စာရှုသူများထံမှ မေးခွန်းလွှာ
ဘုရားသခင့်ပညတ်ချက်တွင် ပြစ်ဒဏ်ပေးမည်ဟု ဖော်ပြထားလျက်ပင် ရှောလု၏စစ်သည်များသည် အသွေးနှင့်တကွအသားကို စားသုံးကြသည့်အခါ အဘယ်ကြောင့် ပယ်ရှင်းခြင်းမခံရသနည်း။
ဤသူတို့သည် အသွေးနှင့်စပ်လျဉ်းသည့် ဘုရားသခင့်ပညတ်ချက်ကို ချိုးဖောက်ခဲ့ကြသည်။ သို့သော် သူတို့သည် အသွေးကို တန်ဖိုးထားလေးမြတ်မှု ရှိခဲ့သောကြောင့် သက်ညှာမှု ခံခဲ့ရခြင်းဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော်လည်း ယင်းတန်ဖိုးထားလေးမြတ်မှုကိုတင်ပြရာတွင် သူတို့သည် ပို၍လုံ့လရှိသင့်သည်ကားမှန်၏။
အခြေအနေကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ ရှောလုမင်းကြီးနှင့် သားတော် ယောနသန် လက်အောက်ရှိ ဣသရေလလူမျိုးသည် ဖိလိတ္တိလူမျိုးကို စစ်တိုက်ခိုက်နေကြသည်။ စစ်မှုတွင် ‘ဣသရေလလူတို့သည် ပင်ပန်းနေ’ စဉ် ရန်သူကို စစ်မနိုင်မချင်း မိမိ၏လူတို့သည် အစာမစားရဟု ရှောလု မဆင်မခြင်ကျိန်ဆိုခဲ့ပါသည်။ (၁ ဓမ္မရာဇဝင် ၁၄:၂၄) မကြာမီပင် သူ၏ကျိန်ဆိုချက်ကြောင့် ပြဿနာတက်ခဲ့သည်။
သူ့လူများသည် တပင်တပန်းတိုက်ခိုက်ရသောစစ်ပွဲကို အောင်ပွဲခံနေကြသော်လည်း သူတို့၏ အားကြိုးမာန်တက် ကြိုးစားမှုကြောင့် အကြီးအကျယ် ဆင်းရဲခံနေကြရသည်။ သူတို့ ဆာလောင်မွတ်သိပ်ပြီး ပင်ပန်းနွမ်းလျနေကြသည်။ ဤသို့ အတိဒုက္ခရောက်ချိန်တွင် သူတို့ ဘာလုပ်ကြသနည်း။ “ရန်သူ၏ဥစ္စာကိုလုယူ၍ သိုး၊ နွား၊ နွားသငယ်တို့ကို မြေပေါ်မှာသတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ၏။”—၁ ဓမ္မရာဇဝင် ၁၄:၃၂။
ယင်းသည် အသွေးနှင့်စပ်လျဉ်းသော ဘုရားသခင့်ပညတ်ချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရှောလု၏လူအချို့က လျှောက်ကြားခဲ့သည်– “လူများတို့သည် အသွေးနှင့်တကွ စား၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို ပြစ်မှားသည်။” (၁ ဓမ္မရာဇဝင် ၁၄:၃၃) မှန်ပါသည်၊ တိရစ္ဆာန်ကို သတ်ပြီးမစားသုံးမီ အသွေးကို သွန်ရမည်ဟု ပညတ်ရှိသည်။ အသွေးသွန်ရာတွင် တစ်ယူသန်ဆန်ဆန်ပြုမူရန် ဘုရားသခင်တောင်းဆိုတော်မမူပါ။ သွေးသွန်ခြင်းကိစ္စကို စဉ်းစားဆင်ခြင်ပြုမူခြင်းအားဖြင့် ကိုယ်တော်၏ကျေးကျွန်များသည် အသွေး၏အထိမ်းအမှတ်ကို လေးမြတ်ကြောင်း တင်ပြနိုင်ကြသည်။ (တရားဟောရာ ၁၂:၁၅၊ ၁၆၊ ၂၁-၂၅) တိရစ္ဆာန်အသွေးကို ယဇ်ပူဇော်ရာတွင် အသုံးပြုနိုင်ပါသည်။ သို့သော် ယင်းကိုကား မစားကြရချေ။ ဤပညတ်ကို တမင်တကာချိုးဖောက်လျှင် သေဒဏ်ခံရမည်ဖြစ်သည်။ အကြောင်းမူကား ဘုရားသခင့်လူတို့အား ဤသို့မိန့်မှာထားတော်မူသည်– “ခပ်သိမ်းသောကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့် အသွေးကိုစားသောသူမည်သည်ကား ပယ်ရှင်းခြင်းကိုခံရမည်။”—ဝတ်ပြုရာ ၁၇:၁၀-၁၄။
ရှောလုမင်း၏ စစ်သည်များသည် ပညတ်ချက်ကို တမင်တကာ ချိုးဖောက်နေခြင်းလော။ အသွေးနှင့်စပ်လျဉ်းသည့် မြင့်မြတ်သောပညတ်ချက်ကို အမှန်ပင်မရိုမသေပြုနေခြင်းလော။—တောလည်ရာ ၁၅:၃၀ နှိုင်းယှဉ်။
ထိုသို့ သဘောမပေါက်ဖို့ လိုသည်။ မှတ်တမ်းက သူတို့သည် ‘တိရစ္ဆာန်တို့ကို မြေပေါ်မှာသတ်ပြီးလျှင် အသွေးနှင့်တကွ စားကြ’ သည်ဟု ဖော်ပြထားသည်။ သို့ဖြစ်၍ အသွေးကိုသွန်ရန် သူတို့အနည်းနှင့်အများ ကြိုးစားခဲ့ကြလိမ့်မည်။ (တရားဟောရာ ၁၅:၂၃) သို့သော်လည်း မောပန်းဆာလောင်နေကြသည့်အတွက် သတ်ပြီးသားအကောင်များကို လုပ်လေ့လုပ်ထရှိသည့်အတိုင်း ချိတ်ဆွဲလျက်သွေးထွက်ကုန်ရန် အချိန်အလုံအလောက်မပေးခဲ့ကြပါ။ သိုးနွားတို့ကို “မြေပေါ်မှာ” သတ်ခဲ့ကြရာ သွေးသွန်ခြင်းကို ဟန့်တားစေခဲ့ပေမည်။ ထို့ပြင် သွေးအိုင်တွင်ရှိသောအသေကောင်များကို အလျင်စလို တုံးထစ်ဖြတ်တောက်ခဲ့ကြပေမည်။ သို့ဖြစ်၍ ဘုရားသခင့်ပညတ်ချက်ကို လိုက်နာရန် သူတို့ရည်ရွယ်ကြသည့်တိုင် လိုက်သင့်လိုက်အပ်သောနည်းလမ်းအတိုင်း သို့မဟုတ် ပြုလုပ်သင့်သလောက် မပြုလုပ်မလိုက်လျှောက်ခဲ့ကြချေ။
ယင်းကြောင့် အပြစ်ရှိစွာ “လူများတို့သည် အသွေးနှင့်တကွစား” ကြ၏။ ယင်းကို ရှောလုသိသဖြင့် သူ့ထံ ကျောက်တုံးကြီးတစ်တုံးကို လှိမ့်ခဲ့ရန် အမိန့်ပေးခဲ့သည်။ စစ်သည်တို့အား ဤသို့မိန့်တော်မူသည်– “လူအသီးအသီး မိမိတို့ သိုးနွားကို ဤအရပ်သို့ယူခဲ့ပြီးလျှင် ဤအရပ်၌ သတ်စားကြစေ။ အသွေးနှင့်တကွစား၍ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကို မပြစ်မှားစေနှင့်။” (၁ ဓမ္မရာဇဝင် ၁၄:၃၃၊ ၃၄) အပြစ်ရှိကြောင်းသိသောစစ်သည်များကလည်း နာခံ၍ “ရှောလုသည်လည်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အဖို့ ယဇ်ပလ္လင်ကို တည်လေ၏။”—၁ ဓမ္မရာဇဝင် ၁၄:၃၅။
ကျောက်တုံးပေါ်တွင် တိရစ္ဆာန်များကို သတ်ခြင်းဖြင့် အသွေးအလုံအလောက်သွန်ခဲ့ပုံရှိသည်။ တိရစ္ဆာန်များသတ်သည့် နေရာမှသီးခြားနေရာ၌ အသားများကို စားကြမည်ဖြစ်သည်။ သွန်ခဲ့သောအသွေးမှအချို့ကို ရှောလု ယူပြီး ပြစ်မှားသူများကို ဘုရားသခင်သက်ညှာမှုပြမည်အကြောင်း ယဇ်ပလ္လင်ပေါ်တွင် အသုံးပြုခဲ့ပေမည်။ စစ်သည်များသည် အလွန်မောပန်းဆာလောင်နေကြသည့်တိုင် ကြိုးစားဆောင်ရွက်ခဲ့သောအမှုများကို ယေဟောဝါ သိတော်မူလျက် သက်ညှာမှုပြတော်မူခဲ့ပုံရှိသည်။ သူ၏ စစ်သည်များ ထိုသို့အတိဒုက္ခရောက်ခဲ့ရခြင်းသည်လည်း ရှောလု၏ အဆင်အခြင်ကင်းမဲ့သော အကျိန်ပေးချက်ကြောင့် ဖြစ်ရကြောင်းကိုပါ ဘုရားသခင် ထည့်တွက်တော်မူခဲ့မည်။
အရေးပေါ်အခြေအနေက မြင့်မြတ်သောပညတ်ကို ချိုးဖောက်ခြင်းအတွက် ဆင်ခြေပေးရန်အကြောင်းမရှိခြင်းကိုလည်း ဤအဖြစ်အပျက်က ဖော်ပြပါသည်။ တစ်စုံတစ်ရာသောအကြောင်းကို ကျိန်ဆိုမှုမပြုမီ အသေအချာစဉ်းစားဖို့လိုကြောင်းကိုလည်း သဘောပေါက်နားလည်စေပါသည်။ အကြောင်းမူကား ဆင်ခြင်သုံးသပ်မှုမရှိဘဲ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်ကိုသော်လည်းကောင်း၊ သူတစ်ပါးကိုသော်လည်းကောင်း အခက်အခဲပြဿနာများ ကြုံတွေ့စေနိုင်ပါသည်။—ဒေသနာ ၅:၄-၆။