ဆင်းရဲဒုက္ခမရှိတော့မည့်အခါ
ဆင်းရဲဒုက္ခသည် လူ့မိသားစုအတွက် ဘုရားသခင့်မူလရည်ရွယ်ချက်၏ တစ်စိတ်တစ်ဒေသမဟုတ်ပါ။ ယင်းသို့ ကိုယ်တော်မရည်ရွယ်သကဲ့သို့ အလိုတော်လည်းမရှိခဲ့ပါ။ ‘ဒါဆိုရင် အဲဒီဆင်းရဲဒုက္ခတွေက ဘယ်လိုစဖြစ်လာပြီး ဘုရားသခင်ကဘာကြောင့်အခုအချိန်ထိ ခွင့်ပြုထားတာလဲ’ ဟု သင်မေးပေမည်။—ယာကုပ် ၁:၁၃၊ နှိုင်းယှဉ်။
ယင်း၏အဖြေကို လူ့သမိုင်း၏ဦးဆုံးမှတ်တမ်း သမ္မာကျမ်းစာ၌၊ အထူးသဖြင့် ကမ္ဘာဦးကျမ်း၌တွေ့ရှိရသည်။ ကျွန်ုပ်တို့၏ကနဦးမိဘဖြစ်သော အာဒံနှင့် ဧဝတို့သည် ဘုရားသခင်အားဆန့်ကျင်ပုန်ကန်မှုတွင် စာတန်မာရ်နတ်နောက်လိုက်ခဲ့ကြသည်ဟု ယင်းကဆိုသည်။ သူတို့၏အပြုအမူက စကြဝဠာစည်းစနစ် သေဝပ်ကျနမှု၏တကယ့်အခြေခံကို တိုက်ခိုက်သည့်အရင်းခံပြဿနာများကို ပေါ်ပေါက်စေခဲ့သည်။ မိမိတို့ကိုယ်တိုင် အကောင်းနှင့်အဆိုးဆုံးဖြတ်ပိုင်ခွင့်ကို တောင်းဆိုသည့်အခါ ဘုရားသခင်၏စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သူတို့စိန်ခေါ်ခဲ့ကြသည်။ သူတို့သည် ကိုယ်တော်၏အုပ်စိုးခွင့်နှင့် “အကောင်းနှင့်အဆိုး” ဆုံးဖြတ်ပိုင်ခွင့်ကို အငြင်းပွားစရာဖြစ်စေခဲ့သည်။—ကမ္ဘာဦး ၂:၁၅-၁၇; ၃:၁-၅။
မိမိ၏အလိုတော်ကိုအဘယ့်ကြောင့်ချက်ချင်းအရေးယူဆောင်ရွက်ခြင်းမပြုသနည်း
‘ဒါဆိုရင် ဘုရားသခင်က ဘာကြောင့်ကိုယ်တော့်အလိုတော်ကို ချက်ချင်းအရေးယူဆောင်ရွက်ခြင်းမပြုတာလဲ’ ဟုသင်မေးပေမည်။ လူအများစုအတွက် ထိုကိစ္စသည်ရိုးရိုးလေးဖြစ်ဟန်ရှိသည်။ ‘ဘုရားသခင်မှာတန်ခိုးရှိတာပဲ။ ပုန်ကန်တဲ့သူတွေကို ဖျက်ဆီးဖို့အဲဒီတန်ခိုးကို ကိုယ်တော်အသုံးပြုသင့်တယ်’ ဟုသူတို့ဆိုကြသည်။ (ဆာလံ ၁၄၇:၅) သို့သော် မိမိကိုယ်ကိုဤသို့မေးကြည့်ပါ၊ ‘မိမိတို့၏အလိုဆန္ဒကို အတင်းအကျပ်လုပ်ဆောင်ရန် ကြီးမားသည့်တန်ခိုးကိုအသုံးပြုသူအားလုံးကို ကျွန်ုပ်မဆိုင်းမတွချီးမွမ်းပါသလော။ အာဏာရှင်တစ်ဦးသည် လူသတ်စခန်းများကိုအသုံးပြုပြီး မိမိရန်သူများကိုသုတ်သင်ရှင်းလင်းသည့်အခါ အလိုလိုစက်ဆုပ်မုန်းတီးသည့်စိတ် မဖြစ်ပေါ်လာပေလော။’ ကျိုးကြောင်းဆင်ခြင်တတ်သူအများက ယင်းကဲ့သို့သောအရာကို တွန့်ဆုတ်ရွံမုန်းကြသည်။
‘အင်း၊ ဒါပေမဲ့ ဘုရားသခင် ကသာအဲဒီတန်ခိုးကို ထိထိရောက်ရောက်အသုံးပြုမယ်ဆိုရင် ဘယ်သူမှကိုယ်တော့်အပြုအမူကို စောဒကတက်မှာမဟုတ်ဘူး’ ဟူ၍ သင်ဆိုမည်။ သေချာပါသလော။ လူတို့သည် ဘုရားသခင်၏တန်ခိုးတော်အသုံးပြုပုံနှင့်ပတ်သက်၍ စောဒကတက်ခြင်း မဟုတ်ပေလော။ ဆိုးသွမ်းမှုကို ကိုယ်တော်သည်းခံစဉ်အခါတွင်ကဲ့သို့ တစ်ခါတစ်ရံ ကိုယ်တော်သည် ယင်းကိုအဘယ့်ကြောင့်အသုံးမပြုတော်မူသနည်း ဟူ၍လည်းကောင်း၊ အခြားအချိန်၌ ယင်းကို အဘယ့်ကြောင့်အသုံးပြုတော်မူသနည်း ဟူ၍လည်းကောင်း သူတို့မေးကြသည်။ မိမိရန်သူများကိုဆန့်ကျင်ရာတွင် ဘုရားသခင့်တန်ခိုးတော်ကို အသုံးပြုပုံနှင့်ပတ်သက်၍ သစ္စာရှိအာဗြဟံပင် နားလည်ရန်ခက်ခဲသည့်ပြဿနာရှိခဲ့သည်။ ဘုရားသခင်သည် သောဒုံမြို့ကိုဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့ချိန်ကိုပြန်သတိရပါလေ။ လူကောင်းများဆိုးသွမ်းသူများနှင့်အတူသေမည်ကိုအာဗြဟံမှားယွင်းစွာစိုးရိမ်ခဲ့သည်။ “ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် ကိုယ်တော်နှင့်ဝေးပါစေသတည်း” ဟူ၍ သူကြွေးကြော်ခဲ့သည်။ (ကမ္ဘာဦး ၁၈:၂၅) အနန္တတန်ခိုးတော်ကို အလွဲသုံးစားမပြုကြောင်း အာဗြဟံကဲ့သို့ စိတ်ထားမှန်ရှိသောသူများပင် စိတ်ချမှုရရှိဖို့လိုသည်။
ဘုရားသခင်သည် အာဒံ၊ ဧဝနှင့် စာတန်တို့ကို ချက်ချင်းဖျက်ဆီးနိုင်ပေသည်။ သို့သော် နောက်ပိုင်းတွင် ကိုယ်တော်၏အရေးယူဆောင်ရွက်မှုကို သိမြင်လာမည့်အခြားကောင်းကင်တမန်များ သို့မဟုတ် အနာဂတ်ဖန်ဆင်းရာများအား မည်သို့ထိခိုက်နိုင်သည်ကို စဉ်းစားကြည့်ပါလေ။ ယင်းသည် ဘုရားသခင့်အုပ်ချုပ်မှု တရားနည်းလမ်းကျခြင်းနှင့်စပ်လျဉ်း၍ သူတို့ကိုစိတ်အနှောင့်အယှက်ဖြစ်စေသော မေးခွန်းများပေါ်ပေါက်စေမည်လော။ နစ်ချီဟူသောပုဂ္ဂိုလ်က ဖော်ပြသကဲ့သို့ ဘုရားသခင်သည် မိမိအားဆန့်ကျင်သူမည်သူ့ကိုမဆို ရက်စက်စွာသုတ်သင်ရှင်းလင်းပစ်သော မတရားအုပ်စိုးသည့်အာဏာရှင်မျိုးအမှန်ဖြစ်သည်ဟု စွပ်စွဲစရာမဖြစ်စေပေလော။
လူတို့သည်မှန်ရာကိုလုပ်ဖို့အဘယ့်ကြောင့်ပြုတော်မမူသနည်း
‘လူတွေဟာမှန်ရာကိုပဲပြုလုပ်ဖို့ ဘုရားသခင်မလုပ်ပေးနိုင်ဘူးလား’ ဟူ၍ အချို့ကမေးပေမည်။ ဤကိစ္စကိုလည်းစဉ်းစားကြည့်ပါလေ။ သမိုင်းတစ်လျှောက် အုပ်ချုပ်ခွင့်အာဏာပိုင်သူတို့သည် မိမိတို့၏အယူအဆသဘောထားများကို လူများလိုက်နာရန်ကြိုးပမ်းလာခဲ့ကြသည်။ အချို့သောအာဏာပိုင်များ သို့မဟုတ် တစ်သီးပုဂ္ဂလအုပ်ချုပ်သူများသည် မူးယစ်ဆေးဝါး သို့မဟုတ် ခွဲစိတ်ကုသခြင်းများဖြစ်ကောင်းဖြစ်မည့်အရာတို့ကို အသုံးပြုခြင်းဖြင့် စိတ်ထိန်းချုပ်နည်းအမျိုးမျိုးကိုပြုလုပ်ကြကာ မိမိတို့သားကောင်များ၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ပိတ်ပင်တားဆီးကြသည်။ ယင်းလုပ်ဆောင်နိုင်စွမ်းကို အလွဲသုံးစားပြုနိုင်စေကာမူ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသူအဖြစ်ကို ကျွန်ုပ်တို့တန်ဖိုးမထားကြပေလော။ ထိုလွတ်လပ်ခွင့်ကို တစ်စုံတစ်ခုသောအစိုးရ သို့မဟုတ် အုပ်ချုပ်သူက ဖယ်ရှားဖို့ကြိုးစားပါက ကျွန်ုပ်တို့ခွင့်ပြုမည်လော။
ထိုသို့ဖြစ်လျှင် ဥပဒေချမှတ်ရန် မိမိတန်ခိုးအာဏာကို ချက်ချင်းအသုံးမပြုဘဲ အခြားမည်သည့်နည်းကိုအသုံးပြုနိုင်သနည်း။ ပုန်ကန်မှုကိုကိုင်တွယ်ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းမှာ ဥပဒေကိုဆန့်ကျင်သူများအား မိမိ၏အုပ်ချုပ်မှုမှ ခေတ္တလွတ်လပ်ခွင့်ပေးခြင်းဖြစ်မည်ဟု ယေဟောဝါဘုရားသခင်ဆုံးဖြတ်ခဲ့လေသည်။ ယင်းက အာဒံနှင့် ဧဝမှဆင်းသက်လာသော လူ့မိသားစုအား ဘုရားသခင့်ဥပဒေကိုလက်အောက်မခံဘဲ မိမိတို့ကိုယ်ကိုအုပ်ချုပ်ဖို့ အချိန်ကန့်သတ်ပေးခဲ့သည်။ အဘယ့်ကြောင့် ကိုယ်တော်ဤသို့ပြုလုပ်ခဲ့ရသနည်း။ အချိန်တန်သော် မိမိ၏အလိုတော်ကိုပြည့်စုံစေဖို့ အကန့်အသတ်မရှိသော တန်ခိုးတော်ကိုအသုံးပြုလျက်ပင် ကိုယ်တော်၏အုပ်ချုပ်ပုံနည်းလမ်းသည် အစဉ်မှန်ကန်၍ ဖြောင့်မတ်ကြောင်း မငြင်းနိုင်သောသက်သေကို ပေါ်ပေါက်စေကာ၊ မိမိအားဆန့်ကျင်ပုန်ကန်သူတိုင်း အနှေးနှင့်အမြန်ဆိုသလို အတိဒုက္ခတွေ့ ကြုံမည်ကို သိထားတော်မူသောကြောင့်ဖြစ်သည်။—တရားဟောရာ ၃၂:၄; ယောဘ ၃၄:၁၀-၁၂; ယေရမိ ၁၀:၂၃။
အပြစ်မဲ့ဓားစာခံအားလုံးနှင့်ပတ်သက်၍ကော အသို့နည်း
‘လောလောဆယ်မှာ အပြစ်ကင်းမဲ့တဲ့ဓားစာခံတွေနဲ့ပတ်သက်လို့ကော ဘယ်လိုလဲ’ ဟူ၍သင်မေးပေမည်။ ‘အသေးအမွှားဥပဒေတစ်ခုကို သက်သေထူဖို့အတွက် ဒုက္ခခံခြင်းဟာ တကယ်တန်ရဲ့လား။’ မထင်ရှားသောဥပဒေတစ်ခုမျှကိုသာ သက်သေထူရန်အတွက် ဆိုးသွမ်းမှုကို ကိုယ်တော်ခွင့်ပြုခြင်းမဟုတ်ပါ။ ယင်းနှင့်ဆန့်ကျင်လျက် ကိုယ်တော်တစ်ပါးတည်းသာ ပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်းနှင့် မိမိ၏ဖန်ဆင်းရာအားလုံးအတွက် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းဆက်လက်တည်ရှိနိုင်ရန် မိမိ၏ဥပဒေကို နာခံဖို့လိုအပ်သည့်အခြေခံအမှန်တရားကို တစ်ကြိမ်နှင့်အပြီးသက်သေထူခြင်းဖြစ်သည်။
ကျွန်ုပ်တို့စိတ်တွင်မှတ်ထားရမည့် အရေးကြီးသောအချက်တစ်ခုမှာ လူ့မိသားစုတွင်ဖြစ်ပေါ်နေသည့် မည်သည့်ဘေးဒုက္ခကိုမဆို ကိုယ်တော်လုံးဝသုတ်သင်ပယ်ရှင်းပေးနိုင်တော်မူသည်ကို ဘုရားသခင်သိတော်မူသည်။ နာကျင်မှုနှင့် ဆင်းရဲဒုက္ခကိုခံရသည့်ခဏတာအချိန်သည် အကျိုးရှိသောရလဒ်ဖြစ်ပေါ်စေမည်ကို ကိုယ်တော်သိတော်မူ၏။ ဆရာဝန်က ကလေးကိုကာကွယ်ဆေးထိုးခြင်းဖြင့် နာကျင်မှုဖြစ်စေသောအခါတွင် ကလေးကိုချုပ်ကိုင်ထားသော မိခင်အကြောင်းစဉ်းစားကြည့်ပါလေ။ ယင်းဆေးကိုမထိုးပါက ကလေးသေဆုံးသွားနိုင်သည်။ အဘယ်မိခင်မျှ မိမိကလေးကို နာကျင်မှုမခံစားစေလိုပါ။ အဘယ်ဆရာဝန်မျှ မိမိလူနာကို ဒုက္ခမခံစားစေလိုပေ။ ထိုအချိန်၌ နာကျင်မှုခံစားရသည့်အကြောင်းရင်းကို ကလေးနားမလည်သော်လည်း ယင်းကို အဘယ့်ကြောင့်ခွင့်ပြုရကြောင်း နောက်ပိုင်းတွင်နားလည်လာလိမ့်မည်။
ဆင်းရဲဒုက္ခခံနေရသူများအတွက် စစ်မှန်သောနှစ်သိမ့်မှု
ဤအရာများကိုသိထားခြင်းက ဆင်းရဲဒုက္ခခံစားနေရသူများအတွက် နှစ်သိမ့်မှုမပေးနိုင်ဟု အချို့ကယူဆပေမည်။ ဆင်းရဲဒုက္ခတည်ရှိရခြင်းအကြောင်းကို အကျိုးသင့်အကြောင်းသင့်ရှင်းပြခြင်းသည် “ဆာလောင်ငတ်မွတ်နေသောသူတစ်ဦးကို အစားအသောက်ရှိဓာတ်ပစ္စည်းအကြောင်း သင်တန်းပေးခြင်းလောက် အကူအညီဖြစ်စေသည်” ဟု ဟန်စ် ကွင်းကဖော်ပြသည်။ “ဆင်းရဲဒုက္ခဖိစီးခံနေရသည့်အခါ ပညာရှိသောဆင်ခြင်သုံးသပ်ချက်အားလုံးတို့က လူသားတို့ကိုအမှန်တကယ်အားပေးနိုင်ပါသလော” ဟူ၍ သူမေးမြန်းခဲ့သည်။ ဘုရားသခင့်နှုတ်ကပါဌ်စကားတော် သမ္မာကျမ်းစာကိုလျစ်လျူရှုသူများ၏ “ပညာရှိသောဆင်ခြင်သုံးသပ်ချက်” အားလုံးတို့သည် ဆင်းရဲဒုက္ခခံနေရသူများကို အားပေးမှုမဖြစ်စေခဲ့ပါ။ ထိုကဲ့သို့သော လူ့ဆင်ခြင်သုံးသပ်ချက်က နောက်ဆုံးတွင် ကောင်းကင်၌အသက်ရမည့်သူများအတွက် လူကိုဆင်းရဲဒုက္ခခံစေဖို့ ဘုရားသခင်ရည်ရွယ်ခဲ့ပြီး မြေကြီးကိုမျက်ရည်ချိုင့်ဝှမ်းအဖြစ် သို့မဟုတ် စမ်းသပ်ရာနယ်မြေအဖြစ် ထင်မြင်စေခြင်းဖြင့် ပြဿနာပိုတက်စေသည်။ ဘုရားသခင်ကို စော်ကားမှုကြီးပါတကား!
သို့သော်လည်း သမ္မာကျမ်းစာကိုယ်၌က စစ်မှန်သောနှစ်သိမ့်မှုကိုပေးသည်။ ယင်းက ဆိုးသွမ်းမှုတည်ရှိရခြင်းအကြောင်း ရှေ့နောက်ညီညွတ်သောရှင်းလင်းချက်ကိုပေးသည်သာမက ဆင်းရဲဒုက္ခကိုခေတ္တမျှခွင့်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဘေးဒုက္ခအားလုံးကို ကိုယ်တော်ဖြေရှင်းပေးမည်ဟူသော ဘုရားသခင်၏စိတ်ချရသောကတိတော်ကိုလည်း ယုံကြည်စိတ်ချစေသည်။
“အလုံးစုံသောအရာတို့ကိုအသစ်ပြုပြင်” တော်မူခြင်း
မကြာမီ ဘုရားသခင်သည် မိမိ၏ပထမလူသားဖန်ဆင်းရာများမပုန်ကန်မီက ကိုယ်တော်ရည်ရွယ်ခဲ့သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိအောင်ပြုပြင်တော်မူမည်။ အမှီအခိုကင်းသော လူ့အုပ်ချုပ်မှုအတွက် ဘုရားသခင်သတ်မှတ်ထားသောအချိန်မှာ ကုန်ဆုံးလုပြီ။ ‘ကမ္ဘာဦးမှစ၍ သန့်ရှင်းသောပရောဖက်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ထားတော်မူသော ထိုကပ်ကာလ၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်တော်မူသောကာလမရောက်မီ . . . ကောင်းကင်ဘုံသည် ခံယူသိမ်းဆည်းရမည့် ထိုခရစ်တော်ကို’ ကိုယ်တော်စေလွှတ်တော်မူမည့်အချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်။—တမန်တော် ၃:၂၀၊ ၂၁။
မည်သည့်အရာကို ယေရှုခရစ်တော်ပြုလုပ်မည်နည်း။ ကိုယ်တော်သည် ဘုရားသခင့်ရန်သူအားလုံးကို မြေကြီးပေါ်မှသုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။ (၂ သက်သာလောနိတ် ၁:၆-၁၀) ယင်းသည် လူသားအာဏာရှင်အချို့ပြုလုပ်သကဲ့သို့ စည်းကမ်းနည်းလမ်းမကျဘဲ အလျင်စလိုဒဏ်စီရင်ခြင်းမျိုးမဟုတ်ပါ။ လူသားတို့နိုင်နင်းစွာမအုပ်ချုပ်နိုင်ခြင်းကြောင့် ဘေးဖြစ်စေသောအကျိုးဆက်များ ပေါ်လာကြောင်းသက်သေထူသည့် အထောက်အထားတောင်ပုံရာပုံက မကြာမီ ဘုရားသခင်သည် မိမိ၏အလိုတော်ကိုပြည့်စုံစေဖို့ ကိုယ်တော်၏အနန္တတန်ခိုးတော်ကို အသုံးပြုမည်ဟူသည့်အချက်သည် လုံးဝတရားမျှတကြောင်းကို ဖော်ပြမည်။ (ဗျာဒိတ် ၁၁:၁၇၊ ၁၈) ယင်းသည် အစပိုင်းတွင် ယခင်က မြေကြီးပေါ်၌မကြုံစဖူးသော “ဒုက္ခ”၊ နောဧခေတ်ရေလွှမ်းမိုးဘေးနှင့် ဆင်တူသော်လည်း သာ၍ကြီးမားသောဒုက္ခဖြစ်မည်။ (မဿဲ ၂၄:၂၁၊ ၂၉-၃၁၊ ၃၆-၃၉) ဤ “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်သောသူများသည် “သန့်ရှင်းသော ပရောဖက်ဆရာတော်တို့နှုတ်ဖြင့်” ပေးခဲ့သည့် ဘုရားသခင့်ကတိတော်များအားလုံး ပြည့်စုံသည်ကိုသူတို့တွေ့ မြင်သောအခါ “ချမ်းဧသောအချိန်ကာလ” ကိုတွေ့ ကြုံရကြမည်။ (တမန်တော် ၃:၁၉; ဗျာဒိတ် ၇:၁၄-၁၇) ဘုရားသခင် မည်သို့ ကတိပြုတော်မူခဲ့သနည်း။
ရှေးခေတ်ဘုရားသခင့်ပရောဖက်များက စစ်နှင့် သွေးထွက်သံယိုမှုများကြောင့် ဖြစ်ပေါ်လာသည့်ဆင်းရဲဒုက္ခများ အဆုံးတိုင်မည်ဟုဆိုခဲ့ကြသည်။ ဥပမာအနေနှင့် “မြေကြီးစွန်းတိုင်အောင်စစ်မှုကိုငြိမ်းစေတော်မူ၏” ဟု ဆာလံ ၄၆:၉ ကဆိုသည်။ အပြစ်မဲ့သားကောင်များနှင့် အကြောင်းမလှသည့်ဒုက္ခသည်များ၊ ရက်စက်ကြမ်းကြုတ်သည့်စစ်ပွဲများတွင် ဗလက္ကာရပြုခြင်းခံရသူများ၊ မသန်မစွမ်းဖြစ်သူများနှင့် အသတ်ခံရသူများမရှိတော့ပြီ! ပရောဖက်ဟေရှာယက ဤသို့ဆိုထားသည်– “တစ်ပြည်ကိုတစ်ပြည်စစ်မတိုက် စစ်အတတ်ကိုလည်းနောက်တစ်ဖန်မသင်ရကြ။”—ဟေရှာယ ၂:၄။
ရာဇဝတ်မှုနှင့် မတရားမှုကြောင့်ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခများအဆုံးတိုင်မည့်အကြောင်းကိုလည်း ပရောဖက်များက တင်ကူးပြောခဲ့ကြသည်။ နယပုံပြင် ၂:၂၁၊ ၂၂၊ (သမ) က “ဖြောင့်မှန်သောသူတို့သည် နေပြည် (“မြေကြီး”၊ ကဘ) တွင်တည်လျက် စုံလင်သူတို့လည်း မြဲကြ” ၍ နာကျင်မှုနှင့် ဆင်းရဲဒုက္ခများကိုဖြစ်ပေါ်စေသူများသည် “နုတ်ပယ်ခြင်းကိုခံရကြလိမ့်မည်။”‘လူသည်တစ်ဦးပေါ်တစ်ဦး အကျိုးပျက်အောင်အုပ်စိုး’ ခြင်းလည်းရှိတော့မည်မဟုတ်။ (ဒေသနာ ၈:၉၊ ကဘ) ဆိုးသွမ်းသူအားလုံး ထာဝစဉ်ဖယ်ရှားပစ်ခြင်းခံရမည်။ (ဆာလံ ၃၇:၁၀၊ ၃၈) လူတိုင်း ဆင်းရဲဒုက္ခကင်းဝေးသည့် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုအောက်တွင် နေထိုင်နိုင်ကြမည်။—မိက္ခာ ၄:၄။
ထို့အပြင် ကာယပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာရောဂါများကြောင့် ဖြစ်ပေါ်လာသည့်ဆင်းရဲဒုက္ခများ အဆုံးတိုင်မည့်အကြောင်းကိုလည်း ပရောဖက်များကတိပြုခဲ့ကြသည်။ (ဟေရှာယ ၃၃:၂၄) ဟေရှာယက မျက်စိကန်းသောသူ၊ နားပင်းသောသူ၊ မသန်မစွမ်းသူနှင့် ဖျားနာမှုနှင့် ရောဂါဝေဒနာစွဲကပ်သောသူအားလုံး ကုသပျောက်ကင်းခြင်းခံရမည်ဟု မျှော်လင့်ချက်ပေးခဲ့သည်။ (ဟေရှာယ ၃၅:၅၊ ၆) ဘုရားသခင်သည် သေခြင်း၏အကျိုးဆက်များကိုပင် ပယ်ဖျက်တော်မူမည်။ ယေရှုက “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့” ဟူ၍ တင်ကူးမိန့်တော်မူခဲ့၏။ (ယောဟန် ၅:၂၈၊ ၂၉) “ကောင်းကင်သစ်နှင့် မြေကြီးသစ်” ရူပါရုံတွင် တမန်တော်ယောဟန်သည် “ဘုရားရှင်ကိုယ်တော်တိုင်ပင် . . . သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်းမရှိရ” ဟူ၍ ကြားခဲ့ရသည်။ (ဗျာဒိတ် ၂၁:၁-၄၊ ကဘ) စဉ်းစားကြည့်ပါလေ! နာကျင်ခြင်း၊ မျက်ရည်ကျခြင်း၊ အော်ဟစ်ခြင်း၊ သေခြင်း—ဆင်းရဲဒုက္ခများ လုံးဝရှိတော့မည်မဟုတ်!
ဆိုးသွမ်းမှုကိုခွင့်ပြုသည့် ဤခဏတာအတောအတွင်းဖြစ်ပေါ်လာသော မည်သည့်ဝမ်းနည်းပူဆွေးမှုမျိုးကိုမဆို ပယ်ရှားခံရမည်။ ဘုရားသခင်မည်သည့်အခါမျှ မရည်ရွယ်ခဲ့သော—လူသားတို့၏မှတ်ဉာဏ်တွင် ဖျောက်ဖျက်၍မရနိုင်သည့် နာကျင်မှုနှင့် ဆင်းရဲဒုက္ခများပင် လုံးလုံးပယ်ဖျက်ခြင်းခံရမည်။ ဟေရှာယက ဤသို့ပရောဖက်ပြုခဲ့သည်– “အထက်ဒုက္ခများကို မေ့လျော့၍ . . . အရင်ဖြစ်ဖူးသောအရာများကို သတိမရ၊ မှတ်မိတော့မည်မဟုတ်။” (ဟေရှာယ ၆၅:၁၆၊ ၁၇၊ သမ္မာ) စုံလင်သောလူ့မိသားစုသည် မြေကြီးပရဒိသုတွင် လုံးဝငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ရန်တည်းဟူသော ဘုရားသခင်၏မူလရည်ရွယ်ချက်သည် အပြည့်အဝအကောင်အထည်ပေါ်လာမည်။ (ဟေရှာယ ၄၅:၁၈) ကိုယ်တော်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို လုံးလုံးလျားလျားယုံကြည်စိတ်ချလာကြမည်။ ဘုရားသခင်သည် လူ့ဆင်းရဲဒုက္ခအားလုံးကို အဆုံးသတ်မည့်အချိန်၊ နစ်ချီ စွပ်စွဲခဲ့သကဲ့သို့ ကိုယ်တော်သည် “မတရားအုပ်စိုးသူ၊ အယောင်ဆောင်လိမ်ညာသူ၊ လိမ်လည်လှည့်ဖြားသူ၊ ဒဏ်စီရင်သူ” မျိုးမဟုတ်ဘဲ အနန္တတန်ခိုးတော်ကို မေတ္တာ၊ ဉာဏ်ပညာနှင့် တရားမျှတမှုဖြင့်အမြဲကျင့်သုံးတော်မူကြောင်းကို ပြသမည့်အချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေရခြင်းသည် မည်မျှထူးမြတ်သည့်အခွင့်အရေးပါတကား!
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အချို့သောအုပ်ချုပ်သူများသည် စိတ်ထိန်းချုပ်နည်းကိုအသုံးပြုကာမိမိတို့သားကောင်များ၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုပိတ်ပင်တားဆီးကြသည်
[Credit Line]
UPI/Bettmann
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဆင်းရဲဒုက္ခမရှိတော့သည့်အခါ၊ လူသားအားလုံး ပျော်ရွှင်မှုအပြည့်အဝခံစားရမည်