စာရှုသူများထံမှ မေးခွန်းလွှာ
ယေရှုဤသို့မိန့်တော်မူသည်– “အကြင်သူ၏အပြစ်ကို သင်တို့ လွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏။” ဤစကားများက ခရစ်ယာန်များသည် အပြစ်များကို ခွင့်လွှတ်နိုင်သည်ဟု ဆိုလိုသလော။
အသင်းတော်ရှိ သာမန်ခရစ်ယာန်များတွင် သို့မဟုတ် ခန့်အပ်ခံအသင်းတော်အကြီးအကဲများတွင်ပင် အပြစ်များကို ခွင့်လွှတ်ရန် ဘုရားပေးအခွင့်အာဏာရှိသည်ဟု ကောက်ချက်ချဖို့အတွက် မည်သည့်ကျမ်းစာ အခြေအမြစ်မျှ မရှိပါ။ သို့သော်၊ အထက်တွင် ကိုးကားထားသော ယောဟန် ၂၀:၂၃ ၌ မိမိ၏တပည့်တော်များကို ယေရှုမိန့်တော်မူသည့် စကားများက ယင်းကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်သည် တမန်တော်များကို အထူးအာဏာများလွှဲအပ်ပေးထားကြောင်း ဖော်ပြသည်။ ထိုတွင် ယေရှုမိန့်တော်မူချက်က ကောင်းကင်ဆိုင်ရာဆုံးဖြတ်ချက်များအကြောင်း မဿဲ ၁၈:၁၈ တွင် ကိုယ်တော်မိန့်မြွက်ခဲ့သည့်အရာနှင့် ဆက်နွှယ်မှုရှိနိုင်သည်။
ဧဖက် ၄:၃၂ ပါ တမန်တော်ပေါလု၏ ဤသြဝါဒနှင့်အညီ ခရစ်ယာန်များသည် မှားယွင်းမှုတချို့ကို ခွင့်လွှတ်နိုင်သည်– “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။” ဤတွင် ပေါလုက ခရစ်ယာန်များထဲတွင် နမော်နမဲ့ပြောဆိုခြင်းကဲ့သို့သော ကိုယ်ရေးကိုယ်တာပြဿနာများအကြောင်း ပြောနေခြင်းဖြစ်သည်။ သူတို့သည် အချင်းချင်းခွင့်လွှတ်ခြင်းအားဖြင့် ဤပြဿနာများကို ပြေလည်စေရန် ကြိုးစားသင့်သည်။ ယေရှု၏ ဤစကားများကို ပြန်သတိရပါ– “ထို့ကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍ သွားလော့။ ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ပူဇော်သကာကိုတင်လော့။”—မဿဲ ၅:၂၃၊ ၂၄; ၁ ပေတရု ၄:၈။
သို့သော်၊ ဤအထူးပရိသတ်ကို ထိုအချိန်က ကိုယ်တော်မိန့်တော်မူခဲ့သည့် အခြားစကားများက ပြညွှန်သည့်အတိုင်း သာ၍ကြီးလေးသောအပြစ်များကို ယေရှုရည်ညွှန်းနေကြောင်း ယောဟန် ၂၀:၂၃ ၏ အထက်အောက်စကားများက တင်ပြသည်။ အဘယ်ကြောင့်ဖြစ်သည်ကို ကြည့်ကြစို့။
ကိုယ်တော်ရှင်ပြန်ထမြောက်ခဲ့သည့် နေ့၌ ယေရှုသည် ယေရုရှလင်မြို့ရှိ ကန့်လန့်ချထားသည့် အခန်းတစ်ခန်းတွင် တပည့်တော်များကို ကိုယ်ယောင်ထင်ရှားပြတော်မူခဲ့သည်။ မှတ်တမ်းကဤသို့ဆိုသည်– “တစ်ဖန် ယေရှုက၊ ‘သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်ဟု မိန့်တော်မူပြီးလျှင် ထိုသူတို့အပေါ်၌ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏’ ဟု မိန့်တော်မူ၏။”—ယောဟန် ၂၀:၂၁-၂၃။
ဖော်ပြထားသည့် တပည့်တော်ဖြစ်သူများမှာ အထူးသဖြင့် သစ္စာရှိတမန်တော်များဖြစ်နိုင်သည်။ (အခန်းငယ် ၂၄ နှိုင်းယှဉ်။) သူတို့ကိုမှုတ်လျက် “သန့်ရှင်းတော်ဝိညာဉ်တော်ကို ခံကြလော့” ဟု မိန့်တော်မူခြင်းအားဖြင့် မကြာမီတွင် သူတို့သည် ဝိညာဉ်တော်သွန်းလောင်းခံရမည်ဖြစ်ကြောင်း ယေရှုက အမှတ်အသားဖြင့် အသိပေးတော်မူသည်။ သူတို့သည် အပြစ်လွှတ်ခြင်းနှင့်ပတ်သက်သည့် အခွင့်အာဏာရရှိကြမည်ဖြစ်ကြောင်း ယေရှု ဆက်၍မိန့်တော်မူသည်။ ယုတ္တိတန်သည်မှာ၊ ကိုယ်တော်၏မိန့်မြွက်ချက်နှစ်ခုသည် ကွင်းဆက်ရှိပြီး တစ်ခုက နောက်တစ်ခုကို လမ်းခင်းပေးသည်။
ကိုယ်တော်ထမြောက်ပြီးနောက် ရက်ငါးဆယ်အကြာ၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရှုက သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းပေးတော်မူခဲ့သည်။ ယင်းက အဘယ်အရာကို ဖြစ်မြောက်စေသနည်း။ တစ်ခုအနေနှင့် ဝိညာဉ်တော်ခံရသူများသည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူ တွဲဖက်အုပ်စိုးရှင်များဖြစ်ဖို့ မျှော်လင့်ချက်ဖြင့် ဘုရားသခင့်ဝိညာဏသားများအဖြစ် ဒုတိယတစ်ဖန်မွေးဖွားခံရကြသည်။ (ယောဟန် ၃:၃-၅; ရောမ ၈:၁၅-၁၇; ၂ ကောရိန္သု ၁:၂၂) သို့သော် ဤသို့ဝိညာဉ်တော်သွန်းလောင်းခြင်းသည် ယင်းထက်ပို၍တာသွားသည်။ သွန်းလောင်းခံရသူတချို့သည် အံ့ဖွယ်တန်ခိုးများ ရရှိခဲ့ကြသည်။ ထိုတန်ခိုးအားဖြင့် အချို့တို့သည် သူတို့မတတ်ခဲ့သည့် နိုင်ငံခြားဘာသာစကားများကို ပြောနိုင်ခဲ့သည်။ အခြားသူများမူ ပရောဖက်ပြုနိုင်ခဲ့ကြသည်။ အခြားသူများကြပြန်လျှင် လူနာများကို ကုသပေးနိုင်ကြသည် သို့မဟုတ် လူသေများကို အသက်ပြန်ရှင်စေနိုင်ခဲ့သည်။—၁ ကောရိန္သု ၁၂:၄-၁၁။
ယောဟန် ၂၀:၂၂ ပါ ယေရှု၏စကားများသည် တပည့်တော်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းကို ညွှန်းဆိုရကား အပြစ်ခွင့်လွှတ်ခြင်းအကြောင်းနှင့် ဆက်နွှယ်မှုရှိသော ကိုယ်တော်၏စကားများက အပြစ်များကို ခွင့်လွှတ်ရန် သို့မဟုတ် ချည်နှောင်ရန် အခွင့်အာဏာထူးကို ဝိညာဉ်တော်၏လုပ်ဆောင်မှုမှတစ်ဆင့် တမန်တော်များအား ဘုရားသခင်က ပေးအပ်တော်မူသည်ဟူသည့် အဓိပ္ပာယ်ဖြစ်ပုံရသည်။—ကင်းမျှော်စင် [လိပ်] မတ် ၁၊ ၁၉၄၉၊ စာမျက်နှာ ၇၈။
ကျမ်းစာက ဤကဲ့သို့သောအခွင့်အာဏာကို တမန်တော်များအသုံးပြုခဲ့သည့် အချိန်တိုင်းနှင့်ပတ်သက်သည့် မှတ်တမ်းအပြည့်အစုံကို ဖော်ပြမထားသကဲ့သို့ ဘာသာစကားအမျိုးမျိုးပြောခြင်း၊ ပရောဖက်ပြုခြင်း သို့မဟုတ် ရောဂါကုသခြင်းတို့နှင့်ပတ်သက်သည့် အံ့ဖွယ်ဆုကျေးဇူးကို သူတို့သုံးခဲ့သည့်အဖြစ်ပျက်တိုင်းကို မှတ်တမ်းမတင်ထားပါ။—၂ ကောရိန္သု ၁၂:၁၂; ဂလာတိ ၃:၅; ဟေဗြဲ ၂:၄။
အပြစ်များကို ခွင့်လွှတ်ဖို့ သို့မဟုတ် ချည်နှောင်ဖို့ တမန်တော်များ၏ အခွင့်အာဏာပါဝင်ပတ်သက်သော အဖြစ်အပျက်တစ်ခုမှာ ဝိညာဉ်တော်ကို ပြစ်မှားခဲ့သည့် အာနနိနှင့်ရှဖိရေတို့၏ကိစ္စဖြစ်သည်။ ယောဟန် ၂၀:၂၂၊ ၂၃ တွင် ကျွန်ုပ်တို့ဖတ်ရသည့် ယေရှု၏မိန့်မြွက်တော်မူချက်ကို ကြားနာခဲ့ရသော ပေတရုသည် အာနနိနှင့်ရှဖိရေတို့ကို အပြစ်ဖော်ထုတ်ခဲ့သည်။ ပေတရုက အာနနိကို ဦးဆုံးပြောဆိုရာ သူသည် ခဏချင်းတွင်သေလေသည်။ နောက်ပိုင်းမှ ဝင်လာသည့် ရှဖိရေသည် မှားယွင်းမှုကို ဖုံးဖိထားသောအခါ ပေတရုက သူမခံရမည့်တရားစီရင်ချက်ကို ကြွေးကြော်ခဲ့သည်။ ပေတရုက သူမ၏အပြစ်ကို ခွင့်မလွှတ်ဘဲ ဤသို့ဆိုခဲ့သည်– “ကြည့်ရှုလော့! သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သောသူတို့၏ခြေသည် တံခါးနားမှာ ရှိသည့်ဖြစ်၍ သင့်ကိုလည်းဆောင်သွားကြလေဦးမည်။” သူမလည်း ခဏချင်းတွင် သေလေသည်။—တမန်တော် ၅:၁-၁၁။
ဤကိစ္စတွင် တမန်တော်ပေတရုသည် ဧကန်မုချအပြစ်ချည်နှောင်ခြင်းကိုဖော်ပြရန် အထူးအခွင့်အာဏာကို သုံးခဲ့သည်၊ အာနနိနှင့် ရှဖိရေ၏အပြစ်ကို ဘုရားသခင်ခွင့်လွှတ်မည်မဟုတ်သော အံ့ဖွယ်သိရှိမှုဖြစ်သည်။ ထို့အပြင် တမန်တော်များသည် ခရစ်တော်၏ပူဇော်သကာအခြေခံပေါ်တွင် ခွင့်လွှတ်ခံရကြောင်းသေချာသည့် ကိစ္စများအပေါ် သာမန်ထက်အစွမ်းထက်သော ထိုးထွင်းသိမြင်မှုရှိခဲ့ကြောင်း ထင်ရှားသည်။ ထို့ကြောင့် ဝိညာဉ်တော်ဖြင့် လုပ်ပိုင်ခွင့်ရထားသည့် တမန်တော်များသည် ခွင့်လွှတ်မှုကိုသော်လည်းကောင်း၊ အပြစ်ချည်နှောင်မှုကိုသော်လည်းကောင်း ကြေညာနိုင်သည်။a
ထိုအချိန်က ဝိညာဉ်တော်ဘိသိက်ခံအကြီးအကဲအားလုံး အဆိုပါအံ့ဖွယ်အခွင့်အာဏာရရှိခဲ့သည်ဟု ပြော၍မရပါ။ ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ခံရသူတစ်ဦးနှင့်ပတ်သက်၍ တမန်တော်ပေါလုပြောခဲ့သည့်စကားမှ ယင်းအချက်ကို ကျွန်ုပ်တို့သိရှိနားလည်နိုင်သည်။ တမန်တော်ပေါလုက ‘သူ၏အပြစ်ကို ငါ ခွင့်လွှတ်ပေးခဲ့သည်’ ဟူ၍သော်လည်းကောင်း၊ ‘ဤသူ၏အပြစ်သည် ကောင်းကင်၌ခွင့်လွှတ်ခြင်းခံရကြောင်း ငါသိသည့်အတွက် သူ့ကို ပြန်လက်ခံပါ’ ဟူ၍ပင်မပြောခဲ့ပါ။ ယင်းသို့ပြောမည့်အစား ပေါလုက အဆိုပါပြန်လက်ခံထားသော ခရစ်ယာန်ကို ခွင့်လွှတ်ကြရန်နှင့် သူ့ကို မေတ္တာပြကြရန် အသင်းတော်တစ်ခုလုံးကို တိုက်တွန်းခဲ့သည်။ ပေါလုဤသို့ထပ်ဆင့်သည်– “အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်၏။ ထိုသူ၏အပြစ်ကို ငါသည်လည်းလွှတ်၏။”—၂ ကောရိန္သု ၂:၅-၁၁။
ထိုသူကို အသင်းတော်ထဲသို့ပြန်လက်ခံလိုက်သည်နှင့် ခရစ်ယာန်ညီအစ်ကို ညီအစ်မအားလုံးတို့သည် သူပြုခဲ့သည့်အရာအတွက် ငြူစူသည့်သဘောမရှိဘဲ သူကိုခွင့်လွှတ်နိုင်ခဲ့သည်။ သို့သော်၊ ဦးဆုံး သူသည် နောင်တယူရမည်ဖြစ်ပြီး ပြန်လက်ခံခြင်းခံရဖို့လိုသည်။ ယင်းသည် မည်သို့ဖြစ်မည်နည်း။
အသင်းတော်အကြီးအကဲများ ကိုင်တွယ်ရမည့် ခိုးခြင်း၊ လိမ်လည်ခြင်း သို့မဟုတ် အလွန်ဆိုးရွားသည့် အကျင့်ပျက်မှုကဲ့သို့သော ကြီးလေးသည့်အပြစ်များရှိသည်။ သူတို့သည် အဆိုပါအပြစ်ပြုသူများကို ကြိုးစား၍ ပြုပြင်တည့်မတ်ပေးကာ နောင်တယူဖို့ တွန်းအားပေးသည်။ သို့သော်၊ တစ်စုံတစ်ယောက်သည် ကြီးလေးသည့်အပြစ်ကို နောင်တမယူဘဲလုပ်နေပါက အနှီအကြီးအကဲများသည် အပြစ်ပြုသူကို နှင်ထုတ်ရမည်ဟူသည့် ဘုရားသခင့်ညွှန်ကြားချက်ကို လိုက်နာကျင့်သုံးသည်။ (၁ ကောရိန္သု ၅:၁-၅၊ ၁၁-၁၃) ယောဟန် ၂၀:၂၃ တွင် ယေရှုမိန့်မြွက်ခဲ့သည့်စကားများသည် ဤကဲ့သို့သောကိစ္စများနှင့် မသက်ဆိုင်ပါ။ ဤအကြီးအကဲများတွင် ကာယအဖျားအနာကို ကုသနိုင်စွမ်း သို့တည်းမဟုတ် သေသူများကို ပြန်ရှင်ပေးနိုင်သည့်အစွမ်းကဲ့သို့သော အံ့ဖွယ် ဝိညာဉ်တော်ဆုကျေးဇူးများ ရရှိမထားပါ။ (၁ ကောရိန္သု ၁၃:၈-၁၀) ထို့အပြင်၊ ယနေ့အကြီးအကဲများတွင် ကြီးလေးသောအပြစ်ပြုသူတစ်ဦး ယေဟောဝါမျက်မှောက်တော်တွင် စင်ကြယ်သွားပြီဖြစ်ကြောင်း ကြေညာသည့်သဘောဖြင့် ကြီးလေးသောမှားယွင်းမှုကို ခွင့်လွှတ်ပေးရန် ဘုရားပေးအခွင့်အာဏာမရှိပါ။ ဤခွင့်လွှတ်ခြင်းမျိုးသည် ရွေးနုတ်ဖိုးပူဇော်သကာပေါ်တွင် အခြေပြုရမည်၊ ဤအပေါ်တွင်အခြေပြု၍ ယေဟောဝါသာလျှင် ခွင့်လွှတ်နိုင်တော်မူသည်။—ဆာလံ ၃၂:၅; မဿဲ ၆:၉၊ ၁၂; ၁ ယောဟန် ၁:၉။
ရှေးကောရိန္သုမြို့ရှိ လူတစ်ဦး၏ကိစ္စမှာကဲ့သို့ နောင်တမယူဘဲ အလွန်ဆိုးသည့်အပြစ်ပြုသူဖြစ်လျှင် သူသည် နှင်ထုတ်ခံရမည်။ သူသည် နောက်ပိုင်းတွင် နောင်တယူကာ နောင်တနှင့်ထိုက်တန်သည့် လုပ်ဆောင်မှုများကို လုပ်ကိုင်လျှင် ဘုရားရေးရာခွင့်လွှတ်မှု ရရှိနိုင်သည်။ (တမန်တော် ၂၆:၂၀) ဤသို့သောအခြေအနေတွင် ယေဟောဝါသည် အပြစ်ပြုသူကို အမှန်တကယ်ခွင့်လွှတ်ကြောင်း ယုံကြည်ဖို့အကြောင်းရင်းကို ကျမ်းစာက အကြီးအကဲများအား ဖော်ပြထားသည်။ သို့နှင့် ထိုသူပြန်လက်ခံခြင်းခံရသောအခါ ယုံကြည်ခြင်းတွင် မြဲမြံခိုင်ခံ့လာစေရန် အကြီးအကဲများသည် ဝိညာဉ်ရေးဘက်တွင် သူ့ကိုထောက်မပေးနိုင်သည်။ နှင်ထုတ်ခံရပြီးနောက်ပိုင်း ပြန်လည်လက်ခံခြင်းခံရသူကို ကောရိန္သုခရစ်ယာန်များ ခွင့်လွှတ်ခဲ့သည့်နည်းအတိုင်း အသင်းတော်ရှိအခြားသူများသည် ခွင့်လွှတ်နိုင်သည်။
ဤနည်းဖြင့် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အကြီးအကဲများသည် ကိုယ်ပိုင်တရားစီရင်ချက် စံနှုန်းများကို မပြဋ္ဌာန်းပါ။ သူတို့သည် ကျမ်းစာမူများကို ကျင့်သုံးကာ ယေဟောဝါချမှတ်ထားတော်မူသည့် ကျမ်းစာအစီအစဉ်များကို ထက်ကြပ်မကွာလိုက်နာကြသည်။ ထို့ကြောင့် အကြီးအကဲများအပိုင်းမှ ခွင့်လွှတ်ခြင်း သို့မဟုတ် ခွင့်မလွှတ်ခြင်းသည် မဿဲ ၁၈:၁၈ ပါ ယေရှုစကားများ၏သဘောနှင့်ညီညွတ်မည်– “ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက်ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်။” သူတို့၏လုပ်ဆောင်မှုများသည် ကျမ်းစာတွင် တင်ပြထားသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ယေဟောဝါ၏သဘောထားကို လုံးလုံးထင်ဟပ်ပြမည်။
သို့ဖြစ်ရကား ယောဟန် ၂၀:၂၃ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏စကားများသည် ကျန်ကျမ်းစောင်များနှင့် ဆန့်ကျင်မှုမရှိပါ၊ သို့သော် ခရစ်ယာန်အသင်းတော် နုနယ်သေးချိန်တွင် သူတို့ရရှိထားသည့် အထူးတာဝန်နှင့်အညီ တမန်တော်များတွင် ခွင့်လွှတ်မှုနှင့်ပတ်သက်၍ အခွင့်အာဏာရရှိကြောင်း ယင်းကညွှန်ပြသည်။
[အောက်ခြေမှတ်ချက်များ]
a ယေရှုသည် မသေမီနှင့် ရွေးနုတ်ဖို့မပေးဆက်မီကပင် လူတစ်ယောက်၏အပြစ်ကို ခွင့်လွှတ်လိုက်ပြီဟု ပြောရန် အခွင့်အာဏာရှိသည်။—မဿဲ ၉:၂-၆; ၁၉၉၅၊ ဇွန်လ ၁ ရက်ထုတ် ကင်းမျှော်စင် ပါ “စာရှုသူများထံမှ မေးခွန်းလွှာ” နှင့် နှိုင်းယှဉ်။