ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၈/၁၅ စာ. ၃-၄
  • မျက်မမြင်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျက်မမြင်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုအချိန်က မျက်မမြင်များကိုကုသခြင်း
  • သတင်းကောင်း အတွက် မျက်စိ ပွင့်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါဘုရားအကြောင်း မျက်မမြင်တွေ သိလာအောင် ကူညီပေးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • မွေးရာပါ မျက်မမြင်တစ်ယောက်ကို ကုသပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • မျက်မမြင်ဘဝဖြင့် အသက်ရှင်
    နိုးလော့!—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၈/၁၅ စာ. ၃-၄

မျက်မမြင်အတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း

ဂျော်န်မေလ်တန်သည် လုံးလုံးမျက်စိကွယ်နေသည့်ကြားမှ ပရဒိသုပျောက်ဆုံးခြင်း နှင့် ပရဒိသုပြန်လည်ရရှိခြင်း အမည်ရှိ မော်ကွန်းကဗျာများကို ရေးသားခဲ့သည်။ ဟယ်လင်ကယ်လာအတွက် မျက်စိမမြင်နားမကြားခြင်းက ကိုယ်ကာယချို့တဲ့သူများအား ကူညီသည့် သူမ၏အလုပ်ကို မဟန့်တားနိုင်ပါ။ မှန်ပါသည်၊ မျက်မမြင်များစွာတို့သည် အခက်အခဲကို အောင်မြင်စွာကျော်လွှားခဲ့ကြသည်။ သို့သော် လူတိုင်း အမြင်အာရုံကောင်းစွာ ရရှိနိုင်မည်ဆိုလျှင် မည်မျှအံ့ဖွယ်ကောင်းလိုက်မည်ဖြစ်ခြင်း! သင့်မှာ မျက်စိမမြင်သော သို့မဟုတ် အမြင်အာရုံချို့ယွင်းသော ချစ်မြတ်နိုးရသူ သို့မဟုတ် မိတ်ဆွေတစ်ဦးရှိနေလျှင် ယင်းအချက်ကို အထူးသဖြင့် သင်သဘောတူပေမည်။

အချို့နိုင်ငံများတွင် ကိုယ်အင်္ဂါချို့တဲ့သူများအား ပြုစုစောင့်ရှောက်ရေးအစီအစဉ်များက အမြင်အာရုံချို့ယွင်းသူများအား နေ့စဉ်အမှုကိစ္စများကို အကျွမ်းတဝင်လုပ်နိုင်အောင် သင်ပြပေးသည်မှာ အမှန်ဖြစ်သည်။ မျက်မမြင်စာနှင့် လေ့ကျင့်ထားသည့်လမ်းပြခွေးများက မျက်မမြင်များအား မိမိလိုအပ်ရာအတော်များများကို လုပ်ဆောင်နိုင်ရန် အကူအညီပေးသည်။ သို့သော် လူများစွာတို့က မျက်စိကွယ်ခြင်းကို ကြောက်စရာအကောင်းဆုံးသော ကိုယ်အင်္ဂါချို့ယွင်းမှုဟု ယူမှတ်ကြသည်။ စာရေးဆရာတစ်ဦး ဤသို့အဆိုပြုသည်– “မျက်စိကွယ်ခြင်းသည် သိမြင်ဖွယ်ရာကျွန်ုပ်တို့ကမ္ဘာ၏ အရေးပါအရာရောက်ဆုံးသော အစိတ်အပိုင်းနှင့် အဆက်အသွယ်ပြတ်တောက်ခြင်းဖြစ်သည်။” တစ်ချိန်တည်းတွင် မျက်မမြင်များစွာတို့သည် အခြားသူများကို တိုး၍မှီခိုအားထားလာကြရသည်။

မျက်စိကွယ်ခြင်းသည် အဘယ်ကြောင့် ဤမျှပျံ့နှံ့နေရသည်ကို သင်သိလိုပေမည်။ မျက်ခမ်းစပ်ရောဂါအကြောင်း သင်ကြားဖူးသလော။ ယင်းကြောင့် လူကိုးသန်းခန့်မျက်စိကွယ်ရသည်။ ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ် က ယင်းနှင့်ပတ်သက်၍ ဤသို့ပြောသည်– “ထိုရောဂါသည် ကူးစက်တတ်ပြီး ကျန်းမာရေးနှင့်မညီညွတ်သည့် လူနေထူထပ်သောဝန်းကျင်တွင် ပိုမိုတိုးပွားသည်။ လျှော်ဖွပ်ဆေးကြောရန် ရေမလုံလောက်ခြင်း၊ လူ့မစင်များတွင် ယင်ကောင်များစွာနားခြင်းတို့က ရောဂါပြန့်ပွားမှုကို အထောက်အကူဖြစ်စေသည်။ မျက်ခမ်းစပ်ရောဂါသည် အချို့အခြေအနေများတွင် ကျန်းမာရေးထက် လူမှုရေးပြဿနာဖြစ်တတ်သည်; လူနေမှုအဆင့်ကို မြှင့်တင်ပေးခြင်း၊ လူဦးရေကျပ်သိပ်မှုကို လျှော့ပေါ့ခြင်း၊ ယင်နှိမ်နင်းခြင်းနှင့် ရေဖူလုံစေခြင်းတို့ကို လုပ်ပေးနိုင်လျှင် မျက်ခမ်းစပ်ရောဂါဖြစ်ပွားနှုန်း အလျင်အမြန်ကျဆင်းသွားနိုင်သည်။” လူတစ်သန်းခန့်တို့သည် မျက်ကွင်းတုတ်ကောင်ရောဂါကို ခံစားကြရသည်။ မျက်မြှေးခြောက်ရောဂါကော မည်သို့နည်း။ ထိုအမည်သည် ခေါ်တွင်ရခက်သော်လည်း အဖြစ်မှန်ကား ယင်းသည် မျက်စိကွယ်စေသော သမားရိုးကျအကြောင်းရင်းတစ်ခုဖြစ်သည်။ ဆီးချိုရောဂါ၊ ဆုံဆို့နာ၊ ဝက်သက်ရောဂါ၊ စကားလက်ဖျားရောဂါနှင့် လိင်ကြောင့်ကူးစက်သည့်ရောဂါများကလည်း မျက်စိကွယ်သည့်အဖြစ်သို့ ရောက်စေနိုင်သည်။

ကျွန်ုပ်တို့အသက်ကြီးလာသည်နှင့်အမျှ မျက်ရှေ့ခန်းနာရောဂါနှင့် မျက်စိအဝါကွက်ချို့ယွင်းလာမှုကြောင့် ကျွန်ုပ်တို့၏အမြင်အာရုံ ဆုတ်ယုတ်လျော့ပါးလာနိုင်သည်; အတွင်းတိမ်ကြောင့်လည်း ဖြစ်နိုင်သေးသည်။ ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ် ဤသို့ရှင်းပြသည်– “ကမ္ဘာပေါ်ရှိ နိုင်ငံများစွာတို့၌ မျက်စိကွယ်ရသည့်အကြောင်းများ၏စာရင်းတွင် အတွင်းတိမ်သည် ထိပ်ပိုင်းမှနေရာယူထားဆဲဖြစ်ပြီး ယင်းကို အလွယ်တကူ ခွဲစိတ်ကုသပျောက်ကင်းနိုင်ပါလျက်နှင့် ထိုသို့ဖြစ်ရခြင်းသည် အလွန်တရာဝမ်းနည်းဖွယ်ဖြစ်သည်။”

မျက်စိရောဂါနှင့်ပတ်သက်၍ အသစ်သောရှာဖွေတွေ့ရှိမှုများကြားမှပင် မျက်စိကွယ်ခြင်းပပျောက်ရန် အလွန်ဝေးလှသေးသည်။ ထိုစွယ်စုံကျမ်းကပင် ဤသို့ပြောသေးသည်– “မျက်စိကွယ်ခြင်းနှင့်ပတ်သက်၍ ကာကွယ်တားဆီးမှုဆိုင်ရာတိုးတက်မှုများ၊ ဆေးဘက်နှင့်ခွဲစိတ်ဘက်ဆိုင်ရာ ကုသမှုများသည် ဆေးပညာ၏စောင့်ရှောက်မှုကို လက်လှမ်းမီသောသူများအတွက်သာ အကျိုးသက်ရောက်သည်။ ကမ္ဘာ့ဒေသအတော်များများရှိလူတို့၏ အာဟာရနှင့်ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားမှုမရှိသေးသရွေ့ ကြိုတင်ကာကွယ်နိုင်သော မျက်စိကွယ်ခြင်းသည် လက်ရှိနှုန်းအတိုင်း မြင့်မားနေဦးမည်သာဖြစ်သည်။”

မျက်စိကွယ်ခြင်းကိုတိုက်လှန်ရာတွင် ပဋိဇီဝဆေးများနှင့် ခွဲစိတ်ခြင်းတို့သည် သူ့နေရာနှင့်သူ ထိရောက်မှုရှိသော်လည်း ထာဝစဉ်ကုသပျောက်ကင်းခြင်းမျှော်လင့်ချက်သည် လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်နီးပါးက ဖြစ်ခဲ့သည့်အဖြစ်အပျက်တစ်ခုနှင့် ဆက်နွှယ်နေသည်။

ယေရှုအချိန်က မျက်မမြင်များကိုကုသခြင်း

အသက် ၃၀ ကျော်ရှိလူတစ်ဦး ဖုန်ထူသောလမ်းတစ်လမ်းပေါ် လျှောက်သွားနေသည်ကို မြင်ယောင်ကြည့်လိုက်ပါ။ ထိုသူဖြတ်သွားသံကိုကြားသော လမ်းဘေးရှိမျက်မမြင်နှစ်ဦးတို့က ဤသို့အော်ဟစ်ကြသည်– “အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ!” ကြည့်နေသူများက သူတို့အား တိတ်ဆိတ်စွာနေရန် ညွှန်ကြားသော်လည်း မျက်မမြင်တို့က သာ၍ကျယ်စွာအော်ကြသည်– “အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါ!” ထိုလူက ကြင်နာစွာဖြင့် ဤသို့မေးလိုက်သည်– “သင်တို့၌ အဘယ်သို့ပြုစေလိုသနည်း။” သူတို့က အားတက်သရော ဤသို့ပြန်ဖြေကြသည်– “ကျွန်ုပ်တို့မျက်စိကို ပွင့်လင်းစေခြင်းငှာ ပြုတော်မူပါ။” ယခုစဉ်းစားကြည့်ပါ– ထိုလူက သူတို့၏မျက်စိကို လက်နှင့်တို့လိုက်သည်နှင့်တစ်ပြိုင်နက် မျက်စိနှစ်ကွင်းအလင်းရသွားကြသည်!—မဿဲ ၂၀:၂၉-၃၄။

မျက်စိကွယ်ခဲ့ဖူးသော ဤလူများအတွက် မည်မျှဝမ်းမြောက်ဖွယ်ပါတကား! သို့သော် မျက်စိကွယ်ခြင်းသည် အနှံ့အပြားဖြစ်ပေါ်လျက်ရှိသည်။ ယင်းသည် အဖြစ်အပျက်တစ်ခုသာရှိသေးသည်။ အဘယ်ကြောင့် ယင်းကို သင်အာရုံစိုက်သင့်သနည်း။ ထိုမျက်မမြင်များအား အမြင်အာရုံပြန်ရအောင် လုပ်ပေးသောပုဂ္ဂိုလ်မှာ နာဇရက်မြို့သားယေရှုဖြစ်သောကြောင့်ပင်။ အမှန်အားဖြင့် ယေရှုသည် ‘ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ဘိသိက်ပေးခြင်း’ ခံရသည်သာမက ‘မျက်စိကန်းသောသူတို့အား မျက်စိပြန်မြင်စေရန် စေလွှတ်ခံရသူ’ လည်းဖြစ်သည်။—လုကာ ၄:၁၈။

ယင်းသို့ ဘုရားသခင်၏ တန်ခိုးကြီးသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် တင်ပြခံရသည့် အံ့ဖွယ်ကုသမှုများကို လူများမိန်းမောအံ့သြခဲ့ကြရသည်။ ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း လူအစုအဝေးတို့သည်မြင်လျှင် အံ့သြခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ဘုရားသခင့်ဂုဏ်တော်ကို ချီးမွမ်းကြ၏။” (မဿဲ ၁၅:၃၁) ယေရှုသည် အဖိုးအခယူခြင်း၊ ကိုယ်ရည်သွေးခြင်း သို့မဟုတ် ကိုယ့်ဂုဏ်ကိုယ်ဖော်ခြင်းတို့မပါဘဲ ယေဟောဝါဘုရားသခင်၏ မေတ္တာတော်နှင့် ကရုဏာတော်တို့ကို ထင်ရှားစေခဲ့သည်။ သို့ရာတွင် ယေရှုသည် “ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့” သော ဝိညာဏမျက်စိကွယ်ပြီး အကူအညီမဲ့နေသူများကိုလည်း စာနာထောက်ထားတော်မူသည်။—မဿဲ ၉:၃၆။

ထိုအဖြစ်အပျက်သည် စိတ်ဝင်စားဖွယ်ကောင်းမည်ဖြစ်သော်လည်း ယနေ့ကောမည်သို့နည်းဟု သင်သိလိုပေမည်။ ယခုအခါတွင် မည်သူမျှ ယေရှုနည်းတူ လူများအားကုသပေးခြင်းမရှိရာ ယင်းကုသမှုများသည် ကျွန်ုပ်တို့အတွက် အဓိပ္ပာယ်ရှိသလော။ မျက်မမြင်များအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာရှိသလော။ ကျေးဇူးပြု၍ နောက်ဆောင်းပါးကို ဖတ်ကြည့်ပါ။

[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]

“ကမ္ဘာ့ဒေသအတော်များများရှိလူတို့၏ အာဟာရနှင့်ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားမှုမရှိသေးသရွေ့ ကြိုတင်ကာကွယ်နိုင်သော မျက်စိကွယ်ခြင်းသည် လက်ရှိနှုန်းအတိုင်း မြင့်မားနေဦးမည်သာဖြစ်သည်။”—ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ