အစွမ်းပါအကြောင်းတစ်ခုမှာ အနာဂတ်ကို အမြဲမျှော်လင့်အားထားခြင်း၊ သူတို့၏ရွှင်လန်းသော စိတ်နေသဘောထား၊ အတတ်နိုင်ဆုံး ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် ပါဝင်ကြခြင်း ဖြစ်ကောင်းဖြစ်မည်။ ရွှင်လန်းအားရစွာ အမြဲအလုပ်များခဲ့ပြီး အသက် ၁၀၀ မြောက်နှစ်တွင် မကြာမီက အေးဆေးစွာ ကွယ်လွန်ခဲ့သော ကင်းမျှော်စင်အသင်း၏ဥက္ကဌ ဖရက်ဒိရစ် ဒဘလျူ ဖရန့်ဇ်သည် ယင်းနှင့်စပ်လျဉ်း၍ အလွန်ကောင်းသောဥပမာတစ်ခုဖြစ်ပါသည်။—၁ ရာဇဝင်ချုပ် ၂၉:၂၈ နှိုင်းယှဉ်။
အများအားဖြင့်ဆိုလျှင် နေ့စဉ်ပြုစုရသော အခြေခံကိစ္စများကို ဂရုစိုက်ခြင်းသည် များစွာတာသွားနိုင်ပါသည်။ ယင်းတို့သည် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း၊ အာဟာရရှိအစာ စားသုံးခြင်း၊ ဖျော်ရည်ယမကာနှင့်ဆားဓာတ် အလုံအလောက်ရှိခြင်း၊ လေ့ကျင့်ခန်း အတော်အသင့်ရှိခြင်း၊ လေကောင်းလေသန့်ရှူခြင်း၊ ငြင်သာစွာ နင်းနှိပ်ခံခြင်း၊ စိတ်လန်းဆန်း အားရှိစေသည့်စကားစမြည် တို့ဖြစ်သည်။ တော်သင့်ကောင်းမွန်သောအစာကိုစားသုံးခြင်းသည် ကောင်းစွာကြားနိုင်ခြင်း၊ မြင်နိုင်ခြင်း၊ စိတ်အာရုံလှုပ်ရှားမှုကောင်း၍ ကာယကျန်းမာမှုအပြင် ရောဂါကို ခုခံကာကွယ်နိုင်စေပါသည်။ သက်ကြီးရွယ်အိုတစ်ဦး ကျန်းမာရေးကောင်းခြင်း၊ ငယ်မူမပြန်ခြင်းသည် အာဟာရရှိအစာစားသုံးခြင်း၊ ဖျော်ရည်ယမကာများများသောက်သုံးခြင်း ရှိမရှိပေါ် များစွာမူတည်သည်။ ပုဂ္ဂိုလ်အလိုက် သင့်တော်သောလေ့ကျင့်ခန်းကိုလည်း ထည့်တွက်ပေးရန်လိုမည်။ မျက်စိကန်းလုနီးပါး မမြင်နိုင်သော သက်ကြီးရွယ်အိုညီအစ်မတစ်ဦးအား စာလာဖတ်ပေးသော ညီအစ်မတစ်ဦးသည် ပတ်စဉ်လည်ပတ်လာချိန်အစနှင့်အဆုံးတွင် ထိုညီအစ်မနှင့်အတူ အခန်းတစ်ပတ် ညင်သာစွာကကြပါသည်။ ယင်းအတွက်သင့်တော်သောသီချင်းကို အမြဲအသင့်ရွေးထားကြပြီး ဤသို့ “ချွေးထွက်” နည်းမှ နှစ်ဦးစလုံးပျော်ရွှင်မှုရရှိကြပါသည်။
တိုင်းနိုင်ငံများစွာတွင် အကူအညီပေးသောအဖွဲ့အစည်းများသည် တစ်မျိုးတစ်မည်သောအခြေအနေနှင့်သက်ဆိုင်သည့် သိသင့်သိအပ်သောအကြောင်းအရာများကိုမက ယင်းသို့သောအခြေအနေများကို မည်သို့ကိုင်တွယ်နိုင်ကြောင်း တန်ဖိုးရှိ လက်တွေ့ကျအကူအညီများပေးနိုင်ပါသည်။ (သို့သော် ခရစ်ယာန်တစ်ဦးသည် ကျွန်ုပ်တို့၏စစ်မှန်သော ခရစ်ယာန်ဓမ္မအမှုမှ အာရုံလွင့်စေမည့်အခြားလုပ်ငန်းများတွင် စူးစိုက်မနေမိရန် အမြဲသတိထားသင့်သည်။) တစ်ခါတစ်ရံ ဆေးရုံခုတင်၊ ချိုင်းထောက်၊ သိုင်းကြိုး၊ ဘီးတပ်ကုလားထိုင်၊ နားကြပ် အစရှိသည်တို့ကို ချေးငှားပေးခြင်းဖြင့် ကူညီနိုင်ပါသည်။ သက်ကြီးရွယ်အိုများစွာတို့က မည်သည့်အရာမျှမလိုအပ်၊ သို့မဟုတ် ပစ္စည်းဥစ္စာအသစ်များ ဝယ်ယူရန် အဘယ်အကျိုးမျှမရှိဟု ယူဆတတ်သဖြင့် ဆွေမျိုးတို့သည် မကြာခဏ အကြံဉာဏ်ကောင်းပေးပြီး သွေးဆောင်တိုက်တွန်းဖို့ပင် လိုကောင်းလိုမည်။ ပန်းစည်းတစ်စည်းထက် အိမ်သာတံခါးအတွက် အသုံးဝင်သောလက်ကိုင်တစ်ခုပေးခြင်းက သာ၍ပျော်ရွှင်စေနိုင်ပါလိမ့်မည်။
သက်ကြီးရွယ်အိုများကို ပြုစုကြည့်ရှုခြင်းသည် အကြီးအကျယ်စိတ်ရှုပ်စရာဖြစ်နိုင်ပါသည်။ အထူးသဖြင့် ထိုသူသည် ငယ်မူပြန်နေပါက ပိုဆိုးပါသည်။ အများအားဖြင့် မသိမသာ ငယ်မူပြန်သွားတတ်သည်။ ယင်းသို့မဖြစ်စေရန် လူနာအား မလိုအပ်ဘဲ အေးဆေးငြိမ်သက်စွာနေခြင်းကို ရှောင်စေနိုင်ပါသည်။ ငယ်မူပြန်သူသည် တစ်ချိန်က သူအလွန်တွယ်တာခဲ့သူကို ရုတ်တရက်စိတ်နာတတ်ပါသည်။ သမ္မာတရားနှင့်စပ်လျဉ်းသည့်အရာအားလုံးကိုပင် သက်ကြီးရွယ်အိုသည် မေ့လျော့သွားနိုင်ကြောင်း ဆွေမျိုးများ အသိအမှတ်ပြုကြရမည်။—ယင်းသည်ယုံကြည်ခြင်းမရှိတော့၍မဟုတ်၊ ကာယချို့တဲ့ပျက်စီးသွားခြင်းကြောင့် ဤဝမ်းနည်းစရာအကျိုးဆက် ဖြစ်လာရသည်။
လူနာကို ဆေးရုံ၊ သို့မဟုတ် လူအိုရုံတွင်တင်ထားမည်ဆိုလျှင် မွေးနေ့ပွဲများ၊ ခရစ္စမတ်စ်ပွဲ၊ သို့မဟုတ် အခြားအခြားသော လောကီပွဲနေ့များနှင့်စပ်လျဉ်း၍ ဝန်ထမ်းများ မည်သို့ပြုလုပ်ရမည်ကို သိရှိစေရန် အမှုထမ်းတို့နှင့် အဆက်အသွယ်ကောင်းကောင်းရှိရမည်။ ခွဲစိတ်ကုသမှုတစ်မျိုးတစ်မည်လိုအပ်မည်ဆိုလျှင် သွေးသွင်းခြင်းနှင့်ပတ်သက်၍ လူနာ၏သဘောထားရှိပုံကို ဆွေမျိုးများက အထောက်အထားများနှင့် ရှင်းပြသင့်သည်။