ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၉/၁၅ စာ. ၂၉-၃၁
  • အာရိတ္တာခု—သစ္စာစောင့်သိသောအပေါင်းအဖော်တစ်ဦး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာရိတ္တာခု—သစ္စာစောင့်သိသောအပေါင်းအဖော်တစ်ဦး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂရိမှ ယေရုရှလင်သို့
  • ရောမသို့ခရီးသွားခြင်း
  • ပေါလုနှင့် “အတူအကျဉ်းခံရသူ”
  • “စိတ်ကိုသက်သာစေကြ၏”
  • သင်ဟာ ‘အားပေးထောက်မသူ’ ဖြစ်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ယေဟောဝါ၏လမ်းခရီးတော်၌ လျှောက်သွားလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယေဟောဝါဟာ ကူညီမစရှင် ဖြစ်လို့ သတ္တိရှိပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ပေါလု၏လုပ်ဖော်ဆောင်ဖက်များ—သူတို့ကား မည်သူများနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၉/၁၅ စာ. ၂၉-၃၁

အာရိတ္တာခု—သစ္စာစောင့်သိသောအပေါင်းအဖော်တစ်ဦး

တမန်တော်ပေါလု၏ ယုံကြည်စိတ်ချရသော လုပ်ဖော်ဆောင်ဖက်အများအပြားထဲတွင် အာရိတ္တာခုပါဝင်သည်။ သူ့အမည်ကြားရသောအခါ သင့်စိတ်ထဲတွင် မည်သည့်အရာပေါ်လာသနည်း။ တစ်ခုခုကိုလော။ အစောပိုင်းခရစ်ယာန်သမိုင်းကြောင်းအဖြစ်အပျက်တွင် သူမည်သည့်ကဏ္ဍမှပါဝင်ခဲ့သည်ကို သင်ပြောနိုင်မည်လော။ အာရိတ္တာခုသည် အများအားဖြင့် ကျွန်ုပ်တို့နှင့်အကျွမ်းတဝင်ရှိသည့် ကျမ်းစာဇာတ်ကောင်များထဲက တစ်ဦးမဟုတ်သော်လည်း ခရစ်ယာန်ဂရိကျမ်းစောင်များ၌ ဖော်ပြထားသောဖြစ်ရပ်တော်တော်များများတွင် ပါဝင်ခဲ့သည်။

ထို့ကြောင့် အာရိတ္တာခုသည် မည်သူနည်း။ ပေါလုနှင့်မည်သည့်ဆက်ဆံရေးရှိခဲ့သနည်း။ အာရိတ္တာခုသည် သစ္စာစောင့်သိသော အပေါင်းအဖော်တစ်ဦးဖြစ်သည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။ သူ၏ပုံနမူနာကို ဆန်းစစ်ခြင်းမှ မည်သည့်သင်ခန်းစာများကို ကျွန်ုပ်တို့ရရှိနိုင်သနည်း။

အာရိတ္တာခုသည် ဧဖက်မြို့တွင် ဆူပူအော်ဟစ်ကာ ရုတ်ရုတ်သဲသဲဖြစ်နေသည့် လူအုပ်ကြားသို့ ရောက်ရှိနေသည့်အဖြစ်အားဖြင့် တမန်တော်ဝတ္ထုပါမှတ်တမ်းထဲသို့ ရုတ်တရက်ရောက်လာခြင်းဖြစ်သည်။ (တမန်တော် ၁၉:၂၃-၄၁) မှားယွင်းသောအာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်ပြုလုပ်ခြင်းသည် ဒေမေတရိနှင့် ဧဖက်မြို့ရှိအခြားငွေပန်းထိမ်သမားများအတွက် အကျိုးအမြတ်ရရှိသောလုပ်ငန်းတစ်ခုဖြစ်ခဲ့သည်။ သို့နှင့် ယင်းမြို့တွင် ပေါလု၏ဟောပြောခြင်းလှုပ်ရှားမှုကြောင့် လူများစွာတို့က မစင်ကြယ်သောထိုနတ်သမီးဝတ်ပြုမှုကို စွန့်လွှတ်ကြသောအခါ ဒေမေတရိက အခြားလက်မှုပညာသည်များကို ဆူပူအောင်ဆွပေးခဲ့သည်။ ပေါလု၏ဟောပြောခြင်းလုပ်ငန်းသည် မိမိတို့၏ငွေရေးကြေးရေးဆိုင်ရာအာမခံချက်ကို အန္တရာယ်ဖြစ်စေရုံမက အာတေမိနတ်ဘုရားကိုးကွယ်မှုကိုလည်း အဆုံးသတ်စေနိုင်သည်ဟု သူပြောခဲ့သည်။

ဒေါသူပုန်ထနေသောလူအုပ်သည် ပေါလုကို ရှာမတွေ့သောအခါ သူ၏အပေါင်းအဖော်များဖြစ်ကြသည့် အာရိတ္တာခုနှင့်ဂါယုတို့ကို ပွဲခံရာဇရပ်ထဲသို့ အတင်းအဓမ္မတရွတ်တိုက် ဆွဲသွားကြသည်။ သူတို့ထဲမှ နှစ်ဦးက ကြီးမားသည့်အန္တရာယ်ကြားထဲ ရောက်ရှိခဲ့သောကြောင့် ပေါလု၏မိတ်ဆွေများသည် “ပွဲခံရာဇရပ်ထဲသို့ ကိုယ်ကိုမအပ်ပါနှင့်” ဟုတောင်းပန်ခဲ့ကြသည်။

ထိုအဖြစ်အပျက်ထဲ၌ မိမိကိုယ်ကို မြင်ယောင်ကြည့်ပါ။ ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ကြီးသည် နှစ်နာရီခန့်မျှလောက် “ဧဖက်လူတို့၏အာတေမိသည် ကြီးမြတ်တော်မူ၏” ဟုအော်ဟစ်ခဲ့ကြသည်။ မိမိတို့ကိုယ်ကို ခုခံကာကွယ်ပြောဆိုခွင့်ပင်မရရှိဘဲ ခေါင်းမာလှသောလူအုပ်ကြီး၏ လက်ခုပ်ထဲကရေဖြစ်ရခြင်းသည် အာရိတ္တာခုနှင့်ဂါယုအတွက် အမှန်ပင် အလွန်တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံဖြစ်သည်။ အကယ်၍ ထိုလူအုပ်ထဲမှ သူတို့အသက်ရှင်လျက် လွတ်လာခဲ့ကြမည်ဆိုလျှင် အံ့သြကြပေမည်။ ဝမ်းသာစရာကား သူတို့လွတ်မြောက်လာခဲ့ကြသည်။ မှန်ပါသည်၊ လုကာမှတ်တမ်း၏ရှင်းလင်းတိကျမှုက အာရိတ္တာခုနှင့်ဂါယုတို့ကိုယ်တိုင်ထံမှ ဖြစ်ကောင်းဖြစ်နိုင်သည့် မျက်မြင်သက်သေများ၏ထွက်ဆိုချက်ကို သူအသုံးပြုသည်ဟူ၍ အချို့ကျမ်းပညာရှင်များအဆိုပြုစရာ ဖြစ်စေခဲ့သည်။

နောက်ဆုံးတွင် မြို့စာရေးက ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းကို ငြိမ်သက်အောင်လုပ်ခဲ့သည်။ အာရိတ္တာခုနှင့်ဂါယုတို့သည် မိမိတို့တွင် အပြစ်မရှိကြောင်း နည်းမှန်လမ်းကျအသိအမှတ်ပြုခြင်းခံရသည်ကို သူ့ထံမှကြားရပြီးနောက် သူတို့ပတ်လည်ရှိ ရုတ်ရုတ်သဲသဲလည်း ရပ်စဲသွားသည်ကို မြင်တွေ့ရသောအခါ အကြီးအကျယ်စိတ်သက်သာရာရသွားကြသည်။

ထိုကဲ့သို့သော တွေ့ကြုံမှုပြီးနောက်တွင် သင်မည်သို့ခံစားရလိမ့်မည်နည်း။ ပေါလု၏သာသနာပြုအဖော်တစ်ဦးဖြစ်ရခြင်းသည် အလွန်အမင်းအန္တရာယ်ရှိသောကြောင့် ယင်းကို သင်ရွေးချယ်မည်မဟုတ်၊ သာ၍ငြိမ်သက်သောအသက်တာကို ကြိုးစားရှာဖွေသင့်သည်ဟု သင်ယူမှတ်မည်လော။ အာရိတ္တာခုအတွက် ထိုသို့မဟုတ်ပါတကား! သတင်းကောင်းကြေညာခြင်းသည် အန္တရာယ်ရှိကြောင်း သက်သာလောနိတ်အဖြစ်အပျက်မှ ကောင်းစွာသိနှင့်ပြီးသားဖြစ်နိုင်သည်။ ပေါလုသည် အစောပိုင်းနှစ်အနည်းငယ်ခန့်က မိမိ၏မြို့တွင် ဟောပြောခဲ့စဉ် ယင်းနေရာတွင်လည်း အဓိကရုဏ်းဖြစ်ပွားခဲ့ဖူးသည်။ (တမန်တော် ၁၇:၁-၉; ၂၀:၄) အာရိတ္တာခုသည် ပေါလုကို သစ္စာရှိရှိရိုင်းပင်းကူညီခဲ့သည်။

ဂရိမှ ယေရုရှလင်သို့

ငွေပန်းထိမ်သမားများ၏ အဓိကရုဏ်းပြီးနောက် လအနည်းငယ်ကြာသော် ပေါလုသည် ဂရိတွင်ရောက်နေရာ ထိုတွင်သူ၏ “အသက်အန္တရာယ်ကို ယုဒလူမျိုးတို့ရှာကြံကြ” သောကြောင့် ရှုရိပြည်မှတစ်ဆင့် ယေရုရှလင်သို့ ပင်လယ်ခရီးထွက်ခါနီးအချိန်တွင်ဖြစ်သည်။ (တမန်တော် ၂၀:၂၊ ၃၊ သမ္မာ) အန္တရာယ်ရှိသောအခြေအနေများတွင် ပေါလုနှင့်အတူ မည်သူ့ကိုတွေ့ရသနည်း။ အာရိတ္တာခုပါတကား!

ဤခြိမ်းခြောက်မှုအသစ်သည် ပေါလု၊ အာရိတ္တာခုနှင့် အပေါင်းအဖော်တို့၏အစီအစဉ်များကို ပြောင်းလဲစေခဲ့သည်။ ဦးစွာ မာကေဒေါနိကိုဖြတ်သွားကြသည်။ ထို့နောက် အာရှမိုင်းနားကမ်းရိုးတန်းတစ်လျှောက် တစ်ထောက်ပြီးတစ်ထောက်သွားကာ နောက်ဆုံး ပါတရာမြို့မှဖိနိတ်သို့ ကူးသွားကြသည်။ (တမန်တော် ၂၀:၄၊ ၅၊ ၁၃-၁၅; ၂၁:၁-၃) ဤခရီးစဉ်၏ရည်ရွယ်ချက်သည် မာကေဒေါနိနှင့်အခါယပြည်ရှိ ခရစ်ယာန်တို့၏အလှူငွေများကို ယေရုရှလင်မြို့ရှိ ဆင်းရဲသောညီအစ်ကိုများထံယူသွားပေးဖို့ဖြစ်သည်မှာ သိသာထင်ရှားပါသည်။ (တမန်တော် ၂၄:၁၇; ရောမ ၁၅:၂၅၊ ၂၆) အုပ်စုလိုက်ခရီးသွားရခြင်းမှာ အသင်းတော်အသီးသီးက သူတို့ကို အပ်နှင်းထားသောတာဝန်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤကဲ့သို့သောအုပ်စုကြီးကြောင့် လုံခြုံမှုလည်းသာ၍ရှိမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။

ဂရိမှယေရုရှလင်သို့ ပေါလုနှင့်အတူလိုက်ပါရခြင်းသည် အာရိတ္တာခုအတွက် ကြီးမားသောအခွင့်ထူးတစ်ရပ်ဖြစ်ပါသည်။ တစ်ဖန် သူတို့၏နောက်ခရီးစဉ်သည် ယုဒမှတောက်လျှောက် ရောမသို့သွားကြရန်ဖြစ်သည်။

ရောမသို့ခရီးသွားခြင်း

ဤတစ်ကြိမ်တွင် အခြေအနေက အလွန်ကွာခြားလှပါသည်။ ပေါလုသည် ကဲသရိမြို့တွင် နှစ်နှစ်အထိ အကျဉ်းချခံရသည်။ ကဲသာဘုရင်ထံ အယူခံဝင်ခဲ့ပြီးနောက် သံကြိုးများချည်နှောင်လျက် ရောမမြို့သို့အပို့ခံခဲ့ရသည်။ (တမန်တော် ၂၄:၂၇; ၂၅:၁၁၊ ၁၂) ပေါလု၏အပေါင်းအဖော်များ မည်သို့ခံစားရမည်ကို စဉ်းစားကြည့်ပါ။ ကဲသရိမြို့မှ ရောမသို့သွားသောခရီးစဉ်သည် ရှည်လျားပြီး စိတ်ပင်ပန်းစရာကောင်းလောက်အောင် ခက်ခဲလှသည့်အပြင် ကြိုတင်ခန့်မှန်း၍မရသော အခြေအနေများလည်း ပေါ်ပေါက်တတ်သည်။ သူ့ကို ထောက်ပံ့မှုနှင့်အကူအညီပေးရန် မည်သူလိုက်သွားနိုင်ခဲ့သနည်း။ လူနှစ်ဦးကို ရွေးချယ်ခဲ့သည် သို့မဟုတ် စေတနာ့ဝန်ထမ်းများအဖြစ် သူတို့ကိုယ်ကိုအသုံးခံခဲ့ခြင်းဖြစ်နိုင်သည်။ သူတို့ကား အာရိတ္တာခုနှင့် တမန်တော်ကျမ်းရေးသူ လုကာတို့ဖြစ်ကြသည်။—တမန်တော် ၂၇:၁၊ ၂။

လုကာနှင့်အာရိတ္တာခုတို့သည် ရောမသို့သွားရန် ဦးဆုံးခရီးတစ်ထောက်တွင် သင်္ဘောတစ်စီးတည်းအတူစီးဖို့ မည်သို့ဖြစ်နိုင်သနည်း။ သမိုင်းပညာရှင် ဂျူဇက်ပေ ရီကျော့တီးက ဤသို့အဆိုပြုထားသည်– “ဤသူနှစ်ဦးသည် သာမန်ခရီးသည်များအဖြစ် သင်္ဘောပေါ်တွင်ပါလာကြသည် . . . သို့မဟုတ် ပို၍ဖြစ်နိုင်သည်မှာ ရောမနိုင်ငံသားတစ်ဦးသည် ကျေးကျွန်နှစ်ဦး၏ကူညီထောက်ပံ့မှုကို ခံစားခွင့်ရှိသည့်အလျောက် ကြင်နာမှုရှိသောရောမတပ်မှူးက သူတို့ကို ပေါလု၏ကျေးကျွန်များအဖြစ် ဟန်ဆောင်ယူမှတ်ကာ ခွင့်ပြုခဲ့ခြင်းဖြစ်နိုင်သည်။” သူတို့ရှိနေခြင်းနှင့်အားပေးခြင်းသည် ပေါလုကို မည်မျှအားတက်ဖွယ်ဖြစ်စေမည်တကား!

လုကာနှင့်အာရိတ္တာခုတို့သည် အနစ်နာခံစွန့်စားကာ ပေါလုအတွက် မိမိတို့၏မေတ္တာကို လက်တွေ့ပြသခဲ့ကြသည်။ မေလိတေကျွန်းပေါ်တွင် သင်္ဘောပျက်ခဲ့စဉ်က အကျဉ်းချခံထားရသောအပေါင်းအဖော်နှင့်အတူ အသက်အန္တရာယ်ရှိသောအခြေအနေကို သူတို့အမှန်ပင် ကြုံတွေ့ခဲ့ရသည်။—တမန်တော် ၂၇:၁၃–၂၈:၁။

ပေါလုနှင့် “အတူအကျဉ်းခံရသူ”

စီး.အီး. ၆၀-၆၁ ၌ရောမမြို့မှနေ၍ ကောလောသဲမြို့ရှိသူများနှင့် ဖိလေမုန်ထံ ပေါလုစာရေးခဲ့စဉ်က သူ့အနားတွင် အာရိတ္တာခုနှင့်လုကာတို့ရှိနေဆဲဖြစ်သည်။ အာရိတ္တာခုနှင့်ဧပဖြတို့ကို ပေါလုနှင့် ‘အတူအကျဉ်းခံရသောသူများ’ အဖြစ်ဖော်ပြထားသည်။ (ကောလောသဲ ၄:၁၀၊ ၁၄; ဖိလေမုန် ၂၃၊ ၂၄) ထို့ကြောင့် အာရိတ္တာခုသည် အချိန်အတိုင်းအတာတစ်ခုအထိ ပေါလုနှင့်အတူ အကျဉ်းချခံရကြောင်းထင်ရှားသည်။

ပေါလုသည် ရောမတွင် အနည်းဆုံးနှစ်နှစ်ထိ အကျဉ်းသားတစ်ဦးဖြစ်ခဲ့သော်လည်း မိမိငှားထားသောအိမ်၌ အစောင့်လက်အောက်တွင် နေထိုင်ခွင့်ရရှိကာ သူ့ထံလည်ပတ်ရောက်ရှိလာသောသူများကို သတင်းကောင်းကြေညာနိုင်ခဲ့သည်။ (တမန်တော် ၂၈:၁၆၊ ၃၀) အာရိတ္တာခု၊ ဧပဖြ၊ လုကာနှင့် အခြားသူတို့သည် ပေါလုကို ပြုစုပေးခဲ့သည့်အပြင် အကူအညီနှင့် ထောက်ပံ့မှုတို့ကိုလည်းပေးခဲ့ကြသည်။

“စိတ်ကိုသက်သာစေကြ၏”

မှုတ်သွင်းခံသမ္မာကျမ်းစာထဲတွင် အာရိတ္တာခုပါဝင်သည့်အဖြစ်အပျက်အသီးသီးကို လေ့လာပြီးနောက် မည်သည့်ရုပ်လုံးပေါ်လာသနည်း။ စာရေးဆရာဒဗ္ဗလျူ ဒီ. သောမတ်စ်၏ပြောဆိုချက်အရ အာရိတ္တာခုသည် “ဆန့်ကျင်မှုကို ရင်ဆိုင်နိုင်ပြီး ယုံကြည်ခြင်းမပျက် ယင်းကို ကျော်လွှားနိုင်သည့်အပြင် အမှုထမ်းဆောင်ဖို့ မိမိ၏ခိုင်မာသော ဆုံးဖြတ်ချက်မပျက်ခဲ့သော လူတစ်ဦးအဖြစ်ထင်ပေါ်သည်။ သူသည် ပြာလဲ့လဲ့ကောင်းကင်တွင် နေထွန်းတောက်သည့် သာယာသောရက်များ၌သာမကဘဲ မုန်တိုင်းထန်ကြမ်းတမ်းသည့်အချိန်များတွင်လည်း ဘုရားသခင်ကို ချစ်ခဲ့သူအဖြစ် ပေါ်လွင်ထင်ရှားသည်။”

အာရိတ္တာခုနှင့်အခြားသူများသည် မိမိ၏ “စိတ်ကို သက်သာစေကြ၏” (ဂရိ- ပါရယ်ဂိုရီးယား) ဟုပေါလုဆိုသည်။ တစ်နည်းဆိုရလျှင် နှစ်သိမ့်မှုအရင်းအမြစ်ဖြစ်သည်။ (ကောလောသဲ ၄:၁၀၊ ၁၁) ထို့ကြောင့် အာရိတ္တာခုသည် လိုအပ်သောအချိန်တွင် ပေါလုကို နှစ်သိမ့်ပေးခြင်းနှင့် အားပေးခြင်းအားဖြင့် စစ်မှန်သောအပေါင်းအဖော်တစ်ဦးဖြစ်ခဲ့သည်။ နှစ်အတန်ကြာ တမန်တော်နှင့်အတူရှိပြီး ရင်းနှီးခွင့်ရခြင်းသည် အလွန်စိတ်ကျေနပ်မှု၊ ဝိညာဉ်ရေးအရ ကြွယ်ဝသောတွေ့ကြုံမှုဖြစ်မည်အမှန်။

အာရိတ္တာခုတွေ့ကြုံခဲ့ရသော ထူးခြားသည့်အခြေအနေမျိုးကို ကျွန်ုပ်တို့ကြုံဖူးချင်မှကြုံဖူးကြပေမည်။ သို့ဖြစ်စေကာမူ ခရစ်တော်၏ဝိညာဉ်ရေးဆိုင်ရာညီတော်များနှင့် ယေဟောဝါ၏အဖွဲ့အစည်းတို့ကို အလားတူသစ္စာစောင့်သိခြင်းသည် ယခုအချိန်တွင် ခရစ်ယာန်အသင်းတော်ရှိသူအားလုံးအတွက် မရှိမဖြစ်လိုအပ်သည်။ (မဿဲ ၂၅:၃၄-၄၀ နှိုင်းယှဉ်။) ကျွန်ုပ်တို့သိထားသော ဝတ်ပြုသူချင်းတို့သည် ပူဆွေးဝမ်းနည်းမှု၊ ဖျားနာမှု၊ သို့မဟုတ် အခြားစုံစမ်းခြင်းများကြောင့် ဆင်းရဲဒုက္ခနှင့်စိတ်သောကကို တစ်ချိန်ချိန်တွင် ခံစားရကောင်းခံစားရပေမည်။ သူတို့နှင့်နီးနီးကပ်ကပ်နေခြင်းနှင့် ထောက်မမှု၊ နှစ်သိမ့်မှု၊ အားပေးမှုအားဖြင့် ရွှင်လန်းမှုကို ကျွန်ုပ်တို့တွေ့ရှိနိုင်ကာ သစ္စာစောင့်သိသောအပေါင်းအဖော်များအဖြစ် မိမိတို့ကိုယ်ကိုသက်သေပြနိုင်သည်။—သု. ၁၇:၁၇; တမန်တော် ၂၀:၃၅ နှိုင်းယှဉ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ