ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
တည်ကြည်မြဲမြံမှုသည် ကြွယ်ဝသည့်ဆုလာဘ်ရရှိစေ
မိမိ၏နောက်တော်လိုက်များသည် ညှဉ်းပန်းနှိပ်စက်ခံရမည့်အကြောင်း ယေရှုပြောခဲ့ပြီး တမန်တော်ပေါလုလည်း ၂ တိမောသေ ၃:၁၂ တွင် အလားတူပြောခဲ့သည်– “ယေရှုခရစ်၏တရားတော်နှင့်အညီ ဘုရားဝတ်၌မွေ့လျော်၍နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။” သို့သော် ယေဟောဝါဘုရားသခင်အား ဝတ်ပြုရာတွင် တည်ကြည်မြဲမြံခြင်းသည် ကြွယ်ဝသည့်ဆုလာဘ်များကိုရရှိစေသည်။
▫ မလေးရှားနိုင်ငံအရှေ့မြောက်ဘက်ကမ်းရိုးတန်းရှိ မြို့တစ်မြို့အတွက် ယင်းသည်မှန်ကန်ခဲ့၏။ သားသမီးများအား ကြပ်တည်းစွာသွန်သင်ပို့ချသောဖခင်တစ်ဦးသည် ခိုင်မာသည့်ဘာသာဝင်တစ်ဦးဖြစ်ခဲ့သော်လည်း သားသုံးယောက်နှင့်သမီးသုံးယောက်တို့အား ယေဟောဝါသက်သေများနှင့်ကျမ်းစာမသင်စေရန် မဟန့်တားနိုင်ခဲ့ပေ။ သူ၏ဇနီးပင် သမ္မာတရားတွင် စိတ်ဝင်စားမှုတင်ပြခဲ့သည်။ တစ်နေ့သောအခါ အိမ်နီးနားချင်းတစ်ယောက်က သူ့အားဤသို့ပြောင်လှောင်သည်– “ခင်ဗျားကလေးတွေ ဘယ်လိုဖြစ်လို့ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ယေဟောဝါသက်သေတွေဖြစ်ခွင့်ပြုလိုက်ရတာလဲ။ ကျွန်တော့်ကလေးအားလုံးကတော့ ကျွန်တော့်ဘက်နဲ့ ကျွန်တော်တို့ရဲ့မိရိုးဖလာဘာသာမှာပဲ ခိုင်မြဲနေကြတယ်။ ခင်ဗျားအဖြစ်ကသနားစရာပဲနော်!”
ထိုဖခင်ဖြစ်သူသည် အိမ်သို့ချက်ချင်းပြန်သွားပြီး သူ့ကလေးများအားကျမ်းစာသင်ပေးသောညီအစ်မကို ရိုက်ပုတ်မည်ဟုကြိမ်းမောင်းတော့သည်။ သို့သော် ကလေးများက သူ့အားစိတ်ပြေအောင်ဖျောင်းဖျကာ ယေဟောဝါသက်သေများနှင့်ကျမ်းစာဆက်သင်ကြပြီး သူတို့မိခင်၏အကူအညီဖြင့် အစည်းအဝေးများဆက်တက်ကြသည်။
နောက်ဆုံးတွင် ဖခင်ဖြစ်သူက မိသားစုတစ်ခုလုံးကို သူ့ရှေ့သို့ခေါ်လိုက်သည်။ “ငါနဲ့အိမ်မှာနေမလား၊ ခရစ်ယာန်ဖြစ်ပြီး ဒီအိမ်ကနေထွက်သွားမလားဆိုတာ ရွေးကြ” ဟုတောင်းဆိုလိုက်သည်။ စကားပြောအလွန်နူးညံ့သူသားကြီးက ထွက်သွားရန် ချက်ချင်းအထုပ်အပိုးပြင်တော့သည်။ “မသွားရဘူး! မင်းတို့အားလုံးဟာ ပုန်ကန်တဲ့ကလေးတွေဖြစ်တော့ ငါသေသွားတာကပိုကောင်းမယ်” ဟုဖခင်ကအော်ပြောလိုက်သည်။ ထို့နောက် အိမ်ပြင်သို့ပြေးထွက်သွားရာ သူ့မိသားစုက မိမိကိုယ်ကိုမသတ်သေရန် သူ့နောက်လိုက်၍တောင်းပန်ကြ၏။ သူတို့၏တောင်းပန်မှုကြောင့် သူစိတ်ထိခိုက်သွားပြီး အိမ်သို့ ပြန်လာခဲ့သည်။
အချိန်များကုန်လွန်လာခဲ့သည်။ ကျမ်းစာသမ္မာတရားသည် ကလေးများ၏အပြုအမူအပေါ် ကောင်းကျိုးသက်ရောက်ကြောင်းကို ဖခင်ဖြစ်သူစတင်သတိပြုမိလာသည်။ တစ်နေ့သောအခါ သူ့ကိုပြောင်လှောင်ခဲ့ဖူးသည့်မိတ်ဆွေနှင့်တွေ့ ပြီး၊ ယခုအခါ ဝမ်းနည်းနေသောထိုသူက ဤသို့ပြောသည်– “ကျွန်တော့်ကလေးတွေကို အရမ်းစိတ်ပျက်တယ်ဗျာ။ ကျွန်တော့်ကိုကလိန်ကျ၊ ကျွန်တော့်ပစ္စည်းတွေကိုခိုးနဲ့။” သို့သော် ယေဟောဝါသက်သေများနှင့်ကျမ်းစာသင်သောကလေးတို့၏ ဖခင်က “ဟုတ်လား၊ ကျွန်တော့်ကလေးတွေကတော့ အဲလိုမဟုတ်ဘူးဗျ! ကျွန်တော့်ကိုသူတို့အရမ်းကြင်နာပြီး ကျွန်တော်အလုပ်မရှိတုန်းက ကားငှားခအကြွေးတွေကိုတောင် ဝိုင်းကူဆပ်ပေးကြတယ်” ဟုပြန်ပြောသည်။
ယခုအခါ သမီးသုံးယောက်နှင့်မိခင်ဖြစ်သူတို့ နှစ်ခြင်းခံပြီးပြီဖြစ်သည်။ သားတစ်ယောက်ကား အထူးရှေ့ဆောင်ဖြစ်သည်။ ယခင်က ခိုင်မာပြီးဒေါသကြီးသောဖခင်ကော မည်သို့နည်း။ ယခုအခါ ဖော်ဖော်ရွေရွေဖြစ်လာပြီး သတိရအောက်မေ့ပွဲကို တက်ရောက်လာသည်။
မိခင်အပါအဝင် သားနှင့်ညီအစ်မသုံးဦးတို့၏ တည်ကြည်မြဲမြံမှုကို ယေဟောဝါကောင်းချီးပေးခဲ့သည်။ ယခုအခါ သူတို့သည် စိတ်ထက်သန်သော ဘုရားနိုင်ငံတော်ကြေညာသူများအဖြစ်ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေခဲ့ကြပြီ။—သု. ၂၇:၁၁။