တစ်ယောက်ထီးတည်းဖြစ်သော်လည်း တစ်ခါမျှစွန့်ပယ်မခံရ
အေဒါလူဝစ္စပြောပြသည်
ကျွန်မမှာ တစ်ကိုယ်တည်းနေတတ်တဲ့အကျင့်ရှိတယ်။ တချို့က ကျွန်မကို ခေါင်းမာတယ်လို့ တစ်ခါတလေပြောတဲ့အထိ ကျွန်မလုပ်ကိုင်သမျှကို အခိုင်အမာစိတ်ပိုင်းဖြတ်ပြီး လုပ်တတ်တယ်။ အဲ့ဒီအပြင် လွှတ်ခနဲဘွင်းဘွင်းပြောဆိုတတ်တဲ့အကျင့်ကြောင့် နှစ်များတစ်လျှောက် ကျွန်မပြဿနာအမျိုးမျိုးတက်ခဲ့ရတယ်။
ကျွန်မရဲ့ ပင်ကိုစရိုက်မှာ ချွတ်ယွင်းချက်ရှိပေမဲ့ ကျွန်မကို ယေဟောဝါဘုရားသခင် ဘယ်တော့မှစွန့်ပယ်မထားတဲ့အတွက် ကျေးဇူးတင်မိတယ်။ ကိုယ်တော်ရဲ့နှုတ်ကပါဌ်တော်ကို လေ့လာခဲ့လို့ ကျွန်မရဲ့ပင်ကိုစရိုက်ကို ပြုပြင်နိုင်ခဲ့ပြီး ကိုယ်တော်ရဲ့နိုင်ငံတော်အမှုရေးရာကို အနှစ် ၆၀ နီးပါးဆောင်ရွက်နိုင်ခဲ့ပြီ။ ကလေးဘဝကတည်းက မြင်းကိုချစ်တတ်တဲ့သူဖြစ်လို့ ဇက်ကြိုးတပ်ထားတဲ့မြင်းကိုထိန်းနိုင်သလို ဘုရားသခင့်အကူအညီနဲ့ ကျွန်မရဲ့ခေါင်းမာတဲ့သဘောကို ထိန်းပေးနိုင်တာ အမြဲသတိရတယ်။
တောင်သြစတြေးလျနိုင်ငံ၊ ဂမ်ဘီယာတောင်အရပ်မှာရှိတဲ့ လှပတဲ့ အပြာရောင်ရေကန်တစ်ခုအနီးမှာ ၁၉၀၈ ခုနှစ်က ကျွန်မမွေးဖွားခဲ့တယ်။ ကျွန်မမိဘဟာ နို့ထွက်ပစ္စည်းခြံရှိပြီး ကလေးရှစ်ယောက်ရှိတယ်။ ကျွန်မက သမီးတွေထဲမှာ အကြီးဆုံးဖြစ်တယ်။ ကျွန်မတို့အားလုံး ခပ်ငယ်ငယ်အရွယ်မှာ အဖေသေသွားပါတယ်။ ကျွန်မအစ်ကိုနှစ်ယောက်က မိသားစုစားဝတ်နေရေးအတွက် ရပ်ဝေးမှာ သွားအလုပ်လုပ်ကိုင်ရတဲ့အတွက် ခြံတာဝန်ကို ကျွန်မယူလိုက်ရတယ်။ ခြံအလုပ်ဟာ တကယ်ပဲပင်ပန်းပါတယ်။
ကျမ်းစာသမ္မာတရားနှင့် ဦးဆုံးဆက်သွယ်မှုရရှိခြင်း
ကျွန်မတို့မိသားစုဟာ ချာ့ချ်ကို မှန်မှန်တက်တဲ့အသင်းသားများဖြစ်တယ်။ ကျွန်မလည်း ဥပုသ်စာသင်ကျောင်းဆရာမတစ်ယောက်ဖြစ်လာပြီး ဝိညာဉ်ရေးနှင့်သီလရေးဘက် မှန်ကန်တယ်လို့ ကျွန်မခံယူထားတဲ့အယူတွေကို ကလေးတွေသိဖို့ သင်ပေးရမဲ့တာဝန်ရှိတယ်လို့ အလေးအနက်သဘောထားခဲ့တယ်။
၁၉၃၁ ခုနှစ်မှာ ကျွန်မအဖိုးသေဆုံးသွားတယ်။ သူ့ရဲ့ပစ္စည်းတွေထဲမှာ အဲ့ဒီတုန်းက ကင်းမျှော်စင်အသင်းဥက္ကဋ္ဌဖြစ်တဲ့ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ရဲ့စာအုပ်တွေအတော်များများပါတယ်။ ဘုရားသခင်၏စောင်းတော် နဲ့ ဖန်ဆင်းခြင်းဆိုတဲ့စာအုပ်တွေကို ကျွန်မစဖတ်မိတယ်။ ဖတ်လေလေ ကျွန်မခံယူထားတဲ့ ကလေးတွေကိုသွန်သင်ပေးနေတဲ့အယူအဆတွေဟာ ကျမ်းစာနဲ့မညီတာကို သိလာရလို့ အံ့အားသင့်ရလေလေပဲ။
လူ့စိုးလ်ဟာ သေနိုင်တယ်၊ လူအများသေတဲ့အခါ ကောင်းကင်ကိုသွားမှာမဟုတ်ဘူး၊ လူဆိုးတွေဟာ ငရဲမှာ ထာဝစဉ်ညှဉ်းဆဲခံရမှာမဟုတ်ဘူး ဆိုတာတွေကိုသိလာရပြီး အံ့အားသင့်ခဲ့တယ်။ တနင်္ဂနွေမှာ ပတ်စဉ် ဥပုသ်စောင့်တာဟာလည်း ခရစ်ယာန်လိုအပ်ချက်မဟုတ်ဘူးဆိုတာကို သိလာပြီး ကျွန်မစိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်။ အဲ့ဒါကြောင့် ကြီးလေးတဲ့ဆုံးဖြတ်ချက်ချစရာ တစ်ခုနဲ့ရင်ဆိုင်ရတယ်– ခရစ်ယာန်ဘောင်ထုံးတမ်းစဉ်လာသွန်သင်ချက်တွေကို ဆက်ခံယူထားမလား၊ ဒါမှမဟုတ် ကျမ်းစာသမ္မာတရားကို စသွန်သင်မလားဆိုတာပါပဲ။ မကြာခင်ပဲ ချာ့ချ်နဲ့ အဆက်ဖြတ်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။
ယခုအမှန်တကယ်ပင် တစ်ယောက်ထီးတည်းဖြစ်နေ
ချာ့ချ်ကနေနုတ်ထွက်ပြီး ဥပုသ်စာသင်ကျောင်းမှာ မသင်ပြနိုင်တော့ဘူးဆိုတာကို ကျွန်မပြောတဲ့အခါ ကျွန်မမိသားစု၊ မိတ်ဆွေတွေနဲ့ ချာ့ချ်ကအပေါင်းအသင်းဟောင်းတွေက မကြိုက်ကြဘူး။ တရားသူကြီးရပ်သဖော့ဒ်ရဲ့လူတွေဆိုပြီး နာမည်ရတဲ့သူတွေနဲ့ ကျွန်မပေါင်းသင်းနေတာကို သူတို့သိကြတဲ့အခါ အတင်းစကားပြောစရာ ထပ်တိုးလာတာပေါ့။ ကျွန်မမိသားစုနဲ့ မိတ်ဆွေအများက ကျွန်မကို ဝိုင်းပယ်မထားကြပေမဲ့ အနည်းဆုံးတော့ ကျွန်မနဲ့စိမ်းစိမ်းကားကားဖြစ်လာတယ်။
ကျွန်မဖတ်ရှုနေတဲ့စာအုပ်တွေထဲမှာပါတဲ့ ကျမ်းချက်တွေကို လေ့လာစစ်ဆေးကြည့်လေ လူတွေကို ကျွန်မဟောပြောရမယ်ဆိုတာကို ပိုနားလည်လာလေပဲ။ ယေဟောဝါသက်သေတွေဟာ တစ်အိမ်မှတစ်အိမ် ဓမ္မအမှုဆောင်ကြတယ်ဆိုတာကို ကျွန်မသိလာတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်က ကျွန်မတို့အရပ်မှာ သက်သေခံ လုံးဝမရှိဘူး။ အဲ့ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဘယ်လိုဟောရမယ်ဆိုတာကို သင်ပေးမဲ့သူ၊ ဒါမှမဟုတ် အားပေးမယ့်သူတစ်ယောက်မှမရှိဘူး။ (မဿဲ ၂၄:၁၄) ကျွန်မဟာ တစ်ယောက်ထီးတည်းပါလားလို့ အားငယ်မိတယ်။
ဒါပေမဲ့လည်း တခြားလူတွေကို ဟောရမယ်ဆိုတဲ့ ကျမ်းစာအမိန့်ကို အမြဲကြားယောင်နေတဲ့အတွက် တစ်နည်းနည်းနဲ့စဟောပြောရမယ်လို့ ကျွန်မစိတ်ဆုံးဖြတ်လိုက်တယ်။ များများဆုတောင်းတယ်၊ နောက် အိမ်နီးနားချင်းတွေဆီသွားပြီး ကျွန်မဖတ်ပြီးသိရှိလာတာတွေကို ပြောပြဖို့နဲ့ သူတို့ရဲ့ကိုယ်ပိုင်ကျမ်းစာအုပ်တွေကနေ အဲ့ဒီအချက်အလက်တွေကို တင်ပြဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ ပထမဦးဆုံးရောက်သွားတဲ့အိမ်ကတော့ ဥပုသ်စာသင်ကျောင်းဆရာကြီးအိမ်ဖြစ်တယ်။ သူ့ရဲ့မဖော်ရွေမှုနဲ့ ချာ့ချ်ကနေ ကျွန်မနုတ်ထွက်တာကို အပြုသဘောမပါတဲ့စကားတွေက ကျွန်မအတွက် အားရှိစရာအစပြုမှုမဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့အိမ်ကနေထွက်ပြီး တခြားအိမ်တွေကို ဆက်သွားတဲ့အခါ စိတ်ကြည်နူးပြီး ထူးခြားတဲ့အတွင်းခွန်အားကို ကျွန်မခံစားမိတယ်။
ဘွင်းဘွင်းအတိုက်အခံပြုတာကိုတော့ ကျွန်မမတွေ့ခဲ့ပေမယ့် ချာ့ချ်က မိတ်ဟောင်းဆွေဟောင်းတွေဆီ ကျွန်မရောက်သွားတဲ့အခါ သူတို့ရဲ့စိတ်ဝင်စားမှုမရှိပုံကို ကျွန်မအတော်အံ့သြမိတယ်။ အပြင်းထန်ဆုံးအတိုက်အခံပြုတာက ကျွန်မရဲ့အစ်ကိုအကြီးဆုံးဖြစ်လို့ ကျွန်မအံ့သြပြီး စိတ်မကောင်းဖြစ်ရတယ်။ အဲ့ဒါက ယေရှုရဲ့ ဒီစကားတွေကို သတိရစေတယ်– “သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဖော်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ . . . လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။”—လုကာ ၂၁:၁၆၊ ၁၇။
ငယ်ငယ်ကတည်းက မြင်းစီးကျွမ်းကျင်တဲ့အတွက် လူတွေဆီ အမြန်ဆုံးရောက်နိုင်တဲ့နည်းဟာ မြင်းစီးသွားမှဖြစ်မယ်လို့ ကျွန်မစိတ်ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါကြောင့် အနီးအနားကျေးလက်တောရွာအရပ်တွေမှာ ကျွန်မအနှံ့ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ မွန်းလွဲပိုင်းတစ်ချိန်မှာ ကျွန်မမြင်းက လမ်းချောလို့ခလုတ်တိုက်လဲကျခဲ့တဲ့အတွက် ကျွန်မဦးခေါင်းခွံ အတော်ကြီးအက်သွားတယ်။ ကျွန်မဆက်အသက်မရှင်တော့ဘူးဆိုပြီး အတော်ကြာကြာစိုးရိမ်ခဲ့ကြရတယ်။ အဲ့ဒီလိုလဲပြီးနောက် လမ်းစိုစွတ်ပြီးချောနေမယ်ဆိုရင် မြင်းစီးသွားမယ့်အစား မြင်းလှည်းငယ်ကိုစီးသွားတော့တယ်။a
အဖွဲ့အစည်းနှင့်အဆက်အသွယ်ရ
ထိုမတော်တဆမှုဖြစ်ပြီး မကြာမီအချိန်မှာ ဂမ်ဘီယာတောင်အရပ်ကို အခုရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်ဟောပြောသူတစ်စု ရောက်လာကြတယ်။ အဲ့ဒီအချိန်ကျမှ ယုံကြည်သူချင်းတို့နဲ့ မျက်နှာချင်းဆိုင်ပြီး ပထမအကြိမ်စကားပြောဆိုခွင့်ရရှိတော့တယ်။ သူတို့က ကင်းမျှော်စင်အသင်းရဲ့ ဌာနခွဲရုံးကို စာရေးပြီး ဟောပြောခြင်းလုပ်ငန်းကို ပိုမိုစည်းစနစ်ကျနအောင် ဘယ်လိုဆောင်ရွက်နိုင်မယ့်အကြောင်း စာရေးမေးမြန်းဖို့ မပြန်ခင်မှာ တိုက်တွန်းပြောဆိုခဲ့တယ်။
အသင်းမဆီကို ကျွန်မစာရေးပြီးနောက် စာအုပ်တွေ၊ စာအုပ်ငယ်တွေနဲ့ အိမ်ပေါက်ဝမှာ ကျွန်မကိုယ်ကိုကျွန်မမိတ်ဆက်ရာမှာအသုံးပြုဖို့အတွက် ပုံနှိပ်ထားတဲ့သက်သေအထောက်အထားကတ်တစ်ခုရောက်လာတယ်။ ဌာနခွဲရုံးနဲ့ စာအဆက်အသွယ်ရပြီးနောက် ကျွန်မရဲ့ဝိညာဏညီအစ်ကိုညီအစ်မတွေနဲ့ ပိုရင်းနှီးလာတယ်။ ဒါပေမဲ့လည်း ရှေ့ဆောင်တွေ နောက်တစ်မြို့ကိုထွက်ခွာသွားတဲ့အခါ ခါတိုင်းထက်ပိုပြီးတစ်ယောက်ထီးတည်းဖြစ်တယ်လို့ခံစားရတယ်။
နေ့တိုင်းမှန်မှန် မြင်းလှည်းငယ်နဲ့ သက်သေခံထွက်တဲ့အတွက် တစ်နယ်လုံးက ကျွန်မကိုသိလာကြတယ်။ တစ်ကြိမ်တည်းမှာ ကျွန်မရဲ့ခြံတွင်းအလုပ်တွေကိုလည်း မပျက်ကွက်ဘဲ တာဝန်ယူလုပ်ဆောင်နိုင်ခဲ့တယ်။ ဒီအချိန်မှာ ကျွန်မမိသားစုကလည်း ကျွန်မရဲ့လုပ်ငန်းအစီအစဉ်ကို လက်ခံလိုက်ကြရပြီး အနှောင့်အယှက်မပေးတော့ဘူး။ ကျွန်မဟာ သီးခြားရပ်နယ်မှာ နှစ်ခြင်းမယူသေးတဲ့ သတင်းကောင်းကြွေးကြော်သူအဖြစ် လေးနှစ်တိုင် အဲ့ဒီလိုပဲအမှုဆောင်ရွက်ခဲ့တယ်။
စည်းဝေးပွဲကြီးနှင့် နောက်ဆုံးတွင် နှစ်ခြင်း
၁၉၃၈ ဧပြီမှာ ဩစတြေးလျနိုင်ငံကို ညီအစ်ကိုရပ်သဖော့ဒ် အလည်ရောက်လာတယ်။ ဆစ်ဒနီမြို့တော်ခန်းမကို ငှားရမ်းခွင့်ရထားပြီးနောက်မှာ ဓမ္မဆရာတွေအတိုက်အခံလုပ်လို့ အဲ့ဒီခွင့်ပြုချက်ကို ပယ်ဖျက်ကြတယ်။ ဒါပေမဲ့ ကပ်ပြီး အားကစားကွင်းကို အသုံးပြုခွင့်ရလိုက်တယ်။ အဲ့ဒီလို အစီအစဉ်ပြောင်းလိုက်ရတာက ပိုတောင်အကျိုးရှိသွားတယ်။ ဘာကြောင့်လဲဆိုတော့ ပိုကျယ်တဲ့အားကစားကွင်းထဲမှာ ထောင်ချီတဲ့လူတွေ စည်းဝေးပွဲကြီးကို တက်နိုင်ခဲ့တယ်။ ၁၂,၀၀၀ လောက်တက်ရောက်တယ်။ ကျွန်မတို့ရဲ့စည်းဝေးပွဲကြီးကို ဓမ္မဆရာတွေက ဘာကြောင့်အတိုက်အခံပြုရတဲ့အကြောင်းကို အများကသိချင်ကြပုံပေါက်တယ်။
ညီအစ်ကိုရပ်သဖော့ဒ် အလည်ရောက်လာတဲ့အချိန်မှာ ဆစ်ဒနီမြို့အနီး ဆင်ခြေဖုံးအရပ်မှာ ရက်အနည်းငယ်ကြာ စည်းဝေးပွဲကြီးတစ်ခုကိုလည်း ကျင်းပခဲ့သေးတယ်။ အဲ့ဒီစည်းဝေးပွဲမှာ နောက်ဆုံးတော့ယေဟောဝါဘုရားသခင်ထံ ကျွန်မကိုယ်ကျွန်မ ဆက်ကပ်အပ်နှံကြောင်းကို ဖော်ပြဖို့ ရေနှစ်ခြင်းယူခဲ့တယ်။ နောက်ဆုံးမှာ ဩစတြေးလျတိုက်ကြီးတစ်တိုက်လုံးက ရာနဲ့ချီညီအစ်ကိုညီအစ်မတွေနဲ့အတူ စည်းဝေးနိုင်တဲ့အတွက် ကျွန်မဘယ်လောက်ပျော်ရွှင်မယ်ဆိုတာကို စဉ်းစားကြည့်ပါ။
ဂမ်ဘီယာတောင်အရပ်သို့ ပြန်ရောက်
အိမ်ပြန်ရောက်လာတဲ့အခါ အရင်ကထက် တစ်ယောက်ထီးတည်းစိတ်ပိုများလာပေမယ့် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နိုင်သမျှ လုပ်ကိုင်ဖို့ ကျွန်မရဲ့စိတ်ဆုံးဖြတ်ချက်ဟာ ပိုခိုင်မာလာတယ်။ မကြာခင်မှာ အဲဂ်နျူးမိသားစု—ဟယူး၊ သူရဲ့ဇနီးနဲ့ သူတို့ရဲ့သားသမီးလေးယောက်တို့—နဲ့ကျွန်မရင်းနှီးလာတယ်။ သူတို့ဟာ ဂမ်ဘီယာတောင်ကနေ မိုင် ၃၀ သာဝေးတဲ့ မီလီစင့်တ်မြို့မှာ နေထိုင်ကြတယ်။ သူတို့နဲ့ ကျမ်းစာသင်အံမှုလုပ်ဖို့ အဲ့ဒီမိုင် ၃၀ ကိုမြင်းလှည်းနဲ့ မှန်မှန်သွားခဲ့တယ်။ သူတို့သမ္မာတရားကိုလက်ခံလာကြတဲ့အခါ ကျွန်မရဲ့တစ်ယောက်ထီးတည်းစိတ်ထား လျော့နည်းသွားတယ်။
မကြာခင်မှာပဲ အစီအစဉ်တကျ သက်သေခံထွက်နိုင်ဖို့ အုပ်စုငယ်ကလေးဖြစ်လာတယ်။ နောက် ဝမ်းသာစရာက ကျွန်မအမေလည်း စိတ်ဝင်စားလာပြီး ဖွဲ့စည်းခါစအုပ်စုကလေးနဲ့ သင်အံမှုပြုဖို့ အသွားအပြန် မိုင် ၆၀ ခရီးကို ကျွန်မနဲ့အတူလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး အမေဟာ အမြဲအားပေးပြီး ကူညီတယ်။ ဒါပေမဲ့ သူနှစ်ခြင်းယူဖို့ နှစ်အတော်ကြာတယ်။ အခု ကျွန်မမှာတစ်ယောက်ထီးတည်းစိတ် ရှိစရာမလိုတော့ဘူး။
ကျွန်မတို့ရဲ့အုပ်စုငယ်ကလေးကနေ ရှေ့ဆောင်လေးယောက်ဖြစ်တဲ့အဲဂနျူးသမီးသုံးဦး—ခရစ္စတဲလ်၊ အဲစတဲလ်၊ ဘက်တီ—နဲ့ကျွန်မထွက်ပေါ်လာတယ်။ နောက်ပိုင်း ၁၉၅၀ ပြည့်လွန်နှစ်တွေရဲ့အစောပိုင်းမှာ အဲ့ဒီညီအစ်မသုံးယောက်စလုံး ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းကို တက်ကြတယ်။ သူတို့အားလုံးဟာ အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ သာသနာပြုအဖြစ်အမှုဆောင်ရွက်နေကြတယ်။ ဒါပေမဲ့ မကြာမီက ကျန်းမာရေးအကြီးအကျယ်ချို့တဲ့လို့ ဩစတြေးလျနိုင်ငံကို အဲစတဲလ်ပြန်လာခဲ့ရတယ်။
၁၉၄၁ ဇန်နဝါရီမှာ ဩစတြေးလျနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်ခဲ့တယ်။ အဲ့ဒါကြောင့် လုပ်ကိုင်စရာတွေကို ကျွန်မတို့ချက်ချင်းလုပ်ကိုင်ခဲ့တယ်။ ဓမ္မအမှုမှာ ကျွန်မတို့အသုံးပြုတဲ့ စာအုပ်စာတမ်းတွေ၊ လက်ဆွဲဓာတ်ပြားတွေ၊ အသံသွင်းထားတဲ့ ကျမ်းစာဟောပြောချက်စတဲ့ဟာတွေကို သံသေတ္တာကြီးတစ်ခုထဲထည့်ပြီး သေတ္တာကို တဲတစ်ခုရဲ့ ကောက်ရိုးပုံအောက် ဝှက်ထားလိုက်တယ်။
ပိတ်ပင်ထားပေမယ့် တစ်အိမ်ကတစ်အိမ်ဟောပြောခြင်းလုပ်ငန်းကို ကျွန်မတို့ဆက်လုပ်ကိုင်ကြတယ်။ ဒါပေမဲ့ အိမ်ရှင်တွေနဲ့စကားပြောဆိုတဲ့အခါ ကျမ်းစာတစ်မျိုးတည်းကိုအသုံးပြုပြီး သတိထားကာ အမှုဆောင်ရွက်ခဲ့ကြတယ်။ ကျွန်မရဲ့မြင်းကုန်းနှီးအောက်မှာ မဂ္ဂဇင်းတွေနဲ့ စာအုပ်ငယ်တွေကိုဝှက်ထားပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကို တကယ်စိတ်ဝင်စားသူနဲ့တွေ့မှ စာအုပ်ကို ထုတ်ပေးတယ်။ နောက်ဆုံး ၁၉၄၃ ဇွန် မှာအဲ့ဒီပိတ်ပင်မှုကို ပယ်ဖျက်လို့ စာအုပ်စာတမ်းတွေကို ဝှက်ထားစရာမလိုတော့ဘဲ ပြန်ဝေငှနိုင်ခဲ့တယ်။
တာဝန်အသစ်များ
၁၉၄၃ ခုနှစ်မှာ ရှေ့ဆောင်အဖြစ် ကိုယ့်ကိုယ်ကို အသင့်ရှိစေခဲ့ပြီး နောက်နှစ်မှာပဲ ဂမ်ဘီယာတောင်အရပ်ကနေ အခြားတာဝန်ကျရာအရပ်တစ်ခုဆီ ပြောင်းရွှေ့သွားခဲ့ရတယ်။ အရင်ဆုံး၊ စထရက်ဖီးမှာရှိတဲ့ အသင်းမရဲ့ဌာနခွဲရုံးမှာ ခဏအကူအညီပေးဖို့ ဖိတ်ခေါ်ခံရတယ်။ အဲ့ဒီနောက် နျူးစော့သ်ဝေးလ်တောင်ပိုင်းနဲ့ ဗစ်တိုးရီးယားအနောက်ပိုင်းမှာရှိတဲ့ မြို့ကလေးတွေမှာ တာဝန်ကျခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မအတွက် ဝိညာဉ်ရေးဘက် အကျိုးအများဆုံးခံစားခဲ့ရတဲ့နေရာတစ်ခုက မဲလ်ဘုန်းမြို့မှာရှိတဲ့ အသင်းတော်ကြီးတစ်ခုနဲ့ ပေါင်းသင်းခဲ့ရချိန်မှာဖြစ်တယ်။ အရမ်းငယ်တဲ့ တောပိုင်းမြို့ကလေးကလာတဲ့လူဖြစ်လို့ ဒီမြို့ကြီးမှာအမှုဆောင်တာဟာ ကျွန်မအတွက်သင်ယူစရာများလှပါတယ်။
ဗစ်တိုးရီးယားနယ်၊ ဂစ်ပ်စ်လန်အောက်ပိုင်းမှာ တာဝန်ကျတုန်းက ကျွန်မရဲ့ရှေ့ဆောင်တွဲဖက် ဟဲလင်ခရောဖော့ဒ်နဲ့ကျွန်မဟာ ကျမ်းစာသင်အံမှုအများကြီး ကျင်းပနိုင်ခဲ့ပြီး အချိန်တိုအတွင်းမှာ အသင်းတော်တစ်ခု တည်ထောင်နိုင်ခဲ့တယ်။ အဲ့ဒီနယ်ရဲ့ကျေးလက်တောရွာပိုင်းဟာ အရမ်းကျယ်ပြန့်တဲ့အတွက် ကျွန်မတို့သွားဖို့လာဖို့ စိတ်မချရတဲ့ ကားဟောင်းတစ်စီးရထားတယ်။ တစ်ခါတလေ ကျွန်မတို့ကားစီးတယ်။ ဒါပေမဲ့ ကားတွန်းရတာက များတယ်။ မြင်းရှိရင် ကောင်းလိုက်မယ်ဖြစ်ခြင်း! တစ်ခါတစ်ရံ ဒီလိုအမှန်အတိုင်း ပြောမိတယ်– “(ဘုရားသခင့်နိုင်ငံတော်ကလွဲရင်) မြင်းတစ်ကောင်အတွက် ဘာမဆို ငါပေးမယ်!” အဲ့ဒီဒေသမှာရှိတဲ့ မြို့အများမှာ အခုဆိုရင် ခိုင်ခံ့တဲ့အသင်းတော်တွေနဲ့ အလွန်ကောင်းတဲ့ဘုရားသခင့်နိုင်ငံတော်ခန်းမဆောင်တွေ ရှိနေပြီ။
၁၉၆၉ ခုနှစ်မှာ ဩစတြေးလျနိုင်ငံရဲ့မြို့တော်၊ ကင်ဘာရာမြို့မှာ ကျွန်မတာဝန်ကျတယ်။ အဲ့ဒီအရပ်ဟာ ကျွန်မအတွက် စိန်ခေါ်ချက်တစ်ခုဖြစ်ပြီး တကယ်စိတ်ဝင်စားစရာအရပ်ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ သံရုံးတွေက ဝန်ထမ်းတွေနဲ့ ကျွန်မတို့မကြာခဏတွေ့ဆုံကြရတယ်။ ဒီနေရာမှာ ကျွန်မအခုထိ အမှုဆောင်နေတုန်းပဲ။ ဒါပေမဲ့ မကြာသေးခင်နှစ်များကစပြီး မြို့တော်ရဲ့စက်မှုလုပ်ငန်းအရပ်မှာ ကျွန်မအာရုံစူးစိုက် အမှုဆောင်နေတယ်။
၁၉၇၃ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာ စည်းဝေးပွဲကြီးတွေကို ကျွန်မတက်ခွင့်ရရှိခဲ့တယ်။ ကျွန်မဘဝရဲ့အမှတ်တရအဖြစ်အပျက် အခြားတစ်ခုကတော့ ၁၉၇၉ ခုနှစ်မှာ စည်းဝေးပွဲကြီးတက်တဲ့ကိုယ်စားလှယ်တစ်ယောက်ဖြစ်ခွင့်ရပြီး အစ္စရေးနဲ့ဂျော်ဒန်နိုင်ငံတွေမှာ ခရီးလှည့်လည်ခွင့်ရရှိခြင်းပဲ။ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ နေရာဒေသတွေကိုရောက်ပြီး အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဆင်ခြင်သုံးသပ်ကြည့်ရတာ တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ တွေ့ကြုံမှုတစ်ခုဖြစ်တယ်။ ဆားငန်ရေ ပင်လယ်သေရေပေါ်မှာ ပေါလောနေခဲ့ရတာ၊ ဂျော်ဒန်အရပ်၊ ပက်တြာမြို့ကိုရောက်ခဲ့တဲ့အချိန်မှာ မြင်းပြန်စီးခွင့်ရတဲ့အတွေ့အကြုံတွေကို ကြုံခဲ့ရတယ်။ အဲ့ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်း ပျံ့နှံ့အောင် ကျေးလက်တောရွာပိုင်းမှာ မြင်းစီးသွားခဲ့ရတဲ့ အဲ့ဒီအစောပိုင်းအချိန်ကို ပြန်သတိရမိတယ်။
ဆက်လက်လုပ်ကိုင်သည့် အချိန်ပြည့်လုပ်ငန်း
အသက်အရွယ်ကြီးရင့်လာပြီဖြစ်ပေမယ့် အချိန်ပြည့်လုပ်ငန်းမှာ ကျွန်မဆက်ပါဝင်ချင်စိတ်ရှိတာဟာ ရှေ့ဆောင်သင်တန်းကျောင်းနဲ့ တိုက်နယ်စည်းဝေးတွေမှာ ကျင်းပတဲ့ ရှေ့ဆောင်အစည်းအဝေးတွေအပြင် နယ်လှည့်ကြီးကြပ်မှူးတွေကနေ အစဉ်ရရှိတဲ့အားပေးစကားတွေဖြစ်တဲ့ အထူးအစီအစဉ်တွေကြောင့်ပဲ။ ကျွန်မတစ်ယောက်ထီးတည်းဖြစ်ရတဲ့အချိန်ဟာ အတိတ်ကသမိုင်းဖြစ်သွားဖို့ ယေဟောဝါ သနားကြင်နာစွာ စီစဉ်ပေးတော်မူကြောင်းကို ကျွန်မတပ်အပ်ပြောနိုင်ပါတယ်။
အခု ကျွန်မအသက် ၈၇ နှစ်ရှိပြီ။ နှစ်ပေါင်း ၆၀ နီးပါး ယေဟောဝါရဲ့အမှုတော်ကိုဆောင်ရွက်ခွင့်ရပြီးနောက် ကျွန်မလိုပဲ ဘွင်းဘွင်းပြောဆိုတတ်ပြီး ကိုယ့်အားကိုယ်ကိုးစိတ်ထားရှိတဲ့သူတွေကို အားပေးလိုတဲ့စကားတစ်ခွန်းရှိပါတယ်– ယေဟောဝါရဲဦးစီးခေါင်းဆောင်မှုကို အမြဲလက်ခံပါ။ ကျွန်မတို့ရဲ့ ဘွင်းဘွင်းပြောဆိုတတ်တဲ့သဘောကို ချုပ်တည်းနိုင်ဖို့ ယေဟောဝါ ကူညီပေးပါလေစေ။ တစ်ယောက်ထီးတည်းဖြစ်တယ်လို့ မကြာခဏခံစားရဦးတော့ ကိုယ်တော်ဟာ ကျွန်မတို့ကို တစ်ခါမျှစွန့်ပယ်ထားမှာမဟုတ်ကြောင်းကို ကျွန်မတို့အမြဲသတိရနိုင်ပါစေ။
[အောက်ခြေမှတ်ချက်များ]
a မြင်းလှည်းငယ်သည် ဘီးနှစ်ဘီးပါ ပေါ့ပါးသည့်ယာဉ်ဖြစ်သည်။