ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၉/၁၅ စာ. ၃-၅
  • မနာလိုခြင်းနှင့်ပတ်သက်၍ သင်သိအပ်သောအရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မနာလိုခြင်းနှင့်ပတ်သက်၍ သင်သိအပ်သောအရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ငြူစူသောသဘောရှိခြင်း’
  • အပြစ်ရှိသောမနာလိုခြင်း ကင်းသည့်ကမ္ဘာ
  • မေတ္တာသည် မလျောက်ပတ်သော မနာလိုခြင်းကို အနိုင်ယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယေဟောဝါ၏စင်ကြယ်သော ဝတ်ပြုရေးအတွက် မနာလိုဖြစ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယောသပ်ဟာ မနာလိုမှုရဲ့သားကောင် ဖြစ်ခဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ခရစ်ယာန်များသည် မနာလိုသူ ဖြစ်သင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၉/၁၅ စာ. ၃-၅

မနာလိုခြင်းနှင့်ပတ်သက်၍ သင်သိအပ်သောအရာ

မနာလိုခြင်းမည်သည် အဘယ်နည်း။ ယင်းသည် လူတစ်ဦးကို စိုးရိမ်ပူပန်အောင်၊ ဝမ်းနည်းအောင် သို့မဟုတ် ဒေါသထွက်အောင် ဖြစ်စေနိုင်သော ပြင်းထန်သည့်စိတ်လှုပ်ရှားမှုဖြစ်သည်။ အလုပ်တစ်ခုတွင် လူတစ်ဦးသည် ကျွန်ုပ်တို့ထက်သာ၍ အောင်မြင်ပုံရှိက မနာလိုခြင်းကို ကျွန်ုပ်တို့ခံစားရပေမည်။ သို့မဟုတ် မိတ်ဆွေတစ်ဦးက ကျွန်ုပ်တို့ထက်သာ၍ ချီးမွမ်းခံရလျှင်လည်း ကျွန်ုပ်တို့မနာလိုဖြစ်နိုင်သည်။ သို့သော် မနာလိုခြင်းသည် အမြဲမှားသလော။

မနာလိုစိတ်၏အနိုင်ယူခြင်းကိုခံရသူသည် အပြိုင်အဆိုင်သမားဖြစ်လာမည့် အရိပ်အမြွက်ထင်လာသည်။ ရှေးဣသရေလနိုင်ငံဘုရင်ရှောလုသည် ဤကိစ္စအတွက် နမူနာတစ်ခုဖြစ်သည်။ ပထမတွင် သူ၏လက်နက်တော်ဆောင်ဖြစ်သူဒါဝိဒ်ကို သူချစ်ခင်ခဲ့ပြီး စစ်သူရဲအုပ်အဖြစ်ပင် ရာထူးတိုးမြှင့်ပေးသည်။ (၁ ဓမ္မရာဇဝင် ၁၆:၂၁; ၁၈:၅) သို့နှင့် တစ်နေ့သောအခါ မိန်းမများသည် ဒါဝိဒ်အပေါ် ဤသို့ချီးမွမ်းကြသည်ကို ရှောလုကြားလိုက်သည်– “ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေစွတကား။” (၁ ဓမ္မရာဇဝင် ၁၈:၇) ယင်းအဖြစ်က မိမိနှင့်ဒါဝိဒ်တို့၏ ကောင်းသောဆက်ဆံရေးကို ထိခိုက်စေရန် ရှောလုခွင့်မပြုသင့်။ သို့သော် ယင်းအတွက် သူဗွေယူခဲ့သည်။ “ထိုနေ့မှစ၍ ဒါဝိဒ်ကိုအစဉ်ချောင်းမြောင်းလျက်နေ၏။”—၁ ဓမ္မရာဇဝင် ၁၈:၉။

မနာလိုသောသူသည် အခြားသူကို ဒုက္ခရောက်စေလိုသောဆန္ဒရှိချင်မှရှိမည်။ သူ သို့မဟုတ် သူမသည် အဖော်တစ်ဦး၏အောင်မြင်မှုကို မခံမရပ်နိုင်ဖြစ်လာကာ အလားတူအရည်အသွေး သို့မဟုတ် အခြေအနေသို့ရောက်လိုသော ပြင်းပြသည့်ဆန္ဒပေါ်ပေါက်လာခြင်းမျှသာဖြစ်သည်။ အခြားတစ်ဖက်တွင် ငြူစူခြင်းသည် အထူးသဖြင့် မကောင်းသောသဘောဖြင့် မနာလိုခြင်းဖြစ်သည်။ ငြူစူသောသူသည် မိမိ၏မနာလိုစိတ်ကိုနှိုးဆွသောသူ၏ ကောင်းကျိုးကို လျှို့ဝှက်စွာထိန်ချန်ထားမည် သို့မဟုတ် ထိုသူကိုဒုက္ခရောက်စေလိုမည်။ တစ်ခါတစ်ရံ ငြူစူသောသူသည် သူ၏ခံစားမှုများကို ဖုံးကွယ်မထားနိုင်ချေ။ ဘုရင်ရှောလုသည် ဒါဝိဒ်ကိုသတ်ရန် ကြိုးစားသကဲ့သို့ သူသည် အခြားသူတစ်စုံတစ်ယောက်ကို ပြောင်ပြောင်တင်းတင်းဒုက္ခပေးရန် လှုံ့ဆော်ခံရပေမည်။ ရှောလုသည် ဒါဝိဒ်ကို “နံရံနှင့်ကပ်အောင်ထိုး” ရန်ကြိုးစားသောအားဖြင့် တစ်ကြိမ်ထက်မက လှံကိုပစ်လွှတ်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၁၈:၁၁; ၁၉:၁၀၊ သမ္မာ။

‘ဒါပေမဲ့ ကျွန်တော်က မနာလိုတတ်တဲ့သူမဟုတ်ပါဘူး’ ဟု သင်ပြောမည်။ မှန်ပါသည်၊ မနာလိုခြင်းသည် သင့်အသက်တာကို ကြိုးကိုင်မထားခြင်းဖြစ်မည်။ သို့သော် ကျွန်ုပ်တို့အားလုံးသည် တစ်စုံတစ်ခုသောအတိုင်းအတာဖြင့် မနာလိုခြင်း—ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူတို့၏ မနာလိုသည့်ခံစားချက်များ၏ အကျိုးသက်ရောက်မှုကို ခံရကြသည်။ အခြားသူ၏မနာလိုခြင်းကို ကျွန်ုပ်တို့ချက်ချင်းမြင်တတ်သော်လည်း မိမိ၏မနာလိုခြင်းကို သိမြင်ရန်မူ နှေးကွေးပေမည်။

‘ငြူစူသောသဘောရှိခြင်း’

ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာကျမ်းစာတွင် ဖော်ပြထားသော အပြစ်နှင့်ပြည့်ဝသည့် လူ့သဘာဝဆိုင်ရာမှတ်တမ်းက ငြူစူစိတ်ဖြင့်ပြုသောအပြစ်များကို မကြာခဏ အထင်အရှားဖော်ပြထားသည်။ ကာဣနနှင့်အာဗေလတို့၏မှတ်တမ်းကို သတိရသလော။ အာဒံနှင့်ဧဝတို့၏သားများဖြစ်သော ဤသူနှစ်ယောက်လုံး ဘုရားသခင်ကိုယဇ်ပူဇော်ကြသည်။ အာဗေလယဇ်ပူဇော်ရခြင်းမှာ သူသည် ယုံကြည်ခြင်းရှိသောကြောင့်ဖြစ်သည်။ (ဟေဗြဲ ၁၁:၄) ဘုရားသခင်သည် မြေကြီးနှင့်ပတ်သက်သော မိမိ၏မဟာရည်ရွယ်တော်မူချက်ကို ပြည့်စုံစေနိုင်သည့်အစွမ်းသတ္တိရှိကြောင်း သူယုံကြည်သည်။ (ကမ္ဘာဦး ၁:၂၈; ၃:၁၅; ဟေဗြဲ ၁၁:၁) ဘုရားသခင်သည် သစ္စာရှိသောလူများကို လာမည့်ပရဒိသုအတွင်း အသက်ရှင်ခွင့်ဖြင့် ဆုချတော်မူမည်ကိုလည်း အာဗေလယုံကြည်သည်။ (ဟေဗြဲ ၁၁:၆) ထို့ကြောင့် အာဗေလ၏ပူဇော်သကာကို ဘုရားသခင်လက်ခံတော်မူခဲ့သည်။ ကာဣနသာ သူ၏ညီကိုအမှန်ချစ်ခဲ့ပါမူ အာဗေလအား ဘုရားသခင်ကောင်းချီးပေးခြင်းအတွက် သူပျော်ရွှင်ခဲ့ရပေမည်။ သို့အစား “ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။”—ကမ္ဘာဦး ၄:၅။

ကာဣနလည်းကောင်းချီးရနိုင်ရန် ကောင်းစွာပြုမူဖို့ သူ့ကို ဘုရားသခင်တိုက်တွန်းသည်။ သူ့ကိုဘုရားသခင်ဤသို့သတိပေးသည်– “သင်သည် . . . ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက် သင့်ကိုလိုချင်သော်လည်း သင်သည် ထိုအပြစ်ပေါ်၌ အုပ်စိုးသင့်သည်။” (ကမ္ဘာဦး ၄:၇၊ သမ္မာ) ဝမ်းနည်းစရာကား ကာဣနသည် သူ၏မနာလိုမှုကြောင့်ဖြစ်သည့်ဒေါသကို မအုပ်စိုးခဲ့ချေ။ ယင်းက ဖြောင့်မတ်သောညီကို သတ်ပစ်ရန် သူ့ကိုတွန်းအားပေးခဲ့သည်။ (၁ ယောဟန် ၃:၁၂) ထိုအချိန်မှစ၍ တိုက်ခိုက်မှုများနှင့် စစ်ပွဲများသည် သန်းပေါင်းများစွာသော လူတို့၏အသက်ကို ချွေလာခဲ့သည်။ “စစ်ဖြစ်ရခြင်း၏ အခြေခံအကြောင်းအချို့မှာ နယ်မြေပိုရလိုသောဆန္ဒ၊ သာ၍ချမ်းသာကြွယ်ဝလိုသောဆန္ဒ၊ အာဏာပိုရလိုသောဆန္ဒ သို့မဟုတ် လုံခြုံမှုရလိုသောဆန္ဒတို့ကြောင့်ဖြစ်နိုင်သည်” ဟု ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းကရှင်းပြသည်။

ခရစ်ယာန်စစ်များသည် ဤလောက၏စစ်ပွဲများတွင် မပါဝင်ကြပါ။ (ယောဟန် ၁၇:၁၆) သို့သော် ဝမ်းနည်းဖွယ်ကား တစ်ခါတစ်ရံ ခရစ်ယာန်တစ်ဦးချင်းအလိုက် နှုတ်ဖြင့်တိုက်ခိုက်မှုများတွင် ပါဝင်လာခြင်းဖြစ်သည်။ အသင်းတော်ရှိအခြားသူများ ပါဝင်လာပြီဆိုလျှင် ထိုတိုက်ခိုက်မှုသည် အန္တရာယ်ရှိသည့်စကားစစ်ထိုးပွဲကြီးဖြစ်လာနိုင်သည်။ “သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း” ဟု ယုံကြည်သူချင်းတို့ကို ကျမ်းရေးသူယာကုပ်က မေးသည်။ (ယာကုပ် ၄:၁) သူတို့၏ ရုပ်ပစ္စည်းတပ်မက်မှုကို ဖော်ထုတ်ခြင်းအားဖြင့် ထိုမေးခွန်းကိုဖြေ၍ သူဆက်ပြောသည်မှာ “သင်တို့သည် . . . အလွန်လိုချင်သောလောဘစိတ်ရှိ” သို့မဟုတ် “မနာလို” သောကြောင့်ဟူ၍ဖြစ်သည်။ (ယာကုပ် ၄:၂၊ ကဘ။ အောက်ခြေမှတ်ချက်) မှန်ပါသည်၊ ရုပ်ပစ္စည်းလိုက်စားခြင်းသည် လိုချင်တပ်မက်မှုနှင့် မိမိထက်အခြေအနေသာပုံရှိသူများကို မနာလိုမှု ဖြစ်စေတတ်သည်။ ဤအကြောင်းကြောင့် ‘ငြူစူသောသဘောရှိ’ သူများကို ယာကုပ်သတိပေးလိုက်ခြင်းဖြစ်သည်။—ယာကုပ် ၄:၅။

မနာလိုခြင်းကို ပိုင်းခြားသုံးသပ်ကြည့်ခြင်းက မည်သည့်အကျိုးဖြစ်ထွန်းစေသနည်း။ သို့ပြုခြင်းအားဖြင့် ကျွန်ုပ်တို့ကို ရိုးသားသူများဖြစ်အောင်ကူညီပြီး အခြားသူများနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်စေသည်။ နားလည်မှု၊ သည်းခံမှုနှင့် ခွင့်လွှတ်မှုပိုရှိစေရန်လည်း ယင်းက ကျွန်ုပ်တို့ကိုအကူအညီပေးနိုင်သည်။ အကောင်းဆုံးရလဒ်အနေနှင့် ဘုရားသခင်၏မေတ္တာပါကယ်တင်ခြင်းအစီအစဉ်နှင့် အပြစ်ပြုရန်လွယ်သော လူသားတို့၏သဘာဝမှ ကယ်နုတ်ခံရရန် မဖြစ်မနေလိုအပ်ခြင်းကို ယင်းကပေါ်လွင်စေသည်။—ရောမ ၇:၂၄၊ ၂၅။

အပြစ်ရှိသောမနာလိုခြင်း ကင်းသည့်ကမ္ဘာ

လူ့ရှုထောင့်မှဆိုလျှင် အပြစ်ရှိသောမနာလိုခြင်းကင်းသည့်ကမ္ဘာသည် အတော့်ကိုမဖြစ်နိုင်စရာဖြစ်သည်။ “အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ အတွေးအခေါ်ပညာရှင်များနှင့် . . . စိတ္တဗေဒပညာရှင်များပြောဆိုခဲ့ကြသော လူမျိုးအဆက်ဆက်ကြာမြင့်စွာ စုဆောင်းရရှိလာသည့်ဉာဏ်ပညာသည် မနာလိုမှုဖြင့်နှိပ်စက်ခံနေရသော လူသားများကို မည်သည့်လမ်းညွှန်မှုမျှမပေးချေ။ . . . မနာလိုမှုခံစားနေရသောလူတစ်ဦးကို မည်သည့်ဆရာဝန်တစ်ဦးတစ်ယောက်က ကုသနိုင်ခဲ့ဖူးသနည်း” ဟု စာရေးဆရာရမ်းလန်ဒေါက ဝန်ခံထားသည်။

သို့သော် ဆိုးသွမ်းသော မနာလိုခြင်း သို့မဟုတ် ငြူစူခြင်းဖြင့် ဘေးသင့်ခံရသူတစ်ဦးမျှမရှိတော့သည့် ကမ္ဘာသစ်တစ်ခုတွင် စုံလင်သောလူသားများအဖြစ် အသက်ရှင်ခွင့်ရရှိနိုင်သည့်မျှော်လင့်ချက်ကို သမ္မာကျမ်းစာကဖော်ပြထားသည်။ ထို့အပြင် ထိုကမ္ဘာသစ်၏ငြိမ်းချမ်းငြိမ်သက်ခြင်းသည် ဆိုးညစ်သောထိုစရိုက်လက္ခဏာရှိသူများ၏ နှောင့်ယှက်ဖျက်ဆီးခြင်းကိုခံရတော့မည်မဟုတ်ချေ။—ဂလာတိ ၅:၁၉-၂၁; ၂ ပေတရု ၃:၁၃။

သို့ရာတွင် မနာလိုမှုအားလုံး မလျောက်ပတ်သည်တော့မဟုတ်ပါ။ အမှန်မှာ သမ္မာကျမ်းစာက ယေဟောဝါကို “မနာလိုသောဘုရား” ဟုခေါ်ထားသည်။ (ထွက်မြောက်ရာ ၃၄:၁၄၊ ကဘ) ယင်းက မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ထို့ပြင် လျောက်ပတ်သော မနာလိုခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။ တစ်ချိန်တည်းတွင် လူတစ်ယောက်သည် မလျောက်ပတ်သောမနာလိုခြင်းကို မည်သို့နိုင်နင်းနိုင်သနည်း။ နောက်ဆောင်းပါးကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ