သင်သည် အကောင်းမြင်ဝါဒီလော အဆိုးမြင်ဝါဒီလော
“ယင်းသည် အကောင်းဆုံးခေတ်သမယ၊ ယင်းသည် အဆိုးဆုံးခေတ်သမယ၊ . . . ယင်းသည် မျှော်လင့်ချက်စပေါ်ချိန်၊ ယင်းသည် လက်မှိုင်ချရချိန်၊ ကျွန်ုပ်တို့ရှေ့မှောက်တွင် အရာခပ်သိမ်းရှိသည်၊ ကျွန်ုပ်တို့ရှေ့မှောက်တွင် ဗလာနတ္တိသာရှိနေပါသည်။” ချားလ်စ်ဒစ်ကင်၏ လက်ရာမြောက်စာပေဖြစ်သည့် မြို့တော်နှစ်ခု၏အတ္ထုပ္ပတ္တိ ဟူသောစာအုပ်မှ အဖွင့်စကားက အဖြစ်အပျက်များသည် ကျွန်ုပ်တို့၏အတွေးအခေါ်၊ ကျွန်ုပ်တို့၏ခံစားချက်များနှင့် ကျွန်ုပ်တို့၏ရှုမြင်ပုံတို့အပေါ် မည်သို့အကျိုးသက်ရောက်နိုင်ကြောင်းကို ပြောင်မြောက်စွာ ယှဉ်ပြထားပါသည်။
ဖော်ညွှန်းထားသည့် ၎င်းမြို့နှစ်မြို့မှာ ပြင်သစ်ခေတ်ပြောင်းတော်လှန်ရေး ဗရုတ်ဗရက်ကာလအတွင်းက လန်ဒန်နှင့် ပါရီမြို့တို့ဖြစ်သည်။ ၁၈ ရာစုက ဖိနှိပ်ခံရသော ပြင်သစ်နိုင်ငံသားများအတွက် ခေတ်ပြောင်းတော်လှန်ရေး၏ လူ့အခွင့်အရေးကြေညာချက်သည် အမှန်ပင် “မျှော်လင့်ချက်စပေါ်ချိန်” ဖြစ်သည်။ သို့သော် ရှေးခေတ်အစိုးရ သို့မဟုတ် နုတ်ထွက်တော့မည့်နိုင်ငံရေးစနစ်အတွက်မူ ယင်းသည် သေခြင်းနှင့်ပျက်စီးခြင်းသို့ဦးတည်သည့် “လက်မှိုင်ချရချိန်” ဖြစ်သည်။
အကောင်းမြင်ခြင်းလော၊ အဆိုးမြင်ခြင်းလော။ ယင်းက မည်သည့်ဘက်၌ အသင်ရှိနေခြင်းအပေါ် မူတည်ပါသည်။ ယခုလည်း ထိုသို့ပင်ဖြစ်သည်။
မိမိကိုယ်ကိုနှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးရမည့်အချိန်
သင်သည် အကောင်းမြင်ဝါဒီတစ်ဦးလော။ အကောင်းဆုံးကို အမြဲမျှော်လင့်လျက် ဘဝကိုအကောင်းဘက်မှ ရှုမြင်တတ်ပါသလော။ သို့မဟုတ် အကောင်းဆုံးကိုမျှော်လင့်သော်လည်း တစ်ချိန်တည်းတွင် အဆိုးဆုံးကိုစောင့်မျှော်ကာ သင့်မျှော်လင့်ရာများအပေါ် အပျက်သဘောမြင်တတ်သောစိတ်ရှိပါသလော။
လွန်ခဲ့သောအနှစ်ခြောက်ဆယ်က အမေရိကန်ဝတ္ထုရေးဆရာ ဂျိမ်းစ် ဘရန့်ချ်ကာဘယ်လ်က ဆန့်ကျင်ဘက်ဖြစ်နေသော ထိုဒဿနနှစ်ရပ်ကို ဤသို့အကျဉ်းချုပ်ဖော်ပြခဲ့သည်– “အကောင်းမြင်ဝါဒီက ကျွန်ုပ်တို့သည် အကောင်းတကာ့အကောင်းဆုံး လူ့အဖွဲ့အစည်း၌အသက်ရှင်နေကြသည်ဟု ကြေညာသည်၊ အဆိုးမြင်ဝါဒီက ထိုသို့ဖြစ်လျှင် ယင်းသည်စိုးရိမ်ဖွယ်ဟုမြင်၏။” ဤအမြင်သည် အတော်ပင်အဆိုးမြင်ခြင်းဖြစ်သည်ဟု သင်ယူဆပါက အောက်တွင်ဖော်ပြထားသော ယနေ့လူ့ဘောင်တွင်ဖြစ်ပျက်နေသည့် ကဏ္ဍသုံးရပ်၏ အကျိုးအပြစ်များကိုသာ သုံးသပ်ကြည့်ပါလေ။ ထို့နောက် သင်၏တုံ့ပြန်မှုများကို အသေအချာဆန်းစစ်ပြီး ‘ကျွန်ုပ်သည် အကောင်းမြင်ဝါဒီတစ်ဦးလော၊ အဆိုးမြင်ဝါဒီတစ်ဦးလော’ ဟူ၍ မိမိကိုယ်ကိုမေးကြည့်ပါ။
အဓွန့်ရှည်သည့်ငြိမ်းချမ်းရေး– ကမ္ဘာပေါ်တွင် ပြဿနာဖြစ်နေသော နေရာမည်မျှကို ဖော်ပြနိုင်မည်နည်း။ အိုင်ယာလန်၊ ယခင် ယူဂိုစလားဗီးယား၊ အရှေ့အလယ်ပိုင်း၊ ဘရွန်ဒီ၊ ရဝမ်ဒါစသည်တို့ကို ချက်ချင်းသတိရမည်။ တည်တံ့ခိုင်မြဲသော ကမ္ဘာချီငြိမ်းချမ်းမှုရရှိရေးအတွက် ဤနေရာများရှိပြဿနာများနှင့် အခြားရုန်းရင်းဆန်ခတ်ဖြစ်မှုများကို ဖြေရှင်းပေးနိုင်ပါဦးမည်လော။ ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးရဖို့ ဦးတည်နေပါသလော။
စီးပွားရေးတည်ငြိမ်မှု– ၁၉၉၉ ခုနှစ်တိုင်လေသော် ငွေကြေးတစ်မျိုးတည်းဖြစ်ဖို့ ရည်မှန်းထားသော ဥရောပသမဂ္ဂနိုင်ငံများသည် ငွေကြေးဖောင်းပွမှုနှင့် ပြည်သူများထံမှ ငွေကြေးချေးငှားမှုပြဿနာများ အကြီးအကျယ်တက်နေကြသည်။ အခြားနေရာများတွင်မူ ငွေကြေးဖောင်းပွမှုက မခံရပ်နိုင်လောက်သည့်နီးပါး ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီး လူမျိုးစုပြဿနာများကြောင့် စိတ်ဝမ်းကွဲနေဆဲဖြစ်သော အမေရိကန်နှင့် အာဖရိကန်နိုင်ငံများစွာ၏ စီးပွားရေးဖွဲ့စည်းပုံကို ယိုယွင်းမှုက တိုက်စားနေပါသည်။ ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှု ရှိပါဦးမည်လော။
အလုပ်လက်မဲ့– ၁၉၉၇ ခုနှစ် နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲ၌ အလုပ်အပြည့်အဝရရှိရေးကို သူတို့၏အစီအစဉ်၌ ဦးစားပေးလုပ်ဆောင်ရန် ဗြိတိသျှချာ့ချ်များက နိုင်ငံရေးပါတီအားလုံးကို တညီတညွတ်တည်းတိုက်တွန်းခဲ့သည်။ သို့သော် ကမ္ဘာ့လုပ်အား ၃၀ ရာခိုင်နှုန်းနီးပါးမှာ အလုပ်လက်မဲ့ဖြစ်နေ၊ သို့မဟုတ် အချိန်ပြည့်အလုပ်မရှိဘဲဖြစ်နေရာ တည်မြဲသောအချိန်ပြည့်အလုပ် ရှိနိုင်ပါမည်လော—အထူးသဖြင့် လူငယ်များအတွက်ဖြစ်သည်။
အဆိုးဘက်မှမြင်ရန် မည်မျှလွယ်ကူပါသည်တကား! သို့တိုင် အလားအလာကောင်းရှိ၍ အကောင်းမြင်သဘောထားကို ပြုစုပျိုးထောင်ပေးဖို့ မည်သို့ဖြစ်နိုင်ပုံကိုသုံးသပ်ရန် သင့်အားကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ပြင်သစ်ခေတ်ပြောင်းတော်လှန်ရေး
[Credit Line]
Pictorial History of the World စာအုပ်မှ