ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၄/၁၅ စာ. ၂၀-၂၅
  • “မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသည် ရက်စက်သောဘုရားတစ်ပါးလော
  • “နေမင်းသည်” ပေါ်ထွန်းတော်မူမည်
  • ကြီးကျယ်သည့်ပညာပေးအစီအစဉ်
  • ယေဟောဝါ၏နေ့ကို မည်သူကပ်ကျော်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • မာလခိကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့ကြီး နီးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သင်သည် ဧလိယကဲ့သို့ သစ္စာရှိမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၄/၁၅ စာ. ၂၀-၂၅

“မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့”

“မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်!”—မာလခိ ၄:၁။

၁ မာလခိ ၄:၁ နှင့်ပတ်သက်၍ မည်သည့်မေးခွန်းပေါ်ပေါက်လာသနည်း။

ဤနောက်ဆုံးကာလ၌ မိမိ၏အောက်မေ့ရာစာစောင်တွင် အမည်ရေးမှတ်ခံရရန် ယေဟောဝါရွေးချယ်သောသူများသည် ပျော်ရွှင်ကြသည်။ သို့သော် ထိုအခွင့်အရေးအတွက် အရည်အချင်းမမီသောသူများ မည်သို့ဖြစ်မည်နည်း။ သူတို့သည် မင်းစိုးရာဇာဖြစ်စေ၊ သာမန်လူတန်းစားဖြစ်စေ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများနှင့် သူတို့၏သတင်းစကားကို မထီလေးစားဆက်ဆံလျှင် မည်သို့ကြုံတွေ့ကြရမည်နည်း။ စာရင်းရှင်းမည့်နေ့တစ်နေ့အကြောင်း မာလခိပြောပြသည်။ အခန်းကြီး ၄၊ အခန်းငယ် ၁ တွင် ဤသို့ဖတ်ရသည်– “‘မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည်လောင်လိမ့်မည်’ ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။”

၂။ ယေဟောဝါ၏ တရားစီရင်ခြင်းဆိုင်ရာ ပီပြင်ပြတ်သားသော မည်သည့်သရုပ်ဖော်ချက်ကို ယေဇကျေလအားဖြင့် ဖော်ပြသနည်း။

၂ အခြားပရောဖက်များကလည်း လူမျိုးများအား ယေဟောဝါတရားစီရင်ခြင်းကို မီးဖို၏အလွန်ပြင်းထန်သောအပူဖြင့် နှိုင်းယှဉ်ထားသည်။ ယေဇကျေလ ၂၂:၁၉-၂၂ သည် အယူဖောက်ပြန်သည့်ခရစ်ယာန်ဘောင် ဂိုဏ်းဂဏများကို ဘုရားသခင်တရားစီရင်ခြင်းနှင့် မည်မျှဆီလျော်စွာ သက်ဆိုင်လိုက်သည်ဖြစ်ခြင်း! ယင်းတွင် ဤသို့ဖတ်ရသည်– “ထို့ကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား ‘သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့် . . . ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှာ မိုက်ထဲ၌စုထားသကဲ့သို့ ထိုအတူ ငါသည်ပြင်းစွာအမျက်ထွက်လျက် သင်တို့ကို . . . စုထား၍ အရည်ကျိုမည်။ အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်ကိုမီးမှုတ်၍ သင်တို့သည် မြို့ထဲမှ အရည်ကျိုခြင်းကို ခံရကြလိမ့်မည်။ ငွေကိုမိုက်ထဲမှာ အရည်ကျိုသကဲ့သို့ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကိုခံရသဖြင့် ငါထာဝရဘုရားသည် သင်တို့အပေါ်သို့ ငါ၏ဒေါသအရှိန်ကိုသွန်းလောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။”

၃၊ ၄။ (က) ဓမ္မဆရာများသည် မည်သို့အသံကောင်းဟစ်ကြသနည်း။(ခ) ဘာသာရေးဆိုင်ရာ မည်သည့်ဆိုးရွားယုတ်ညံ့သည့်မှတ်တမ်းရှိသနည်း။

၃ အမှန်ပင် ထိရောက်သည့်ပုံဖော်ချက်ပါတကား! ယေဟောဝါ၏နာမတော်ကို အသုံးပြုရန်ရှောင်လွှဲရုံမက ထိုသန့်ရှင်းသောနာမတော်ကို သရော်စော်ကားသော ဓမ္မဆရာများသည် ထိုစာရင်းရှင်းမည့်နေ့ကြီးကို မုချရင်ဆိုင်ကြရမည်။ သူတို့နှင့် သူတို့၏မဟာမိတ်များသည် မြေကြီးပေါ်တွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်မည် သို့မဟုတ် အနည်းဆုံး ဘုရားသခင့်နိုင်ငံတော်တည်ထောင်ရန် သင့်လျော်သည့်အခြေအနေကို ဖန်တီးမည်ဟု ရောင့်တက်စွာဆိုကြသည်။

၄ အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်သည် ကြောက်မက်ဖွယ်စစ်ပွဲများဆင်နွှဲခြင်းတွင် နိုင်ငံရေးခေါင်းဆောင်များနှင့်အတူ ပါဝင်ဆောင်ရွက်ကြသည်။ အလယ်ခေတ်က ခရူးဆိတ်စစ်ပွဲများ၊ စပိန်နိုင်ငံရှိ ဘာသာရေးခုံရုံး၊ ၁၇ ရာစုက ဥရောပတစ်ခွင် ပြုတ်ပြုတ်ပြုန်းစေသော အနှစ်သုံးဆယ်စစ်ပွဲနှင့် ၁၉၃၀ ပြည့်လွန်နှစ်များ၌ စပိန်နိုင်ငံတွင် ချာ့ချ်ဝါဒတည်မြဲရေးအတွက် တိုက်ခိုက်သောစစ်ပွဲတို့သည် သမိုင်းတွင်လျက်ရှိသည်။ ကျွန်ုပ်တို့ရာစုတွင်ဖြစ်ပွားသော ကမ္ဘာစစ်ကြီးနှစ်ခုတွင် ယုံကြည်သူချင်းတို့ကိုသာမက ဘာသာခြားသူများကိုပင် ကျောသားရင်သားမခွဲခြားဘဲ တံခါးမရှိဓားမရှိ သတ်ဖြတ်သည့် အကြီးကျယ်ဆုံးသောသွေးသွန်းမှုကြီး ဖြစ်ပွားခဲ့သည်။ မကြာလှသေးမီက အိုင်ယာလန်နိုင်ငံတွင် ကက်သလစ်နှင့်ပရိုတက်စတင့်တို့အကြား၊ အိန္ဒိယနိုင်ငံတွင် ဘာသာရေးဂိုဏ်းဂဏများအကြား၊ ယခင်ယူဂိုဆလားဗီးယားနိုင်ငံမှ ဘာသာရေးအုပ်စုများအကြား လူသတ်စစ်ပွဲများဖြစ်ပွားခဲ့သည်။ သာသာရေးသမိုင်း၏ စာမျက်နှာများသည် ထောင်ပေါင်းများစွာသော သစ္စာရှိယေဟောဝါသက်သေတို့၏ အာဇာနည်သေခြင်းဖြင့်လည်း သွေးစွန်းလျက်ရှိသည်။—ဗျာဒိတ် ၆:၉၊ ၁၀။

၅။ ဘာသာမှားအတွက် မည်သည့်တရားစီရင်ခြင်းစောင့်ဆိုင်းလျက်ရှိသနည်း။

၅ မဟာဗာဗုလုန်ဘာသာရေးအင်ပါယာနှင့် ယင်းကိုထောက်ခံသူများအား စီရင်ချက်ချရန်ခြေလှမ်းလှမ်းရာတွင် ယေဟောဝါ၏တရားမျှတမှုကို ကျွန်ုပ်တို့မလွဲဧကန်ကျေးဇူးတင်လေးမြတ်နိုင်သည်။ ဤစီရင်ချက်ချမှတ်ခြင်းကို ဗျာဒိတ် ၁၈:၂၁၊ ၂၄ တွင် ဖော်ပြထားသည်– “ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ၍ ပင်လယ်ထဲသို့ချပစ်ပြီးလျှင် ‘ထိုနည်းတူ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာချပစ်၍ နောက်တစ်ဖန်မပေါ်မရှိရ။ ပရောဖက်တို့၏အသွေး၊ သန့်ရှင်းသူတို့၏အသွေး၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူအပေါင်းတို့၏အသွေးကို ထိုမြို့၌တွေ့ရ၏။’”

၆။ (က) မည်သူများသည် အမှိုက်ခြောက်ကဲ့သို့ဖြစ်ရမည်နည်း။ အဘယ်ကြောင့်နည်း။ (ခ) ယေဟောဝါအားကြောက်ရွံ့သူများအတွက် မည်သည့်အာမခံချက်ရှိသနည်း။

၆ အချိန်တန်လျှင် ဖြောင့်မတ်ခြင်း၏ရန်သူအားလုံးနှင့် သူတို့ကိုနာခံလိုက်လျှောက်သူအားလုံးတို့သည် “အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။” ယေဟောဝါ၏နေ့ကြီးသည် မီးဖိုကဲ့သို့ သူတို့အလယ်တွင် လောင်ကျွမ်းလိမ့်မည်။ “သူတို့၏အရင်းအဖျားမျှ မကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည်လောင်လိမ့်မည်။” ထိုစာရင်းရှင်းရာနေ့ကြီးတွင် ကလေးသူငယ်များ သို့မဟုတ် အကိုင်းအခက်များသည် သူတို့၏အမြစ်များတည်းဟူသော သူတို့ကိုအုပ်ထိန်းသောမိဘများကို ယေဟောဝါသတ်မှတ်သည်အတိုင်း သူတို့လည်းတရားနည်းလမ်းကျစွာ ပြုမူခံရကြမည်ဖြစ်သည်။ ဆိုးညစ်သောမိဘများသည် သူတို့၏ဆိုးညစ်သောလမ်းစဉ်များကို အဓွန့်ရှည်စေမည့် သားစဉ်မြေးဆက်ရှိမည်မဟုတ်။ သို့သော် ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာ ကတိတော်များတွင် ယုံကြည်ခြင်းတင်ပြသူတို့သည် တုန်လှုပ်ခြင်းမရှိရကြ။ ထို့ကြောင့် ဟေဗြဲ ၁၂:၂၈၊ ၂၉ က ဤသို့တိုက်တွန်းထားသည်– “ထို့ကြောင့်ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကိုရသည်ဖြစ်၍ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကိုလျောက်ပတ်စွာဝတ်ပြုနိုင်မည်အကြောင်း ကျေးဇူးတော်ကိုစွဲလမ်းကြကုန်အံ့။ ငါတို့၏ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။”

ယေဟောဝါသည် ရက်စက်သောဘုရားတစ်ပါးလော

၇။ ကိုယ်တော့်တရားစီရင်ခြင်းတွင် ယေဟောဝါ၏မေတ္တာတော်မည်သို့ပါဝင်သနည်း။

၇ ယေဟောဝါသည် ရက်စက်သော၊ လက်တုံ့ပြန်တတ်သောဘုရားဖြစ်သည်ဟု ယင်းကဆိုလိုပါသလော။ လုံးဝမဟုတ်ပါ! ၁ ယောဟန် ၄:၈ တွင် တမန်တော်က အခြေခံအမှန်တရားကို ဖော်ပြထားသည်– “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” ထို့နောက် အခန်းငယ် ၁၆ တွင် ထပ်မံလေးနက်စေရန် ဤသို့ပြောသည်– “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။” ယေဟောဝါသည် လူသားများကို ချစ်တော်မူသောကြောင့် ဤလောကရှိဆိုးညစ်မှုများကို သန့်စင်ပေးရန် ရည်ရွယ်တော်မူခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ မေတ္တာအရှင် ကရုဏာနှင့်ပြည့်ဝတော်မူသော ဘုရားသခင်က ဤသို့ကြေညာတော်မူသည်– “ငါအသက်ရှင်သည်အတိုင်း ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ . . . သင်တို့လိုက်သောလမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။”—ယေဇကျေလ ၃၃:၁၁။

၈။ ယောဟန်သည် မေတ္တာကို မည်သို့အထူးပြုဖော်ပြပြီး တစ်ချိန်တည်းတွင်လည်း မိမိကိုယ်ကို မိုးကြိုးသားအဖြစ် မည်သို့တင်ပြသနည်း။

၈ စည်းမျဉ်းပေါ်အခြေခံသောမေတ္တာဖြစ်သည့် အဂါးပေး ကို အခြားခရစ်ဝင်ကျမ်းရေးသူသုံးဦးတို့၏ ရည်ညွှန်းချက်စုစုပေါင်းထက် အကြိမ်များစွာပို၍ ယောဟန်ရည်ညွှန်းသုံးနှုန်းသည်။ သို့တိုင် မာကု ၃:၁၇ တွင် ယောဟန်အား ‘မိုးကြိုးသား’ ဟုခေါ်ဆိုထားသည်။ ယေဟောဝါအား တရားစီရင်တော်မူသော ဘုရားသခင်အဖြစ် သရုပ်ဖော်တင်ပြထားသော သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်ဖြစ်သည့် ဗျာဒိတ်ကျမ်းပါ ပရောဖက်ပြုသတင်းစကားများကို ရေးသားစေရန် ယေဟောဝါသည် ဤမိုးကြိုးသားကိုပင် ဝိညာဉ်တော်မှုတ်သွင်းပေးခဲ့သည်။ ဤစာစောင်သည် ‘ဘုရားသခင်၏အမျက်တော်တည်းဟူသော စပျစ်သီးနယ်ရာတန်ဆာ’၊ “ဘုရားသခင်၏ အမျက်တော်ဖလားခုနစ်လုံး”၊ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်” စသည်တို့ကဲ့သို့သော တရားစီရင်ခြင်းဆိုင်ရာ အသုံးအနှုန်းများနှင့် ပြည့်လျက်ရှိသည်။—ဗျာဒိတ် ၁၄:၁၉; ၁၆:၁; ၁၉:၁၅။

၉။ ယေရှုသည် ယေဟောဝါ၏တရားစီရင်ချက်များကို မည်သည့်အသုံးအနှုန်းများဖြင့် ဖော်ပြသနည်း။ ကိုယ်တော်၏ပရောဖက်ပြုချက်များ မည်သို့ပြည့်စုံလာသနည်း။

၉ “မျက်မြင်မရသောဘုရားသခင်၏ ပုံသဏ္ဌာန်တော်” ဖြစ်တော်မူသော ကျွန်ုပ်တို့၏သခင်ယေရှုခရစ်သည် ဤမြေကြီးပေါ်ရှိခဲ့စဉ်က ယေဟောဝါ၏တရားစီရင်ချက်များကို ရဲရင့်စွာကြေညာခဲ့သည်။ (ကောလောသဲ ၁:၁၅) ဥပမာ၊ ကိုယ်တော်သည် မိမိခေတ်က ဘာသာရေးအယူဖောက်ပြန်သူများအား ပြောင်ပြောင်တင်းတင်းဆန့်ကျင်ကြေညာသော အမင်္ဂလာခုနစ်ခုကို မဿဲအခန်းကြီး ၂၃ တွင်တွေ့ရသည်။ ထိုသို့ပြစ်တင်တရားစီရင်ချက်ကို ဤစကားများဖြင့် နိဂုံးချုပ်တော်မူသည်– “အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌စုရုံးသကဲ့သို့ သင်၏သားတို့ကိုစုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ သင်တို့နေသောအိမ်သည် လူဆိတ်ညံလျက်ကျန်ရစ်ရ၏။” နောက်သုံးဆယ့်ခုနစ်နှစ်ကြာသောအခါ ဗိုလ်ချုပ်တိတုလက်အောက်ရှိ ရောမစစ်တပ်အားဖြင့် တရားစီရင်ချက်ကျရောက်ခဲ့သည်။ ယင်းသည် အလွန်ကြောက်မက်ဖွယ်သောနေ့၊ မကြာမီ ရုတ်တရက်ရောက်ရှိလာမည့်၊ လူသားကြုံတွေ့ဖူးသမျှထဲတွင် ကြောက်ရွံ့ထိတ်လန့်ဖွယ် အကောင်းဆုံး ဖြစ်သည့် နေ့ကြီး—ယေဟောဝါ၏နေ့ကို နိမိတ်ပြေးသည်။

“နေမင်းသည်” ပေါ်ထွန်းတော်မူမည်

၁၀။ “တရားတော်နေမင်း” သည် မည်သို့အားဖြင့် ဘုရားသခင်၏လူများအား ရွှင်လန်းစေသနည်း။

၁၀ မိမိ၏နေ့ကြီးကို ကပ်ကျော်သူများရှိမည်ဖြစ်ကြောင်း ယေဟောဝါအသိပေးတော်မူသည်။ ယင်းကို မာလခိ ၄:၂ တွင် ကိုယ်တော်ရည်ညွှန်းဖော်ပြထားသည်– “ငါ၏နာမတော်ကိုကြောက်ရွံ့သော သင်တို့၌ကား တရားတော်နေမင်းသည် အနာပျောက်စေသောအတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။” တရားတော်နေမင်းသည် ယေရှုခရစ်သာလျှင်ဖြစ်သည်။ ကိုယ်တော်သည် ဝိညာဏဆိုင်ရာ “လောက၏အလင်း” ဖြစ်တော်မူသည်။ (ယောဟန် ၈:၁၂) မည်သို့ပေါ်ထွန်းတော်မူသနည်း။ အနာပျောက်စေသောအတောင်တို့နှင့် ပေါ်ထွန်းတော်မူသည်—ပထမတွင် ယခုပင် ကျွန်ုပ်တို့ခံစားနိုင်သည့် ဝိညာဏကုသမှု၊ ထို့နောက် လာမည့်ကမ္ဘာသစ်တွင် လူမျိုးအားလုံးမှလူများအား ကာယရေးကုသမှုဖြစ်သည်။ (မဿဲ ၄:၂၃; ဗျာဒိတ် ၂၂:၁၊ ၂) မာလခိပြောသည့်ပုံဆောင်သဘောအရ ကုသခံရသောသူများသည် တင်းကုပ်မှလွတ်သွားသော “နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။” လူ့စုံလင်မှုကို ရရှိရန်အလားအလာဖြင့် ရှင်ပြန်ထမြောက်ခြင်းကို တွေ့ကြုံခံစားရသူများအတွက်လည်း မည်မျှရွှင်လန်းဖွယ်ပါတကား!

၁၁၊ ၁၂။ (က) ဆိုးညစ်သူများအတွက် မည်သည့်အနာဂတ်ကစောင့်ဆိုင်းနေသနည်း။ (ခ) ဘုရားသခင်၏လူများသည် မည်သည့်နည်းဖြင့် “မတရားသောသူတို့ကိုလည်း နင်းကြ” မည်နည်း။

၁၁ သို့သော် ဆိုးညစ်သူများကား မည်သို့နည်း။ မာလခိ ၄:၃ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “‘မတရားသောသူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ငါစီရင်သောနေ့ရက်၌ သူတို့သည် သင်တို့ခြေဖဝါးအောက်၌ မြေမှုန့်ကဲ့သို့ဖြစ်ကြလိမ့်မည်’ ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။” မိမိကိုချစ်သောသူများအား ကာကွယ်ပေးနေစဉ် ကျွန်ုပ်တို့၏ စစ်သူကြီးဘုရားသခင်သည် မတရားနိုင်လိုမင်းထက်ပြုမူသောရန်သူများကို မြေကြီးမှသုတ်သင်ရှင်းလင်းပြီး သူတို့ကို အပြီးအပြတ်ချေမှုန်းတော်မူမည်။ စာတန်နှင့် သူ၏နတ်ဆိုးများသည် နှိမ်နင်းခြင်းခံရကြမည်။—ဆာလံ ၁၄၅:၂၀; ဗျာဒိတ် ၂၀:၁-၃။

၁၂ ဘုရားသခင်၏လူများသည် ဆိုးညစ်သူများကိုဖျက်ဆီးရာတွင် ပါဝင်ကြမည်မဟုတ်ချေ။ သို့ဆိုလျှင် မည်သည့်နည်းဖြင့် ‘မတရားသောသူတို့ကို နင်းကြမည်’ နည်း။ ကြီးစွာသောအောင်ပွဲအခမ်းအနားတွင် ပါဝင်ကြခြင်းအားဖြင့် ပုံဆောင်သဘောအရ ထိုသို့ပြုကြမည်။ ထွက်မြောက်ရာ ၁၅:၁-၂၁ က ထိုသို့သောအောင်ပွဲမျိုးကို ဖော်ပြထားသည်။ ယင်းသည် ဖာရောမင်းနှင့် သူ၏နောက်လိုက်တပ်များကို ပင်လယ်နီထဲတွင် ဖျက်ဆီးပြီးနောက်တွင်ဖြစ်သည်။ ဟေရှာယ ၂၅:၃-၉ ပြည့်စုံသည့်အနေနှင့် “မတရားနိုင်လိုမင်းထက်ပြုမူသူများ” [ကဘ] ကို ဖယ်ရှင်းခြင်းပြီးနောက် ဘုရားသခင်၏ ဤကတိတော်နှင့်ဆက်စပ်နေသော အောင်ပွဲတစ်ခုလိုက်ပါလာမည်– “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရားအမိန့်တော်ရှိ၏။ ထိုကာလ၌ ‘ကြည့်ရှုလော့။ ဤအရှင်ကား . . . ငါတို့၏ဘုရားသခင်တည်း . . . ဤအရှင်ကား ငါတို့မျှော်လင့်သော ထာဝရဘုရား [“ယေဟောဝါ”၊ ကဘ] တည်း။ ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့’ ဟု ဆိုကြလိမ့်မည်။” ဤရွှင်လန်းမှုသည် လက်စားချေလိုသည့်သဘော သို့မဟုတ် ရန်သူကိုအောင်ပွဲခံရသည့်အတွက် ပီတိအားရဖြစ်ခြင်းမဟုတ်ဘဲ ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်မှုပြုခံရခြင်းနှင့် စည်းလုံးမှုဖြင့် ငြိမ်းချမ်းစွာနေထိုင်ကြမည့် လူသားများအတွက် ကမ္ဘာမြေကြီးသန့်စင်ခံရခြင်းကို မြင်ရသောကြောင့်ဖြစ်သည်။

ကြီးကျယ်သည့်ပညာပေးအစီအစဉ်

၁၃။ “ကမ္ဘာသစ်” တွင် မည်သည့်ပညာရေးဖြစ်ထွန်းမည်နည်း။

၁၃ မာလခိ ၄:၄ တွင် ဂျူးတို့သည် “မောရှေ၏ . . . ပညတ်ကိုအောက်မေ့ရန်” တိုက်တွန်းခံရကြသည်။ ထိုနည်းတူ ယနေ့လည်း ကျွန်ုပ်တို့သည် ဂလာတိ ၆:၂ (ကဘ) တွင်ဖော်ပြထားသည့်အတိုင်း “ခရစ်တော်၏ပညတ်” ကိုလိုက်နာရန် လိုအပ်သည်။ အာမဂေဒုန်ကပ်ကျော်သူများသည် ယင်းအပေါ်အခြေခံသည့် ထပ်ဆင့်ညွှန်ကြားချက်များကို မလွဲဧကန်ရရှိကြမည်ဖြစ်ပြီး ယင်းတို့သည် ရှင်ပြန်ထမြောက်ရာကာလတွင် ဖွင့်မည့် ဗျာဒိတ် ၂၀:၁၂ ပါ “စာစောင်များ” တွင် ရေးသားထားဖွယ်ရှိသည်။ သေခြင်းမှရှင်ပြန်ထမြောက်ခံရသူများသည် “ကမ္ဘာသစ်” ဘဝပုံစံကိုလိုက်လျှောက်ရန် ပညာပေးခံရသောအခါ မည်မျှကြီးကျယ်ခမ်းနားသည့်နေ့ကြီးဖြစ်မည်ပါတကား!—ဗျာဒိတ် ၂၁:၁။

၁၄၊ ၁၅။ (က) မည်သို့အားဖြင့် ခေတ်သစ်ဧလိယ မှတ်သားဖော်ပြခံရသနည်း။ (ခ) ဧလိယအတန်းအစားသည် မည်သည့်တာဝန်ကိုလုပ်ဆောင်သနည်း။

၁၄ ယင်းသည် မာလခိ ၄:၅ တွင် မှတ်တမ်းတင်ထားသော ယေဟောဝါရည်ညွှန်းသည့် ပညာပေးလုပ်ငန်း၏ တိုးချဲ့မှုတစ်ခုဖြစ်သည်– “ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ကြီးမရောက်မီ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။” ခေတ်သစ်ဧလိယကား မည်သူနည်း။ မဿဲ ၁၆:၂၇၊ ၂၈ တွင်ဖော်ပြထားသည့်အတိုင်း မိမိ၏ ‘နိုင်ငံသို့ကြွလာတော်မူခြင်း’ ကိုရည်ညွှန်းလျက် ယေရှုဤသို့မိန့်တော်မူသည်– “လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက် ကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာတော်မူလတ္တံ့။ ထိုအခါ သူအသီးအသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူလတ္တံ့။” ခြောက်ရက်ကြာပြီးနောက် ကိုယ်တော်သည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့နှင့်အတူ တောင်တစ်လုံးပေါ်တွင် “သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းတောက်လျက် အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏။” ထိုရူပါရုံတွင် ကိုယ်တော်တစ်ပါးတည်းသာလော။ မဟုတ်ပါ။ အကြောင်းမှာ “မောရှေနှင့်ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက်နေကြ၏။”—မဿဲ ၁၇:၂၊ ၃။

၁၅ ယင်းသည် မည်သို့အဓိပ္ပာယ်ရှိသနည်း။ ယေရှုသည် တရားစီရင်ရန်ကြွလာသောအချိန်တွင် ပရောဖက်ပြုထားသော သာ၍ကြီးမြတ်သည့်မောရှေဖြစ်မည်အကြောင်း ယင်းကထောက်ပြသည်။ (တရားဟောရာ ၁၈:၁၈၊ ၁၉; တမန်တော် ၃:၁၉-၂၃) ထိုအခါ ခေတ်သစ်ဧလိယသည် ယေဟောဝါဒဏ်စီရင်သည့် ကြောက်မက်ဖွယ်သောနေ့ရက်ကြီးမတိုင်မီ မြေတစ်ပြင်လုံး ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ဟောပြောခြင်းလုပ်ငန်းတည်းဟူသော အရေးကြီးသည့်လုပ်ငန်းပြီးမြောက်ရန် ကိုယ်တော်နှင့်ပူးပေါင်းမည်။ ဤ “ဧလိယ” ၏လုပ်ငန်းနှင့်ပတ်သက်၍ မာလခိ ၄:၆ က ဤသို့ဖော်ပြသည်– “ငါသည်လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေးနှင့်ဒဏ်မခတ်မည်အကြောင်း ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကိုလည်းကောင်း၊ အဘတို့နှင့်သားတို့ကိုလည်းကောင်း အသင့်အတင့်ဖြစ်စေမည်။” သို့နှင့် “ဧလိယ” သည် သခင်ဖြစ်သူယေရှုက မိမိ၏ပိုင်ဆိုင်ရာအားလုံးကို အပ်နှင်းထားသည့် မြေကြီးပေါ်ရှိ သစ္စာနှင့်သတိပညာရှိသောကျွန် ဘိသိက်ခံခရစ်ယာန်များအဖြစ် သတ်မှတ်ဖော်ပြခံရသည်။ ယင်းသို့အပ်နှင်းခြင်းတွင် ယုံကြည်ခြင်းအိမ်သားများလိုအပ်သော “ထိုက်သင့်ရာအခါ၊ [ဝိညာဏ] စားနပ်ရိက္ခာ” ပေးခြင်းပါဝင်သည်။—မဿဲ ၂၄:၄၅၊ ၄၆၊ သမ။

၁၆။ ဧလိယအတန်းအစား၏လုပ်ငန်းက မည်သည့်ပျော်ရွှင်ဖွယ်ရလဒ်များ ပေါ်ပေါက်စေခဲ့သနည်း။

၁၆ ယနေ့ ကမ္ဘာတစ်ခွင်လုံးတွင် ထိုကျွေးမွေးခြင်းအစီအစဉ်၏ ဝမ်းမြောက်ဖွယ်ရလဒ်ကို တွေ့မြင်နိုင်သည်။ လထုတ်တိုင်း ဘာသာစကား ၁၂၀ ဖြင့် စောင်ရေ ၁၆,၁၀၀,၀၀၀ ထုတ်ပြီး ၉၇ ဘာသာဖြင့် တစ်ပြိုင်နက်တည်းထုတ်ဝေသော ကင်းမျှော်စင် မဂ္ဂဇင်းသည် မြေကြီးကို “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သော ဤဝမ်းမြောက်ဖွယ်သတင်း” ဖြင့် ပြည့်လျှံစေသည်။ (မဿဲ ၂၄:၁၄၊ ကဘ) ယေဟောဝါသက်သေများ၏ ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်း၏ ကဏ္ဍအမျိုးမျိုးတွင် ဘာသာစကားများစွာဖြင့်ထုတ်ဝေသည့် အခြားသောစာပေများကို အသုံးပြုသည်။ ဧလိယအတန်းအစားဖြစ်သည့် သစ္စာနှင့်သတိပညာရှိသောကျွန်သည် “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများ” အား ဖောဖောသီသီပံ့ပိုးပေးရန် နိုးကြားနေကြသည်။ (မဿဲ ၅:၃၊ ကဘ) ထို့အပြင် ယင်းမျှော်လင့်ချက်ကိုလက်ခံပြီး ယင်းနှင့်အညီကျင့်ကြံသောသူများသည် အံ့သြဖွယ်ထူးခြားသော ကမ္ဘာချီစည်းလုံးမှုတစ်ခုထဲသို့ စုစည်းခံရသည်။ ယင်းတွင် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” လူအုပ်ကြီးပါဝင်သည်။ (ဗျာဒိတ် ၇:၉) ထိုလုပ်ငန်းသည် ယေဟောဝါလိုလားသည့်အတိုင်းအတာအထိ ပြီးမြောက်သောအခါ ကိုယ်တော်၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီးဖြင့် နိဂုံးချုပ်မည်။

၁၇။ မည်သည့်အချိန်တွင် ယေဟောဝါ၏ကြောက်မက်ဖွယ်သောနေ့ ရောက်လာမည်နည်း။

၁၇ ထိုကြောက်မက်ဖွယ်သောနေ့ရက်ကြီးသည် မည်သည့်အချိန်တွင် ရုတ်တရက်စတင်မည်နည်း။ တမန်တော်ပေါလု ဤသို့ဖြေသည်– “သူခိုးသည် ညအခါလာသကဲ့သို့ သခင်ဘုရား [“ယေဟောဝါ”၊ ကဘ] ၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။ ‘ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏’ ဟုဆိုစဉ်တွင် [တစ်မူထူးသည့်နည်းဖြင့်ဖြစ်ဖွယ်ရှိ] ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့ သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။”—၁ သက်သာလောနိတ် ၅:၂၊ ၃။

၁၈၊ ၁၉။ (က) ‘ငြိမ်သက်ခြင်းနှင့် ဘေးအန္တရာယ်ကင်းလွတ်ခြင်း’ မည်သို့ကြေညာခံရသနည်း။ (ခ) ယေဟောဝါ၏လူများသည် မည်သည့်အခါ သက်သာရာရမည်နည်း။

၁၈ ဤပရောဖက်ပြုချက်တွင် “သူတို့” သည် မည်သူများနည်း။ သူတို့သည် ဤအဓမ္မလောကတွင် အပိုင်းပိုင်းအစစဖြစ်နေသောအရာများဖြင့် စည်းလုံးသောအစီအစဉ်သစ်တစ်ခုကို တည်ဆောက်မည်ဟု အဆိုပြုသော ခေါင်းဆောင်များဖြစ်ကြသည်။ သူတို့ တခမ်းတနားဖြစ်ပေါ်စေသော နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့် ယူအဲန်တို့က ယင်းကို မလုပ်ဆောင်ပေးနိုင်ချေ။ ယေဟောဝါ၏ပရောဖက် ကြိုပြောထားသည့်အတိုင်း သူတို့သည် ယခုကတည်းကပင် “ချမ်းသာမရှိသောအခါ ‘ချမ်းသာ၊ ချမ်းသာ’ ဟု ပြောဆိုလျက်” ရှိကြသည်။—ယေရမိ ၆:၁၄; ၈:၁၁; ၁၄:၁၃-၁၆။

၁၉ ထိုအတောအတွင်းယေဟောဝါ၏လူများသည် ဤဘုရားတရားမဲ့လောက၏ ဖိနှိပ်မှုနှင့် ညှဉ်းပန်းမှုများကို ခံရပ်နေရသည်။ သို့သော် မကြာမီ ၂ သက်သာလောနိတ် ၁:၇၊ ၈ တွင်ဖော်ပြထားသည့်အတိုင်း “သခင်ယေရှုသည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ” သူတို့သည် သက်သာရာရကြမည်။

၂၀။ (က) ‘မီးဖို၌မီးလောင်သကဲ့သို့သော’ နေ့နှင့်ပတ်သက်၍ ဇေဖနိနှင့် ဟဗက္ကုတ်တို့က မည်သို့ပရောဖက်ပြုသနည်း။ (ခ) ထိုပရောဖက်ပြုချက်များက မည်သည့်သြဝါဒနှင့် အားပေးမှုများကို ပေးသနည်း။

၂၀ ယင်းဖြစ်လာရန် မည်မျှနီးနေပြီနည်း။ ကျွန်ုပ်တို့ထဲမှ များစွာသောသူတို့သည် ကြာမြင့်စွာစောင့်ဆိုင်းလာခဲ့ကြပြီ။ ထိုအခိုက်အတန့်၌ ကပ်ကျော်မည့် နူးညံ့သိမ်မွေ့သူမြောက်မြားစွာတို့သည် ဇေဖနိ ၂:၂၊ ၃ ပါဆင့်ခေါ်ချက်ကို တုံ့ပြန်နေကြသည်– “ထာဝရဘုရား [“ယေဟောဝါ”၊ ကဘ] ကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။” ထို့နောက် ဇေဖနိ ၃:၈ က ဤသို့ဆက်၍တိုက်တွန်းသည်– “ထာဝရဘုရားမိန့်တော်မူသည်ကား ‘ဖမ်းဆီးလုယက်ခြင်းငှာ ငါမထမီတိုင်အာင် ငါ့ကိုငံ့လင့်ကြလော့။ တိုင်းနိုင်ငံပြည်သားအမျိုးမျိုးတို့ကို စုဝေးစေ၍ ငါ့အမျက်၊ ငါ့ဒေါသအရှိန်ကို အကုန်အစင်သွန်းလောင်းမည်ဟု ငါအကြံရှိ၏။ ငါ့ဒေါသမီးသည် မြေတစ်ပြင်လုံးကို လောင်ရလိမ့်မည်။’” အဆုံးနီးပေပြီ! ယေဟောဝါသည် ထိုနေ့ရက်နှင့်အချိန်နာရီကို သိတော်မူပြီး မိမိ၏အချိန်ဇယားကို ပြောင်းလဲတော်မူမည်မဟုတ်။ ကျွန်ုပ်တို့သည် စိတ်ရှည်စွာသည်းခံစောင့်ဆိုင်းကြစို့။ “ထိုရူပါရုံသည် ချိန်းချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကိုဆိုလို၏။ မုသာနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။” (ဟဗက္ကုတ် ၂:၃) ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့သည် အလွန်လျင်မြန်စွာချဉ်းကပ်လာနေသည်။ ထိုနေ့ရက်သည် နောက်ကျမည်မဟုတ်ကြောင်းကို သတိရပါလေ။

ပြန်လည်သုံးသပ်ရာတွင်–

◻ အုပ်စိုးရှင်များနှင့် အုပ်စိုးခံများသည် ယေဟောဝါ၏ကြောက်မက်ဖွယ်သောနေ့တွင် မည်သို့တွေ့ကြုံကြရမည်နည်း။

◻ ယေဟောဝါသည် မည်ကဲ့သို့သောဘုရားဖြစ်သနည်း။

◻ ဘုရားသခင်၏လူများအတွက် မည်သည့်ပညာရေးမျိုးကို ဖော်ပြထားသနည်း။

◻ အဆုံး၏နီးကပ်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ပရောဖက်များက ကျွန်ုပ်တို့ကို မည်သို့တိုက်တွန်းကြသနည်း။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

စပိန်ဘာသာရေးခုံရုံးအချိန်က လူများစွာတို့သည် ဘာသာပြောင်းရန် အတင်းအကျပ်ပြုခံရကြသည်

[Credit Line]

The Complete Encyclopedia of Illustration/J. G. Heck

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ