ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၃/၁၅ စာ. ၁၅-၂၀
  • ယေဟောဝါသည် မိမိရည်ရွယ်ချက်ပြည့်စုံစေမည်ကို စိတ်ချလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် မိမိရည်ရွယ်ချက်ပြည့်စုံစေမည်ကို စိတ်ချလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာမှားယွင်းသွားခဲ့သနည်း
  • ဘုရားသခင်၏ရည်ရွယ်ချက်မပြောင်းလဲသွား
  • ယေဟောဝါကိုသူတို့ယုံစားခဲ့ကြ
  • ခရစ်ယာန်သက်သေများ ဘုရားသခင်၌ယုံစား
  • ယေဟောဝါသည် မိမိ၏ကတိတော်များကို သစ္စာရှိသူများအပေါ် ပြည့်စုံစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • အာဗြဟံက ဘယ်သူလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေဟောဝါက သူ့ကို ‘ငါ့မိတ်ဆွေ’ လို့ခေါ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယုံကြည်ခြင်း စမ်းသပ်ခံရ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၃/၁၅ စာ. ၁၅-၂၀

ယေဟောဝါသည် မိမိရည်ရွယ်ချက်ပြည့်စုံစေမည်ကို စိတ်ချလော့

“ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။

၁ လူသားများ၊ ဤကမ္ဘာမြေကြီးတို့နှင့်ပတ်သက်သည့် ယေဟောဝါ၏ရည်ရွယ်ချက်ကား အဘယ်နည်း။

ယေဟောဝါသည် ကျွန်ုပ်တို့၏ပထမဆုံးမိဘနှစ်ပါးဖြစ်သည့် အာဒံနှင့်ဧဝတို့ကို ဖန်ဆင်းခဲ့ချိန်ကစုံလင်စေတော်မူခဲ့သည်။ သူတို့သာ ကိုယ်တော့်ပညတ်တော်များကိုနာခံလျှင်—သူတို့သည် ဤမြေကြီးပေါ်တွင် ထာဝစဉ်နေသွားနိုင်ရန် ကိုယ်တော်ဖန်ဆင်းတော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇; ၂:၁၇) ထို့အပြင် ပရဒိသုအခြေအနေတွင် ကိုယ်တော်သူတို့ကို နေရာချပေးထားသည်။ (ကမ္ဘာဦး ၂:၈၊ ၉) ယေဟောဝါက သူတို့အားဤသို့ပြောသည်–“အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။” (ကမ္ဘာဦး ၁:၂၈) ဤသို့အားဖြင့် အဆုံးတွင် သူတို့၏သားစဉ်မြေးဆက်တို့သည် မြေကြီးတစ်ခွင်လုံးနှံ့ပြားသွားပြီး ဤကမ္ဘာဂြိုဟ်သည် စုံလင်၍ပျော်ရွှင်သောလူသားမျိုးနွယ်တစ်ရပ်အားဖြင့် ပရဒိသုဖြစ်လာရန်တည်း။ လူ့မိသားစုသည် အစကောင်းခဲ့ပါသည်တကား! “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကိုမြင်တော်မူ၏။”—ကမ္ဘာဦး ၁:၃၁။

၂။ လူ့ရေးလူ့ရာများ၏အခြေအနေသည် မည်သည့်မေးခွန်းကို ပေါ်ပေါက်စေသနည်း။

၂ သို့သော် နှစ်ထောင်ပေါင်းများစွာတည်ရှိလာခဲ့သည့် လူ့ရေးလူ့ရာများ၏အခြေအနေသည် ဘုရားသခင့်မူလရည်ရွယ်ချက်၏ အသွင်သဏ္ဍာန်လုံးဝမဆောင်ပါ။ လူသားများသည် စုံလင်မှုနှင့်အလှမ်းကွာဝေးကာ ပျော်ရွှင်မှုမှဝေးကွာလာသည်။ ကမ္ဘာ့အခြေအနေများက စိတ်ဆင်းရဲမှုများလာစေပြီး ပရောဖက်ပြုထားသည့်အတိုင်း ကျွန်ုပ်တို့အချိန်တွင် တစ်စတစ်စထူးခြားစွာ ဆိုးဝါးလာသည်။ (၂ တိမောသေ ၃:၁-၅၊ ၁၃) သို့ဖြစ်၍ လူသားများအတွက်ဘုရားသခင့်ရည်ရွယ်ချက်သည် မဝေးတော့သည့်အနာဂတ်တွင် ပြည့်စုံလာမည်ကို ကျွန်ုပ်တို့မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။ ဆင်းရဲဒုက္ခအခြေအနေများသည် သာ၍ကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေမည်လော။

ဘာမှားယွင်းသွားခဲ့သနည်း

၃။ ယေဟောဝါသည် လူသားတို့၏ပုန်ကန်မှုကို အဘယ်ကြောင့် ချက်ချင်းအဆုံးမသတ်သနည်း။

၃ ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်၏ တိကျမှန်ကန်သောအသိပညာရှိသူများက ဤအခြေအနေဆိုးများကို ယေဟောဝါအဘယ်ကြောင့်ခွင့်ပြုထားကြောင်း သိကြသည်။ ယင်းတို့ကို ကိုယ်တော်မည်သို့ပြုမည်ကိုလည်း သူတို့သိကြသည်။ ကျွန်ုပ်တို့၏ကနဦးမိဘများသည် လူသားများအားဘုရားသခင်ပေးခဲ့သည့် လွတ်လပ်စွာရွေးချယ်ပိုင်သော ထူးမြတ်သည့်အခွင့်အရေးကို အလွဲသုံးခဲ့ကြကြောင်း ကျမ်းစာမှတ်တမ်းများမှ သူတို့လေ့လာသိရှိထားကြသည်။ (၁ ပေတရု ၂:၁၆ နှိုင်းယှဉ်။) ဘုရားသခင်အား အမှီအခိုကင်းသည့်လမ်းစဉ်ကို သူတို့မှားယွင်းစွာရွေးချယ်ခဲ့ကြသည်။ (ကမ္ဘာဦးအခန်းကြီး ၂ နှင့် ၃) သူတို့၏ပုန်ကန်မှုက ရေးကြီးခွင့်ကျယ်အဖြစ်ဆုံးသော ဤကဲ့သို့မေးခွန်းများကို ပေါ်ပေါက်စေသည်– “စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်သည် လူသားများအပေါ် အုပ်ချုပ်ခွင့်ရှိပါသလော။ ကိုယ်တော့်အုပ်ချုပ်မှုသည် သူတို့အတွက်အကောင်းဆုံးဖြစ်ပါ၏လော။ ဘုရားသခင်၏ကြီးကြပ်မှုမပါဘဲ လူ့အုပ်ချုပ်ရေးသည် အောင်မြင်နိုင်မည်လော။ ဤမေးခွန်းများ၏အဖြေကိုရရန် သေချာသည့်နည်းမှာ လူ့အုပ်ချုပ်ရေးကို ရာစုနှစ်များစွာခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ရလဒ်က လူသားသည် မိမိဖန်ဆင်းရှင်နှင့်ကင်းကွာ၍ အောင်မြင်မှုရနိုင်မရနိုင်ကို သံသယကင်းရှင်းစွာတင်ပြပေမည်။

၄၊ ၅။ (က) ဘုရားသခင့်အုပ်ချုပ်မှုကို လူသားတို့ငြင်းဆန်ခြင်းက မည်သည့်ရလဒ်ဖြစ်ပေါ်ခဲ့သနည်း။ (ခ) အချိန်များကုန်လွန်လာခြင်းက မည်သည့်အချက်ကို ယတိပြတ်ဖော်ပြသနည်း။

၄ အာဒံနှင့်ဧဝတို့ ဘုရားသခင်ကိုကျောခိုင်းခဲ့စဉ်က ဘုရားသခင်သူတို့အား စုံလင်မှုကိုဆက်မပေးတော့ပါ။ ကိုယ်တော့်ကူညီထောက်ပံ့မှုမရသဖြင့် သူတို့၏အခြေအနေယိုယွင်းကျဆင်းလာသည်။ ရလဒ်ကား မစုံလင်မှု၊ အိုမင်းရင့်ရော်မှုနှင့် အဆုံးတွင်သေခြင်းတို့ဖြစ်သည်။ အမွေဆက်ခံခြင်းဥပဒေသအရ ကျွန်ုပ်တို့၏ကနဦးမိဘများသည် ကျွန်ုပ်တို့အပါအဝင် သားစဉ်မြေးဆက်အားလုံးထံသို့ ထိုအန္တရာယ်ရှိသည့်အကျင့်စရိုက်များကို လက်ဆင့်ကမ်းခဲ့သည်။ (ရောမ ၅:၁၂) နှစ်ထောင်ပေါင်းများစွာသော လူ့အုပ်ချုပ်မှု၏ရလဒ်ကော မည်သို့နည်း။ ဒေသနာ ၈:၉ တွင် မှန်ကန်စွာဖော်ပြထားသည့်အတိုင်း “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ၍ ဘေးသင့်သည့်အခြေအနေသာဖြစ်ခဲ့သည်။

၅ အချိန်များကုန်လွန်လာခြင်းက လူသားသည် ဖန်ဆင်းရှင်နှင့်ကင်းကွာ၍ မိမိတို့၏အရေးကိစ္စများကို အောင်မြင်စွာလမ်းမညွှန်နိုင်ကြောင်း ယတိပြတ်ဖော်ပြသည်။ မှုတ်သွင်းခံကျမ်းရေးသူယေရမိ ဤသို့ကြေညာသည်– “အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။”—ယေရမိ ၁၀:၂၃; တရားဟောရာ ၃၂:၄၊ ၅; ဒေသနာ ၇:၂၉။

ဘုရားသခင်၏ရည်ရွယ်ချက်မပြောင်းလဲသွား

၆၊ ၇။ (က) နှစ်ထောင်ပေါင်းများစွာချီသည့် လူ့သမိုင်းသည် ယေဟောဝါ၏ရည်ရွယ်ချက်ကို ပြောင်းလဲစေခဲ့သလော။ (ခ) ယေဟောဝါ၏ရည်ရွယ်ချက်တွင် မည်သည့်အရာပါဝင်သနည်း။

၆ လူ့သမိုင်းတွင် ကုန်လွန်ခဲ့သည့်ထောင်စုနှစ်များ—ဆိုးသွမ်းမှုနှင့်အတိဒုက္ခများစွာ—သည် ဘုရားသခင့်ရည်ရွယ်ချက်ကို ပြောင်းလဲခဲ့သလော။ ကိုယ်တော့်နှုတ်ကပါဌ်တော်ဤသို့ဖော်ပြသည်– “မိုးကောင်းကင်ကိုဖန်ဆင်းတော်မူသောထာဝရဘုရား၊ မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူသောဘုရားသခင်” ဖြစ်၏။ (ဟေရှာယ ၄၅:၁၈) ထို့ကြောင့် ဘုရားသခင်သည် လူသားနေထိုင်ရန် မြေကြီးကိုတည်ထားခြင်းဖြစ်ပြီး ယခုလည်း ထိုရည်ရွယ်ချက်အတိုင်းပင်ဖြစ်သည်။

၇ မြေကြီးကို နေထိုင်ရန်အတွက်သာဖန်ဆင်းခဲ့ခြင်းမဟုတ်ဘဲ စုံလင်၍ ပျော်ရွှင်သည့်လူသားများမွေ့လျော်ရမည့် ပရဒိသုဖြစ်လာစေရန်လည်း ရည်ရွယ်တော်မူခဲ့သည်။ ထို့ကြောင့် သမ္မာကျမ်းစာက “ဖြောင့်မတ်ခြင်းတရားတည်နေရာ” လူ့ဘောင်သစ်ဖြစ်သည့် “မြေကြီးသစ်” ရှိလာမည့်အကြောင်း ကြိုတင်ဖော်ပြထားခြင်းဖြစ်သည်။ (၂ ပေတရု ၃:၁၃) ဘုရားသခင့်နှုတ်ကပါဌ်တော်က ဗျာဒိတ် ၂၁:၄ တွင် ကျွန်ုပ်တို့အားပြောသည်မှာ မိမိ၏ကမ္ဘာသစ်တွင် “ဘုရားသခင်သည် သူတို့ [လူသားများ] ၏မျက်စိ၌ မျက်ရည်ရှိသမျှကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ” ဟူ၍ဖြစ်သည်။ ထိုသို့သောအကြောင်းကြောင့်ပင် ယေရှုက ကမ္ဘာပေါ်တွင်ဖြစ်လာမည့်မြေကြီးသစ်ကို “ပရဒိသု” အဖြစ်ပြောနိုင်ခဲ့ခြင်းဖြစ်သည်။—လုကာ ၂၃:၄၃။

၈။ ယေဟောဝါသည် မိမိ၏ရည်ရွယ်ချက်ကို ပြည့်စုံစေမည်ဖြစ်ကြောင်း အဘယ်ကြောင့် ကျွန်ုပ်တို့စိတ်ချနိုင်သနည်း။

၈ ယေဟောဝါသည် စကြဝဠာတွင် တန်ခိုးအကြီးမားဆုံးနှင့် ဉာဏ်ပညာအရှိဆုံးသောဖန်ဆင်းရှင်ဖြစ်ရာ ကိုယ်တော့်ရည်ရွယ်ချက်ကို မည်သူတစ်ဦးတစ်ယောက်မျှ မပျက်ပြားစေနိုင်ပါ။ “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ကျိန်ဆို၍မိန့်တော်မူသည်ကား . . . ငါကြံစည်သည်အတိုင်းဖြစ်၍ ငါစီရင်ချက်လည်းတည်ရလိမ့်မည်။” (ဟေရှာယ ၁၄:၂၄) ထို့ကြောင့် ဤမြေကြီးကို စုံလင်သောလူသားများအတွက် ပရဒိသုတစ်ခုလုပ်ပေးမည်ဟု ဘုရားသခင်ပြောသောအခါ ထိုအတိုင်းဖြစ်လာမည်။ ယေရှုဤသို့ပြောခဲ့သည်– “စိတ်နှလုံးပျော့ပျောင်းသောသူတို့သည် ပျော်ရွှင်ကြ၏။ သူတို့သည် မြေကြီးကိုအမွေခံရကြမည်ဖြစ်သောကြောင့်တည်း။” (မဿဲ ၅:၅၊ ကဘ; ဆာလံ ၃၇:၂၉ နှိုင်းယှဉ်။) ထိုကတိတော်များပြည့်စုံလာမည်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနေနိုင်ကြသည်။ အမှန်မှာ ယင်းအပေါ် ကျွန်ုပ်တို့၏ဘဝအသက်တာကိုပုံအပ်ထားနိုင်သည်။

ယေဟောဝါကိုသူတို့ယုံစားခဲ့ကြ

၉။ အာဗြဟံသည် ယေဟောဝါ၌ယုံစားမှုတင်ပြသော မည်သည့်အရာကိုပြုလုပ်ခဲ့သနည်း။

၉ လူ့သမိုင်းတစ်လျှောက် ဘုရားကိုကြောက်ရွံ့သောလူများစွာတို့သည် မြေကြီးဆိုင်ရာဘုရားသခင့်ရည်ရွယ်ချက်အပေါ် မိမိတို့၏အသက်တာကိုပုံအပ်ထားကြသည်။ အကြောင်းမှာ ယင်းကိုကိုယ်တော်ပြည့်စုံစေမည်ဟု သူတို့အခိုင်အမာယုံကြည်ကြသောကြောင့်ဖြစ်သည်။ သူတို့၏အသိပညာသည် အကန့်အသတ်ဖြင့်ဖြစ်စေကာမူ သူတို့သည် ဘုရားသခင်ကိုယုံစားပြီး ကိုယ်တော့်အလိုတော်ဆောင်ခြင်းတွင် မိမိတို့၏အသက်တာကို တည်ဆောက်ထားကြသည်။ ဥပမာ၊ ယေရှုမြေကြီးပေါ်တွင်ရောက်ရှိခြင်းမတိုင်မီ အနှစ် ၂,၀၀၀ ခန့်—ကျမ်းစာစတင်ရေးသားချိန်မတိုင်မီ ကြာမြင့်စွာက အသက်ရှင်ခဲ့သော အာဗြဟံဖြစ်သည်။ ယေဟောဝါသည် မိမိကတိတော်များကိုပြည့်စုံစေမည်ဖြစ်ကြောင်း အာဗြဟံယုံစားခဲ့သည်။ အာဗြဟံသည် နောဧမှသင်ကြားခံရသူ သူ၏သစ္စာရှိဘိုးဘေးရှေမထံမှ ဖန်ဆင်းရှင်အကြောင်းကို လေ့လာသိရှိခဲ့ဖွယ်ရှိသည်။ ထို့ကြောင့် ခါလဒဲလူမျိုးတို့၏ စည်းစိမ်ကြွယ်ဝသည့်ဥရမြို့မှ အကျွမ်းတဝင်မရှိ၊ အန္တရာယ်များလှသော ခါနာန်ပြည်သို့ထွက်ခွာသွားရန် အာဗြဟံအားဘုရားသခင်ပြောသောအခါ ထိုဘိုးဘေးသည် ယေဟောဝါအားမိမိယုံစားနိုင်ကြောင်းသိသဖြင့် ထွက်သွားခဲ့သည်။ (ဟေဗြဲ ၁၁:၈) အချိန်တန်သော် ယေဟောဝါကသူ့အား ဤသို့မိန့်တော်မူသည်– “ငါသည် သင့်ကိုလူမျိုးကြီးဖြစ်စေမည်။”—ကမ္ဘာဦး ၁၂:၂။

၁၀၊ ၁၁။ အာဗြဟံသည် မိမိ၏တစ်ဦးတည်းသောသားဣဇာက်ကို ပူဇော်ရန် အဘယ်ကြောင့်လိုလိုလားလားရှိခဲ့သနည်း။

၁၀ ဣဇာက်ကိုမွေးဖွားခဲ့ပြီးနောက် အဘယ်အရာဖြစ်ပျက်သနည်း။ ဣဇာက်အားဖြင့် သူ၏သားစဉ်မြေးဆက်သည် လူမျိုးကြီးအဖြစ်ကြီးပွားလာမည်ဖြစ်ကြောင်း အာဗြဟံအား ယေဟောဝါညွှန်ပြခဲ့သည်။ (ကမ္ဘာဦး ၂၁:၁၂) ထို့ကြောင့် သူ့ယုံကြည်ခြင်းကိုစမ်းသပ်သည့်အနေနှင့် သားဣဇာက်ကိုယဇ်ပူဇော်ရန် အာဗြဟံအားဘုရားသခင်ပြောသောအခါ အလွန်ပင်ဆန့်ကျင်ဘက်ဖြစ်ဟန်ရှိသည်။ (ကမ္ဘာဦး ၂၂:၂) သို့သော် ယေဟောဝါအား အပြည့်အဝယုံစားလျက် လိုက်နာခဲ့ပြီး ဣဇာက်ကိုသတ်ရန် သူ၏ဓားကိုမြှောက်လိုက်သည်။ ထိုနောက်ဆုံးအချိန်ကလေးတွင် ဘုရားသခင်သည် ကောင်းကင်တမန်တစ်ပါးကိုစေလွှတ်ပြီး အာဗြဟံကိုတားခဲ့သည်။—ကမ္ဘာဦး ၂၂:၉-၁၄။

၁၁ အာဗြဟံသည် အဘယ်ကြောင့် ဤမျှနာခံမှုပြရသနည်း။ ဟေဗြဲ ၁၁:၁၇-၁၉ ကဤသို့ရှင်းပြသည်– “အာဗြဟံသည် စုံစမ်းတော်မူခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏။ ဣဇာက်၌သာသင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ကတိတော်များကိုခံရသောသူသည် မိမိ၌တစ်ယောက်တည်းသောထိုသားကို ပူဇော်၏။ ထိုသို့ပူဇော်သောအခါ သေခြင်းမှထမြောက်စေခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။” ရောမ ၄:၂၀၊ ၂၁ ကလည်း အလားတူဖော်ပြသည်– “[အာဗြဟံသည်] ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ကတိတော်ကို တွေးတောခြင်းမရှိ ယုံကြည်အားကြီးသဖြင့် . . . ကတိထားတော်မူသောသူ [ဘုရားသခင်] သည် ကတိတော်အတိုင်းတတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။”

၁၂။ အာဗြဟံသည် သူ၏ယုံကြည်ခြင်းအတွက် မည်သို့ဆုချခံရသနည်း။

၁၂ အာဗြဟံသည် သူ၏ယုံကြည်ခြင်းကြောင့် ဣဇာက်အသက်လွတ်မြောက်ခွင့်နှင့် “လူမျိုးကြီး” ၏အဘဖြစ်ရသောအခွင့်အားဖြင့်သာမက အခြားနည်းအားဖြင့်လည်း ဆုချခံရသေးသည်။ အာဗြဟံအား ဘုရားသခင်ဤသို့ပြောခဲ့သည်– “ငါ၏စကားကိုသင်နားထောင်သည်ဖြစ်၍ သင့်အမျိုးအနွယ်အားဖြင့် မြေပေါ်ရှိ လူမျိုးခပ်သိမ်း တို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလတ္တံ့။” (ကမ္ဘာဦး ၂၂:၁၈၊ သမ) မည်သို့အားဖြင့်နည်း။ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၏ဘုရင်သည် အာဗြဟံမျိုးရိုးမှဆင်းသက်လာမည်။ ထိုဘုရားသခင့်နိုင်ငံတော်သည် စာတန့်လက်အောက်ရှိ ဤဆိုးညစ်သည့်လောကကို ချေမွဖျက်ဆီးပစ်မည်။ (ဒံယေလ ၂:၄၄; ရောမ ၁၆:၂၀; ဗျာဒိတ် ၁၉:၁၁-၂၁) ထိုအခါ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် သန့်စင်ထားသည့်မြေကြီးသည် ပရဒိသုအဖြစ် ကမ္ဘာချီတိုးတက်ဖြစ်ပေါ်လာပြီး ဘုရားသခင့်အလိုတော်ဆောင်သော “လူမျိုးခပ်သိမ်း” မှလူများသည် စုံလင်သည့်ကျန်းမာမှုနှင့် ထာဝရအသက်ကို မွေ့လျော်ကြမည်။ (၁ ယောဟန် ၂:၁၅-၁၇) အာဗြဟံသည် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သောအသိပညာကို အကန့်အသတ်ဖြင့်သာပိုင်ဆိုင်ခဲ့သော်လည်း ဘုရားသခင်အားယုံစားပြီး ယင်းနိုင်ငံတော်တည်ထောင်ခြင်းကို မျှော်လင့်ခဲ့သည်။—ဟေဗြဲ ၁၁:၁၀။

၁၃၊ ၁၄။ ဘုရားသခင်ကို ယောဘအဘယ်ကြောင့်ယုံစားခဲ့သနည်း။

၁၃ နောက်နှစ်ရာပေါင်းများစွာကြာပြီးနောက် ဘီ.စီ.အီး. ၁၇ နှင့် ၁၆ ရာစုများတွင် ယခုအာရေဗျဟုခေါ်သောနေရာတွင် ယောဘဆိုသူအသက်ရှင်ခဲ့သည်။ သူလည်း ကျမ်းစာစတင်မရေးသားမီ အသက်ရှင်ခဲ့သူဖြစ်သည်။ ယောဘသည် “စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကိုရှောင်သောသူဖြစ်၏။” (ယောဘ ၁:၁) စာတန်သည် ရွံရှာဖွယ်ကောင်း၍ နာကျင်သည့်ရောဂါဆိုးဖြင့် ယောဘအား ဘေးသင့်စေသောအခါ ထိုသစ္စာရှိသူသည် ဤဆိုးရွားသည့်တွေ့ကြုံမှုတစ်လျှောက်လုံး “အပြစ်ရှိသည့်စကားတစ်ခွန်းကိုမျှမဟ။” (ယောဘ ၂:၁၀၊ အင်္ဂလိပ်ကျမ်းစာသစ်) ဘုရားသခင်ကို ယောဘယုံစားခဲ့သည်။ ဤမျှဒုက္ခခံစားရသည့်အကြောင်းရင်းကို သူ မသိစဉ်ကပင် ဘုရားသခင်နှင့်ကိုယ်တော့်ရည်ရွယ်ချက်များအတွက် သူ့ဘဝကိုပုံအပ်ထားသည်။

၁၄ မိမိသေသွားသည့်တိုင် ဘုရားသခင်သည် တစ်နေ့နေ့တွင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသက်ပြန်ပေးမည်ကို ယောဘသိခဲ့သည်။ ယေဟောဝါအား ဤသို့ပြောဆိုခြင်းဖြင့် ထိုမျှော်လင့်ချက်ကိုတင်ပြခဲ့သည်– “ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ဝှက်ထားတော်မူပါစေ။ . . . အကျွန်ုပ်ကိုအောက်မေ့စရာအချိန်ကို ချိန်းချက်တော်မူပါစေ။ လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။ . . . အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။” (ယောဘ ၁၄:၁၃-၁၅) ပြင်းထန်သောဝေဒနာခံစားနေရသော်လည်း ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို ယုံကြည်မှုတင်ပြကြောင်း ဤသို့ဖော်ပြခဲ့သည်–“ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကိုမစွန့်လွှတ်!”—ယောဘ ၂၇:၅၊ ကဘ။

၁၅။ ယေဟောဝါ၏ရည်ရွယ်ချက်ကို ယုံကြည်စိတ်ချကြောင်း ဒါဝိဒ်မည်သို့ဖော်ပြခဲ့သနည်း။

၁၅ ယောဘနောက်ပိုင်းခြောက်ရာစုခန့်နှင့် ယေရှုမြေကြီးသို့ကြွမလာမီ အနှစ်တစ်ထောင်ခန့်အချိန်က ဒါဝိဒ်သည် ကမ္ဘာသစ်အပေါ်မိမိ၏ယုံကြည်စိတ်ချမှုကို တင်ပြခဲ့သည်။ ဆာလံကျမ်းတွင် သူဤသို့ပြောသည်– “ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံရကြလိမ့်မည်။ ခဏကြာပြီးမှ မတရားသောသူသည် မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [မြေကြီး၊ ကဘ] ကို အမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌မွေ့လျော်ကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။” သူ၏ မတိမ်းယိမ်းသည့်မျှော်လင့်ချက်ကြောင့် ဒါဝိဒ်ဤသို့တိုက်တွန်းနိုင်ခဲ့သည်– “ထာဝရဘုရားကိုခိုလှုံ [ယုံစား၊ ကဘ] ၍ . . . ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။”—ဆာလံ ၃၇:၃၊ ၄၊ ၉-၁၁၊ ၂၉။

၁၆။ ‘များစွာသောသက်သေအပေါင်း’ ၌ မည်သည့်မျှော်လင့်ချက်ရရှိထားကြသနည်း။

၁၆ နှစ်ရာစုများတစ်လျှောက် သစ္စာရှိသူယောက်ျားမိန်းမများသည် မြေကြီးပေါ်တွင် ထာဝရအသက်ရှင်ရမည်ဟူသော အလားတူမျှော်လင့်ချက်ရှိခဲ့ကြသည်။ အမှန်မှာ သူတို့သည် ယေဟောဝါ၏ကတိတော်များ၌ မိမိတို့၏အသက်တာကိုပုံအပ်ထားကြသည့် “များစွာသောသက်သေအပေါင်း” အဖြစ်ပါဝင်လာကြသည်။ ဤရှေးယေဟောဝါသက်သေများစွာတို့သည် “သာ၍မြတ်သောထမြောက်ခြင်းသို့ရောက်လိုသောငှာ” သူတို့၏ယုံကြည်ခြင်းကြောင့် ညှဉ်းဆဲနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို ခံရကြသည်။ မည်သို့ရမည်နည်း။ ကမ္ဘာသစ်တွင် ဘုရားသခင်သည် သူတို့ကို သာ၍မြတ်သောထမြောက်ခြင်းနှင့် ထာဝရအသက်ရှင်ခွင့်မျှော်လင့်ချက်တို့ဖြင့် ဆုချတော်မူမည်။—ယောဟန် ၅:၂၈၊ ၂၉; ဟေဗြဲ ၁၁:၃၅; ၁၂:၁။

ခရစ်ယာန်သက်သေများ ဘုရားသခင်၌ယုံစား

၁၇။ ပထမရာစုခရစ်ယာန်များသည် ယေဟောဝါအား မည်မျှခိုင်မာစွာယုံစားခဲ့ကြသနည်း။

၁၇ စီ.အီး. ပထမရာစုတွင် ယေဟောဝါသည် တည်ထောင်ပြီးခါစ ခရစ်ယာန်အသင်းတော်ကို ဘုရားသခင့်နိုင်ငံတော်နှင့် မြေကြီးပေါ်သက်ရောက်မည့် ယင်း၏အုပ်ချုပ်မှုများအကြောင်း ပို၍အသေးစိတ်ထင်ရှားဖော်ပြခဲ့သည်။ ဥပမာ၊ ကောင်းကင်နိုင်ငံတော်တွင် ယေရှုနှင့်အတူ ပူးပေါင်းမည့်သူအရေအတွက်မှာ ၁၄၄,၀၀၀ ဖြစ်မည်အကြောင်း ယောဟန်ကို မိမိ၏ဝိညာဉ်တော်ဖြင့်မှုတ်သွင်း၍ ရေးသားစေခဲ့သည်။ ထိုသူတို့သည် “မြေကြီးမှရွေးနှုတ်သော” ဘုရားသခင်၏သစ္စာရှိကျေးကျွန်များ ဖြစ်ကြလိမ့်မည်။ (ဗျာဒိတ် ၇:၄; ၁၄:၁-၄) သူတို့သည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူ “မင်းများအဖြစ်” မြေကြီးကို စိုးစံကြရလိမ့်မည်။ (ဗျာဒိတ် ၂၀:၄-၆၊ ကဘ) ကောင်းကင်နိုင်ငံတော်နှင့် လက်အောက်ခံမြေကြီးနယ်ပယ်တို့အတွက် မိမိ၏ရည်ရွယ်ချက်ကို ပြည့်စုံစေမည့်ယေဟောဝါအား ပထမရာစုခရစ်ယာန်များ အခိုင်အမာယုံစားခဲ့ကြသည်မှာ မိမိတို့ယုံကြည်ခြင်းအတွက် အသက်ကိုစွန့်လိုသည့်အထိပင်ဖြစ်သည်။ သူတို့အတော်များများကလည်း ထိုသို့ပင်စွန့်ခဲ့ကြသည်။

၁၈။ ယနေ့ယေဟောဝါသက်သေများသည် သူတို့၏ရှေးအပေါင်းအဖော်များကို မည်သို့တုပကြသနည်း။

၁၈ ယနေ့ ငါးသန်းနီးပါးသော ယေဟောဝါသက်သေများလည်း သူတို့မတိုင်မီရာစုနှစ်များစွာက အသက်ရှင်ခဲ့ကြသော သူတို့၏အပေါင်းအဖော်များကဲ့သို့ ယေဟောဝါ၌ယုံစားမှုရှိကြသည်။ ဤမျက်မှောက်ခေတ်သက်သေခံများလည်း ဘုရားသခင့်ကတိတော်များအပေါ် မိမိတို့၏အသက်တာကိုပုံအပ်ထားကြသည်။ သူတို့သည် မိမိတို့အသက်ကို ကိုယ်တော်ထံဆက်ကပ်အပ်နှံထားကြပြီး သူတို့၏ယုံကြည်ခြင်းကိုခိုင်ခံ့မြဲမြံစေသည့် ကျမ်းစာအပြည့်အစုံကို ရရှိထားကြသည်။ (၂ တိမောသေ ၃:၁၄-၁၇) မိမိတို့သည် “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်” မည်ဟု ကြေညာခဲ့သော ယေရှု၏ပထမရာစုနောက်တော်လိုက်များကို ဤခေတ်သစ်ယေဟောဝါသက်သေများ တုပကြသည်။ (တမန်တော် ၅:၂၉) ဤရာစုနှစ်တွင် ခရစ်ယာန်သက်သေများစွာတို့သည် ရက်စက်စွာညှဉ်းပန်းနှိပ်စက်ခံရကြသည်။ အချို့တို့သည် မိမိတို့၏ယုံကြည်ခြင်းအတွက် အသတ်ပင်ခံရကြသည်။ အချို့တို့က ရောဂါဝေဒနာ၊ မတော်တဆမှု၊ အိုမင်းရင့်ရော်မှုများကြောင့် သေဆုံးကြရသည်။ သို့တစေ အတိတ်ကသစ္စာရှိသက်သေများနည်းတူ ဘုရားသခင်ကိုသူတို့ယုံစားကြသည်။ အကြောင်းမှာ မိမိ၏ကမ္ဘာသစ်တွင် ကိုယ်တော်သူတို့အား ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသက်ပြန်ပေးမည်ကို သူတို့သိကြသောကြောင့်ဖြစ်သည်။—ယောဟန် ၅:၂၈၊ ၂၉; တမန်တော် ၂၄:၁၅; ဗျာဒိတ် ၂၀:၁၂၊ ၁၃။

၁၉၊ ၂၀။ ကျွန်ုပ်တို့အချိန်နှင့်ပတ်သက်သည့် မည်သည့်ကျမ်းစာပရောဖက်ပြုချက်ကို ကျွန်ုပ်တို့သတိထားမိကြသနည်း။

၁၉ ကမ္ဘာချီညီအစ်ကိုများအသင်းအဖွဲ့အဖြစ် လူမျိုးအားလုံးထဲမှထုတ်နှုတ်ခံရသည့် မိမိတို့၏အဖြစ်ကို ရှေးကြာမြင့်စွာကတည်းက ကျမ်းစာပရောဖက်ပြုချက်များတွင် ကြိုတင်ဖော်ပြထားကြောင်း ယေဟောဝါသက်သေများကောင်းစွာသိကြသည်။ (ဟေရှာယ ၂:၂-၄; ဗျာဒိတ် ၇:၄၊ ၉-၁၇) ယေဟောဝါသည် သူတို့အား ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကိုလုပ်စေခြင်းအားဖြင့် မိမိ၏မျက်နှာသာတော်နှင့် ကာကွယ်မှုတွင်းသို့ ကျန်ရှိနေဆဲနှလုံးရိုးဖြောင့်သူများ စုရုံးရောက်ရှိစေသည်။ (သု. ၁၈:၁၀; မဿဲ ၂၄:၁၄; ရောမ ၁၀:၁၃) ဤသူအားလုံးတို့သည် ယေဟောဝါ၌အပြည့်အဝယုံစားကြပြီး မကြာမီ အံ့ချီးဖွယ်ကမ္ဘာသစ်ထဲသို့ ခေါ်ဆောင်ခံရမည်ကို သိကြသည်။—၁ ကောရိန္သု ၁၅:၅၈; ဟေဗြဲ ၆:၁၀ နှိုင်းယှဉ်။

၂၀ စာတန့်လောကသည် အရေးကြီးသည့်နှစ်ဖြစ်သော ၁၉၁၄ ခုနှစ်မှစ၍ ယင်းနောက်ဆုံးနေ့ရက်များအတွင်းရောက်လာသည်မှာ အနှစ် ၈၀ နီးပါးရှိပြီဖြစ်ကြောင်း ကျမ်းစာပရောဖက်ပြုချက်များက ဖော်ပြသည်။ ဤလောကသည် အဆုံးနီးပြီ။ (ရောမ ၁၆:၂၀; ၂ ကောရိန္သု ၄:၄; ၂ တိမောသေ ၃:၁-၅) သို့ဖြစ်ရကား ယေဟောဝါသက်သေများသည် အားရှိကြသည်။ အကြောင်းမှာ မကြာမီ ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးပေါ်ရှိအမှုကိစ္စအားလုံး၏ အပြည့်အဝထိန်းချုပ်မှုကို သိမ်းပိုက်ရယူတော့မည်ဖြစ်သောကြောင့်တည်း။ လက်ရှိဆိုးသွမ်းသောလောကကို အဆုံးသတ်ပြီး မိမိ၏ဖြောင့်မတ်သောကမ္ဘာသစ်ကို ဆောင်ကြဉ်းပေးခြင်းအားဖြင့် ဘုရားသခင်သည် ကမ္ဘာပေါ်တွင် နှစ်ရာစုများစွာတည်ရှိလာခဲ့သည့် ဆိုးသွမ်းသောအခြေအနေများကို လုံးဝသုတ်သင်ပစ်မည်ဖြစ်သည်။—သု. ၂:၂၁၊ ၂၂။

၂၁။ လက်ရှိဒုက္ခများကြားမှပင် ကျွန်ုပ်တို့အဘယ်ကြောင့်ဝမ်းမြောက်နိုင်ကြသနည်း။

၂၁ ထိုနောက်တွင် ဘုရားသခင်သည် အတိတ်က ကျွန်ုပ်တို့ထိခိုက်နစ်နာခဲ့ရသည်များအတွက် အစားပေးရုံထက်မက များစွာသာလွန်သောကောင်းချီးများကို သွန်းလောင်းပေးခြင်းအားဖြင့် ကျွန်ုပ်တို့အား အလွန်အမင်းဂရုစိုက်တော်မူမည်။ ယခင်ခံစားခဲ့ရသည့်ဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့၏သတိတရားထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားသည့်အထိ ကျွန်ုပ်တို့အတွက် အလွန်ကောင်းသောအရာမြောက်မြားစွာ ဖြစ်လာမည်။ ယေဟောဝါသည် ‘လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းကို ရောင့်ရဲစေတော်မူမည်’ ကိုသိရခြင်းက မည်မျှနှစ်သိမ့်ကျေနပ်ဖွယ်ပါတကား။—ဆာလံ ၁၄၅:၁၆; ဟေရှာယ ၆၅:၁၇၊ ၁၈။

၂၂။ ယေဟောဝါ၌ ကျွန်ုပ်တို့အဘယ်ကြောင့်ယုံစားသင့်သနည်း။

၂၂ ကမ္ဘာသစ်တွင် သစ္စာရှိလူသားများသည် ရောမ ၈:၂၁ ၏ပြည့်စုံချက်ကို တွေ့မြင်ကြရမည်– “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားမည်။” မိမိ၏နောက်တော်လိုက်များအား ယေရှုသင်ပေးသည့် ဤဆုတောင်းချက်ပြည့်စုံလာသည်ကို သူတို့တွေ့မြင်ကြရမည်– “နိုင်ငံတော်တည်ထောင်ပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။” (မဿဲ ၆:၁၀) ထို့ကြောင့် ယေဟောဝါ၌ အကြွင်းမဲ့ယုံစားပါ။ အကြောင်းမှာ ကိုယ်တော်၏မပျက်ကွက်နိုင်သောကတိတော်မှာ ဤသို့– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။

သင်မည်သို့ဖြေဆိုမည်နည်း

◻ လူသားများ၊ ဤကမ္ဘာမြေကြီးတို့နှင့်ပတ်သက်သည့် ယေဟောဝါ၏ရည်ရွယ်ချက်ကား အဘယ်နည်း။

◻ ကမ္ဘာပေါ်ရှိဆိုးသွမ်းမှုများကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုထားသနည်း။

◻ ရှေးသစ္စာရှိသူတို့သည် ယေဟောဝါအားယုံစားကြောင်း မည်သို့တင်ပြခဲ့ကြသနည်း။

◻ ယနေ့ဘုရားသခင်၏ကျေးကျွန်များသည် ယေဟောဝါ၌ အဘယ်ကြောင့်ယုံစားကြသနည်း။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ပရဒိသုကမ္ဘာတွင် ထာဝစဉ်ပျော်ရွှင်စွာနေထိုင်ရန် လူသားတို့ကို ဘုရားသခင်ဖန်ဆင်းထား

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သေသူကိုရှင်ပြန်ထမြောက်စေနိုင်သည့် ယေဟောဝါ၏အစွမ်းသတ္တိကို အာဗြဟံယုံစားခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ