ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၉/၁၅ စာ. ၈-၁၄
  • ယေဟောဝါ၏စင်ကြယ်သော ဝတ်ပြုရေးအတွက် မနာလိုဖြစ်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏စင်ကြယ်သော ဝတ်ပြုရေးအတွက် မနာလိုဖြစ်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရွှေနွားရုပ်
  • ဗာလပေဂုရ
  • သတိပေးသင်ခန်းစာတစ်ရပ်
  • ဘုရားရေးရာမနာလိုခြင်းဆိုင်ရာ နောက်ထပ်ပုံနမူနာများ
  • ဘုရားသခင်၏မနာလိုမှုသည် မိမိလူများအတွက် အကျိုးဖြစ်ထွန်းစေ
  • ဘုရားသခင်၏မနာလိုခြင်းဆိုင်ရာ အနာဂတ်လုပ်ဆောင်မှုများ
  • မေတ္တာသည် မလျောက်ပတ်သော မနာလိုခြင်းကို အနိုင်ယူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခရစ်ယာန်များသည် မနာလိုသူ ဖြစ်သင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • မနာလိုခြင်းနှင့်ပတ်သက်၍ သင်သိအပ်သောအရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ယောသပ်ဟာ မနာလိုမှုရဲ့သားကောင် ဖြစ်ခဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၉/၁၅ စာ. ၈-၁၄

ယေဟောဝါ၏စင်ကြယ်သော ဝတ်ပြုရေးအတွက် မနာလိုဖြစ်ခြင်း

“မနာလိုအမည်ရှိတော်မူသော ယေဟောဝါသည် မနာလိုသောဘုရား ဖြစ်တော်မူသည်။”—ထွက်မြောက်ရာ ၃၄:၁၄၊ ကဘ။

၁ ယေဟောဝါ၏ ထူးခြားထင်ရှားသောအရည်အသွေးတော်ကား အဘယ်နည်း။ ယင်းသည် ကိုယ်တော်၏မနာလိုခြင်းနှင့် မည်သို့ဆက်စပ်နေသနည်း။

ယေဟောဝါသည် မိမိကိုယ်ကို “မနာလိုသောဘုရား” ဟု ဖော်ပြတော်မူသည်။ “မနာလိုခြင်း” ဟူသောဝေါဟာရသည် မကောင်းသည့်သဘောသက်ရောက်သည်ဖြစ်၍ အဘယ်ကြောင့်ထိုသို့ဖော်ပြကြောင်း သင်သိလိုပေမည်။ မေတ္တာသည် ဘုရားသခင်၏ ထူးခြားထင်ရှားသောအရည်အသွေးတော်ဖြစ်သည်မှာ မှန်ပါသည်။ (၁ ယောဟန် ၄:၈) ထို့ကြောင့် မနာလိုမှုနှင့်ဆိုင်သော ကိုယ်တော်၏မည်သည့်ခံစားချက်မဆို လူသားများ၏အကျိုးအတွက်ဖြစ်ရမည်။ အမှန်မှာ စကြဝဠာအတွင်း ငြိမ်သက်ခြင်းနှင့်သဟဇာတဖြစ်ခြင်းရှိရန် ဘုရားသခင်၏မနာလိုခြင်းလိုအပ်ကြောင်းကို ကျွန်ုပ်တို့သိမြင်ကြရမည်။

၂။ “မနာလိုခြင်း” အတွက် ဟေဗြဲဝေါဟာရများကို ဘာသာပြန်ဆိုသည့်နည်းအချို့ကား အဘယ်နည်း။

၂ ဟေဗြဲကျမ်းစာစောင်တွင် “မနာလိုခြင်း” နှင့်ဆက်နွှယ်နေသော ဟေဗြဲဝေါဟာရများ အကြိမ် ၈၀ ကျော်ပါဝင်သည်။ ယင်းတို့ထဲမှ ထက်ဝက်ခန့်သည် ယေဟောဝါနှင့်ပတ်သက်၍ ရည်ညွှန်းခြင်းဖြစ်သည်။ ဂျီ. အိပ်ချ်. လစ်ဗင်းစတန်က ရှင်းပြရာတွင် “ဘုရားသခင်နှင့်ပတ်သက်လျှင် မနာလိုခြင်းဟူသောသဘောသည် မူမမှန်သည့်စိတ်လှုပ်ရှားမှုကို ဆိုလိုခြင်းမဟုတ်ပေ။ သို့အစား ယေဟောဝါဝတ်ပြုရေးတွင် တသီးတခြားဖြစ်ရန် အတင်းအကျပ်ပြုခြင်းကို ဆိုလိုသည်” ဟု ဖော်ပြထားသည်။ (The Pentateuch in Its Cultural Environment) ထို့ကြောင့် ကမ္ဘာသစ်ဘာသာပြန်ကျမ်း က ထိုဟေဗြဲနာမ်ကို တစ်ခါတစ်ရံ “အကြွင်းမဲ့စိတ်နှလုံးဖြင့်ဆည်းကပ်ဝတ်ပြုခြင်းကို ကြပ်တည်းစွာပြုစေခြင်း” ဟု ပြန်ဆိုသည်။ (ယေဇကျေလ ၅:၁၃၊ ကဘ) ဆီလျော်သော အခြားဘာသာပြန်ဆိုချက်များမှာ “စိတ်အားကြီးခြင်း” သို့မဟုတ် “ဇွဲ” ဖြစ်သည်။—ဆာလံ ၇၉:၅၊ ကဘ; ဟေရှာယ ၉:၇၊ ကဘ။

၃။ မနာလိုခြင်းသည် တစ်ခါတစ်ရံ မည်သည့်နည်းဖြင့် ကောင်းသောသဘောသက်ရောက်နိုင်သနည်း။

၃ လူသားသည် မနာလိုတတ်သည့်စိတ်ဖြင့် ဖန်ဆင်းခံထားရသည်။ သို့သော် အပြစ်သို့လူသားသက်ဆင်းခြင်းက လွဲမှားသည့်မနာလိုခြင်းကို ပေါ်ပေါက်စေသည်။ သို့ပင်ငြားလည်း လူသားတို့၏မနာလိုခြင်းသည် ကောင်းမှုအတွက်တွန်းအားတစ်ခုဖြစ်နိုင်သည်။ ချစ်ရသူတစ်ဦးကို မကောင်းသောသြဇာလွှမ်းမိုးမှုမှ ကာကွယ်ပေးရန် လူတစ်ဦးကိုလှုံ့ဆော်နိုင်သည်။ ထို့အပြင် လူသားတို့သည် ယေဟောဝါနှင့် ကိုယ်တော့်ဝတ်ပြုရေးအတွက် လျောက်ပတ်သောမနာလိုခြင်းကို တင်ပြနိုင်သည်။ (၃ ဓမ္မရာဇဝင် ၁၉:၁၀) ယေဟောဝါအတွက် ယင်းသို့မနာလိုခြင်းကို မှန်ကန်စွာနားလည်ရန် ဟေဗြဲနာမ်ကို ကိုယ်တော်အတွက် “မည်သည့်ပြိုင်ဘက်ကိုမျှ သည်းမခံခွင့်မပြုခြင်း” ဟုပြန်ဆိုနိုင်သည်။—၄ ဓမ္မရာဇဝင် ၁၀:၁၆၊ ကဘ။

ရွှေနွားရုပ်

၄။ ဣသရေလလူမျိုးအားပေးသည့် ဘုရားသခင်၏ပညတ်တော်တွင် ဖြောင့်မတ်သောမနာလိုခြင်းနှင့်ပတ်သက်သော မည်သည့်အမိန့်တော်သည် ထင်ရှားသနည်း။

၄ ဖြောင့်မတ်သောမနာလိုခြင်းဆိုင်ရာ နမူနာတစ်ခုမှာ ဣသရေလလူမျိုးသည် သိနာတောင်တွင် ပညတ်တော်ကိုလက်ခံရရှိပြီးနောက်ပိုင်း ဖြစ်ပျက်သည့်ကိစ္စတွင်ဖြစ်သည်။ လူလက်ဖြင့်လုပ်သောဘုရားများကို ဝတ်မပြုကြရန် အထပ်ထပ်သတိပေးခံလာခဲ့ကြရသည်။ သူတို့ကို ယေဟောဝါဤသို့မိန့်တော်မူသည်– “သင်၏ဘုရားသခင်ငါယေဟောဝါသည် အကြွင်းမဲ့စိတ်နှလုံးဖြင့်ဆည်းကပ်ဝတ်ပြုခြင်းကို ကျပ်တည်းစွာပြုစေလိုသောဘုရား [သို့မဟုတ် “မနာလိုသော (ဇွဲကြီးသော) ဘုရား; ပြိုင်ဘက်ကို သည်းခံခွင့်ပြုခြင်းမရှိသောဘုရား”] ဖြစ်သောကြောင့်တည်း။” (ထွက်မြောက်ရာ ၂၀:၅၊ ကဘ၊ အောက်ခြေမှတ်ချက်; ထွက်မြောက်ရာ ၂၀:၂၂၊ ၂၃; ၂၂:၂၀; ၂၃:၁၃၊ ၂၄၊ ၃၂၊ ၃၃၊ ကဘ၊ နှိုင်းယှဉ်။) ယေဟောဝါသည် ဣသရေလလူမျိုးနှင့် ပဋိညာဉ်တစ်ခုဖွဲ့တော်မူပြီး သူတို့ကိုကောင်းချီးပေးကာ ကတိထားရာပြည်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကတိပေးတော်မူသည်။ (ထွက်မြောက်ရာ ၂၃:၂၂၊ ၃၁) လူများက “ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း ကျွန်ုပ်တို့ပြုပါမည်။ နားထောင်ပါမည်” ဟု ပြောဆိုကြ၏။—ထွက်မြောက်ရာ ၂၄:၇။

၅၊ ၆။ (က) သိနာတောင်တွင်စခန်းချစဉ်အတွင်း ဣသရေလလူမျိုးသည် မည်သည့်နည်းဖြင့် ကြီးလေးသောအပြစ်ကို ကျူးလွန်ကြသနည်း။ (ခ) သိနာတောင်တွင် ယေဟောဝါနှင့် ကိုယ်တော်၏သစ္စာရှိဝတ်ပြုသူများသည် ဖြောင့်မတ်သောမနာလိုမှုကို မည်သို့တင်ပြကြသနည်း။

၅ သို့သော် မကြာမီ ဣသရေလလူမျိုးသည် ဘုရားသခင်ကိုပြစ်မှားတော့သည်။ သူတို့သည် သိနာတောင်ခြေတွင် စခန်းချနေကြဆဲဖြစ်သည်။ မောရှေသည် တောင်ပေါ်တွင် ရက်ပေါင်းများစွာကြာ ရောက်နေပြီး ဘုရားသခင်၏ ထပ်ဆင့်ညွှန်ကြားချက်များကိုရယူနေသည်။ လူများက မောရှေ၏အစ်ကိုအာရုန်ကို မိမိတို့အတွက် ဘုရားတစ်ဆူပြုလုပ်ပေးရန် အတင်းအကျပ်ပြုကြသည်။ အာရုန်သည် လူများပေးသောရွှေများကိုစု၍ နွားသငယ်ရုပ်တစ်ခုကို လုပ်လေသည်။ ထိုအရုပ်သည် ယေဟောဝါကိုကိုယ်စားပြုသည်ဟု သူတို့အဆိုပြုကြသည်။ (ဆာလံ ၁၀၆:၂၀) နောက်တစ်နေ့တွင် သူတို့သည် ယဇ်ပူဇော်ကြပြီး “ယင်းကိုဦးညွှတ်ခြင်း” ပြုကြ၏။ ထို့နောက် “ကခုန်မြူးထူးခြင်း” ရှိကြ၏။—ထွက်မြောက်ရာ ၃၂:၁၊ ၄၊ ၆၊ ၈၊ ၁၇-၁၉။

၆ ဣသရေလလူမျိုးတို့ ပွဲလမ်းကျင်းပနေစဉ် မောရှေသည် တောင်ပေါ်မှဆင်းလာသည်။ သူတို့၏ယုတ်ညံ့သောလုပ်ရပ်ကို မြင်သောအခါ ဤသို့ဆင့်ဆိုလိုက်သည်– “ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။” (ထွက်မြောက်ရာ ၃၂:၂၅၊ ၂၆) မောရှေထံသို့ လေဝိသားများစုရုံးလာကြသည်။ ဓားကိုယူ၍ အရုပ်ကိုးကွယ်သော ထိုပျော်ပါးမြူးထူးသူများကို ကွပ်မျက်ရန် သူတို့ကိုမောရှေညွှန်ကြားလိုက်သည်။ ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုစိတ်ကိုတင်ပြသောအားဖြင့် လေဝိသားများသည် အပြစ်ကျူးလွန်သောညီအစ်ကို ၃,၀၀၀ ခန့်ကို သတ်ပစ်လိုက်ကြသည်။ လွတ်သွားသောသူများအပေါ် ကပ်ဘေးသက်ရောက်စေခြင်းအားဖြင့် ယေဟောဝါသည် ဤလုပ်ဆောင်မှုကို အားဖြည့်ပေးသည်။ (ထွက်မြောက်ရာ ၃၂:၂၈၊ ၃၅) ထို့နောက် ယေဟောဝါသည် ဤအမိန့်တော်ကို ထပ်မံ၍ထုတ်ပြန်သည်– “မနာလိုအမည်ရှိတော်မူသော ယေဟောဝါသည် မနာလိုသောဘုရား ဖြစ်တော်မူသောကြောင့် အခြားသောဘုရားကို သင်သည် ပျပ်ဝပ်ကိုးကွယ်ခြင်း မပြုရ။”—ထွက်မြောက်ရာ ၃၄:၁၄၊ ကဘ။

ဗာလပေဂုရ

၇၊ ၈။ (က) ဣသရေလလူများစွာတို့သည် ဗာလပေဂုရနှင့်ပတ်သက်၍ အလွန်ဆိုးဝါးသည့်အရုပ်ဝတ်ပြုမှုသို့ မည်သည့်နည်းဖြင့်သက်ဆင်းခဲ့ကြရသနည်း။ (ခ) ယေဟောဝါထံမှလာသောဘေးဒဏ်သည် မည်သည့်နည်းဖြင့် ချုပ်ငြိမ်းသနည်း။

၇ နောက်အနှစ်လေးဆယ်အကြာ ဣသရေလလူမျိုးသည် ကတိထားရာပြည်ကို ဝင်ခါနီးဆဲဆဲတွင် မောဘလူမျိုးနှင့်မိဒျန်လူမျိုးတို့မှ ဆွဲဆောင်မှုရှိသောမိန်းမများသည် ဣသရေလအမျိုးသားများစွာတို့ကို မိမိတို့၏ပြုစုမှု၌ လာရောက်မွေ့လျော်ရန် မြှူဆွယ်ဖြားယောင်းကြသည်။ ဤလူများသည် မှောက်မှားသောဘုရားဝတ်ပြုသူများနှင့် တရင်းတနှီးပေါင်းသင်းခြင်းကို ငြင်းပယ်သင့်ကြသည်။ (ထွက်မြောက်ရာ ၃၄:၁၂၊ ၁၅) ယင်းအစား သူတို့သည် သားသတ်သမားထံသို့ပြေးသွားသော သိုးများသဖွယ် ထိုမိန်းမများထံပြေးသွားကြပြီး မတရားမေထုန်ပြုကာ သူတို့နှင့်အတူဗာလပေဂုရကိုဦးညွှတ်ကြ၏။—တောလည်ရာ ၂၅:၁-၃; သု. ၇:၂၁၊ ၂၂။

၈ ဤသို့ အရှက်တရားကင်းမဲ့သည့်လိင်ဝတ်ပြုရေးတွင် ပါဝင်သူများကို ယေဟောဝါသည် ဘေးဒဏ်တစ်ခုစေလွှတ်၍ ကွပ်မျက်တော်မူသည်။ အပြစ်မရှိသောဣသရေလအမျိုးသားများလည်း အပြစ်ရှိသောမိမိတို့၏ညီအစ်ကိုများကိုသတ်ရန် ယေဟောဝါမိန့်တော်မူသည်။ ဇိမရိအမည်ရှိသော ဣသရေလအကဲအမှူးတစ်ယောက်သည် မျက်နှာပြောင်တိုက်အာခံသည့်အနေနှင့် မိဒျန်မင်းသမီးတစ်ဦးနှင့်ဆက်ဆံရန် သူမကို သူ၏တဲထဲသို့ခေါ်လာသည်။ ဘုရားသခင်ကိုကြောက်ရွံ့သော ယဇ်ပုရောဟိတ်ဖိနဟတ်သည် ယင်းကိုမြင်သောအခါ ထိုအကျင့်ပျက်သူနှစ်ဦးကို သတ်ပစ်လိုက်သည်။ ထိုအခါ ဘေးငြိမ်းလေသည်။ ထို့နောက် ဘုရားသခင်ဤသို့ကြေညာသည်– “ဖိနဟတ် . . . သည် ဣသရေလလူမျိုးအပေါ် ငါ၏အမျက်ဒေါသကို ပယ်ရှားစေပြီ; ငါ့ကိုလှုံ့ဆော်သော မနာလိုသည့်ဒေါသစိတ်ကိုပင် သူသည် သူတို့အလယ်တွင် တင်ပြပြီ၊ ထို့ကြောင့် ငါ၏မနာလိုစိတ်ဖြင့် ဣသရေလအမျိုးသားများကို အဆုံးမစီရင်။” (တောလည်ရာ ၂၅:၁၁၊ The New English Bible) ထိုလူမျိုးသည် ဖျက်ဆီးခြင်းမှလွတ်မြောက်သော်လည်း အနည်းဆုံးလူပေါင်း ၂၃,၀၀၀ သေဆုံးကြရသည်။ (၁ ကောရိန္သု ၁၀:၈) ထိုသူတို့သည် ကတိထားရာပြည်သို့ ဝင်ရန်ဟူသော ကြာမြင့်စွာစွဲလမ်းလာခဲ့ကြသည့်မျှော်လင့်ချက်ကို လက်လွတ်ဆုံးရှုံးခဲ့ကြရသည်။

သတိပေးသင်ခန်းစာတစ်ရပ်

၉။ ဣသရေလနှင့်ယုဒလူတို့သည် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုမဖြစ်ကြသောကြောင့် သူတို့၌မည်သို့ဖြစ်ပျက်သနည်း။

၉ မကြာမီ ဣသရေလလူမျိုးသည် ထိုသင်ခန်းစာကို မေ့ပျောက်သွားကြခြင်းမှာ ဝမ်းနည်းစရာပင်။ သူတို့သည် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုစိတ်ရှိကြောင်း မတင်ပြကြချေ။ (ဆာလံ ၇၈:၅၈) ရလဒ်အနေနှင့် ဘီ.စီ.အီး. ၇၄၀ ခုနှစ်တွင် ဣသရေလဆယ်နွယ်ကို အာရှုရိတို့၏သုံ့ပန်းများဖြစ်ရန် ယေဟောဝါခွင့်ပြုခဲ့သည်။ ယုဒနှစ်နွယ်၏နိုင်ငံသည်လည်း ဘီ.စီ.အီး ၆၀၇ ခုနှစ်တွင် သူတို့၏မြို့တော်ယေရုရှလင် ဖျက်ဆီးခံရသောအခါ အလားတူပြစ်ဒဏ်ကိုခံရသည်။ လူများစွာအသတ်ခံရပြီး အသက်ရှင်ကျန်သူများသည် ဗာဗုလုန်သို့ သုံ့ပန်းများအဖြစ် ခေါ်ဆောင်ခံရကြသည်။ ယနေ့ခရစ်ယာန်အားလုံးတို့အတွက် သတိပေးသင်ခန်းစာပါတကား!—၁ ကောရိန္သု ၁၀:၁၁။

၁၀။ နောင်တမရသော အရုပ်ဝတ်ပြုသူများ မည်သို့ဖြစ်ကြမည်နည်း။

၁၀ ယခုကမ္ဘာ့လူဦးရေသုံးပုံတစ်ပုံ—သန်းပေါင်း ၁,၉၀၀ ခန့်—တို့သည် မိမိတို့ကိုယ်ကို ခရစ်ယာန်များဟုဆိုကြသည်။ (1994 Britannica Book of the Year) ဤလူအများစုသည် သူတို့၏ဝတ်ပြုရေးတွင် လက်ဝါးကပ်တိုင်ကဲ့သို့သောအရာများကို အသုံးပြုကြသည်။ ယေဟောဝါသည် မိမိ၏မနာလိုစိတ်ကိုနှိုးဆွသော မိမိ၏လူများကိုပင် အလွတ်မပေးခဲ့ချေ။ ရုပ်ပစ္စည်းအကူအညီဖြင့် ဝတ်ပြုကြသော အမည်ခံခရစ်ယာန်များကိုလည်း လွတ်ခွင့်ပေးမည်မဟုတ်ပါ။ “ဘုရားသခင်သည် နာမ်ဝိညာဉ်တစ်ပါးဖြစ်တော်မူသဖြင့် ကိုယ်တော်ကိုဝတ်ပြုသောသူတို့သည် စိတ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း ဝတ်ပြုရမည်” ဟု ယေရှုမိန့်တော်မူသည်။ (ယောဟန် ၄:၂၄၊ ကဘ) ထို့အပြင် သမ္မာကျမ်းစာက ခရစ်ယာန်များကို ဤကျမ်းချက်ဖြင့်သတိပေးထားသည်။ (၁ ယောဟန် ၅:၂၁) နောင်တမယူသောထိုသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသူများထဲတွင် ပါဝင်သည်။—ဂလာတိ ၅:၂၀၊ ၂၁။

၁၁။ ခရစ်ယာန်တစ်ဦးသည် အရုပ်တစ်ခုရှေ့တွင် ဦးမညွှတ်ပါဘဲလျက် အရုပ်ဝတ်ပြုမှုအပြစ်ကို မည်သို့ကျူးလွန်နိုင်သနည်း။ ယင်းကိုရှောင်နိုင်ရန် မည်သည့်အရာက အကူအညီဖြစ်စေနိုင်မည်နည်း။ (ဧဖက် ၅:၅)

၁၁ စစ်မှန်သောခရစ်ယာန်တစ်ဦးသည် အရုပ်တစ်ခုကို ဘယ်တော့မျှ ဦးညွှတ်မည်မဟုတ်သော်လည်း အရုပ်ကိုးကွယ်မှုနှင့်ဆိုင်သော၊ မသန့်ရှင်းသော၊ အပြစ်ရှိသောအရာအဖြစ် ဘုရားသခင်ယူမှတ်သော မည်သည့်အရာကိုမဆို ရှောင်ရမည်။ ဥပမာ၊ သမ္မာကျမ်းစာဤသို့သတိပေးသည်– “မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ [အရုပ်ကိုးကွယ်ခြင်းဖြစ်သော] လောဘလွန်ကျူးခြင်းတည်းဟူသော . . . သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။” (ကောလောသဲ ၃:၅၊ ၆) ဤနှုတ်ကပါဌ်တော်ကိုနာခံခြင်းက စာရိတ္တယိုယွင်းသည့်လုပ်ရပ်များကို ရှောင်ရန်တောင်းဆိုသည်။ သို့ပြုနိုင်ရန်မှာ ညစ်ညူးသောကိလေသာစိတ်ကို နှိုးဆွရန်ရည်ရွယ်သည့် အပန်းဖြေမှုကို ရှောင်ရန်လိုအပ်သည်။ ခရစ်ယာန်စစ်များသည် ထိုစိတ်မျိုးကို ချင်ရဲပြေအောင်ပြုမည့်အစား ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုဖြစ်ကြသည်။

ဘုရားရေးရာမနာလိုခြင်းဆိုင်ရာ နောက်ထပ်ပုံနမူနာများ

၁၂၊ ၁၃။ ယေရှုသည် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုမှုတင်ပြခြင်းတွင် ထင်ရှားသောမည်သည့်ပုံနမူနာကို ချမှတ်ခဲ့သနည်း။

၁၂ ဘုရားသခင်၏စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုစိတ်တင်ပြရာတွင် အထင်ရှားဆုံးနမူနာရှင်လူသားမှာ ယေရှုခရစ်ဖြစ်သည်။ ကိုယ်တော့်ဓမ္မအမှုဆောင်ခြင်းပထမနှစ်တွင် ဗိမာန်တော်ရင်ပြင်၌ လောဘကြီးသောကုန်သည်များ ရောင်းဝယ်ဖောက်ကားနေကြသည်ကို ကိုယ်တော်မြင်သည်။ လည်ပတ်ရောက်ရှိလာသောဂျူးများသည် ဗိမာန်တော်အခွန်အတွက် လက်ခံဖွယ်သောငွေကြေးဖြစ်ရန် မိမိတို့၏တိုင်းတစ်ပါးငွေကြေးများကို လဲလှယ်ဖို့လိုအပ်ပေမည်။ ဘုရားသခင့်ပညတ်တောင်းဆိုမှုအရ ယဇ်ပူဇော်ရန် တိရစ္ဆာန်များ၊ ငှက်များကို ဝယ်ဖို့လည်း လိုအပ်ကြသည်။ ထိုသို့သောစီးပွားရေးလုပ်ငန်းသည် ဗိမာန်တော်ရင်ပြင်အပြင်ဘက်တွင် လုပ်ရမည်ဖြစ်သည်။ သာ၍ဆိုးသည်ကား ကုန်သည်များသည် ဈေးနှုန်းများကို အဆမတန်မြှင့်တင်ထားခြင်းအားဖြင့် မိမိတို့ညီအစ်ကိုများ၏ ဘာသာရေးဆိုင်ရာလိုအပ်မှုများပေါ် မတရားအမြတ်ထုတ်ကြသည်။ ဘုရားသခင့်စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုစိတ်ဖြင့်ပြည့်လျက် ယေရှုသည် ကြာပွတ်တစ်ခုကိုအသုံးပြုကာ သိုးနှင့်နွားများကို မောင်းထုတ်လိုက်သည်။ ငွေလဲလှယ်သူများ၏ စားပွဲများကိုလည်း မှောက်လှန်လျက် ဤသို့မိန့်တော်မူသည်– “ငါ့အဘအိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်။” (ယောဟန် ၂:၁၄-၁၆) သို့အားဖြင့် ယေရှုသည် ဆာလံ ၆၉:၉ ပါ ဤစကားများကို ပြည့်စုံစေသည်– “ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ် [“အကြွင်းမဲ့ဇွဲစိတ်၊” ကဘ သို့မဟုတ် “မနာလိုစိတ်၊” Byington] သည် အကျွန်ုပ်ကိုစားပါ၏။”

၁၃ နောက်သုံးနှစ်ကြာသောအခါ လောဘကြီးသောကုန်သည်များသည် ယေဟောဝါ၏ဗိမာန်တော်၌ ရောင်းဝယ်ဖောက်ကားနေကြပြန်သည်ကို ယေရှုသတိပြုမိသည်။ ယင်းကို ကိုယ်တော် ဒုတိယအကြိမ်ရှင်းလင်းပစ်ဦးမည်လော။ ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် ကိုယ်တော်၏မနာလိုစိတ်သည် ဓမ္မအမှုစတင်ခါစကအတိုင်း ထက်သန်မြဲထက်သန်လျက်ရှိသည်။ ရောင်းသူကောဝယ်သူကိုပါ ကိုယ်တော်မောင်းထုတ်ပစ်တော်မူသည်။ ထို့နောက် မိမိ၏လုပ်ရပ်အတွက် တော်တည့်မှန်ကန်၍ခိုင်မာသောအကြောင်းပြချက်ပေးလျက် ဤသို့မိန့်တော်မူသည်– “ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကား။” (မာကု ၁၁:၁၇) ဘုရားရေးရာမနာလိုခြင်းတင်ပြရာတွင် စွဲမြဲတည်ကြည်မှုရှိကြောင်း အလွန်ကောင်းသော ပုံနမူနာပါတကား!

၁၄။ စင်ကြယ်သောဝတ်ပြုရေးအတွက် ယေရှု၏မနာလိုခြင်းသည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၁၄ ယခုဘုန်းထင်ရှားသော သခင်ယေရှုခရစ်၏ စရိုက်လက္ခဏာသည် မပြောင်းလဲပါ။ (ဟေဗြဲ ၁၃:၈) ဤ ၂၀ ရာစုတွင် ကိုယ်တော်သည် မြေကြီးပေါ်တွင်ရှိခဲ့စဉ်ကအတိုင်း မိမိခမည်းတော်၏စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုစိတ်ရှိနေသည်။ ယင်းကို ဗျာဒိတ်ကျမ်းတွင်မှတ်တမ်းတင်ထားသော၊ အသင်းတော်ခုနစ်ပါးသို့ ယေရှုပေးပို့သည့်စာများတွင် တွေ့နိုင်သည်။ ယင်းသည် “သခင်ဘုရား၏နေ့” ဖြစ်သောယခုအခါတွင် အကြီးစားပြည့်စုံရန်ရှိသည်။ (ဗျာဒိတ် ၁:၁၀; ၂:၁–၃:၂၂) “မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်” သော ဘုန်းပွင့်သည့်ယေရှုခရစ်ကို ရူပါရုံတွင် တမန်တော်ယောဟန်မြင်သည်။ (ဗျာဒိတ် ၁:၁၄) အသင်းတော်များသည် ယေဟောဝါ၏လုပ်ငန်းတော်အတွက် သန့်ရှင်းလျက်လက်ခံဖွယ်ဖြစ်မဖြစ် ခရစ်တော်စစ်ဆေးနေစဉ် ကိုယ်တော်သတိမထားမိသည့်အရာ တစ်ခုမျှမရှိကြောင်း ယင်းကဖော်ပြသည်။ ယနေ့ခရစ်ယာန်များသည် သခင်နှစ်ပါး—ဘုရားသခင်နှင့် စည်းစိမ်ဥစ္စာတို့ကို အစေခံရန်မကြိုးစားဖို့ ယေရှုသတိပေးနေကြောင်း စွဲမှတ်သင့်ကြသည်။ (မဿဲ ၆:၂၄) လောဒိကိအသင်းတော်ရှိ ရုပ်ပစ္စည်းလိုက်စားသူများကို ယေရှုဤသို့မိန့်တော်မူသည်– “သင်သည် . . . အအေးမဟုတ်၊ အပူမဟုတ် နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။ . . . ထို့ကြောင့် ကိုယ်စိတ်ကိုကိုယ်နှိုးဆော်လော့။ နောင်တရလော့။” (ဗျာဒိတ် ၃:၁၄-၁၉) ခန့်အပ်ခံအသင်းတော်အကြီးအကဲများသည် မိမိတို့၏ယုံကြည်သူချင်းတို့ကို ရုပ်ပစ္စည်းလိုက်စားမှုထောင်ချောက်ကိုရှောင်ရန် အပြောနှင့်ပုံနမူနာအားဖြင့် အကူအညီပေးသင့်သည်။ လိင်ကိုအသားပေးသည့် ဤလောက၏ စာရိတ္တပျက်ပြားမှုမှလည်း သိုးတော်စုကိုကာကွယ်ရမည်။ ထို့အပြင် ဘုရားသခင်၏လူများသည် အသင်းတော်ထဲ၌ ယေဇဗေလသြဇာလွှမ်းမှုတစ်စုံတစ်ရာကို သည်းခံခွင့်ပြုဝံ့မည်မဟုတ်ပေ။—ဟေဗြဲ ၁၂:၁၄၊ ၁၅; ဗျာဒိတ် ၂:၂၀။

၁၅။ ယေဟောဝါ၏ဝတ်ပြုရေးအတွက် မနာလိုမှုတင်ပြရာတွင် တမန်တော်ပေါလုသည် ယေရှုကို မည်သို့တုပသနည်း။

၁၅ တမန်တော်ပေါလုသည် ခရစ်တော်ကိုတုပသူဖြစ်သည်။ ဝိညာဉ်ရေးအရကျန်းမာခြင်းမရှိသော ဩဇာများအောက်ရှိ နှစ်ခြင်းခံလူသစ်ခရစ်ယာန်များကို ကာကွယ်ရန် သူဤသို့ပြောသည်– “ဘုရားရေးရာ မနာလိုစိတ်ဖြင့် သင်တို့အတွက် ငါမနာလိုဖြစ်သည်။” (၂ ကောရိန္သု ၁၁:၂၊ ကဘ) ယင်းမတိုင်မီက စင်ကြယ်သောဝတ်ပြုရေးအတွက် ပေါလု၏မနာလိုစိတ်သည် ဤအသင်းတော်ရှိ ညစ်ညူးစေနိုင်သောသြဇာရှိသည့် နောင်တမရသော သူ့သားအိမ်ရာပြစ်မှားသူကို နှင်ထုတ်ပစ်ရန်ညွှန်ကြားဖို့ သူ့ကိုလှုံ့ဆော်ခဲ့သည်။ ထိုအချိန်ကပေးသော ထိုမှုတ်သွင်းခံညွှန်ကြားချက်သည် ယနေ့ ၇၅,၅၀၀ ကျော်သော ယေဟောဝါသက်သေများ၏အသင်းတော်များကို သန့်ရှင်းနေစေရန် ကြိုးစားနေကြသော အကြီးအကဲများအတွက် ကြီးမားသည့်အကူအညီဖြစ်လာခဲ့သည်။—၁ ကောရိန္သု ၅:၁၊ ၉-၁၃။

ဘုရားသခင်၏မနာလိုမှုသည် မိမိလူများအတွက် အကျိုးဖြစ်ထွန်းစေ

၁၆၊ ၁၇။ (က) ရှေးယုဒလူမျိုးကို ဘုရားသခင်ဒဏ်ခတ်သောအခါ တစ်ပါးအမျိုးသားများသည် မည်သည့်သဘောထားကို တင်ပြကြသနည်း။ (ခ) ယုဒလူမျိုးသည် သုံ့ပန်းဘဝတွင် နှစ်ပေါင်း ၇၀ ကြာပြီးနောက် ယေဟောဝါသည် ယေရုရှလင်အတွက် မည်သည့်နည်းဖြင့် မနာလိုစိတ်တင်ပြခဲ့သနည်း။

၁၆ ယုဒလူတို့ကို ဗာဗုလုန်သို့ သုံ့ပန်းများအဖြစ် ဖမ်းဆီးသွားခြင်းခံရရန် ယေဟောဝါခွင့်ပြုသောအခါက သူတို့သည် ပြောင်လှောင်ခံရကြသည်။ (ဆာလံ ၁၃၇:၃) မနာလိုသည့်မုန်းတီးမှုအားဖြင့် ဘုရားသခင်၏လူများအပေါ် ဘေးဒုက္ခကျရောက်စေရာတွင် ဧဒုန်လူမျိုးတို့သည် ဗာဗုလုန်လူမျိုးတို့ကို ကူညီကြသည်။ ယင်းကို ယေဟောဝါမှတ်ထားတော်မူသည်။ (ယေဇကျေလ ၃၅:၁၁; ၃၆:၁၅) အသက်ရှင်ကျန်ရစ်သူများသည် သုံ့ပန်းဘဝတွင် နောင်တရကြ၍ နောက်အနှစ် ၇၀ ကြာသောအခါ သူတို့၏နေရင်းပြည်သို့ ယေဟောဝါပြန်လည်ပို့ဆောင်တော်မူသည်။

၁၇ ပထမတွင် ယုဒလူတို့သည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေတွင် ရှိနေကြသည်။ ယေရုရှလင်မြို့တော်နှင့် ယင်း၏ဗိမာန်တော်တို့သည် ပြိုကျပျက်ယွင်းနေသည်။ သို့သော် ပတ်ဝန်းကျင်ရှိနိုင်ငံများသည် ဗိမာန်တော်ပြန်လည်တည်ဆောက်ရန် ကြိုးစားအားထုတ်မှုမှန်သမျှကို ဆန့်ကျင်ကြသည်။ (ဧဇရ ၄:၄၊ ၂၃၊ ၂၄) ယင်းကို ယေဟောဝါမည်သို့ယူမှတ်သနည်း။ မှုတ်သွင်းခံမှတ်တမ်းက ဤသို့ဖော်ပြသည်– “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို၍ကြွေးကြော်ရမည်မှာ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဖို့ အလွန်ကြင်နာသောစိတ်အားကြီး၏။ [ကြီးစွာသောမနာလိုခြင်းဖြင့် မနာလိုဖြစ်၏။ ကဘ] ငြိမ်ဝပ်စွာနေသော တစ်ပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား ငါသည် ယေရုရှလင်မြို့ကို အနည်းငယ်အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ညှဉ်းဆဲကြပြီ။ ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာပြီ။ ဤမြို့တွင် ငါ့အိမ်ကိုတည်ဆောက်ရမည်။ မြို့ရာကိုလည်း တိုင်းထွာရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။” (ဇာခရိ ၁:၁၄-၁၆) ဤကတိတော်နှင့်အညီ ဗိမာန်တော်နှင့် ယေရုရှလင်မြို့တော်ကို အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်ခဲ့ကြသည်။

၁၈။ ပထမကမ္ဘာစစ်အတွင်းက ခရစ်ယာန်စစ်များသည် မည်သည့်အရာကို ကြုံတွေ့ရသနည်း။

၁၈ စစ်မှန်သောခရစ်ယာန်အသင်းတော်သည် ၂၀ ရာစုအတွင်း အလားတူတွေ့ကြုံမှုကိုရခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းက ယေဟောဝါ၏လူများသည် လောကီပဋိပက္ခများတွင် မားမားမတ်မတ်ကြားနေရပ်တည်ခြင်းမရှိကြသောကြောင့် သူတို့ကိုကိုယ်တော်ဆုံးမတော်မူသည်။ (ယောဟန် ၁၇:၁၆) နိုင်ငံရေးခေါင်းဆောင်များက သူတို့ကိုဖိစီးနှိပ်စက်ရန် ဘုရားသခင်ခွင့်ပြုပြီး ယင်းဘေးဒုက္ခကြောင့် ခရစ်ယာန်ဘောင်ဓမ္မဆရာများ ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။ အမှန်မှာ ဓမ္မဆရာများသည် ထိုအချိန်က ကျမ်းစာကျောင်းသားများဟုခေါ်သော ယေဟောဝါသက်သေများ၏လုပ်ငန်းကို နိုင်ငံရေးအင်အားစုက ပိတ်ပင်တားဆီးရာတွင် ရှေ့တန်းမှပါဝင်သူများဖြစ်ကြသည်။—ဗျာဒိတ် ၁၁:၇၊ ၁၀။

၁၉။ ယေဟောဝါသည် မိမိ၏ဝတ်ပြုရေးအတွက် မနာလိုစိတ်ကို ၁၉၁၉ ခုနှစ်မှစ၍ မည်သို့တင်ပြလာခဲ့သနည်း။

၁၉ သို့သော် စစ်ပြီးသည့်နှစ်ဖြစ်သော ၁၉၁၉ ခုနှစ်တွင် ယေဟောဝါသည် မိမိ၏ဝတ်ပြုရေးအတွက် မနာလိုမှုကိုတင်ပြခဲ့ပြီး နောင်တရသောမိမိ၏လူများကို မျက်နှာသာတော်ပြန်ပေးခဲ့သည်။ (ဗျာဒိတ် ၁၁:၁၁၊ ၁၂) ရလဒ်အနေနှင့် ယေဟောဝါအားချီးမွမ်းသူများအရေအတွက်သည် ၁၉၁၈ ခုနှစ်တွင် ၄,၀၀၀ ထက်နည်းသောအရေအတွက်မှ ယခုအခါ ၅ သန်းခန့်အထိ တိုးပွားလာသည်။ (ဟေရှာယ ၆၀:၂၂) မကြာမီ မိမိ၏ဝတ်ပြုရေးအတွက် မနာလိုမှုကို သာ၍ထူးခြားသည့်နည်းများအားဖြင့် ယေဟောဝါတင်ပြတော်မူမည်။

ဘုရားသခင်၏မနာလိုခြင်းဆိုင်ရာ အနာဂတ်လုပ်ဆောင်မှုများ

၂၀။ ဘုရားသခင်သည် မကြာမီ စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုခြင်းကိုတင်ပြရန် မည်သည့်အရာပြုလုပ်မည်နည်း။

၂၀ ခရစ်ယာန်ဘောင်ချာ့ချ်များက ယေဟောဝါ၏မနာလိုစိတ်ကို နှိုးဆွသော ဖောက်ပြန်သည့်ဂျူးလူမျိုး၏လမ်းစဉ်ကို နှစ်ရာစုပေါင်းများစွာကြာ လိုက်လျှောက်လာခဲ့ကြသည်။ (ယေဇကျေလ ၈:၃၊ ၁၇၊ ၁၈) မကြာမီ ယေဟောဝါဘုရားသခင်သည် ယူအဲန်အဖွဲ့သားများ၏နှလုံးထဲသို့ ရုတ်ခြည်းပေါ်ပေါက်သောအကြံအစည်တစ်ခုကို ထည့်ပေးခြင်းအားဖြင့် လုပ်ဆောင်တော်မူမည်။ ယင်းက ခရစ်ယာန်ဘောင်နှင့် မဟာဗာဗုလုန်ကိုဖျက်ဆီးရန် ထိုနိုင်ငံရေးအင်အားစုများကို လှုံ့ဆော်မည်။ (ဗျာဒိတ် ၁၇:၁၆၊ ၁၇) စစ်မှန်သောဝတ်ပြုသူများသည် ကြောက်မက်ဖွယ်ကောင်းသော ဘုရားသခင်၏ဒဏ်စီရင်ခြင်းမှ လွတ်မြောက်ကြမည်။ ဤသို့ပြောသော ကောင်းကင်သတ္တဝါများ၏စကားကို သူတို့တုံ့ပြန်ကြမည်– “ဟာလေလုယ၊ . . . မိမိမတရားသောမေထုန် [သူမ၏ မှောက်မှားသောသွန်သင်ချက်များနှင့် ဖောက်ပြန်ယိုယွင်းနေသည့်သားရဲကို ထောက်ခံမှု] အားဖြင့် မြေကြီးကိုပုပ်ပျက်စေသော ပြည့်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော်ကျွန်တို့၏အသွေးကို သူ၏လက်ဖြင့်သွန်းသောအပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီ။”—ဗျာဒိတ် ၁၉:၁၊ ၂။

၂၁။ (က) မှောက်မှားသောဘာသာဖျက်ဆီးခံရပြီးနောက် စာတန်နှင့်သူ၏အစီအစဉ်စနစ်သည် မည်သည့်အရာကိုလုပ်မည်နည်း။ (ခ) ဘုရားသခင်မည်သို့တုန့်ပြန်မည်နည်း။

၂၁ ဗာဗုလုန်ဘာသာရေးကမ္ဘာ့အင်ပါယာကို ဖျက်ဆီးပြီးနောက် ဘာဖြစ်မည်နည်း။ နိုင်ငံရေးအင်အားစုများသည် ဘုရားသခင်၏လူများကို ကမ္ဘာချီထိုးနှက်တိုက်ခိုက်မှုပြုရန် စုစည်းကြဖို့ စာတန်သွေးထိုးမည်။ ယင်းသို့ မြေတစ်ပြင်လုံးပေါ်မှ စစ်မှန်သောဝတ်ပြုရေးကို သုတ်သင်ပစ်ဖို့ စာတန်၏အားထုတ်မှုကို မှန်သောဘုရားသခင်မည်သို့တုံ့ပြန်မည်နည်း။ ယေဇကျေလ ၃၈:၁၉-၂၃ (သမ) က ကျွန်ုပ်တို့ကို ဤသို့ပြောပြသည်– “ရှုစိမ့်တော်မမူခြင်း [“စိတ်အားကြီးခြင်း၊” ကဘ]၊ အမျက်တော်မီးတောက်လောင်ခြင်းဖြင့် ငါ [ယေဟောဝါ] မိန့်ဆိုသည်မှာ . . . ကပ်ရောဂါဘေး၊ သွေးသွန်းဘေးများဖြင့် ငါစီရင်၍ ထိုမင်း [စာတန်] မှစသောတပ်သားများ၊ အပေါင်းအပါလူအမျိုးမျိုးပေါ်သို့ လွှမ်းစီးအောင် မိုးသီး၊ ကန့်၊ လောင်မီးကျရွာစေမည်။ များပြားသောလူမျိုးခြားတို့ရှေ့ဂုဏ်တော်ကိုထိုသို့ချီးမြှောက်ဖော်ပြလျက် သီးသန့်ရာရောက်သောငါသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်း သူတို့သိရကြလတ္တံ့။”—ဇေဖနိ ၁:၁၈; ၃:၈ လည်းရှု။

၂၂။ ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် ကျွန်ုပ်တို့မနာလိုဖြစ်ကြောင်း မည်သည့်နည်းဖြင့်တင်ပြနိုင်သနည်း။

၂၂ စကြဝဠာတစ်ခုလုံးပိုင်သအုပ်စိုးရှင်သည် မိမိ၏မှန်သောဝတ်ပြုသူများကို မနာလိုစိတ်ဖြင့် ဂရုစိုက်တော်မူသည်ကိုသိရခြင်းသည် မည်မျှနှစ်သိမ့်ဖွယ်ပါတကား! ကိုယ်တော့်မခံစားထိုက်သောကရုဏာအတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ခြင်းအားဖြင့် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုဖြစ်ကြစို့။ ကျွန်ုပ်တို့သည် သတင်းကောင်းကို ဇွဲဖြင့်ဆက်လက်ဟောပြောကာ ယေဟောဝါသည် မိမိ၏မဟာနာမတော်မြတ်ကို ဂုဏ်ထင်ရှားစေခြင်းနှင့် သန့်ရှင်းစေခြင်းဖြစ်မည့် နေ့တော်ရက်ကြီးကို ယုံကြည်စိတ်ချစွာစောင့်မျှော်ကြစို့။—မဿဲ ၂၄:၁၄။

စဉ်းစားတွေးတောရန်အချက်များ

◻ ယေဟောဝါအတွက်မနာလိုဖြစ်ခြင်းမည်သည် အဘယ်နည်း။

◻ ရှေးဣသရေလလူမျိုးချမှတ်ခဲ့သည့် ပုံနမူနာမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်သနည်း။

◻ ယေဟောဝါ၏မနာလိုစိတ်ကို နှိုးဆွခြင်းမှ ကျွန်ုပ်တို့မည်သို့ရှောင်နိုင်သနည်း။

◻ ဘုရားသခင်နှင့် ခရစ်တော်တို့သည် စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုစိတ်ကို မည်သို့တင်ပြကြသနည်း။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

မေတ္တာသည် မနာလိုခြင်းမရှိ

ငြူစူခြင်းနှင့်ပတ်သက်၍ ၁၉ ရာစုကျမ်းပညာရှင် အဲလ်ဘတ် ဘားန်ဇ်က ဤသို့ရေးသားခဲ့သည်– “ယင်းသည် ဆိုးညစ်မှုကို ဖြစ်ရိုးဖြစ်စဉ်အကျဆုံးနည်းဖြင့် ထင်ရှားဖော်ပြမှုများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး လူသား၏ လွန်ကဲသော ဆိုးညစ်ဖောက်ပြန်မှုကို ရှင်းလင်းစွာဖော်ပြသည်။” ထပ်၍ဤသို့ပြောသေးသည်– “စစ်ပွဲများ၊ ပြိုင်ဆိုင်မှုများနှင့် လောကီအစီအစဉ်များအားလုံးတို့၏ ဇာစ်မြစ်ကိုဖော်နိုင်သောသူ—အမည်ခံခရစ်ယာန်များပင်လျှင် သူတို့၏ဘာသာတရားကို စွန်းထင်းညစ်ညမ်းစေကာ သူတို့တွင် လောကစိတ်ဓာတ်ဝင်လာအောင် အလွန်ဖြစ်စေသော အကြံအစည်နှင့်ရည်ရွယ်ချက်များ၏ ဇာစ်မြစ်အမှန်ကိုလှန်လှောနိုင်သူ—သည် ယင်းတို့အားလုံး ငြူစူခြင်းကြောင့်ဖြစ်ကြောင်းကို တအံ့တသြတွေ့ရှိရပေမည်။ သူတစ်ပါးသည် ကျွန်ုပ်တို့ထက်ပို၍ကောင်းစားပါက ကျွန်ုပ်တို့ကသိကအောက်ဖြစ်ကြရသည်; အခြားသူများတွင်ရှိသည့်အရာကို ပိုင်ဆိုင်ခွင့်မရှိသော်လည်း ကျွန်ုပ်တို့ပိုင်ဆိုင်လိုသောဆန္ဒရှိကြသည်; ယင်းက သူတို့၏ပိုင်ဆိုင်ရာကို မွေ့လျော်မှုလျော့ပါးရန်၊ သို့မဟုတ် ယင်းတို့ကို ကျွန်ုပ်တို့ကိုယ်တိုင်ရယူနိုင်ရန်၊ သို့မဟုတ် သူတို့သည် သာမန်အားဖြင့် ရှိသင့်ရှိထိုက်သည့်အတိုင်းအတာကို မပိုင်ဆိုင်ကြကြောင်းတင်ပြရန် အပြစ်မကင်းသည့်နည်းအမျိုးမျိုးဖြင့် ကြိုးစားသည့်အဖြစ်သို့ရောက်စေသည်။ . . . သို့အားဖြင့် ကျွန်ုပ်တို့၏ရင်ထဲတွင်ရှိသော ငြူစူသည့်စိတ်သဘောထားကို ချင်ရဲပြေစေမည်ဖြစ်သည်။”—ရောမ ၁:၂၉; ယာကုပ် ၄:၅။

ဆန့်ကျင်ဘက်အနေနှင့် ဘားန်ဇ်က “ငြူစူမှုမရှိ” သောမေတ္တာနှင့်ပတ်သက်သည့်အချက်ကို ဤသို့စိတ်ဝင်စားဖွယ်ဖော်ပြသည်။ (၁ ကောရိန္သု ၁၃:၄၊ King James Version) သူဤသို့ရေးသားသည်– “မေတ္တာသည် အခြားသူများခံစားရသည့်ပျော်ရွှင်မှုအတွက် သူတို့ကိုမငြူစူချေ; သူတို့၏ကောင်းကျိုးချမ်းသာတွင် ကျေနပ်ပီတိဖြစ်သည်; မေတ္တာလွှမ်းမိုးခြင်းခံရသူများသည် သူတစ်ထူးပျော်ရွှင်မှုတိုးပွားသောအခါ . . . ယင်းကို မမှေးမှိန်စေကြချေ; အခြားသူသည် မိမိ၏ပိုင်ဆိုင်မှုများကြောင့် စိတ်အနှောင့်အယှက်ဖြစ်အောင် သူတို့မလုပ်ကြချေ; ထိုပျော်ရွှင်မှုမှ အာရုံလွဲအောင် သူတို့မပြုကြချေ; မိမိတို့ကိုယ်တိုင်က ထိုမျှထူးကဲစွာ မျက်နှာသာတော်မခံစားရသောကြောင့် ညည်းညူမြည်တမ်းခြင်း သို့မဟုတ် မကြည်ဖြူခြင်းဖြစ်မည်မဟုတ်ချေ။ . . . ကျွန်ုပ်တို့သည် သူတစ်ပါးကိုချစ်မည်ဆိုလျှင်—သူတစ်ပါး၏ပျော်ရွှင်မှုတွင် ဝမ်းမြောက်မည်ဆိုလျှင် သူတို့ကိုမငြူစူသင့်ပါ။”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဖိနဟတ်သည် ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးအတွက် မနာလိုဖြစ်ခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ