ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၂/၁၅ စာ. ၂၆-၂၉
  • ရဝမ်ဒါဘေးဆိုးကြီး—မည်သူတာဝန်ရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရဝမ်ဒါဘေးဆိုးကြီး—မည်သူတာဝန်ရှိသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဟူတူနှင့် တွတ်စီ
  • မည်သူ့တာဝန်နည်း
  • ဘာသာရေး၏အခန်းကဏ္ဍ
  • စစ်မှန်သောခရစ်ယာန်များသည် ခြားနားမှုရှိ
  • စစ်မှုနဲ့ပတ်သက်ပြီး ဘာသာရေးအဖွဲ့အစည်းကို ယုံကြည်စိတ်ချနိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ရဝမ်ဒါ၏ကြေကွဲဖွယ်ဖြစ်ရပ်မှ ဘေးဒုက္ခသည်များအားစောင့်ရှောက်ခြင်း
    နိုးလော့!—၁၉၉၆
  • အိမ်နီးချင်းကို ချစ်သည့်မေတ္တာ ဘာဖြစ်သွားပြီနည်း
    နိုးလော့!—၁၉၉၉
  • ယေဟောဝါရှင်ပေးသနားတော်မူသည့် နှစ်သိမ့်မှုကို ဝေမျှခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၂/၁၅ စာ. ၂၆-၂၉

ရဝမ်ဒါဘေးဆိုးကြီး—မည်သူတာဝန်ရှိသနည်း

“၂၃ နှစ်အရွယ်ရှိ စက်ပြင်ဆရာတစ်ဦး၏ ဦးခေါင်း ဟက်တက်ခွဲခြင်းမခံရမီကလေးတွင် တိုက်ခိုက်သူတစ်ဦးက ဟီတီယီးစယ်အား ‘မင်းဟာ တွတ်စီတစ်ယောက်ဖြစ်လို့ မင်းသေရမယ်’ ဟုပြောခဲ့သည်” ဟူ၍ ယူ.အက်စ်. သတင်းနှင့်ကမ္ဘာ့အစီရင်ခံစာ ကဆိုသည်။

လွန်ခဲ့သည့် ဧပြီနှင့် မေလအတွင်းက ဗဟိုအာဖရိကနိုင်ငံငယ်တစ်ခုဖြစ်သော ရဝမ်ဒါတွင် အထက်ပါအဖြစ်မျိုး ထပ်ခါထပ်ခါဖြစ်ပျက်ခဲ့သည်တကား! ထိုအချိန်တွင် ရဝမ်ဒါနိုင်ငံ၏ မြို့တော်ကီဂါလီနှင့် အနီးတစ်ဝိုက်၌ ယေဟောဝါသက်သေများ၏ အသင်းတော် ၁၅ ခုရှိသည်။ မြို့တော်ကြီးကြပ်မှူး နတာဘားနားအိုဝဲဇန်သည် တွတ်စီလူမျိုးတစ်ဦးဖြစ်သည်။ သူ၊ သူ့ဇနီး၊ သူ့သားနှင့် ၉ နှစ်အရွယ်သမီးငယ်ရှားမီတို့သည် ဝရုန်းသုန်းကား အကြမ်းဖက်မှုစတင်ဖြစ်ပွားသောအခါ ပထမဆုံးအသတ်ခံရသူများထဲတွင် ပါဝင်ကြသည်။

ထောင်ပေါင်းများစွာသော ရဝမ်ဒါပြည်သားများသည် နေ့စဉ်—တစ်ပတ်ပြီးတစ်ပတ် အသတ်ခံရကြသည်။ မေလလယ်လောက်တွင် အထက်ပါကိုးကားထားသော သတင်းမဂ္ဂဇင်းက “၁၉၇၀ ပြည့်လွန်နှစ်များက ကမ္ဘောဒီးယားတွင် ခမာနီတို့၏ သွေးချောင်းစီးသုတ်သင်ရှင်းလင်းရေးနှင့်အပြိုင် လွန်ခဲ့သည့် သီတင်းခြောက်ပတ်အတွင်းက လူမျိုးတုံးသတ်ဖြတ်ခြင်းနှင့် လက်တုံ့ပြန်ခြင်းလုပ်ဆောင်မှုတွင် လူပေါင်း ၂၅၀,၀၀၀ ခန့်တို့ သေဆုံးခဲ့ကြရသည်” ဟု ဖော်ပြသည်။

တိုင်းမ် မဂ္ဂဇင်းက ဤသို့ဆိုသည်– “နာဇီဂျာမနီများကို ပြန်သတိရစေသည့် အဖြစ်အပျက်တွင် လူ ၅၀၀ ရှိအုပ်စုတစ်ခုမှ တွတ်စီလူမျိုးရုပ်ပေါက်သော ကလေးများ ဆွဲထုတ်ခံရသည်။ . . . တွတ်စီအမျိုးသမီးနှင့် လက်ထပ်ထားသော မြောက်ပိုင်းရှိ ဘူတာရဲမြို့၏ မြို့တော်ဝန်အား ဟူတူလူမျိုးလယ်သမားများက ရွေးစရာတစ်ခုပေးသည်– သူ့ဇနီး၏မိသားစု—သူမ၏မိဘနှစ်ပါးစလုံးနှင့် သူမ၏ညီမတို့—ကို အသတ်ခံရရန် ထုတ်ပေးပါက သူ့ဇနီးနှင့် ကလေးများ အသက်ဘေးမှလွတ်မည်ဟူ၍ ဖြစ်သည်။ ယင်းကို သူသဘောတူခဲ့သည်။”

ကီဂါလီမြို့ရှိ ယေဟောဝါသက်သေများ၏ ဘာသာပြန်ရုံး၌ အလုပ်လုပ်သူခြောက်ဦးတို့တွင် လေးဦးသည် ဟူတူများဖြစ်ပြီး နှစ်ဦးမှာ တွတ်စီများဖြစ်ကြသည်။ တွတ်စီများမှာ အာနားနီ မဘန်းဒါးနှင့် မူကာဂီစာဂါရာ ဒနိဇ် တို့ဖြစ်သည်။ အကြမ်းဖက်လုယက်သူများနှင့်အတူ ပြည်သူ့စစ်များ အိမ်ထဲသို့ဝင်လာသောအခါ ဟူတူနှင့် တွတ်စီတို့ အတူတကွနေသည်ကိုတွေ့၍ ဒေါသထွက်ကြသည်။ မဘန်းဒါးနှင့် ဒနိဇ်တို့ကို သူတို့သတ်လိုကြသည်။

“လက်ပစ်ဗုံးစနက်တံတွေကို သူတို့ဖြုတ်လိုက်ကြတယ်။ ကျွန်တော်တို့အထဲမှာ သူတို့ရဲ့ရန်သူပါနေလို့ ကျွန်တော်တို့ကိုသတ်မယ်ဆိုပြီး ခြိမ်းခြောက်ကြတယ်။ . . . သူတို့ ပိုက်ဆံအများကြီးတောင်းကြတယ်။ ကျွန်တော်တို့လည်း ရှိသမျှပိုက်ဆံအားလုံး သူတို့ကိုပေးလိုက်တယ်။ အဲဒါတောင် သူတို့မကျေနပ်ကြဘူး။ ဘာသာပြန်လုပ်ငန်းမှာ ကျွန်တော်တို့သုံးတဲ့ ကွန်ပျူတာငယ်ကလေး၊ ကျွန်တော်တို့ရဲ့ ဓာတ်ပုံစာကူးစက်၊ ရေဒီယိုတွေ၊ ရှူးဖိနပ်တွေစတဲ့ သူတို့သုံးလို့ရနိုင်သမျှတွေကို ယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျွန်တော်တို့တစ်ယောက်မှ အသတ်မခံရဘဲ သူတို့ချက်ချင်းထွက်သွားကြတယ်။ ဒါပေမဲ့ နောက်ကျရင် ပြန်လာဦးမယ်လို့ ပြောသွားတယ်” ဟု ဟူတူညီအစ်ကိုတစ်ဦးဖြစ်သည့် အီမာနူဝဲလ်က ပြောပြသည်။

နောက်နေ့များတွင် အကြမ်းဖက်လုယက်သူများ ပြန်လာကြရာ ပြန်လာသည့်အခါတိုင်း ဟူတူလူမျိုးသက်သေခံများက မိမိတို့၏ တွတ်စီမိတ်ဆွေများ၏ အသက်ကို ချမ်းသာပေးရန် တောင်းပန်ကြသည်။ နောက်ဆုံးတွင် မဘန်းဒါးနှင့် ဒနိဇ်တို့ဆက်နေရန် အလွန်အန္တရာယ်များလာသဖြင့် အနီးအနားရှိ တွတ်စီဒုက္ခသည်များနေရာ ကျောင်းတစ်ကျောင်းတွင် သွားနေရန် စီစဉ်ကြသည်။ ထိုကျောင်းတိုက်ခိုက်ခံရသောအခါ မဘန်းဒါးနှင့် ဒနိဇ်တို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။ လမ်းတွင် ပိတ်ဆို့တားဆီးထားသည့် အရာများစွာတို့ကို သူတို့အောင်မြင်စွာ ကျော်လွှားသွားနိုင်ကြသည်။ သို့သော် တစ်နေရာအရောက်တွင် တွတ်စီလူမျိုးအားလုံး အဖမ်းခံလိုက်ရပြီး မဘန်းဒါးနှင့် ဒနိဇ်တို့ အသတ်ခံလိုက်ရသည်။

ဘာသာပြန်ရုံးခန်းသို့ စစ်သားများပြန်ရောက်လာပြီး တွတ်စီသက်သေခံများမရှိတော့ကြောင်း တွေ့ရသောအခါ ဟူတူညီအစ်ကိုများအား အပြင်းအထန်ရိုက်နှက်ကြသည်။ ထိုအချိန်တွင် အနီးအနား၌ မော်တာကျည်ဆံကျလာသဖြင့် ညီအစ်ကိုများသည် အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ကြသည်။

နိုင်ငံနှင့်အဝန်း သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေရာ သေဆုံးသူအရေအတွက်သည် သန်းထက်ဝက်ခန့်အထိ ဖြစ်လာသည်။ နောက်ဆုံးတွင် ရဝမ်ဒါပြည်သူရှစ်သန်းအနက် နှစ်သန်းမှသုံးသန်း သို့မဟုတ် ထို့ထက်ပိုသောလူများသည် နိုင်ငံကိုစွန့်ပြေးခဲ့ကြသည်။ သူတို့ထဲမှ များစွာတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဇိုင်ယာနှင့် တန်ဇန်းနီးယားတို့တွင် ခိုလှုံရကြသည်။ ယေဟောဝါသက်သေများ ရာနှင့်ချီ၍ အသတ်ခံရပြီး အခြားသက်သေခံများမူ နိုင်ငံပြင်ပဒုက္ခသည်စခန်းများသို့ ထွက်ပြေးသူများထဲတွင် ပါဝင်ကြသည်။

ယင်းသို့ တစ်ခါမျှမကြုံဖူးသည့် သတ်ဖြတ်မှုနှင့် ထွက်ပြေးမှုများကို မည်သည့်အရာက အစပျိုးပေးသနည်း။ ယင်းကို တားဆီးနိုင်ခဲ့စရာ အကြောင်းရှိသလော။ အကြမ်းဖက်မှုများမပေါ်ပေါက်မီ အခြေအနေကား အဘယ်နည်း။

ဟူတူနှင့် တွတ်စီ

ရဝမ်ဒါနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘာရွန်ဒီတို့တွင် အများအားဖြင့် အရပ်နိမ့်ပြီး တုတ်ခိုင်သန်စွမ်းသော ဘန်တူးအနွယ်ဝင်များဖြစ်သည့် ဟူတူလူမျိုးများနှင့် အများအားဖြင့် အရပ်မြင့်ပြီး အသားအရေပိုလတ်သည့် ဝါတူစီဟူ၍လည်းသိကြသော တွတ်စီလူမျိုးများ နေထိုင်ကြသည်။ ထိုနှစ်နိုင်ငံစလုံးတွင် ဟူတူ ၈၅ ရာခိုင်နှုန်းခန့်နှင့် တွတ်စီ ၁၄ ရာခိုင်နှုန်းခန့် ရှိကြသည်။ ဤလူမျိုးစုများစပ်ကြား ပဋိပက္ခသည် ၁၅ ရာစုနှစ်ကတည်းကဖြစ်ကြောင်း မှတ်တမ်းရှိသည်။ သို့သော် နေရာအများစုတွင် သူတို့သည် အေးချမ်းစွာ အတူတကွနေထိုင်ကြသည်။

“ကျွန်မတို့ အေးအေးဆေးဆေး အတူတူနေခဲ့ကြတယ်” ဟု အသက် ၂၉ နှစ်ရှိ အမျိုးသမီးတစ်ဦးက ဇိုင်ယာနိုင်ငံအရှေ့ဖက် မိုင်အနည်းငယ်ခန့်ဝေးသော ရူဂန်ဒါရွာတွင် ၃,၀၀၀ သောဟူတူနှင့် တွတ်စီများ အတူနေခဲ့ကြခြင်းကို ရည်ညွှန်းပြောဆိုခဲ့သည်။ သို့သော် ဧပြီလတွင် ဟူတူလူမျိုးအဖွဲ့များက ထိုရွာကိုဝင်စီးပြီး တွတ်စီလူမျိုးအားလုံးနီးပါးကို သတ်ပစ်ခဲ့ကြသည်။ နယူးယောက်တိုင်းမ်စ် စာစောင်က ဤသို့ရှင်းပြသည်–

“ဤရွာ၏ဇာတ်လမ်းသည် ရဝမ်ဒါ၏ဇာတ်လမ်းပင်ဖြစ်သည်– ဟူတူနှင့် တွတ်စီတို့သည် မည်သူကဟူတူ၊ မည်သူကတွတ်စီဖြစ်သည်ကိုပင် ဂရုမစိုက် သို့မဟုတ် မသိတော့ဘဲလျက် အတူတကွနေထိုင်ခဲ့ကြ၊ ထိမ်းမြားပေါင်းသင်းခြင်းများပြုခဲ့ကြသည်။

“ထိုနောက်ပိုင်းတွင် အခြေအနေရုတ်ခြည်းပြောင်းလဲခဲ့သည်။ ဧပြီလတွင် တစ်နိုင်ငံလုံးရှိ ဟူတူလူထုကြီးက ဆူပူသောင်းကျန်းလာပြီး တွတ်စီများကို တွေ့ရာသင်္ချိုင်းဓားမဆိုင်း သတ်ဖြတ်ကြသည်။ သတ်ဖြတ်မှုစတင်သည်နှင့် တွတ်စီများသည် ချာ့ချ်ကျောင်းများထဲသို့ ပြေးဝင်၍ အကာအကွယ်ယူကြသည်။ လူအုပ်က လိုက်သွားကြပြီး ခိုလှုံရာနေရာကို အသွေးများဖြင့်လွှမ်းသော သင်္ချိုင်းဖြစ်စေခဲ့ကြသည်။”

သတ်ဖြတ်မှုကို မည်သည့်အရာက အစပျိုးပေးသနည်း။ နှစ်ဦးစလုံး ဟူတူလူမျိုးများဖြစ်ကြသော ရဝမ်ဒါနှင့် ဘာရွန်ဒီနိုင်ငံ သမ္မတတို့သည် ဧပြီ ၆ ရက်က ကီဂါလီမြို့တော်တွင် လေယာဉ်ပျက်ကျ၍ သေဆုံးခဲ့ကြခြင်းမှ စတင်သည်။ တစ်နည်းတစ်ဖုံအားဖြင့် ထိုအဖြစ်အပျက်က တွတ်စီများကိုသာမက သူတို့အား ထောက်ထားစာနာသည်ဟု ယူမှတ်ခံရသော ဟူတူများကိုပါ သတ်ဖြတ်မှု ဖြစ်ပေါ်စေခဲ့သည်။

တစ်ချိန်တည်းတွင် သူပုန်တပ်ဖွဲ့များ—တွတ်စီလူမျိုးများကြီးစိုးသော အာရ်. ပီ. အက်ဖ် (ရဝမ်ဒါမျိုးချစ်တပ်ဦး)—နှင့် ဟူတူလူမျိုးများကြီးစိုးသော အစိုးရတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်လာသည်။ ဇူလိုင်လတွင် အာရ်. ပီ. အက်ဖ် တို့သည် အစိုးရတပ်များကို အနိုင်ရပြီး ကီဂါလီနှင့် ရဝမ်ဒါရှိ အခြားဒေသအတော်များများကို သိမ်းပိုက်နိုင်ခဲ့သည်။ ဇူလိုင်လဦးပိုင်းတွင် လက်စားချေခံရမည်ကိုကြောက်သည့် ထောင်သောင်းချီသော ဟူတူလူမျိုးများသည် နေရင်းပြည်မှ ထွက်ပြေးခဲ့ကြသည်။

မည်သူ့တာဝန်နည်း

ဧပြီလတွင် အဘယ်ကြောင့် အကြမ်းဖက်မှု ရုတ်တရက်ဖြစ်ပွားရကြောင်း မေးမြန်းခံရသောအခါ တွတ်စီလယ်သမားတစ်ဦးက “ခေါင်းဆောင်တွေမကောင်းလို့ပေါ့ဗျာ” ဟုဖြေသည်။

မှန်ပါသည်၊ နှစ်ရာစုများတစ်လျှောက် နိုင်ငံရေးခေါင်းဆောင်များသည် မိမိတို့၏ရန်သူများနှင့်ပတ်သက်၍ မဟုတ်မမှန်လုပ်ကြံသတင်းများ ဖြန့်ကြသည်။ “ဤလောကကို အစိုးရသောမင်း” စာတန်မာရ်နတ်၏ လမ်းညွှန်မှုအောက်တွင် လောကီနိုင်ငံရေးသမားများသည် မိမိတို့လူမျိုးများအား အခြားသော လူမျိုး၊ လူအနွယ်၊ တိုင်းနိုင်ငံများမှ လူများကို ဆန့်ကျင်တိုက်ခိုက်ရန်နှင့် သတ်ဖြတ်ရန် သွေးဆောင်လာခဲ့ကြသည်။ (ယောဟန် ၁၂:၃၁; ၂ ကောရိန္သု ၄:၄; ၁ ယောဟန် ၅:၁၉) ရဝမ်ဒါတွင် အခြေအနေများ မပြောင်းလဲသေးပါ။ သည်နယူးယောက်တိုင်းမ်စ်က ဤသို့ဆိုသည်– “နိုင်ငံရေးသမားများသည် လူမျိုးစုဆိုင်ရာ သစ္စာစောင့်သိမှုနှင့် ကြောက်လန့်မှုတို့ကို မြေတောင်မြှောက်ပေးရန် ကြိုးစားကြသည်—ဟူတူတို့အတွက် အစိုးရကို ဆက်လက်ထိန်းချုပ်နိုင်ရန်; တွတ်စီတို့အတွက်မူ သူပုန်တပ်ဦးကို ကူညီထောက်ပံ့ရန်ဖြစ်သည်။”

ရဝမ်ဒါရှိလူများသည် အများအားဖြင့်အသွင်တူကြရာ တစ်ယောက်ကိုတစ်ယောက် မုန်းတီးသတ်ဖြတ်ရန် မည်သည့်အခါမျှမမျှော်လင့်ကြပါ။ “ဟူတူနှင့် တွတ်စီတို့သည် တစ်မျိုးတည်းသော ဘာသာစကားကို ပြောဆိုကြပြီး ထုံးတမ်းစဉ်လာများမှာလည်း အများအားဖြင့်တူညီကြသည်။ လူမျိုးဆက်ပေါင်းများစွာ ထိမ်းမြားပေါင်းသင်းခြင်းများပြုခဲ့ကြပြီးနောက် ရုပ်ပိုင်းဆိုင်ရာခြားနားမှုများ—တွတ်စီတို့သည် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး၊ ဟူတူတို့က ပုပုဝဝ—ပပျောက်ကုန်ရကား လူတစ်ဦးသည် ဟူတူလော၊ တွတ်စီလောဟူ၍ ရဝမ်ဒါများ အတတ်မပြောနိုင်လောက်အောင်ပင် ဖြစ်လေ့ရှိသည်” ဟု သတင်းထောက်ရေမွန်ဘော်နာက ရေးသားခဲ့သည်။

သို့သော် မကြာသေးမီက တရစပ်ဝါဒဖြန့်ချိမှုများသည် မယုံကြည်နိုင်လောက်အောင် အကျိုးသက်ရောက်ခဲ့သည်။ အာဖရိကန်လူမျိုးအခွင့်အရေးအုပ်စု၏ ဒါရိုက်တာဖြစ်သူ အားလက်ခ်က်ဒဗားလ်က ဤသို့ရှင်းလင်းပြောဆိုသည်– “အများ၏အဆိုရ တွတ်စီစစ်သားများသည် ချိုမပါ၊ အမြီးမပါ၊ မှောင်ထဲတွင် ရဲရဲတောက်သည့်မျက်လုံးမပါပါဘဲလျက် မိမိတို့နားထောင်သော ရေဒီယိုအသံလွှင့်ခြင်းတွင် ထိုသို့ဖော်ပြခံရကြသည်ကို အာရ်. ပီ. အက်ဖ်များ သိမ်းပိုက်ထားသည့် နေရာများရှိ လယ်သမားများက အံ့သြကြသည်ဟု ဆိုသည်။”

နိုင်ငံရေးခေါင်းဆောင်များကသာ လူတို့၏အတွေးအမြင်ကို ပုံသွင်းကြသည်မဟုတ်ဘဲ ဘာသာရေးကလည်း အလားတူပြုသည်။ ရဝမ်ဒါတွင် အဓိကဘာသာများကား အဘယ်နည်း။ ယင်းတို့ကော ဘေးဆိုးကြီးအတွက် တာဝန်ရှိကြသလော။

ဘာသာရေး၏အခန်းကဏ္ဍ

ကမ္ဘာ့စာအုပ်စွယ်စုံကျမ်း (၁၉၉၄) က ရဝမ်ဒါနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “လူအများစုသည် ရိုမင်ကက်သလစ်များဖြစ်ကြသည်။ . . . ရိုမင်ကက်သလစ်နှင့် အခြားခရစ်ယာန်ချာ့ချ်များသည် အခြေခံနှင့်အထက်တန်းကျောင်း အများစုကို ဖွင့်လှစ်ထားကြသည်။” National Catholic Reporter စာစောင်က ရဝမ်ဒါကို “ကက်သလစ် ၇၀% ရှိနိုင်ငံ” ဟုခေါ်ဆိုသည်။

ဗြိတိန်နိုင်ငံထုတ် The Observer စာစောင်က ရဝမ်ဒါနိုင်ငံရှိ ဘာသာတရားများ၏အနေအထားဆိုင်ရာ နောက်ခံကို ဤသို့ရှင်းပြသည်– “ပညာရေးစနစ်ကို ကြိုးကိုင်နိုင်ရန် ချာ့ချ်များအချင်းချင်း တိုက်ခိုက်နေကြသည့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ကက်သလစ်တို့က တွတ်စီလူမျိုးအထက်တန်းလွှာများကို မျက်နှာသာပေးသောအခါ ပရိုတက်စတင့်များသည့် အနှိမ်ခံဟူတူလူမျိုးအများစုနှင့် မဟာမိတ်ဖွဲ့ကြသည်။ ၁၉၅၉ ခုတွင် ဟူတူလူမျိုးအာဏာရလာပြီး ကက်သလစ်များနှင့် ပရိုတက်စတင့်များ၏ အထောက်အပံ့ကို လျင်မြန်စွာရရှိခဲ့သည်။ ဟူတူလူမျိုးအများစုအပေါ် ပရိုတက်စတင့်တို့၏ ကူညီထောက်ပံ့မှုသည် အလွန်တည်တံ့မြဲမြံစွာရှိနေခဲ့သည်။”

ဥပမာ၊ ပရိုတက်စတင့်ချာ့ချ်ခေါင်းဆောင်များသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကို ပြစ်တင်ရှုတ်ချသလော။ The Observer က အဖြေပေးသည်– “ရဝမ်ဒါချာ့ချ်ကျောင်းများ၏ မင်းလမ်းမများပေါ်တွင် ခေါင်းပြတ်နေသော ကလေးငယ်များ၏ အလောင်းများ ပုံနေစေသည့် လူသတ်သမားများကို ပြစ်တင်ရှုတ်ချခြင်းရှိမရှိ [အင်္ဂလီကန်] ဓမ္မဆရာနှစ်ဦး အမေးခံရသည်။

“အဖြေပေးရန် သူတို့ငြင်းဆိုကြသည်။ မေးခွန်းများကို ဝေ့လည်ကြောင်ပတ်ဖြေပြီး ဂနာမငြိမ်ဖြစ်လာကာ သူတို့၏အသံများမြင့်လာပြီး ရဝမ်ဒါအကျပ်အတည်း၏ နက်ရှိုင်းသည့် အရင်းခံအကြောင်းတရား ပေါ်လာတော့သည်—အင်္ဂလီကန်ချာ့ချ်၏ ရှေးအကျဆုံးအသင်းသားများသည် သတ်ဖြတ်မှုတရားကိုဟောပြီး မြစ်များကို သွေးချင်းချင်းနီစေသော နိုင်ငံရေးဆရာသခင်များအတွက် တောက်တိုမယ်ရအခိုင်းအစေများအဖြစ် လုပ်ဆောင်ကြသည်။”

မှန်ပါသည်၊ ရဝမ်ဒါရှိ ခရစ်ယာန်ဘောင်ချာ့ချ်များသည် အခြားဒေသရှိ ချာ့ချ်များနှင့် ထူးမခြားနားဖြစ်သည်။ ဥပမာ၊ ပထမကမ္ဘာစစ်အတွင်းက နိုင်ငံရေးခေါင်းဆောင်များကို ကူညီထောက်ပံ့မှုနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် ဖရန့်ခ်. ပီ. ခရိုဇာက ဤသို့ပြောသည်– “ခရစ်ယာန်ချာ့ချ်များသည် အကြမ်းဖက်သတ်ဖြတ်လိုစိတ်ကို လှုံ့ဆော်ပေးရာတွင် အတော်ဆုံးသောသူများဖြစ်ကြပြီး သူတို့ကို ကျွန်ုပ်တို့က လွတ်လပ်စွာအသုံးချကြသည်။”

မှန်သည်၊ ဘာသာရေးခေါင်းဆောင်များသည် ဖြစ်ပျက်ခဲ့သမျှတွင် တာဝန်အရှိဆုံးသူများ ဖြစ်ကြပါသည်တကား! ၁၉၉၄ ခု၊ ဇွန်လ ၃ ရက်ထုတ် National Catholic Reporter စာစောင်က ဤသို့အစီရင်ခံထားသည်– “အာဖရိကနိုင်ငံများအကြား တိုက်ခိုက်မှုတွင် ‘အကြောင်းမလှစွာပင် ကက်သလစ်များတာဝန်မကင်းသော လူမျိုးတုံးသတ်ဖြတ်မှုအစစ်အမှန်’ ပါဝင်သည်ဟု ပုပ်ရဟန်းမင်းကပြောခဲ့သည်။”

ထင်ရှားသည်မှာ ချာ့ချ်များသည် ဟေရှာယ ၂:၄ နှင့် မဿဲ ၂၆:၅၂ စသည့်ကျမ်းချက်တို့ကို အခြေခံသော စစ်မှန်သည့်ခရစ်ယာန်စည်းမျဉ်းများကို သင်ပေးရန် ပျက်ကွက်ခြင်းဖြစ်သည်။ ပြင်သစ်သတင်းစာ လမော်န်ဒ် အရ ဓမ္မဆရာတစ်ဦးက ဤသို့ညည်းညူထားသည်– “သူတို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေကြပြီး ညီအစ်ကိုချင်းဖြစ်ကြသည်ကို တစ်ချိန်လုံးမေ့လျော့ထားကြသည်။” အခြားရဝမ်ဒါလူမျိုးဓမ္မဆရာတစ်ဦး ဤသို့မှတ်ချက်ချသည်– “ရာစုတစ်ခုကြာမျှ မေတ္တာနှင့် ခွင့်လွှတ်ခြင်းအကြောင်း သင်ပေးခြင်းခံရ ပြီးနောက်တွင်ပင် ခရစ်ယာန်များသည် အခြားခရစ်ယာန်များ၏ သတ်ဖြတ်ခြင်းကို ခံရကြသည်။ ယင်းသည် အမှားအယွင်းကြီးတစ်ခုဖြစ်သည်။” လမော်န်ဒ် သတင်းစာက ဤသို့မေးခွန်းထုတ်သည်– “ဘာရွန်ဒီနှင့် ရဝမ်ဒါတို့၌ ဖြစ်သည့်စစ်ပွဲတွင်ပါဝင်သော တွတ်စီနှင့် ဟူတူတို့သည် တစ်စုတည်းသော ခရစ်ယာန်သာသနာပြုများ၏ လေ့ကျင့်မှုကိုခံရကြပြီး တစ်မျိုးတည်းသော ချာ့ချ်ကျောင်းများကို တက်ရောက်ခဲ့ကြသည်ကို မည်သူသည် မစဉ်းစားဘဲ နေပါမည်နည်း။”

စစ်မှန်သောခရစ်ယာန်များသည် ခြားနားမှုရှိ

ယေရှုခရစ်၏ စစ်မှန်သောနောက်တော်လိုက်များသည် “သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့” ဟူသော ကိုယ်တော့်အမိန့်တော်ကို လိုက်နာကြသည်။ (ယောဟန် ၁၃:၃၄) ယေရှု သို့မဟုတ် ကိုယ်တော့်တပည့်တော်တစ်ဦးဦးက ဓားမတစ်ချောင်းကိုင်ပြီး လူတစ်ဦးအား မသေမချင်းခုတ်နေသည်ကို စိတ်ကူးကြည့်နိုင်မည်လော။ ထိုသို့ တရားလက်လွတ်သတ်ဖြတ်ခြင်းသည် “မာရ်နတ်၏သား” ဖြစ်ကြောင်း အမှတ်လက္ခဏာပင်။—၁ ယောဟန် ၃:၁၀-၁၂။

ယေဟောဝါသက်သေများသည် စစ်ပွဲများ၊ တော်လှန်ရေးများ သို့မဟုတ် စာတန်မာရ်နတ်၏ ကြိုးကိုင်မှုအောက်တွင်ရှိသော နိုင်ငံရေးသမားများက အားပေးအားမြှောက်ပြုသည့် အခြားသောပဋိပက္ခများတွင် မည်သည့်အခန်းကဏ္ဍ၌မျှ ပါဝင်ပတ်သက်ခြင်းမရှိကြချေ။ (ယောဟန် ၁၇:၁၄၊ ၁၆; ၁၈:၃၆; ဗျာဒိတ် ၁၂:၉) သို့အစား ယေဟောဝါသက်သေများသည် အချင်းချင်းတို့အပေါ် စစ်မှန်သောမေတ္တာကို တင်ပြကြသည်။ ထို့ကြောင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများတွင် ဟူတူသက်သေခံများသည် မိမိတို့၏ တွတ်စီညီအစ်ကိုများကို အကာအကွယ်ပေးရန်အတွက် မိမိတို့၏အသက်အန္တရာယ်ကို ရင်ဆိုင်ရန် ဝန်မလေးကြချေ။

သို့သော် ထိုဘေးဆိုးများသည် အံ့ဩစရာမဟုတ်ချေ။ ယေရှု၏ “ဤစနစ်ဆုံးခန်း” နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များတွင် ကိုယ်တော်ဤသို့ တင်ကူးမိန့်တော်မူခဲ့သည်– “လူများတို့သည် သင်တို့ကို . . . သတ်ကြလိမ့်မည်။” (မဿဲ ၂၄:၃၊ ၉၊ ကဘ) ဝမ်းသာစရာကား သစ္စာရှိသူများသည် သေသူများရှင်ပြန်ထမြောက်လာသောအချိန်တွင် သတိရခြင်းခံရကြမည်ဟု ယေရှုကတိပြုတော်မူသည်။—ယောဟန် ၅:၂၈၊ ၂၉။

တစ်ချိန်တည်းတွင် ရဝမ်ဒါနှင့် အခြားဒေသတိုင်းရှိ ယေဟောဝါသက်သေများသည် အချင်းချင်းချစ်ခြင်းအားဖြင့် ခရစ်တော်၏တပည့်တော်များဖြစ်ကြောင်း သက်သေထူရန် သန္နိဋ္ဌာန်ချထားကြသည်။ (ယောဟန် ၁၃:၃၅) “ဒုက္ခသည်စခန်းရှိ သက်သေခံများ” ဟူသော ပူးတွဲပါရှိသည့်မှတ်တမ်းတွင် ဖော်ပြထားသကဲ့သို့ လက်ရှိရင်ဆိုင်နေရသည့် ဆင်းရဲဒုက္ခများကြားထဲမှပင် သူတို့၏မေတ္တာက သက်သေခံမှုကိုဖြစ်စေသည်။ ယေရှု၏ပရောဖက်ပြုချက်ပါ ကိုယ်တော်မိန့်တော်မူချက်ကို ကျွန်ုပ်တို့အာလုံး သတိရသင့်သည်– “အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၃။

[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]

ဒုက္ခသည်စခန်းရှိ သက်သေခံများ

ဤနှစ်ဇူလိုင်လတွင် သက်သေခံ ၄,၇၀၀ ခန့်တို့နှင့် သူတို့၏အပေါင်းအဖော်များသည် ဒုက္ခသည်စခန်းတွင် ရှိနေခဲ့ကြသည်။ ဇိုင်ယာနိုင်ငံ၊ ဂိုမာမြို့၌ ၂,၃၇၆ ယောက်၊ ဘူကာဗူးမြို့တွင် ၄၅၄ ယောက်၊ အူဗီရာမြို့တွင် ၁,၅၉၂ ယောက် ရှိခဲ့ကြသည်။ တန်ဇန်းနီးယားနိုင်ငံ၊ ဘယ်နာကိုရွာတွင်ကား ၂၃၀ ခန့်ရှိခဲ့ကြသည်။

ဒုက္ခသည်စခန်းများသို့ ရောက်ရှိရန်ပင် မလွယ်ကူလှပါ။ သက်သေခံ ၆၀ ဦးရှိ အသင်းတော်တစ်ခုသည် တန်ဇန်းနီးယားနိုင်ငံရှိ ဒုက္ခသည်စခန်းသို့ရောက်နိုင်သည့် အဓိကလမ်းကြောင်းတစ်ခုဖြစ်သော ရူစူမိုတံတားကို ဖြတ်ကူးရန် ကြိုးစားခဲ့ကြသည်။ ဖြတ်ကူးခွင့်မရကြသောကြောင့် မြစ်ကမ်းနားတစ်လျှောက်တွင် တစ်ပတ်အထိ လျှောက်သွားနေကြသည်။ ထို့နောက် သူတို့သည် ကနူးလှေများဖြင့် မြစ်ကိုဖြတ်ကူးရန် ဆုံးဖြတ်ကြသည်။ သူတို့အောင်မြင်သွားပြီး ရက်အနည်းငယ်အကြာတွင် တန်ဇန်းနီးယားရှိ ဒုက္ခသည်စခန်းသို့ ဘေးမသီရန်မခ ရောက်ရှိသွားကြသည်။

အခြားနိုင်ငံများရှိ ယေဟောဝါသက်သေများသည် ကြီးမားသည့်ကယ်ဆယ်ရေးလုပ်ငန်းများကို ဖွဲ့စည်းစီစဉ်ကြသည်။ ပြင်သစ်နိုင်ငံရှိ သက်သေခံများသည် အဝတ်အစားတန်တစ်ရာ၊ ရှူးဖိနပ်ကိုးတန်တို့နှင့်အတူ အစားအသောက်နှင့် ဆေးဝါးများကို စုဆောင်းရရှိပြီး လိုအပ်သည့်ဒေသများသို့ ပို့ပေးလိုက်သည်။ ဒုက္ခသည်စခန်းများရှိ ညီအစ်ကိုများ ဦးဆုံးတောင်းဆိုလေ့ရှိသည့်အရာမှာ ကျမ်းစာအုပ် သို့မဟုတ် ကင်းမျှော်စင် သို့မဟုတ် နိုးလော့! မဂ္ဂဇင်းတို့ ဖြစ်သည်။

အိုးမဲ့အိမ်မဲ့ဖြစ်နေကြသော မိမိတို့၏ညီအစ်ကိုများအား လာရောက်လည်ပတ်ပြီး အကူအညီပေးကြသော ဇိုင်ယာနှင့် တန်ဇန်းနီးယားရှိ သက်သေခံများတင်ပြသည့်မေတ္တာကို အကဲခတ်သူများစွာတို့က ထိမိစွဲမှတ်သွားကြသည်။ ဒုက္ခသည်တစ်ဦးက “ခင်ဗျားတို့ဘာသာက လူတွေ ခင်ဗျားတို့ဆီ လာလည်ကြတယ်။ ကျွန်တော်တို့ဆီကျတော့ ဓမ္မဆရာတစ်ယောက်မှတောင် လာမလည်ကြဘူး” ဟုပြောသည်။

စခန်းများတွင် သက်သေခံများကို ကောင်းစွာလူသိများလာကြသည်။ အများအားဖြင့် သူတို့၏စည်းလုံးမှု၊ စည်းစနစ်ကျနမှုနှင့် နှစ်လို့ဖွယ်စိတ်ထားတို့ကြောင့် ဖြစ်သည်။ (ယောဟန် ၁၃:၃၅) စိတ်ဝင်စားဖွယ်မှတ်သားစရာကား တန်ဇန်းနီးယားနိုင်ငံ၊ ဘယ်နာကိုကျေးရွာတွင် သက်သေခံများသည် ဒုက္ခသည် ၂၅၀,၀၀၀ ခန့်အကြားတွင် မိမိတို့၏သက်သေခံချင်းတို့ကို ရှာတွေ့ရန် ၁၅ မိနစ်သာကြာသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ