ဓမ္မပညာရပ်ဆိုင်ရာ ဘေးကျပ်နံကျပ်အခြေအနေ
“ဝိညာဉ်မသေနိုင်ဟူသောအယူအဆနှင့် လူသေများ ရှင်ပြန်ထမြောက်လာမည်ဟူသောယုံကြည်ချက်သည် . . . လုံးဝခြားနားသောအခြေအနေမှ အတွေးအခေါ်နှစ်ခုဖြစ်ပြီး တစ်ခုမဟုတ်တစ်ခုကို ရွေးချယ်ရန်လိုသည်”။ ဖီလစ်မနျူး၏ ဤစကားများသည် လူသေများ၏အခြေအနေနှင့်ပတ်သက်၍ ပရိုတက်စတင့်နှင့် ကက်သလစ်ဓမ္မပညာရှင်များ ကြုံကြိုက်နေရသော ဘေးကျပ်နံကျပ်အခြေအနေကို အကျဉ်းချုပ်ဖော်ပြသည်။ သမ္မာကျမ်းစာက “နောက်ဆုံးသောနေ့၌” ထမြောက်ရန်မျှော်လင့်ချက်ရှိမည်အကြောင်း ဖော်ညွှန်းထားသည်။ (ယောဟန် ၆:၃၉၊ ၄၀၊ ၄၄၊ ၅၄) သို့သော် ယုံကြည်သူများစွာ၏ မျှော်လင့်ချက်သည် “ဝိညာဉ်မသေနိုင်ဟူသည့်အယူအဆအပေါ် အခြေခံကာ ယင်းအယူအရ လူသေသည့်အခါ ဝိညာဉ်သည် ကိုယ်ခန္ဓာမှ ခွဲခွာသွားပြီး ဘုရားသခင့်ထံသို့ ပြန်သွားသည်ဟုဆိုသဖြင့် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် လုံးလုံးလျားလျားမဟုတ်သည်တိုင် များစွာပျောက်လွင့်နေသည်” ဟုဓမ္မပညာရှင် ဂစ္စဘာ့တ် ဂရီရှာကာကဆိုသည်။
ထိုသို့ဆိုသောကြောင့် အငြင်းပွားစရာပြဿနာတစ်ခု ပေါ်လာသည်ဟု ဗနာဒ်စေဘူအေးက ရှင်းပြသည်– “ကိုယ်ခန္ဓာသေဆုံးချိန်နှင့် နောက်ဆုံးထမြောက်ချိန် ‘စပ်ကြားကာလ’ အတွင်း လူသေသည် အဘယ်အခြေအနေတွင်ရှိသနည်း။” ဤမေးခွန်းသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဓမ္မပညာရပ်ဆိုင်ရာအငြင်းပွားမှု၏ အဓိကအချက် ဖြစ်နေပုံရှိသည်။ ၎င်းမေးခွန်း အဘယ်ကြောင့်ပေါ်လာသနည်း။ ထိုထက်အရေးကြီးသည်ကား လူသေများအတွက် စစ်မှန်သောမျှော်လင့်ချက်ကား အဘယ်နည်း။
ဘေးကျပ်နံကျပ်အခြေအနေ၏မူလနှင့် ကြီးထွားရင့်သန်လာခြင်း
ကနဦးခရစ်ယာန်များသည် ယင်းအကြောင်းကို ရှင်းရှင်းလင်းလင်း နားလည်ထားကြသည်။ လူသေများသည် အဘယ်အရာကိုမျှမသိကြောင်း ကျမ်းစာမှတစ်ဆင့် သူတို့သိရှိထားသည်။ အကြောင်းမူကား ဟေဗြဲကျမ်းစာစောင်က ဤသို့ဆိုသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ . . . သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။” (ဒေသနာ ၉:၅၊ ၁၀) လာလတ္တံ့သော “သခင်ဘုရားကြွလာတော်မူသောအခါ” ရှင်ပြန်ထမြောက်လာရန် ထိုခရစ်ယာန်များ မျှော်လင့်ခဲ့ကြသည်။ (၁ သက်သာလောနိတ် ၄:၁၃-၁၇) ထိုအချိန်အခါကို စောင့်မျှော်နေစဉ် အခြားတစ်နေရာရာတွင် သူတို့အသိအာရုံရှိနေမည်ဟု မမျှော်လင့်ခဲ့ပါ။ ယုံကြည်ခြင်းဝါဒအတွက်ဗက်တီကင်အသင်းတော်၏ လက်ရှိအုပ်ချုပ်ရေးမှူး ဂျိုးစက်ရက်ဇင်ဂါက ဤသို့ဆိုသည်– “ရှေးခေတ်ချာ့ချ်တွင် ဝိညာဉ်မသေနိုင်ကြောင်းကို ထောက်ခံသည့်အယူ မရှိပါ။”
သို့ရာတွင် အသင်းတော်ဖခင်များဖြစ်သည့် ဩဂတ်စ်တင်း သို့မဟုတ် အမ်ဘရို့စ် အစရှိသူတို့၏အရေးအသားများကို ဖတ်ရှုသည့်အခါ “ကျမ်းစာထုံးတမ်းစဉ်လာနှင့်ပတ်သက်၍ အသစ်အဆန်းတစ်ခုဖြစ်သော ရဟူဒီ-ခရစ်ယာန်များ၏အယူနှင့် အခြေခံသဘော လုံးဝမတူသည့် ဂရိအက်စ်ကတော်လဂျီ ပေါ်ထွက်လာခြင်းကို သတိပြုမိကြရသည်” ဟုနူအောဗိုး ဒီဇီအောနာရယို ဒီ တေအောလောရှီအားက ရှင်းပြသည်။ ဤသွန်သင်ချက်အသစ်သည် “ဝိညာဉ်မသေနိုင်ခြင်း၊ အသက်ထွက်သည်နှင့် တစ်ဦးချင်းစီကို တရားစီရင်ပြီး ဆုသော်လည်းကောင်း၊ ဒဏ်သော်လည်းကောင်း ချက်ချင်းပေးခြင်း” အပေါ်အခြေပြုသည်။ သို့ဖြစ်သောကြောင့် “စပ်ကူးမပ်ကူးအခြေအနေ” အကြောင်း မေးမြန်းစရာပေါ်လာသည်– ကိုယ်ခန္ဓာသေပြီးနောက် ဝိညာဉ်သည် ဆက်အသက်ရှင်နေမည်ဆိုလျှင် “နောက်ဆုံးသောနေ့” ၌ရှင်ပြန်ထမြောက်ရန် စောင့်မျှော်နေစဉ် ယင်းသည် အဘယ်အခြေအနေတွင်ရှိသနည်း။ ဤဘေးကျပ်နံကျပ်ကိစ္စကို ဓမ္မပညာရှင်များ ကြိုးစား၍ဖြေရှင်းကြသည်။
လူသေသည့်အခါ ဝိညာဉ်သည် ၎င်းရောက်သင့်ရောက်ရာအရပ်သို့ ချက်ချင်းသွားသည်ဟု စီ.အီး. ဆဋ္ဌမရာစုတွင် ပုပ်ရဟန်းမင်းဂယ်ဂရီ (၁) က အချေအတင်ပြောဆိုခဲ့သည်။ ဆယ့်လေးရာစုမှ ပုပ်ရဟန်းမင်းဂျောန် (၂၂) ကမူ တရားစီရင်ရာနေ့တွင် လူသေတို့သည် ရသင့်ရထိုက်သောဆုကိုရရှိကြမည်ဟု အခိုင်အမာယုံကြည်သည်။ ပုပ်ရဟန်းမင်းဘင်နီဒစ် (၇) ကျပြန်လျှင် မိမိဆက်ခံသူ၏စကားကို ချေပသည်။ စာချွန်လွှာ ဘင်နီဒစ်တပ်စ် ဒျူးစ် (၁၃၃၆) တွင် “ကွယ်လွန်သူတို့၏ဝိညာဉ်များသည် သုခချမ်းသာ [ကောင်းကင်]၊ အပြစ်ချွတ်ခံရခြင်း [ငရဲကလေး]၊ သို့မဟုတ် အပြစ်ဒဏ်စီရင်ခံရခြင်း [ငရဲ] သို့ အသက်ထွက်သည်နှင့် ရောက်ရှိပြီး ကမ္ဘာကုန်သည့်အခါ၌သာ ရှင်ပြန်ထမြောက်လာသော ကိုယ်ခန္ဓာများနှင့် ပြန်ပေါင်းစပ်သည်” ဟုသူဆင့်ဆိုသည်။
ပရိုတက်စတင့်နှင့် ဩသဒေါက်စ်ချာ့ချ်အများစုက ငရဲကလေးရှိသည်ဟု မယုံနိုင်၍ အချေအတင် အငြင်းပွားမှုဖြစ်ခဲ့သော်လည်း ခရစ်ယာန်ဘောင်ချာ့ချ်များသည် ဤအနေအထားကို ရာစုနှစ်ပေါင်းများစွာ ခံယူထားကြပြီ။ သို့ရာတွင် ပြီးခဲ့သောရာစုနှစ်၏ အကုန်ပိုင်းမှစ၍ ဝိညာဉ်မသေနိုင်အယူဝါဒသည် ကျမ်းစာမှဇာစ်မြစ်ခံခြင်းမဟုတ်ကြောင်းကိုဖော်ညွှန်းသူ ပညာရှင်များအရေအတွက်မှာ တိုးများလာနေပါသည်။ ယင်းကြောင့် “လူသားသည် ကွယ်လွန်ချိန်တွင် လုံးလုံးလျားလျား ပျက်စီးသွားသည့် ပေါင်းစပ်မှုတစ်ခုအဖြစ် ခေတ်သစ်ဓမ္မပညာရပ်က ယခုယူဆလေ့ရှိသည်။” (ဘာသာတရားစွယ်စုံကျမ်း) ထို့ကြောင့် ကျမ်းစာဋီကာဖွင့်သူတို့က “စပ်ကူးမပ်ကူးအခြေအနေ” ရှိကြောင်းကို ဆင်ခြေပေးရန် အခက်တွေ့နေကြသည်။ ယင်းကို သမ္မာကျမ်းစာ ဖော်ညွှန်းထားသလော။ သို့မဟုတ် အခြားမျှော်လင့်ချက်တစ်ခုကို ဖော်ပြထားသလော။
“စပ်ကူးမပ်ကူးအခြေအနေ” ရှိသည်ဟု ပေါလုယုံကြည်ခဲ့သလော
Catechism of the Catholic Church က ဤသို့ဆိုသည်– “ခရစ်တော်၌ ထမြောက်ရန် ခရစ်တော်၌သေရမည်– ကျွန်ုပ်တို့သည် ‘ကိုယ်ခန္ဓာနှင့်ကွာဝေးပြီး သခင်ဘုရားထံတော်၌ နေမြဲနေရ’ မည်။ [၂ ကောရိန္သု ၅:၈] ထိုသို့ ‘ကွာဝေး’ သည့် သေဆုံးချိန်တွင် ဝိညာဉ်စိုးလ်သည် ကိုယ်ခန္ဓာမှ ကွဲကွာသွားသည်။ [ဖိလိပ္ပိ ၁:၂၃] လူသေများ ရှင်ပြန်ထမြောက်သည့်နေ့တွင် ကိုယ်ခန္ဓာနှင့် ပြန်ပေါင်းစပ်ပါလိမ့်မည်။” သို့သော် ဤတွင်ကိုးကားထားသည့်ကျမ်းချက်များ၌ ကိုယ်ခန္ဓာသေဆုံးသည့်အခါ ဝိညာဉ်စိုးလ်သည်ဆက်အသက်ရှင်ပြီး ကိုယ်ခန္ဓာနှင့် ပြန်ပေါင်းစပ်ရန် “နောက်ဆုံးတရားစီရင်ခြင်း” ကိုစောင့်မျှော်နေသည်ဟု တမန်တော်ပေါလုပြောဆိုနေခြင်းလော။
၂ ကောရိန္သု ၅:၁ တွင် ပေါလုက မိမိကွယ်လွန်ခြင်းကိုရည်ညွှန်းပြီး “ပျက်” ရသည့် “မြေအိမ်” အကြောင်းပြောဆိုနေသည်။ မသေနိုင်သောဝိညာဉ်စိုးလ် စွန့်ပစ်ထားသည့်ကိုယ်ခန္ဓာကို သူဆိုလိုနေသလော။ မဟုတ်ပါ။ လူသည် ဝိညာဉ်စိုးလ်ဖြစ်သည်ဟု ပေါလုယုံကြည်ပါသည်။ ဝိညာဉ်စိုးလ်ရှိသည်ဟု မယုံကြည်ပါ။ (ကမ္ဘာဦး ၂:၇; ၁ ကောရိန္သု ၁၅:၄၅) ပေါလုသည် ဝိညာဉ်တော်ဘိသိက်ခံခရစ်ယာန်တစ်ဦးဖြစ်၍ သူ၌ သူ၏ပထမရာစုညီအစ်ကိုများနည်းတူ “ကောင်းကင်ဘုံ၌သိုထားသော” မျှော်လင့်ချက်ရှိသည်။ (ကောလောသဲ ၁:၅; ရောမ ၈:၁၄-၁၈) ထို့ကြောင့် သူ၏ “အလွန်တောင့်တလိုချင်သောစိတ်” မှာ ဘုရားသခင်ကန့်သတ်ထားချိန်တွင် မသေနိုင်သောဝိညာဉ်သားတစ်ဦးအဖြစ် ကောင်းကင်သို့ ထမြောက်ခံရရန်ဖြစ်သည်။ (၂ ကောရိန္သု ၅:၂-၄) ဤမျှော်လင့်ချက်နှင့်ပတ်သက်၍ သူက ဤသို့ရေးသားခဲ့သည်– “နောက်ဆုံးသောတံပိုး မှုတ်သောအခါ၊ . . . ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌တည်လျက် ထမြောက်၍ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။”—၁ ကောရိန္သု ၁၅:၅၁၊ ၅၂။
၂ ကောရိန္သု ၅:၈ ၌ပေါလုက ဤသို့ဆိုသည်– “ကိုယ်ခန္ဓာနှင့်ကွာဝေးရာအရပ်သို့သွား၍ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှာ အလိုရှိလျက် ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။” ဤစကားများသည် စောင့်မျှော်နေရသည့် စပ်ကူးမပ်ကူးအခြေအနေကို ရည်ညွှန်းသည်ဟု အချို့ယူမှတ်သည်။ ဤသို့သောသူများက သစ္စာရှိတပည့်နောက်လိုက်များအား ‘ကိုယ်တော်ထံသို့ သိမ်းဆည်း’ ရန် ယေရှုသွား၍ နေစရာအရပ်ကိုပြင်ဆင်မည်ဟူသော ကိုယ်တော်၏ကတိတော်ကိုလည်း ကိုးကားကြသည်။ သို့သော် ဤမျှော်လင့်ချက်များသည် အဘယ်အချိန်တွင် ပြည့်စုံမည်နည်း။ အနာဂတ်ကာလတွင် ခရစ်တော်ရောက်ရှိမည့် “တစ်ဖန်လာပြန်” သည့်အခါ၌ဖြစ်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၄:၁-၃) ထိုနည်းတူ ၂ ကောရိန္သု ၅:၁-၁၀ တွင်ပေါလုက ဘိသိက်ခံခရစ်ယာန်အားလုံးတို့၏ မျှော်လင့်ချက်မှာ ကောင်းကင်အိမ်ထဲသို့ဝင်စားခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ဖြစ်လာဖို့ရန် ဝိညာဉ်စိုးလ်မသေနိုင်ဟု ယူမှတ်ထားခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ရောက်ရှိချိန်တွင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ဖြစ်ပျက်မည်။ (၁ ကောရိန္သု ၁၅:၂၃၊ ၄၂-၄၄) ထို့ကြောင့် ၂ ကောရိန္သု ၅:၁-၁၀ ကို “ကောင်းစွာနားလည်နိုင်ရန် ‘စပ်ကူးမပ်ကူးအခြေအနေ’ ဟူသောမှန်းဆချက်ကို အားကိုးစရာမလို” ဟု ဋီကာဆရာ ရှာလ်မာစောန်က ကောက်ချက်ချသည်။
ဖိလိပ္ပိ ၁:၂၁၊ ၂၃ တွင် ပေါလုက ဤသို့ဆိုသည်– “ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏။ ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည် ယခုကျဉ်းမြောင်းစွာနေရ၏။ သေလွန်၍ ခရစ်တော်နှင့်အတူနေခြင်းငှာ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍အလွန်ထူးမြတ်သော အကျိုးဖြစ်၏။” ဤတွင် ပေါလုက “စပ်ကူးမပ်ကူးအခြေအနေ” ကိုရည်ညွှန်းနေခြင်းလော။ အချို့က ထိုသို့ယူမှတ်ကြသည်။ သို့ရာတွင် ပေါလုက ဖြစ်နိုင်စရာအကြောင်းနှစ်ခု—အသက်ရှင်ခြင်း သို့မဟုတ် သေခြင်း—၏ဖိစီးမှုကို ခံနေရ၏ဟုဆိုသည်။ သို့သော် သူ ‘တောင့်တလိုချင်သောအရာ’ မှာ “သေလွန်၍ ခရစ်တော်နှင့်အတူနေခြင်း” ဖြစ်သည်ဟုတတိယဖြစ်နိုင်စရာအကြောင်းတစ်ခုကို ထပ်ဆင့်၍ဖော်ပြသည်။ သေသည်နှင့် ခရစ်တော်နှင့်အတူနေရန် ‘သေလွန်ခြင်း’ လော။ သိရှိနားလည်ထားနှင့်သည့်အတိုင်းပင် သစ္စာရှိဘိသိက်ခံ ခရစ်ယာန်များသည် ခရစ်တော်ရောက်ရှိချိန်တွင် ရှင်ပြန်ထမြောက်လာမည်ဟု ပေါလုယုံကြည်သည်။ ထို့ကြောင့် ၎င်းအချိန်အခါတွင် ဖြစ်ပျက်မည့်အမှုများကို သူဆိုလိုနေခြင်းဖြစ်မည်။
ဤသို့ဆိုလိုကြောင်းကို ဖိလိပ္ပိ ၃:၂၀၊ ၂၁ နှင့် ၁ သက်သာလောနိတ် ၄:၁၆ ပါ သူ၏စကားများမှ သဘောပေါက်နားလည်နိုင်သည်။ ခရစ်တော်ယေရှု ရောက်ရှိချိန်အတွင်း ဤကဲ့သို့ ‘စုတေ့ခြင်း’ က ပေါလုအတွက် ဘုရားသခင်ပြင်ဆင်ထားတော်မူသည့် ဆုကျေးဇူးကို သူ့အားရရှိစေမည်ဖြစ်သည်။ ပေါလုဤသို့မျှော်လင့်ကြောင်းကို လူငယ်တိမောသေအား သူပြောဆိုသောစကားများက ဖော်ပြသည်– “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်စီရင်သောသူ တည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။”—၂ တိမောသေ ၄:၈။
ရှင်ပြန်ထမြောက်ခြင်း —ခမ်းနားထည်ဝါသောကျမ်းစာသမ္မာတရား
ကနဦးခရစ်ယာန်များသည် ရှင်ပြန်ထမြောက်ခြင်းကို ခရစ်တော်ရောက်ရှိချိန်တွင်စမည့် အဖြစ်အပျက်တစ်ခုဟု ယူမှတ်ကြသည်။ ဤခမ်းနားထည်ဝါသော ကျမ်းစာသမ္မာတရားမှ သူတို့သည် ခွန်အားနှင့် စိတ်သက်သာမှုကို ခံစားကြရသည်။ (မဿဲ ၂၄:၃; ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၄၊ ၂၅; ၁ ကောရိန္သု ၁၅:၁၉၊ ၂၀; ၁ သက်သာလောနိတ် ၄:၁၃) အနာဂတ်တွင်ရရှိမည့် ထိုပျော်ရွှင်မှုကို သူတို့သည် သစ္စာတည်ကြည်စွာ စောင့်မျှော်နေကြစဉ် ဝိညာဉ်စိုးလ်မသေနိုင်ဟူသော ယုံကြည်ခြင်းဖောက်ပြန်သူများ၏ သွန်သင်ချက်များကို သူတို့ငြင်းပယ်ကြသည်။—တမန်တော် ၂၀:၂၈-၃၀; ၂ တိမောသေ ၄:၃၊ ၄; ၂ ပေတရု ၂:၁-၃။
ရှင်ပြန်ထမြောက်ခြင်းကို ကောင်းကင်မျှော်လင့်ချက်ရှိသူ ခရစ်ယာန်များအတွက်သာ ကန့်သတ်မထားပါ။ (၁ ပေတရု ၁:၃-၅) ရှေးဘိုးဘေးများနှင့် ရှေးခေတ်က ဘုရားသခင်၏ ကျေးကျွန်များပါ လူသေကို မြေကြီးအသက်တာပြန်ပေးနိုင်သောအစွမ်းတန်ခိုး ယေဟောဝါ၌ရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ (ယောဘ ၁၄:၁၄၊ ၁၅; ဒံယေလ ၁၂:၂; လုကာ ၂၀:၃၇၊ ၃၈; ဟေဗြဲ ၁၁:၁၉၊ ၃၅) “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ ရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်” ဖြစ်သောကြောင့် နှစ်ရာစုပေါင်းတစ်လျှောက် ဘုရားသခင်ကိုမသိခဲ့သူ သန်းပေါင်းများစွာပင်လျှင် ကမ္ဘာ့ပရဒိသုထဲသို့ အသက်ပြန်ရှင်လာခွင့်ရှိသည်။ (တမန်တော် ၂၄:၁၅; လုကာ ၂၃:၄၂၊ ၄၃) ယင်းကား ရင်ဖိုဖွယ်မျှော်လင့်ချက်တစ်ခု မဟုတ်ပေလော။
ဒုက္ခဆင်းရဲနှင့် သေခြင်းသည် အမြဲရှိနေလိမ့်မည်ဟု ကျွန်ုပ်တို့အား ယုံကြည်စေမည့်အစား “နောက်ဆုံးသောရန်သူတည်းဟူသော သေမင်း” ကို ထာဝစဉ်ဖျက်ဆီးပြီး ပရဒိသုအခြေအနေသို့ ပြန်လည်ထူထောင်လာသောကမ္ဘာပေါ်တွင် သစ္စာရှိသူတို့သည် ထာဝစဉ်အသက်ရှင်ကြမည့်အချိန်ကို ယေဟောဝါက အာရုံပြုစေတော်မူသည်။ (၁ ကောရိန္သု ၁၅:၂၆; ယောဟန် ၃:၁၆; ၂ ပေတရု ၃:၁၃) ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများ ပြန်အသက်ရှင်လာသည်ကို တွေ့မြင်ရသည့်အခါ မည်မျှဝမ်းသာစရာဖြစ်ပါမည်တကား! ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုမဟုတ် ဂရိအတွေးအခေါ်ပညာကိုအခြေခံသော မှန်းဆချက်မျှဖြစ်သည့် လူ့ဝိညာဉ်စိုးလ်မသေနိုင်ဟူသောအယူဝါဒထက် ဤစိတ်ချရသောမျှော်လင့်ချက်သည် အမှန်တကယ်သာလွန်ကောင်းမြတ်လှသည်တကား! သင်သည် ဘုရားသခင်၏ စိတ်ချရသောကတိတော်ကို အခြေပြုပြီး မျှော်လင့်မည်ဆိုလျှင် မကြာမီ “သေဘေးမရှိ” တော့မည်ကို အသင်လည်းစိတ်ချနိုင်ပါလိမ့်မည်။—ဗျာဒိတ် ၂၁:၃-၅။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ရှင်ပြန်ထမြောက်ခြင်းသည် ခမ်းနားထည်ဝါသော ကျမ်းစာသမ္မာတရားဖြစ်သည်