ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ မှတ်တမ်း
ကျမ်းစာသမ္မာတရား မိသားစုစည်းလုံးမှု ရှိစေ
ယနေ့ ကမ္ဘာ့ဒေသမြောက်မြားစွာတွင် မိသားစုစည်းလုံးမှုသည် လွန်လေပြီးသောကာလမှအရာ ဖြစ်ချေပြီ။ သို့ရာတွင် သမ္မာကျမ်းစာက မိသားစုစည်းလုံးမှု၏ လျှို့ဝှက်ချက်ကို ဖော်ပြပါသည်။ ယေရှု၏စကားများကို သုံးသပ်ကြည့်ပါ– “အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။” (မဿဲ ၇:၂၄) ဤစကားများကို ကျင့်သုံးခြင်း၊ ချစ်ခင်ရင်းနှီးမှု တည်ဆောက်ပေးသည့်အုတ်မြစ်အဖြစ် သမ္မာကျမ်းစာကို အသုံးပြုခြင်းအားဖြင့် ယေဟောဝါသက်သေများအလည်တွင် မိသားစုထောင်ပေါင်းများစွာတို့ စည်းလုံးနေကြပါသည်။ အောက်ပါအတွေ့အကြုံ တင်ပြသည့်အတိုင်းပင် အခြားသူများလည်း ထပ်တူစည်းလုံးမှုကို ရရှိထားကြပြီ။
ဒဲနီယဲလ်သည် ပြင်သစ်နိုင်ငံတွင် စစ်မှုထမ်းနေစဉ် စစ်တပ်ဘုန်းကြီးက ကျမ်းစာတစ်အုပ်ကို ဝယ်ထားရန် သူ့အား အကြံပြုသည်အတိုင်း ဝယ်လိုက်ပြီးနောက် စတင်မှန်မှန်ဖတ်ရှုခဲ့ပါသည်။ နောင်တွင် သူသည် တဟီတီကျွန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဒဲနီယဲလ်၏စစ်မှုထမ်းဖက်အချို့မှာ သတ္တမနေ့ဥပုသ်အသင်းဝင်များဖြစ်၍ အခြားသူများမူ မော်မင်ဘာသာဝင်များ ဖြစ်ကြပါသည်။ သူတို့စကားစမြည်ပြောဆိုကြသည့်အခါ မကြာခဏ ဘာသာတရားအကြောင်း ပြောလေ့ရှိကြသည်။ တစ်နေ့သောအခါ တပ်ကြပ်ကြီးတစ်ဦးသည် ယေဟောဝါသက်သေတစ်ယောက်ဖြစ်သော မိမိ၏ဇနီးနှင့် ဒဲနီယဲလ်အား မိတ်ဆက်ပေးခဲ့ရာ သူမသည် မွန်းလွဲပိုင်းတချိန်လုံး ဒဲနီယဲလ်၏မေးခွန်းမြောက်မြားစွာကို ဖြေဆိုပေးခဲ့ပါသည်။ ထို့နောက် တဟီတီကျွန်းရှိ ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်တစ်ခုနှင့် ဆက်သွယ်ပေးပါသည်။ များမကြာမီပင် စ၍မှန်မှန်ကျမ်းစာသင်လေသည်။
ပြင်သစ်နိုင်ငံရှိ ဒဲနီယဲလ်၏မိဘများသည် စိတ်ရင်းမှန်သော ကက်သလစ်ဘာသာဝင်များဖြစ်ကြသည်။ ဖခင်ဖြစ်သူမှာ ကျောင်းအကြံပေးအရာရှိဖြစ်ပြီး ကက်သလစ်ကျောင်းတစ်ကျောင်းတွင် ဘာသာတရားကို တာဝန်ခံသွန်သင်ပေးသူလည်းဖြစ်သည်။ မိမိတတ်မြောက်လာသည့် ဝိညာဏတန်ဖိုးရှိရာအချို့ကို မိဘများအား သိစေလိုသဖြင့် သူတို့ထံ စာရေးတိုင်း ကျမ်းစာဆိုင်ရာအကြောင်းတို့ကို မသိမသာ အနည်းအကျဉ်းထည့်ရေးလေသည်။
အစကနဦးတွင် ဒဲနီယဲလ်၏မိခင်သည် အလွန်ဝမ်းသာခဲ့သည်။ သို့သော် သား၏စာတစ်စောင်တွင် ယေဟောဝါအမည်ကိုတွေ့ရှိသည်နှင့် လန့်ဖျပ်သွားပါသည်။ ရက်အနည်းငယ်အကြာတွင် ယေဟောဝါသက်သေများအား “အန္တရာယ်ရှိအဖွဲ့” ဟုတင်ပြသည့် ရေဒီယိုအစီအစဉ်တစ်ခုကို သူမကြားနာခဲ့ရသည်။ သို့ဖြစ်၍ သက်သေခံများနှင့် အဆက်အသွယ်ဖြတ်တောက်ပစ်ရန် ဒဲနီယဲလ်အား စာရေးမှာကြားခဲ့သည်။ သို့ရာတွင် ဒဲနီယဲလ်သည် ကျမ်းစာလေ့လာမှုတွင် တိုးတက်နေ၍ မကြာမီပင် စစ်တပ်မှနှုတ်ထွက်ပြီး ပြင်သစ်နိုင်ငံသို့ ပြန်သွားရန် စီစဉ်လေသည်။
အိမ်ပြန်ရောက်ပြီးနောက် ညနေတိုင်း—တစ်ခါတစ်ရံ ညနက်သည်တိုင်—သူ့အမေနှင့် ဒဲနီယဲလ်ကျမ်းစာဆွေးနွေးပါသည်။ နောက်ဆုံးတွင် ဒဲနီယဲလ်နှင့် နိုင်ငံတော်ခန်းမသို့လိုက်သွားရန် သဘောတူလိုက်ပါသည်။ ပထမဆုံးတက်သည့်အစည်းအဝေးမှာ သူမအတွက် တကယ်စိတ်စွဲမှတ်စရာဖြစ်ခဲ့ပြီး ကိုယ်တိုင်ပင် ကျမ်းစာကို မှန်မှန်စလေ့လာလေတော့သည်။ သူမလည်း အလျင်အမြန်တိုးတက်လာ၍ မကြာမီနှစ်ခြင်းခံလိုက်ပါသည်။
ဒဲနီယဲလ်၏ဖခင်မှာမူ သဘောထားပြည့်ဝသူဖြစ်သော်လည်း မိမိ၏သက်မွေးဝမ်းကျောင်းနှင့် ဘာသာရေးလုပ်ငန်းများတွင် လုံးဝအပ်နှံလုပ်ဆောင်သူဖြစ်သည်။ သို့ဖြစ်သော်လည်း တစ်နေ့သောအခါ သူ၏ဇနီးနှင့် ဒဲနီယဲလ်အား ခရိုင်စည်းဝေးပွဲတစ်ခုတက်ရောက်ရန် ကားဖြင့်ပို့ပေးခဲ့သည်။ ထိုနေ့ရက်ကား ဇူလိုင် ၁၄ ရက်ဖြစ်၍ မြို့တွင်း၌ ဗစတီးလ်ပွဲနေ့ ချီတက်ပွဲကို ကြည့်ရှုနေမည်ဟုကြံရွယ်ထားသည်။ ချီတက်ပွဲမစမီ စည်းဝေးပွဲခန်းမအတွင်း လေ့လာကြည့်ရှုခဲ့သည်။ ယေဟောဝါ၏လူများ စည်းကမ်းနှင့်ငြိမ်သက်မှုရှိကြောင်းကို သူတွေ့မြင်၍ စိတ်စွဲမှတ်စရာဖြစ်ပြီး စည်းဝေးပွဲဌာနအသီးသီးကို သွားရောက်လေ့လာစဉ် လူတိုင်း သူ့အား “ညီအစ်ကို” ဟူ၍ခေါ်ကြပါသည်။ ထိုနောက် ဗစတီးလ်ပွဲနေ့ ချီတက်ပွဲကို လုံးလုံးမေ့လျော့သွားပြီး စည်းဝေးပွဲပြီးဆုံးသည့်အထိ ထိုင်နေခဲ့သည်။ ကျမ်းစာသင်အံမှုပြုလုပ်ပေးရန် သူတောင်းဆိုခဲ့၍ သမ္မာတရားကို အလျင်အမြန်တတ်မြောက်လာခဲ့သည်။ သို့ရာတွင် ပိုမိုတတ်ကျွမ်းလာလေ သူ၏လုပ်ငန်းနှင့်စပ်လျဉ်း၍ ပို၍နေမထိထိုင်မသာဖြစ်လာသဖြင့် အသက် ၅၈ နှစ်အရွယ်တွင် အလုပ်မှ နှုတ်ထွက်ခဲ့လေသည်။ ယခု ဤမိသားစုရှိသူ သုံးဦးစလုံးသည် ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသူများဖြစ်၍ ယေဟောဝါအမှုတော်ကို တစ်စည်းတစ်လုံး ဆောင်ရွက်နေကြပါသည်။
ဒဲနီယဲလ်၏မိသားစုကို စည်းလုံးစေသည်ကား ကျမ်းစာသမ္မာတရားဖြစ်ပါသည်။ အခြားမိသားစုတို့သည်လည်း ကျမ်းစာလေ့လာ၍ စိတ်နှလုံးအပြည့် လိုက်နာကျင့်သုံးကြမည်ဆိုလျှင် စည်းလုံးနိုင်ကြမည်ဖြစ်သည်။