ဤအတားအဆီးများကို သင် ထိုးဖောက်ကျော်လွှားနိုင်!
ဂျမ်ဘိုဂျက်လေယာဉ်တစ်စီးသည် ရာနှင့်ချီသောခရီးသည်များနှင့် တန်ပေါင်းများစွာသော ကုန်စည်များကို တင်ဆောင်ပေမည်။ ဤမျှလေးပင်သောလေယာဉ်ပျံတစ်စီးသည် မြေပြင်မှခွာ၍ မည်သို့တက်သွားနိုင်သနည်း။ လေပင့်ခြင်းအားဖြင့်သာဖြစ်သည်။
လေယာဉ်ပျံသည် ပြေးလမ်းကြောင်းပေါ် အရှိန်ဖြင့်ပြေးစဉ် ကုန်းနေသောတောင်ပံများအပေါ်နှင့်အောက်မှ လေတစ်ဟုန်ထိုးတိုက်ခတ်ရာ ယင်းကအထက်သို့ပင့်နိုင်စွမ်းအား ပေါ်ထွက်စေသည်။ လေပင့်ခြင်းအလုံအလောက်ရသည့်အခါ လေယာဉ်ပျံသည် မြေပြင်ဆွဲငင်အားမှလွတ်ပြီး ပျံသန်းသွားနိုင်လေသည်။ သို့သော် မတန်တဆဝန်တင်ဆောင်သောလေယာဉ်ပျံကား မြေပြင်မှတက်နိုင်ရန် ပင့်လေအလုံအလောက်ထုတ်လုပ်ပေးနိုင်မည်မဟုတ်သည်မှာ ဆိုဖွယ်မရှိပေ။
ကျွန်ုပ်တို့လည်း မတန်တဆဝန်ပိခြင်းအဖြစ်မျိုးဖြစ်လာနိုင်၏။ ရာစုနှစ်ပေါင်းများစွာက ဒါဝိဒ်မင်းကြီးက သူပြုမိသောဒုစရိုက်များသည် သူ့အဖို့ ‘မထမ်းနိုင်အောင်လေးသောဝန်ကဲ့သို့ ဖြစ်နေသည်’ ဟုဆိုခဲ့သည်။ (ဆာလံ ၃၈:၄) ထိုနည်းတူစွာ ဘဝ၏ကြောင့်ကြမှုများဖြင့် ဝန်ပိနိုင်ကြောင်း ယေရှုခရစ်တော် မိန့်တော်မူခဲ့သည်။ (လုကာ ၂၁:၃၄) အပျက်မြင်သဘောနှင့် ခံစားချက်များတို့ကြောင့် ကျွန်ုပ်တို့သည် “မတိုးတက်” နိုင်သည်အထိ ဝန်ပိလျက်နေပေမည်။ သင်သည် ဤအတိုင်း ဖြစ်နေသလော။ သို့မဟုတ် သင့်အား ဝိညာဉ်ရေးဘက် မဖွံ့ဖြိုးမကြီးထွားစေသည့် အတားအဆီးတစ်မျိုးမျိုးကို ကြုံတွေ့ဖူးသလော။ သို့ဖြစ်လျှင် အဘယ်အရာသည် အကူအညီဖြစ်နိုင်မည်နည်း။
သင်သည် ငြီးငွေ့နေသလော
ငြီးငွေ့ဖွယ်အခြေအနေ—ယနေ့အဖြစ်များသောပြဿနာ—သည် ယေဟောဝါ၏လူအချို့အတွက်ပင် စိတ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခု ဖြစ်လာနိုင်သည်။ အထူးသဖြင့် လူငယ်များက အချို့လှုပ်ရှားဆောင်ရွက်ဖွယ်များကို ငြီးငွေ့စရာဟုယူမှတ်ကာ လျစ်လျူရှုထားတတ်ကြသည်။ တစ်ခါတစ်ရံ ခရစ်ယာန်အစည်းအဝေးများကို သင်ထိုသို့သဘောထားတတ်သလော။ ထိုသို့ဆိုလျှင် အစည်းအဝေးတက်ခြင်းကို အားတက်စရာဖြစ်စေရန် သင်ဘာလုပ်နိုင်သနည်း။
စည်းဝေးတွင်ပါဝင်ခြင်းသည် သော့ချက်ဖြစ်သည်။ လူငယ်တိမောသေထံ ပေါလုက ဤသို့ရေးသားသည်– “ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် ကိုယ်ကိုကိုယ်ဆုံးမလော့။ ကိုယ်ကာယကိုဆုံးမခြင်းသည် များစွာသောအကျိုးကိုမပေးတတ်။ ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့်စပ်ဆိုင်သော ကတိတော်ကိုရ” ရှိစေသည်။ (၁ တိမောသေ ၄:၇၊ ၈) ကျန်းမာရေးစာအုပ်ပါ ထောက်ခံထားသည့်လေ့ကျင့်ခန်းများအတိုင်း မကျင့်ပါက ထိုစာအုပ်သည် ငြီးငွေ့စရာဖြစ်ပြီး တန်ဖိုးရှိလိမ့်မည်မဟုတ်ပါ။ ခရစ်ယာန်အစည်းအဝေးများသည် ကျွန်ုပ်တို့၏စိတ်သဘောကို လေ့ကျင့်ပေးဖို့ရန်စီစဉ်ထားရာ ယင်းအတွက် ပြင်ဆင်ပြီးနောက်ပါဝင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့အတွက်လေ့ကျင့်မှုဖြစ်မည်။ ဤသို့ပါဝင်ခြင်းဖြင့် အစည်းအဝေးများမှ ပိုမိုအကျိုးရရှိပြီး ယင်းသည် စိတ်ဝင်စားစရာဖြစ်လာမည်ဖြစ်သည်။
၎င်းနှင့်ပတ်သက်၍ မာရာဟုအမည်ရှိသော ခရစ်ယာန်အမျိုးသမီးငယ်တစ်ဦးက ဤသို့ဆိုသည်– “စည်းဝေးအတွက် ကျွန်မမပြင်ဆင်ရင် စည်းဝေးတက်ရတာ မပျော်ဘူး။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်တဲ့အခါ ကျွန်မစိတ်နှလုံးထဲ ပိုဝင်တယ်။ စည်းဝေးတွေက ကျွန်မအတွက် အဓိပ္ပာယ်ပိုရှိလာပြီး ပါဝင်ဖြေဆိုချင်လာတယ်။”
နားထောင်တတ်ရန် သင်ယူခြင်းကလည်း အကူအညီပေးပါလိမ့်မည်။ တေးသံသာကို နားထောင်ခြင်းသည် လွယ်ကူစွာနှင့် ချက်ချင်းနှစ်သက်ပျော်ရွှင်စေသည်။ သို့သော် ကျေနပ်အားရမှုတိုင်း ချက်ချင်းရယူနိုင်သောအရာမဟုတ်ပါ။ စည်းဝေးအစီအစဉ်ကို အားရကျေနပ်နိုင်ဖို့ရန် ပြောဆိုတင်ပြသမျှကို စူးစိုက်နားထောင်ရမည်။ ရေချယ်လ်ဟုခေါ်သောခရစ်ယာန်တစ်ဦးက ဤသို့ဆိုသည်– “ဟောပြောသူက တက်တက်ကြွကြွမရှိရင်ကျွန်မအရမ်းအာရုံစိုက်ရတယ်။ ‘ဟောပြောချက်ဟာ စိတ်ဝင်စားစရာမကောင်းလေလေ ပိုပြီးအာရုံစိုက်ဖို့လိုအပ်လေလေပဲ’ လို့ ကျွန်မကိုယ်ကိုကျွန်မ စည်းမျဉ်းထုတ်ထားတယ်။ . . . အဲ့ဒီအခါ ကျမ်းချက်တွေကို အထူးဂရုစိုက်ပြီး အကျိုးရနိုင်သမျှရအောင် ကြိုးစားကြည့်တယ်။” နားထောင်ရန် ရေချယ်လ်နည်းတူ ကိုယ်ကိုကိုယ် ဆုံးမပဲ့ပြင်ပေးရန်လိုသည်။ နယပုံပြင်ကျမ်းက ဤသို့ဆိုသည်– “ငါ့သား၊ . . . ငါ့ပညာကိုမှတ်ကျုံး၍ ငါပေးသောဉာဏ်သို့ သင့်နားကိုလှည့်လော့။”—သု. ၅:၁၊ ၂။
အစည်းအဝေးများတွင် ကြားရသောအကြောင်းအရာအချို့သည် ကြားဖူးပြီးသား ဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဖြစ်ဖို့ရန်ကား လိုအပ်သည်! ဘုရားသခင်၏ကျေးကျွန်အားလုံးတို့သည် သတိပေးရန်လိုသည်။ ထင်ရာစိုင်းပြုတတ်သည့်အပြင် မှတ်ဉာဏ်ချွတ်ယွင်းသော မစုံလင်သည့်ကိုယ်သည် အကူအညီရရှိနိုင်သမျှရရှိရန်လိုအပ်သည်။ တမန်တော်ပေတရုသည် ‘ယုံကြည်သူချင်းတို့ရရှိသောသမ္မာတရားကို သူတို့သိနားလည်၍ ထိုတရား၌ တည်ကြည်ခြင်းရှိသော်လည်း ဤအရာများကို အကြောင်းပြု၍ သူတို့အား အစဉ်မပြတ်သတိ’ ပေးလိုခဲ့သည်။ (၂ ပေတရု ၁:၁၂၊ သမ္မာ) “ကျမ်းတတ်ဆရာတိုင်းသည် ကိုယ့်ဘဏ္ဍာတိုက်ထဲမှ အသစ်အဟောင်းများကိုထုတ်သော အိမ့်ရှင်နှင့်တူသည်” ဟုယေရှုကလည်း ရှင်းပြတော်မူခဲ့သည်။ (မဿဲ ၁၃:၅၂၊ သမ) ထို့ကြောင့် ကျွန်ုပ်တို့၏အစည်းအဝေးများတွင် ကြားဖူးနားဝဖြစ်သောအကြောင်းအရာများဖြစ်သည့် ‘ဘဏ္ဍာအဟောင်းများ’ ကို ကြားရမည်မှန်သော်လည်း ကျွန်ုပ်တို့နှစ်မြို့စရာ ‘ဘဏ္ဍာအသစ်များ’ ကိုလည်း အမြဲကြားနာရကြမည်ဖြစ်သည်။
အစည်းအဝေးများမှ အကျိုးအပြည့်အဝခံစားနိုင်ရန် ဆုံးဖြတ်ထားခြင်းဖြင့် ဝိညာဏမြှင့်တင်မှုအစစ်၏အကျိုးကိုခံစားရမည်။ “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများ [ဝိညာဉ်ရေးယာစကာများ] သည် ဝမ်းမြောက်စရာရှိကြ၏” ဟုယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၅:၃၊ ကဘ၊ အောက်ခြေမှတ်ချက်) အစည်းအဝေးများတွင် ကြားနာရသည့် အကျိုးပြုသောဝိညာဏအစာအပေါ် ဤကဲ့သို့သောသဘောထား ရှိခြင်းအားဖြင့် ငြီးငွေ့ ခြင်းကို ပျောက်လွင့်စေသည်။—မဿဲ ၂၄:၄၅-၄၇။
မကောင်းသောပုံသက်သေကြောင့် စိတ်ဓာတ်ကျသလော
သင့်အသင်းတော်ရှိလူတစ်ဦး၏အပြုအမူကြောင့် သင်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ဖူးသလော။ ‘ဒီလိုလုပ်တဲ့ညီအစ်ကိုဟာ နာမည်ကောင်းဘယ်လိုဆက်ရနေတာလဲ’ ဟူ၍ပင် သင်တွေးတောကောင်းတွေးတောမိပေမည်။ ဤကဲ့သို့သောအတွေးမျိုးသည် ဘုရားသခင့်လူများနှင့် ပျော်ရွှင်စွာပေါင်းသင်းနိုင်မှု၏တန်ဖိုးကို မမြင်စေသည့် စိတ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုဖြစ်နိုင်သည်။—ဆာလံ ၁၃၃:၁။
ကောလောသဲအသင်းတော်ရှိ အသင်းသားအချို့သည် အလားတူအခက်အခဲပြဿနာမျိုး ရှိကောင်းရှိခဲ့ကြမည်။ ပေါလုက သူတို့ကို ဤသို့မှာကြားခဲ့သည်– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။” (ကောလောသဲ ၃:၁၃) ကောလောသဲမြို့ရှိ ခရစ်ယာန်အချို့သည် မတော်မလျော်ပြုမူခဲ့ဖူး၍ သူတစ်ပါး အပြစ်ဆိုစရာ ဖြစ်ကောင်းဖြစ်ခဲ့မည်ကို ပေါလုအသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် ညီအစ်ကိုညီအစ်မတစ်ဦးတစ်ယောက်သည် တစ်ခါတစ်ရံ ခရစ်ယာန်အရည်အချင်းတစ်ခုခု မတင်ပြသည်ကို အံ့အားသင့်သွားစရာမလိုပါ။ ကြီးလေးသည့်မပြေလည်မှုများကို ဖြေရှင်းရန် လက်တွေ့ကျသောသြဝါဒကို ယေရှုပေးတော်မူခဲ့သည်။ (မဿဲ ၅:၂၃၊ ၂၄; ၁၈:၁၅-၁၇) သို့သော် များသောအားဖြင့် ယုံကြည်သူချင်းတို့၏ မပြည့်စုံချက်များကို သည်းခံပြီး ခွင့်လွှတ်ရန်သာရှိသည်။ (၁ ပေတရု ၄:၈) အမှန်မှာ၊ ဤသို့ပြုမူပါက ကိုယ်ကိုယ်တိုင်နှင့် သူတစ်ပါးအတွက်ပါ အကျိုးရှိစေနိုင်သည်။ ယင်းသို့ အဘယ်ကြောင့်ဖြစ်သနည်း။
“သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏” ဟု နယပုံပြင် ၁၉:၁၁ ကဆိုသည်။ အမျက်ထွက်ပြီး မကျေမချမ်းဖြစ်ခြင်းထက် ခွင့်လွှတ်ခြင်းသည် မည်မျှကောင်းလှသည်တကား! ချစ်ခင်တတ်သောအကြီးအကဲဖြစ်သူ စဲလ်ဗဒေါက ဤသို့ဆိုသည်– “ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကိုမကောင်းမကန်းဆက်ဆံတဲ့အခါ၊ ဒါမှမဟုတ် မကြင်မနာပြောဆိုတဲ့အခါ ‘အဲ့ဒီညီအစ်ကိုကို ငါဘယ်လိုကူညီရမလဲ။ သူ့နဲ့ဆက်ဆံရေးကောင်း မပျက်စီးသွားရအောင် ငါဘယ်လိုလုပ်ရမလဲ’ လို့ ကိုယ့်ကိုယ်ကိုမေးတယ်။ အပြောအဆိုမှားဖို့ အင်မတန်လွယ်တယ်ဆိုတာကို ကျွန်တော်အမြဲသတိထားမိတယ်။ မစဉ်းစားဘဲ ပြောမိမယ်ဆိုရင် အကောင်းဆုံးကတော့ သူ့စကားသူရုပ်သိမ်းပြီး တစ်ကပြန်စဖို့ပဲဖြစ်တယ်။ ဒါပေမဲ့ အဲ့ဒီလိုလုပ်ဖို့က မဖြစ်နိုင်တဲ့ကိစ္စဆိုတော့လည်း နောက်ထပ်အကောင်းဆုံးတစ်နည်းကိုလိုက်ပြီးတော့ သူ့စကားကို ဂရုမပြုဘဲနေလိုက်တယ်။ ညီအစ်ကိုရဲ့စိတ်ထားက ဒီလိုပဲလို့ ယူဆလိုက်မယ့်အစား မစုံလင်လို့ ပြောမိတယ်လို့ ယူမှတ်လိုက်တယ်။”
ဤသို့ပြုဖို့ရန် အပြောလွယ်သလောက် လက်တွေ့တွင် မလွယ်ကူပါဟု သင်ယူမှတ်မည်။ သို့သော် ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်ပုံပေါ် များစွာမူတည်သည်။ “သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့် . . . [ကို] နှလုံးသွင်းကြလော့” ဟုပေါလုက ဩဝါဒပေးခဲ့သည်။ (ဖိလိပ္ပိ ၄:၈) “နှစ်သက်ဖွယ်သော” ၏တိုက်ရိုက်အဓိပ္ပာယ်မှာ “စုံမက်ရန်သွေးဆောင်သော” ဟူ၍ဖြစ်သည်။ ယေဟောဝါသည် လူတို့၏ ကောင်းကွက်များကို ကျွန်ုပ်တို့အား စဉ်းစားစေလိုတော်မူသည်။ မကျေမချမ်းဖြစ်နေမည့်အစား ချစ်ခင်စုံမက်မှုကို ဖြစ်ပွားစေမည့်စရိုက်များကို အာရုံပြုစေလိုတော်မူသည်။ ယင်းနှင့်ပတ်သက်၍ ကိုယ်တော်တိုင်ပင် အကောင်းမြတ်ဆုံးသောပုံသက်သေကိုပေးတော်မူသည်။ ဆာလံဆရာက ကျွန်ုပ်တို့အားသတိပေးထားသကဲ့သို့ပင် “အိုဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း” ဟူ၍ဖြစ်သည်။—ဆာလံ ၁၀၃:၁၂; ၁၃၀:၃။
မှန်သည်၊ တစ်ခါတစ်ရံ ညီအစ်ကိုတစ်ဦး၏ အပြုအမူသည် စိတ်ဓာတ်ကျစရာဖြစ်ပေမည်။ သို့သော် ကျွန်ုပ်တို့၏ဝတ်ပြုဖော်အများစုသည် ခရစ်ယာန် အသက်တာ၏ အလွန်ကောင်းသောစံနမူနာများဖြစ်ကြသည်။ ယင်းကို ဒါဝိဒ်ကဲ့သို့ ကျွန်ုပ်တို့သတိရမည်ဆိုလျှင် ဝမ်းသာအားရစွာဖြင့် ‘ယေဟောဝါ၏ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းကြမည်ဖြစ်သည်။ များစွာသောသူတို့၏အလယ်မှာ ကျွန်ုပ်တို့ချီးမွမ်းကြမည်။’—ဆာလံ ၁၀၉:၃၀။
သက်သေခံတစ်ဦးဖြစ်ခြင်းသည် ခက်ခဲလွန်းပုံရသလော
ဝမ်းနည်းစရာမှာ အခြားသောစိတ်ပိုင်းဆိုင်ရာအတားအဆီးကြောင့် အချို့သူတို့သည် ယေဟောဝါကို ယခုထိ မချီးမွမ်းကြသေးချေ။ ယေဟောဝါသက်သေများမဟုတ်သည့် အမျိုးသားအချို့သည် သူတို့၏မိသားစုကိုထောက်ပံ့ရုံမက သူတို့၏ဇနီးမယားကို ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ရန်ပင် ထောက်ခံအားပေးကြသည်။ သူတို့သည် ဖော်ရွေပျူငှာ၍ အသင်းတော်အပေါ်၌ စိတ်ဝင်စားကြသော်လည်း ဘုရားသခင်၏ ဆက်ကပ်အပ်နှံကျေးကျွန်များဖြစ်လာကြရန် တွန့်ဆုတ်နေကြသည်။ သူတို့အား အဘယ်အရာက ဟန့်တားနေပါသနည်း။
တစ်ခုဖြစ်နိုင်သည်ကား သူတို့ဇနီးမယားတို့သည် သီအိုကရက်တစ်လုပ်ငန်းများတွင် အလွန်အလုပ်များနေကြသည်ကိုတွေ့ရှိပြီး သက်သေခံတစ်ဦးဖြစ်ဖို့ရန် တာဝန်များလွန်းသည်ဟု သူတို့ယူဆနေခြင်းဖြစ်မည်။ သို့မဟုတ် တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်းတွင် သူတို့အဘယ်နည်းဖြင့်မျှ မပါဝင်နိုင်ဟူ၍ စိုးရိမ်ခြင်းဖြစ်ကောင်းဖြစ်ပေမည်။ သူတို့ဘက်မှကြည့်လျှင် ရရှိသောကောင်းချီးများထက် တာဝန်ကပိုလွန်းသကဲ့သို့ဖြစ်ပေမည်။ အဘယ်ကြောင့် ဤစိတ်ပိုင်းဆိုင်ရာအတားအဆီး ဖြစ်ပေါ်လာရသနည်း။ ကျမ်းစာသင်သားအများစုသည် သမ္မာတရားကို တဖြည်းဖြည်းသင်ယူ၍ လက်တွေ့ကျင့်သုံးလာတတ်ကြသည်။ သို့သော် မယုံကြည်သူ လင်ယောက်ျားများမှာမူ ခရစ်ယာန်တာဝန်ဝတ္တရားအားလုံးတို့ကို ခံယူနိုင်ရန် လှုံ့ဆော်မှုတွန်းအားမရရှိမီ ယင်းတို့ကို ကြိုတင်သိရှိနှင့်ပြီးသားဖြစ်လေ့ရှိသည်။
ထိုသို့သောအခြေအနေမျိုးတွင်ရှိခဲ့သူ မန်နွယ်လ်က ဤသို့ရှင်းပြသည်– “ဆယ်နှစ်လောက် ကျွန်တော့်ဇနီးနဲ့အတူ စည်းဝေးကြီးတွေ၊ အပတ်စဉ်အစည်းအဝေးတွေ လိုက်တက်တယ်။ အမှန်ပြောရရင် လောကသားတွေနဲ့ပေါင်းတာထက် သက်သေခံတွေနဲ့ပေါင်းရတာ ပိုပျော်တယ်။ တတ်နိုင်တဲ့အခါတိုင်း သူတို့ကို အကူအညီပေးတယ်။ သူတို့အချင်းချင်း ချစ်ခင်ကြတာကို ကျွန်တော်တကယ်သဘောကျတယ်။ ဒါပေမဲ့ တစ်အိမ်တက်ဆင်းသွားရတာက ကျွန်တော့်အတွက် အတားအဆီးကြီးတစ်ခုဖြစ်တယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကိုပြောင်လှောင်မှာ စိုးရိမ်ခဲ့တယ်။
“ကျွန်တော့်ဇနီးက ကျွန်တော့်အပေါ် အတော်စိတ်ရှည်တယ်။ ကျမ်းစာလေ့လာဖို့ တစ်ခါမှ အတင်းမခိုင်းဘူး။ သူရော ကလေးတွေကပါ သူတို့ရဲ့ပုံသက်သေကောင်းနဲ့ ကျွန်တော့်ကို ‘ဟော’ ကြတယ်။ အသင်းတော်အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ဟိုစေးက ကျွန်တော့်ကို အထူးစိတ်ဝင်စားမှုပြတယ်။ နောက်ဆုံး အလေးအနက်သဘောထားလာပြီး ကျွန်တော်ကျမ်းစာလေ့လာခဲ့တာလည်း သူ့အားပေးမှုကြောင့်ဖြစ်ပါလိမ့်မယ်။ နှစ်ခြင်းခံပြီးတဲ့အခါ အတားအဆီးများဟာ တခြားဘယ်ကမှမဟုတ်ဘဲ ကျွန်တော့်စိတ်ထဲကပဲလာတယ်ဆိုတာကို ရိပ်မိလိုက်တယ်။ ယေဟောဝါအမှုတော်ကိုဆောင်တော့မယ်လို့ ကျွန်တော်စိတ်ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော့်စိုးရိမ်မှုတွေကိုကျော်လွှားရာ၌ ဘုရားသခင်ရဲ့အကူအညီကို ခံစားခဲ့ရတယ်။”
မန်နွယ်လ်ကဲ့သို့သော လင်ယောက်ျားများအား သူတို့၏စိတ်ပိုင်းဆိုင်ရာအတားအဆီးကို ထိုးဖောက်ကျော်လွှားနိုင်ရန် ဇနီးသည်များနှင့် ခရစ်ယာန်အကြီးအကဲများသည် မည်သို့အကူအညီပေးနိုင်မည်နည်း။ ကျမ်းစာသင်အံမှုက တန်ဖိုးထားလေးမြတ်မှုတိုးပွားစေ၍ ဘုရားသခင့်အလိုတော်ဆောင်ရွက်လိုစိတ်ကို ဖြစ်ပေါ်စေနိုင်သည်။ ကျမ်းစာအသိပညာ ကောင်းကောင်းရှိထားခြင်းသည် ယုံကြည်ခြင်းတင်ပြရန်နှင့် အနာဂတ်မျှော်လင့်ချက်ကို ယုံကြည်စိတ်ချခြင်းအတွက်အခြေခံဖြစ်သည်မှာ အမှန်တကယ်ပင်။—ရောမ ၁၅:၁၃။
ဤကဲ့သို့သောလင်ယောက်ျားများသည် ကျမ်းစာသင်အံမှုကိုလက်ခံနိုင်ရန် သူတို့အား အဘယ်အရာက တိုက်တွန်းမည်နည်း။ အများအားဖြင့်အထောက်အကူဖြစ်သည်မှာ အသင်းတော်ရှိ စာနာနားလည်တတ်သောညီအစ်ကိုတစ်ဦးနှင့် ခင်မင်ရင်းနှီးခြင်းဖြစ်သည်။ အကြီးအကဲတစ်ဦး၊ သို့မဟုတ် အတွေ့အကြုံရှိသော အခြားညီအစ်ကိုတစ်ဦးသည် ထိုလင်ယောက်ျားနှင့် အကျွမ်းတဝင်ဖြစ်ရန် ကြိုးစားနိုင်ပေသည်။ ရင်းနှီးလာသည်နှင့်အမျှ သူ့အားသင်အံမှုကမ်းလှမ်းဖို့သာ လိုအပ်ပေလိမ့်မည်။ (၁ ကောရိန္သု ၉:၁၉-၂၃) ဤအချိန်အတောအတွင်း သတိပညာရှိ ခရစ်ယာန်ဇနီးသည်သည် မယုံကြည်သူလင်ယောက်ျားအနေနှင့် အတင်းအကြပ်တိုက်တွန်းမှုကို နှစ်သက်မည်မဟုတ်ကြောင်း သိရှိထားကာ ဝိညာဉ်ရေးရာတို့ကို တစ်ခွန်းစနှစ်ခွန်းစ ပြောဆိုပေးနိုင်သည်။—သု. ၁၉:၁၄။
ကိုယ်တွေ့အားဖြင့် မန်နွယ်လ်သိရှိခဲ့သည့်အတိုင်း လူတစ်ဦးသည် ဝိညာဏခွန်အားရှိလာသောအခါ တောင်ကြီးများကဲ့သို့သော အတားအဆီးများပင် သူ့အတွက်တောင်ပို့များသာ ဖြစ်လာလေသည်။ ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်လိုသူများကို ကိုယ်တော်ခွန်အားပေးတော်မူသည်။ (ဟေရှာယ ၄၀:၂၉-၃၁) ဘုရားသခင်ပေးသောခွန်အားနှင့်တကွ ရင့်ကျက်သောသက်သေခံများ၏ အားပေးကူညီမှုကြောင့် အတားအဆီးများသည် ပျောက်လွင့်သွားနိုင်သည်။ ဤနည်းအားဖြင့် တစ်အိမ်မှတစ်အိမ်လုပ်ငန်းသည် ဤမျှတုန်လှုပ်စရာမဟုတ်၊ လုပ်ဖော်ကိုင်ဖက်များလည်း ဤမျှကြောက်စရာမဟုတ်ကြောင်း တွေ့ရှိလာကာ စိုးလ်အကြွင်းမဲ့ဝတ်ပြုမှုသည် ပိုမိုနှစ်မြို့ဖွယ်ရာ ဖြစ်လာနိုင်သည်။—ဟေရှာယ ၅၁:၁၂; ရောမ ၁၀:၁၀။
အရှိန်ကိုထိန်းသိမ်းခြင်း
ကျွန်ုပ်တို့သုံးသပ်ခဲ့ရာအကြောင်းသုံးခုကဲ့သို့သော အတားအဆီးများကို ထိုးဖောက်ကျော်လွှားနိုင်ပါသည်။ လေယာဉ်ပျံတစ်စင်းသည် စအထွက်၌ အင်ဂျင်စက်များမှ ပုံမှန်အားဖြင့် စွမ်းအားအများဆုံးလိုအပ်ပြီး လေယာဉ်အမှုထမ်းအဖွဲ့၏ အထူးဂရုစိုက်မှုလိုအပ်သည်။ အင်ဂျင်စက်များသည် လေယာဉ်ထွက်ခွာချိန်တွင် အခြားမည်သည့်ပျံသန်းချိန်ထက်မဆို လောင်စာအတော်အတန်စားသည်။ ထိုနည်းတူစွာ အပျက်မြင်သဘောနှင့် ခံစားချက်များမှ ရုန်းထွက်နိုင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်ပြီး အာရုံစူးစိုက်ရန် လိုသည်။ အခဲယဉ်းဆုံးမှာ အစပြုခြင်းဖြစ်ပြီး အရှိန်ယူနိုင်သည်နှင့်တစ်ပြိုင်နက် တိုးတက်ရန် လွယ်ကူသွားပါသည်။—၂ ပေတရု ၁:၁၀ နှိုင်းယှဉ်။
ကျမ်းစာဆိုင်ရာ အားပေးချက်ကို ချက်ချင်းလိုက်နာခြင်းအားဖြင့် တိုးတက်မှုအရှိန်ကို ထိန်းထားနိုင်၏။ (ဆာလံ ၁၁၉:၆၀) အသင်းတော်ကလည်း အမှန်ပင် ကူညီမည်ကို စိတ်ချနိုင်သည် (ဂလာတိ ၆:၂) သို့ရာတွင် အရေးအကြီးဆုံးကား ယေဟောဝါဘုရားသခင်၏ ထောက်မကူညီမှုပင်ဖြစ်သည်။ ဒါဝိဒ်ပြောသည့်အတိုင်းပင် “ငါတို့၏ဝန်ကို နေ့စဉ်ထမ်းတော်မူသောဘုရားရှင် . . . သည် မင်္ဂလာရှိတော်မူစေသတည်း။” (ဆာလံ ၆၈:၁၉) ဆုတောင်းခြင်းအားဖြင့် ဝန်ထုပ်ကိုဖြေသည့်အခါ ကျွန်ုပ်တို့၏ဝန်သည် ပေါ့ပါးသွားပါလိမ့်မည်။
တစ်ခါတစ်ရံ လေယာဉ်ပျံတစ်စီးသည် မိုးရွာ၍အုံ့ဆိုင်းရာအရပ်မှထွက်ခွာ၍ တိမ်တိုက်ထဲဖြတ်သန်းသွားပြီး နေသာသောကောင်းကင်ထဲတိုးဝင်ပျံသန်းသွားတတ်သည်။ ကျွန်ုပ်တို့လည်း အပျက်မြင်သဘောထားများကို ချန်လှပ်ထားနိုင်သည်။ ဘုရားသခင့်အကူအညီဖြင့် ဥပစာတိမ်တိုက်ကို ထိုးဖောက်ကျော်လွှားကာ ယေဟောဝါ၏ ကမ္ဘာချီဝတ်ပြုကိုးကွယ်သူများမိသားစုကြီး၏ရွှင်မြူးသောအသိုင်းအဝိုင်းတွင် မွေ့ပျော်နိုင်ပါသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေဟောဝါ၏အကူအညီဖြင့် စိတ်ပိုင်းဆိုင်ရာအတားအဆီးများကို ထိုးဖောက်ကျော်လွှားနိုင်