‘ခရစ်တော်နှင့် တစည်းတလုံးတည်း လျှောက်လှမ်းကြလော့’
“ထို့ကြောင့်၊ သခင်ခရစ်တော်ယေရှုအား လက်ခံခဲ့ကြပြီဖြစ်၍ ကိုယ်တော်နှင့် တစည်းတလုံးတည်း လျှောက်လှမ်းကြလော့။” —ကောလောသဲ ၂:၆၊ ကဘ။
၁၊ ၂။ (က) ယေဟောဝါအား သစ္စာရှိစွာအမှုဆောင်သူ ဧနောက်၏အသက်တာကို သမ္မာကျမ်းစာက မည်သို့ဖော်ပြသနည်း။ (ခ) ကောလောသဲ ၂:၆၊ ၇ တွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါနှင့်အတူလျှောက်လှမ်းရန် ကိုယ်တော် မည်သို့ကူညီပေးတော်မူသနည်း။
ဖခင်နှင့်အတူတွဲလျှောက်သော သားငယ်တစ်ဦးကို သင်တွေ့ဖူးပါသလော။ သူငယ်သည် ဖခင်ဖြစ်သူ၏ခြေလှမ်းတိုင်းကို အတုယူလျှောက်လှမ်းနေစဉ် သဘောခွေ့သည့်မျက်နှာသန်းနေပါသည်; ဖခင်က တွဲ၍ကူညီပေးနေစဉ် သူကိုယ်တိုင်၏မျက်နှာသည် ချစ်ခြင်းနှင့် ကျေနပ်မှုဖြင့် ဝင်းထိန်သွားသည်။ လျော်ကန်စွာပင် ယေဟောဝါသည် ကိုယ်တော်အား သစ္စာရှိစွာ အမှုဆောင်သူတို့၏အသက်တာကိုဖော်ပြရာတွင် ထိုသို့သောပုံစံအတိုင်း အသုံးပြုတော်မူ၏။ ဥပမာ၊ သစ္စာရှိသူဧနောက်သည် “ဘုရားသခင်နှင့်အတူသွားလာ” လျက်နေသည်ဟု ဘုရားသခင့်စကားတော်ကဆို၏။—ကမ္ဘာဦး ၅:၂၄; ၆:၉။
၂ စာနာသော ဖခင်တစ်ဦးသည် မိမိနှင့်အတူလျှောက်လှမ်းဖို့ သားငယ်အား ကူညီပေးသည့်နည်းတူ ယေဟောဝါသည် အကောင်းဆုံးအထောက်အကူကို ပေးသနားထားတော်မူပြီ။ ကိုယ်တော်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ကမ္ဘာပေါ်သို့စေလွှတ်တော်မူ၏။ ယေရှုခရစ်သည် ကမ္ဘာပေါ်ရှိစဉ် အသက်တာတစ်လျှောက်၏ခြေလှမ်းတိုင်းတွင် မိမိ၏ကောင်းကင်ခမည်းတော်ကို စုံလင်စွာရောင်ပြန်ဟပ်တော်မူခဲ့၏။ (ယောဟန် ၁၄:၉၊ ၁၀; ဟေဗြဲ ၁:၃) ထို့ကြောင့် ဘုရားသခင်နှင့်အတူလျှောက်လှမ်းဖို့ရန် ယေရှုနှင့်အတူလျှောက်လှမ်းရန်လိုသည်။ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ထိုကြောင့် သင်တို့သည် သခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌မြဲမြံစွာစွဲလမ်းလျက်၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ၊ ယုံကြည်ခြင်းတိုးပွားပြည့်စုံလျက်၊ ထိုသခင်၌ ကျင်လည် [“လျှောက်လှမ်းလျက်နေ၊” ကဘ] ကြလော့။”—ကောလောသဲ ၂:၆၊ ၇။
၃။ ကောလောသဲ ၂:၆၊ ၇ အရ ခရစ်တော်နှင့်အတူ တစည်းတလုံးလျှောက်လှမ်းခြင်းတွင် နှစ်ခြင်းယူရုံထက်မကပါဝင်သည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။
၃ ခရစ်တော်နှင့်အတူ တစည်းတလုံးတည်းဖြစ်လျက် လျှောက်လှမ်းလိုကြသောကြောင့် ကိုယ်တော်၏စုံလင်သောခြေလှမ်းကို ကြိုးစားလိုက်လျှောက်ကာ စိတ်နှလုံးရိုးဖြောင့်သော ကျမ်းစာကျောင်းသားများသည် နှစ်ခြင်းခံယူကြသည်။ (လုကာ ၃:၂၁; ဟေဗြဲ ၁၀:၇-၉) ကမ္ဘာတစ်ဝန်းတွင် ၁၉၉၇ ခုနှစ် တစ်နှစ်တည်း၌ ဤအရေးပါသောခြေလှမ်းကို ၃၇၅,၀၀၀ ကျော်—တစ်ရက်လျှင် ပျမ်းမျှ ၁,၀၀၀ အထက်—လှမ်းယူခဲ့ကြသည်။ ဤတိုးတက်မှုသည် ရင်ဖိုဖွယ်ပါတကား! သို့ရာတွင် ခရစ်တော်နှင့်အတူ တစည်းတလုံးလျှောက်လှမ်းခြင်းတွင် နှစ်ခြင်းယူရုံထက်မကပါဝင်ကြောင်း ကောလောသဲ ၂:၆၊ ၇ တွင်မှတ်တမ်းထားသော ပေါလု၏စကားများက ဖော်ပြပါသည်။ “လျှောက်လှမ်းလျက်နေကြလော့” ဟုပြန်ဆိုသော ဂရိကြိယာက အဆက်မပြတ်၊ ရှေ့ဆက်ပြုရမည့်လုပ်ရပ်ကို ဖော်ပြသည်။ ထို့ပြင် ခရစ်တော်နှင့်အတူလျှောက်လှမ်းခြင်းတွင် အချက်လေးချက်ပါဝင်ကြောင်း ပေါလုက ထပ်ဆင့်၏– ခရစ်တော်၌အမြစ်တွယ်ခြင်း၊ ကိုယ်တော်၌တည်ဆောက်ခြင်း၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌မြဲမြံခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်လျှံနေရန်ဖြစ်သည်။ စကားစုတစ်ခုစီကိုသုံးသပ်ကြပြီး ခရစ်တော်နှင့်အတူ တစည်းတလုံးတည်း ဆက်၍လျှောက်လှမ်းရန် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးကြောင်း သုံးသပ်ကြည့်ကြစို့။
သင်သည် ‘ခရစ်တော်၌အမြစ်တွယ်’ နေသလော
၄။ ‘ခရစ်တော်၌အမြစ်တွယ်’ နေခြင်းကား အဘယ်အဓိပ္ပာယ်ရှိသနည်း။
၄ ဦးဆုံးအနေဖြင့် ‘ခရစ်တော်၌အမြစ်တွယ်’ နေဖို့လိုကြောင်း ပေါလုရေးသားခဲ့သည်။ (မဿဲ ၁၃:၂၀၊ ၂၁ နှိုင်းယှဉ်။) လူတစ်ဦးသည် ခရစ်တော်၌အမြစ်တွယ်နေခြင်းငှာ မည်သို့ကြိုးစားနိုင်သနည်း။ အပင်တစ်ပင်၏အမြစ်များကိုမမြင်ရချေ၊ သို့သော် ယင်းတို့သည် အပင်အတွက် အရေးပါသည်—၎င်းကို မြဲမြံစေသည့်အပြင် အာဟာရဖြည့်တင်းပေးသည်။ အလားတူပင် ခရစ်တော်၏ပုံနမူနာနှင့် သွန်သင်ချက်တို့သည် ကျွန်ုပ်တို့ကို ဦးဆုံး မျက်မြင်မရသောနည်းဖြင့် အကျိုးပြုကာ စိတ်နှလုံးထဲ စွဲမြဲသွားသည်။ ထိုတွင် ၎င်းတို့သည် ကျွန်ုပ်တို့ကို အားဖြည့်ပေးပြီး ခွန်အားရှိစေသည်။ ယင်းတို့ကို ကျွန်ုပ်တို့၏အတွေးအခေါ်၊ အပြုအမူများနှင့် ဆုံးဖြတ်ချက်များအား ထိန်းချုပ်စေသောအခါ ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါအား ဆက်ကပ်အပ်နှံရန် လှုံ့ဆော်ခံရကြသည်။—၁ ပေတရု ၂:၂၁။
၅။ ဝိညာဉ်အစာကို “အလွန်လိုချင်သောစိတ်” မည်သို့ရှိနိုင်သနည်း။
၅ ဘုရားသခင့်ထံတော်မှအသိပညာကို ယေရှုမြတ်နိုး၏။ ယင်းကို အစာနှင့်ပင် ကိုယ်တော်နှိုင်းယှဉ်ခဲ့သည်။ (မဿဲ ၄:၄) တောင်ပေါ်ဒေသနာတော်တွင် ကိုယ်တော်သည် ဟေဗြဲကျမ်းစောင်ရှစ်စောင်မှ ၂၁ ကြိမ်ကိုးကားတော်မူခဲ့၏။ ကိုယ်တော်၏ပုံသက်သေကိုလိုက်လျှောက်ရန် ကျွန်ုပ်တို့သည် တမန်တော်ပေတရုတိုက်တွန်းသည့်အတိုင်း ဝိညာဉ်အစာကို “ဖွားစသူငယ်ကဲ့သို့” “အလွန်လိုချင်သောစိတ်ရှိ” ကြရမည်။ (၁ ပေတရု ၂:၂) ဖွားစသူငယ်သည် အစာဆာသောအခါ မိမိ၏ပြင်းပြသောဆန္ဒကို အထင်အရှားဖော်ပြတတ်သည်။ ကျွန်ုပ်တို့သည် ဝိညာဉ်အစာနှင့်ပတ်သက်၍ လောလောဆယ်တွင် ထိုသို့မခံစားရသေးပါက အလွန်လိုချင်သောစိတ် “ရှိ” ကြရန် ပေတရု၏စကားများက ကျွန်ုပ်တို့ကို အားပေးပါသည်။ မည်သို့အားဖြင့်နည်း။ ဆာလံ ၃၄:၈ တွင်တွေ့ရသောမူက ကျွန်ုပ်တို့ကို အကူအညီပေးပေမည်– “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။” ယေဟောဝါ၏စကားတော်၊ သမ္မာကျမ်းစာ၏အစိတ်အပိုင်းတစ်ခုကို နေ့စဉ်ဖတ်ရှုခြင်းဖြင့် မှန်မှန် “မြည်းစမ်း” ကြပါက ဝိညာဉ်ရေးအာဟာရပေးသည့်အပြင် ကောင်းကြောင်း တွေ့ရှိကြရပါလိမ့်မည်။ အချိန်တန်သော် ကျွန်ုပ်တို့၏တောင့်တသည့်သဘောသည် တိုးပွားလာပါလိမ့်မည်။
၆။ ကျွန်ုပ်တို့ဖတ်ရှုသည့်အရာကို ဆင်ခြင်တွေးတောခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၆ သို့ရာတွင် ကျွန်ုပ်တို့စားသုံးသည့်အစာကို ကောင်းစွာကြေစေရန် အရေးကြီးသည်။ ထို့ကြောင့် ဖတ်ရှုသည့်အရာကို ဆင်ခြင်တွေးတောရန်လိုသည်။ (ဆာလံ ၇၇:၁၁၊ ၁၂) ဥပမာ၊ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကိုဖတ်စဉ် ရပ်တန့်ပြီး မိမိကိုယ်ကို ဤသို့မေးမြန်းခြင်းက အခန်းတစ်ခုစီမှ ပို၍အကျိုးရရှိစေပါလိမ့်မည်– ‘ဒီအကြောင်းအရာထဲမှာ ခရစ်တော်ရဲ့ ဘယ်ဂုဏ်ရည်တော်ကိုတွေ့ရပြီး ငါ့ရဲ့အသက်တာမှာ ဒါကို ဘယ်လို တုပနိုင်မလဲ။’ ထိုသို့ဆင်ခြင်တွေးတောခြင်းက ကျွန်ုပ်တို့သင်ယူသည့်အရာကိုကျင့်သုံးစေပါလိမ့်မည်။ ထို့ပြင် ဆုံးဖြတ်ချက်ချစရာအကြောင်းပေါ်သောအခါ ယေရှု အဘယ်သို့ပြုလုပ်ခဲ့မည်နည်းဟူ၍ မိမိကိုယ်ကိုမေးမြန်းနိုင်ပေသည်။ ၎င်းနှင့်အညီ ဆုံးဖြတ်ချက်ချပါက ကျွန်ုပ်တို့သည် ခရစ်တော်တွင် အမှန်ပင်အမြစ်တွယ်နေသူများဖြစ်ကြောင်း သက်သေထူကြပါသည်။
၇။ ကြေခဲသောဝိညာဉ်အစာကို မည်သို့ရှုမြင်သင့်သနည်း။
၇ ဘုရားသခင့်စကားတော်၏ လေးနက်သောသမ္မာတရားဖြစ်သည့် “ကြေခဲသောအစာ” ကိုလည်းသုံးဆောင်ကြဖို့ ပေါလု ကျွန်ုပ်တို့ကို တိုက်တွန်းသည်။ (ဟေဗြဲ ၅:၁၄) ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ ဦးဆုံးပန်းတိုင်သည် ကျမ်းစာတစ်အုပ်လုံးကိုဖတ်ရှုခြင်းဖြစ်နိုင်သည်။ ထို့နောက် ခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်သကာ၊ မိမိ၏လူမျိုးတော်နှင့် ယေဟောဝါဖွဲ့တော်မူခဲ့သည့် ပဋိညာဉ်အဖုံဖုံ၊ သို့မဟုတ် ကျမ်းစာပါ ပရောဖက်ပြုသတင်းစကားတချို့ကဲ့သို့သော သတ်သတ်မှတ်မှတ်အကြောင်းအရာများကိုလေ့လာစရာရှိပါသည်။ ထိုသို့သောကြေခဲသည့် ဝိညာဉ်အစာကိုစားသုံးပြီး ကြေညက်စေနိုင်ရန် အထောက်အကူပြုသည့် စာပေမြောက်မြားစွာရှိပါသည်။ ထိုသို့သောအသိပညာကိုဆည်းပူးခြင်း၏ ပန်းတိုင်ကား အဘယ်နည်း။ ဝါကြွားရန်အတွက်မဟုတ်ဘဲ ယေဟောဝါအားချစ်သည့်မေတ္တာကို တည်ဆောက်ပေးရန်၊ ကိုယ်တော်နှင့် ပိုရင်းနှီးစေရန်အတွက်ဖြစ်သည်။ (၁ ကောရိန္သု ၈:၁; ယာကုပ် ၄:၈) ဤအသိပညာကိုတလိုတလားဆည်းပူးမည်၊ ၎င်းကို ကိုယ်တိုင်ကျင့်သုံးသည့်အပြင် အခြားသူများကိုကူညီရန် ယင်းကိုအသုံးပြုလျှင် ခရစ်တော်ကို အမှန်ပင်တုပနေပါလိမ့်မည်။ ယင်းက ကိုယ်တော်၌ ကျွန်ုပ်တို့ တော်မှန်စွာအမြစ်တွယ်နေကြရန် ကူညီပေးပါလိမ့်မည်။
သင်သည် ‘ခရစ်တော်၌ တည်ဆောက်ခြင်းခံနေရ’ သလော
၈။ ‘ခရစ်တော်၌တည်ဆောက်’ နေခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၈ ခရစ်တော်နှင့်အတူ တစည်းတလုံးလျှောက်လှမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ထပ်အသွင်အပြင်ကိုတင်ပြဖို့အတွက် ပေါလုသည် အပင်မှ အဆောက်အဦဥပမာသို့ လျင်မြန်စွာပြောင်းလဲခဲ့သည်။ ဆောက်လုပ်နေသည့် အဆောက်အဦတစ်ခုအကြောင်း ကျွန်ုပ်တို့ စဉ်းစားသည့်အခါ အုတ်မြစ်ကိုသာမက ပင်ပန်းစွာဆောက်လုပ်ခဲ့ရသည့် မြင်ကွင်းတွင်ထင်ရှားလာသော အဆောက်အဦကိုလည်းထည့်စဉ်းစားကြသည်။ အလားတူပင် ခရစ်တော်ကဲ့သို့သော အရည်အသွေးများနှင့် အကျင့်စရိုက်များကို တည်ဆောက်ပေးရန် ကြိုးပမ်းအားထုတ်ကြရမည်။ တိမောသေထံ ပေါလုရေးသားခဲ့သည့်အတိုင်းပင် ထိုသို့သောကြိုးစားအားထုတ်မှုကို သတိမပြုမိဘဲနေကြမည်မဟုတ်ပါ– ‘သင်၏တိုးပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေလော့။’ (၁ တိမောသေ ၄:၁၅; မဿဲ ၅:၁၆) ကျွန်ုပ်တို့ကို တည်ဆောက်ပေးသည့် ခရစ်ယာန်လုပ်ငန်းအချို့ကား အဘယ်နည်း။
၉။ (က) ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ခရစ်တော်အား တုပရန် အဘယ်လက်တွေ့ကျပန်းတိုင်များကို ချမှတ်နိုင်သနည်း။ (ခ) ယေဟောဝါသည် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ပျော်ရွှင်မှုရရှိစေလိုတော်မူကြောင်း မည်သို့သိရှိရသနည်း။
၉ သတင်းကောင်းကိုဟောပြောသွန်သင်ပေးရန် ကျွန်ုပ်တို့ကို ယေရှု တာဝန်ပေးအပ်ထားသည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကိုယ်တော်သည် ရဲရင့်စွာနှင့် ထိရောက်စွာ သက်သေခံခြင်းဖြင့် စုံလင်သောပုံသက်သေကိုချမှတ်ခဲ့သည်။ ကိုယ်တော်နည်းတူ ဘယ်တော့မျှ လုပ်နိုင်လိမ့်မည်မဟုတ်သည်မှာ အမှန်ပင်။ သို့ရာတွင် တမန်တော်ပေတရုက ကျွန်ုပ်တို့အတွက် ဤပန်းတိုင်ကိုချမှတ်ပေးသည်– “စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မျှော်လင့်ခြင်းအကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့်ပြန်ပြော [“ချေပ၊” ကဘ] ခြင်းငှာ၊ ကာလအစဉ်မပြတ်အသင့်ရှိနေကြလော့။” (၁ ပေတရု ၃:၁၅) သင်သည် “[ချေပ] ခြင်းငှာ၊ ကာလအစဉ်မပြတ်အသင့်ရှိ” သည်ဟုမခံစားရပါက စိတ်မပျက်ပါနှင့်။ ထိုစံနှုန်းကို တဖြည်းဖြည်းလိုက်မီလာစေမည့် အကျိုးသင့်အကြောင်းသင့်ရှိသော ပန်းတိုင်များကို ချမှတ်ပေးပါ။ ကြိုတင်ပြင်ဆင်ခြင်းက သင်၏တင်ဆက်ခြင်းကို ပြောင်းသာလွဲသာရှိစေနိုင်ပါသည် သို့မဟုတ် ကျမ်းချက်တစ်ချက်နှစ်ချက်ကို ထည့်သွင်းစေနိုင်ပါသည်။ ကျမ်းစာစာပေများကို ပိုမို၍ဝေငှရန်၊ ပြန်လည်ပတ်မှုပို၍ပြုလုပ်ရန်၊ သို့မဟုတ် ကျမ်းစာသင်အံမှုစတင်ရန် ပန်းတိုင်များချမှတ်နိုင်ပါသည်။ အချိန်နာရီ၊ ဝေငှသည့်နှုန်း၊ သို့မဟုတ် သင်အံမှုများစသည့် အရေအတွက်အပေါ် အဓိကမထားဘဲ အရည်အချင်းကို အလေးထားသင့်သည်။ အကျိုးသင့်အကြောင်းသင့်ရှိသော ပန်းတိုင်များချမှတ်ထားပြီး ပြည့်မီရန် ကြိုးစားအားထုတ်ခြင်းက ဓမ္မအမှုတွင် မိမိကိုယ်ကိုပေးဆက်ခြင်း ပျော်ရွှင်မှုကိုရရှိရန် အကူအညီရရှိစေနိုင်ပါသည်။ ကျွန်ုပ်တို့ “ဝမ်းမြောက်စွာ” အမှုတော်ဆောင်ခြင်းကို ယေဟောဝါအလိုရှိတော်မူသည်။—ဆာလံ ၁၀၀:၂; ၂ ကောရိန္သု ၉:၇ နှိုင်းယှဉ်။
၁၀။ ကျွန်ုပ်တို့လုပ်ဆောင်ရမည့် အခြားခရစ်ယာန်အလုပ်အချို့ကား အဘယ်နည်း၊ ယင်းတို့က မည်သို့ကူညီပေးသနည်း။
၁၀ ခရစ်တော်၌ ကျွန်ုပ်တို့ကိုတည်ဆောက်ပေးသော အသင်းတော်အတွင်းလုပ်ဆောင်ရသည့် အလုပ်များလည်းရှိသည်။ အရေးအကြီးဆုံးကား တစ်ဦးကိုတစ်ဦးမေတ္တာပြခြင်းဖြစ်သည်၊ အကြောင်းမှာ ယင်းသည် စစ်မှန်သောခရစ်ယာန်များ၏အမှတ်အသားဖြစ်သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) ကျွန်ုပ်တို့မှအများစုသည် သင်အံမှုပြုနေကြစဉ် သွန်သင်ပေးသူကို သံယောဇဉ်တွယ်လာတတ်ကာ ယင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပါသည်။ သို့ရာတွင် အသင်းတော်ရှိ အခြားသူများကိုသိရှိရန်ကြိုးစားခြင်းဖြင့် “ကျယ်ဝန်းသောစိတ်ရှိကြလော့” ဟူသည့် ပေါလု၏သွန်သင်ချက်ကို ယခုလိုက်နာနိုင်ကြမည်လော။ (၂ ကောရိန္သု ၆:၁၃) အကြီးအကဲများသည်လည်း ကျွန်ုပ်တို့၏မေတ္တာနှင့် လေးမြတ်မှုကိုခံစားရဖို့လိုသည်။ သူတို့နှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ သူတို့၏ ကျမ်းဆိုင်ရာသွန်သင်ချက်ကို ရှာယူလက်ခံခြင်းဖြင့် သူတို့၏ခက်ခဲသောအလုပ်ကို များစွာလွယ်ကူစေပါလိမ့်မည်။ (ဟေဗြဲ ၁၃:၁၇) တစ်ကြိမ်တည်းတွင် ခရစ်တော်၌ ကျွန်ုပ်တို့တည်ဆောက်ခြင်းခံရရန် ကူညီပေးပါလိမ့်မည်။
၁၁။ နှစ်ခြင်းယူခြင်းကို မည်သို့အရှိအတိုင်းမြင်သင့်သနည်း။
၁၁ နှစ်ခြင်းသည် စိတ်လှုပ်ရှားဖွယ် သမယဖြစ်သည်! သို့ရာတွင် ထိုသို့ပြုပြီးနောက်ပိုင်း ကျွန်ုပ်တို့အသက်တာတစ်လျှောက် အချိန်တိုင်းပင် အလားတူရင်ဖိုဖွယ်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်သင့်ပေ။ ခရစ်တော်၌တည်ဆောက်ခံနေရခြင်းတွင် များသောအားဖြင့် “လိုက်လျှောက်ခဲ့သည့် ပုံစံအတိုင်းပြုကျင့်ကြ” ခြင်းပါဝင်သည်။ (ဖိလိပ္ပိ ၃:၁၆၊ သတင်းကောင်း) ယင်းက ငြီးငွေ့ပျင်းရိစရာကောင်းသော ဘဝပုံစံကိုဆိုလိုနေခြင်းမဟုတ်ပါ။ ဖြောင့်တန်းသောလမ်းပေါ်တွင် ရှေ့သို့လျှောက်လှမ်းနေခြင်းကိုသာဆိုလိုသည်—တစ်နည်းဆိုရသော် ဝိညာဉ်ရေးအကျင့်ကောင်းများကို တည်ဆောက်ပေးခြင်းနှင့် ၎င်းတို့ကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်စောင့်ထိန်းနေခြင်းဖြစ်သည်။ “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဖြစ်ကြောင်း သတိရပါ။—မဿဲ ၂၄:၁၃။
သင်သည် “ယုံကြည်ခြင်း၌မြဲမြံစွာစွဲလမ်းလျက်” နေသလော
၁၂။ “ယုံကြည်ခြင်း၌မြဲမြံစွဲလမ်း” ခြင်းသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။
၁၂ ခရစ်တော်၌ တစည်းတလုံးဖြင့် လျှောက်လှမ်းခြင်းကိုဖော်ပြရာတွင် ပေါလု၏တတိယစကားစုတွင် “ယုံကြည်ခြင်း၌မြဲမြံစွာစွဲလမ်း” ရန်တိုက်တွန်းထားသည်။ ပေါလုအသုံးပြုသည့် ဂရိစကားလုံးသည် “အခိုင်အမာပြုသည်၊ အာမခံသည်၊ မပြောင်းလဲနိုင်အောင် တရားဝင်ပြုလုပ်သည်” ဟူ၍အဓိပ္ပာယ်ရှိနိုင်သောကြောင့် ဘာသာပြန်ကျမ်းတစ်စောင်တွင် “ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ အခိုင်အမာပြုသည်” ဟူ၍ဖတ်ရှုရသည်။ အသိပညာတိုးများလာကြသည်နှင့်အမျှ ယေဟောဝါဘုရားသခင်၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ခြေမြစ်ခိုင်လုံသည့်အပြင် အမှန်အားဖြင့် ထိုက်သင့်လျော်ကန်ကြောင်း ထပ်ဆင့်အကြောင်းပြချက်များကို ရရှိကြသည်။ ထိုအခါ ကျွန်ုပ်တို့သာ၍မြဲမြံတည်ကြည်လာလေဖြစ်သည်။ စာတန့်လောကသည် ကျွန်ုပ်တို့ကို ယိမ်းယိုင်စေရန် သာ၍အခက်တွေ့လာသည်။ ယင်းက “စုံလင်သော [“ရင့်ကျက်ခြင်း၊” ကဘ] အဖြစ်သို့တက်ကြ” ရန်ပေါလု၏သတိပေးနှိုးဆော်ချက်ကို သတိရစေပါသည်။ (ဟေဗြဲ ၆:၂) ရင့်ကျက်ခြင်းနှင့် မြဲမြံတည်ကြည်ခြင်းတို့သည် ဒွန်တွဲလျက်ရှိသည်။
၁၃၊ ၁၄။ (က) ကောလောသဲမြို့ရှိ ပထမရာစုခရစ်ယာန်များ၏မြဲမြံတည်ကြည်မှုသည် အဘယ်ခြိမ်းခြောက်မှုကို ခံခဲ့ကြရသနည်း။ (ခ) မည်သည့်အရာက တမန်တော်ပေါလုကို စိုးရိမ်မကင်းဖြစ်စေခဲ့သနည်း။
၁၃ ကောလောသဲမြို့ရှိ ပထမရာစုခရစ်ယာန်များ၏မြဲမြံတည်ကြည်မှုသည် ခြိမ်းခြောက်ခံခဲ့ရသည်။ ပေါလုက ဤသို့သတိပေးခဲ့သည်– “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီ [လောက] တရားနုကိုလိုက်၍၊ လောကီပညာ [“အတွေးအခေါ်၊” ကဘ] နှင့်အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။” (ကောလောသဲ ၂:၈) ပေါလုသည် “ချစ်တော်မူသောသားတော်၏နိုင်ငံတော်” တွင်လက်အောက်ခံဖြစ်လာကြသည့် ကောလောသဲမြို့သားများကို ကောင်းချီးခံစားရသည့် သူတို့၏ဝိညာဉ်ရေးအခြေအနေမှ ဝေးလွင့်ထွက်ခွာမသွားစေလိုခဲ့ပါ။ (ကောလောသဲ ၁:၁၃) အဘယ်နည်းဖြင့် လှည့်ဖြားခံရခြင်းဖြစ်သနည်း။ ပေါလုသည် သမ္မာကျမ်းစာတွင် တစ်ကြိမ်တည်းသာပါသည့် “အတွေးအခေါ်” ဟူသောစကားလုံးကို ထောက်ပြခဲ့သည်။ ပလေတိုနှင့် ဆိုကရေးတီးတို့ကဲ့သို့သော ဂရိအတွေးအခေါ်ပညာရှင်များအကြောင်း သူပြောနေခြင်းလော။ ထိုသူတို့သည် စစ်မှန်သောခရစ်ယာန်များအတွက် အန္တရာယ်ရှိသူများဖြစ်ကြသော်လည်း ထိုအချိန်တွင် “အတွေးအခေါ်” ဟူသောစကားလုံးသည် ကျယ်ပြန့်သောအသုံးအနှုန်းတစ်ခုဖြစ်ခဲ့သည်။ ၎င်းသည် ဘာသာရေးပင်အပါအဝင် အုပ်စုအသီးသီး၊ အယူအဆအမျိုးမျိုးကိုရည်ညွှန်းသည့်စကားလုံးဖြစ်သည်။ သာဓကအနေဖြင့် ဂျိုစီဖတ်စ်နှင့် ဖီလိုတို့ကဲ့သို့သော ပထမရာစုဂျူးများသည် သူတို့၏ဘာသာကို သာ၍စွဲမက်စရာ ဖြစ်ကောင်းဖြစ်စေရန်အတွက် အတွေးအခေါ်တစ်ရပ်ဟု ခေါ်ဆိုခဲ့ကြသည်။
၁၄ ပေါလု စိုးရိမ်မကင်းဖြစ်ခဲ့သော အချို့အတွေးအခေါ်များသည် ဘာသာရေးနှင့်သက်ဆိုင်ခဲ့သည်။ ကောလောသဲမြို့သားများထံ သူရေးသားခဲ့သော ထိုအခန်းကြီး၏နောက်ပိုင်းတွင် “မတို့နှင့်၊ မမြည်းနှင့်၊ မကိုင်နှင့်” ဟုသွန်သင်ခြင်းအားဖြင့် ခရစ်တော်၏သေခြင်းက အဆုံးတိုင်စေခဲ့သော မောရှေပညတ်ပါအမိန့်များကို ပြန်ဖော်နေသူများကို သူပြောကြားခဲ့သည်။ (ရောမ ၁၀:၄) ထို့ပြင် အယူမှားသောအတွေးအခေါ်များ၏ ဩဇာလွှမ်းမိုးမှုများသည် အသင်းတော်၏ဝိညာဉ်ရေးကို ခြိမ်းခြောက်နေပါသည်။ (ကောလောသဲ ၂:၂၀-၂၂) “လောကီတရားနု” တွင်ပါဝင်သော အတွေးအခေါ်ပညာကိုသတိပြုရန် ပေါလုမှာကြားခဲ့သည်။ ထိုသို့သော မှားယွင်းသည့်သွန်သင်ချက်သည် လူတို့မှအရင်းခံ၏။
၁၅။ ကျွန်ုပ်တို့တွေ့ကြုံလေ့ရှိသည့် ကျမ်းစာနှင့်မညီသော အတွေးအခေါ်များအားဖြင့် စိတ်ယိမ်းယိုင်သွားခြင်းကို မည်သို့ရှောင်ကြဉ်နိုင်သနည်း။
၁၅ ဘုရားသခင့်စကားတော်အပေါ် အခိုင်အမာအခြေမပြုသော လူ့အတွေးအခေါ်နှင့် အကြံအစည်များကို အားပေးခြင်းသည် ခရစ်ယာန်မြဲမြံတည်ကြည်မှုကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ ယနေ့ ကျွန်ုပ်တို့သည် ထိုသို့သောဘေးအန္တရာယ်များကို သတိပြုကြရမည်။ တမန်တော်ယောဟန်က ဤသို့တိုက်တွန်းခဲ့သည်– “ချစ်သူတို့၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကိုမယုံကြနှင့်။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို စုံစမ်းကြလော့။” (၁ ယောဟန် ၄:၁) ထို့ကြောင့် ကျောင်းနေဖက်တစ်ဦးက ကျမ်းစာစံနှုန်းများအတိုင်းအသက်ရှင်ခြင်းသည် ခေတ်နောက်ကျသည်ဟု သင့်အားခံယူစေရန် ကြိုးစားမည်ဆိုလျှင်၊ သို့မဟုတ် အိမ်နီးချင်းတစ်ဦးက ရုပ်ပစ္စည်းလိုက်စားသောသဘောကိုခံယူရန် သင့်အား ဩဇာလွှမ်းမိုးဖို့ကြိုးစားမည်ဆိုလျှင်၊ သို့မဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကျမ်းစာဖြင့်လေ့ကျင့်ထားသည့် သင်၏ ကိုယ်ကိုကိုယ်သိသောစိတ်ကိုချိုးဖောက်ရန် မသိမသာဖိအားပေးမည်ဆိုလျှင်၊ သို့မဟုတ် ယုံကြည်သူချင်းတစ်ဦးက သူ၏ထင်ကြေးနှင့် အသင်းတော်ရှိအခြားသူများကို အပြစ်မြင်ပြီး အပျက်သဘောပါသောစကားများ ပြောဆိုမည်ဆိုလျှင် သူတို့ပြောဆိုသမျှကို မခံယူလိုက်ပါနှင့်။ ဘုရားသခင့်စကားတော်နှင့် မညီညွတ်သည့်အရာများကို ဖယ်ထုတ်ပစ်ပါ။ ကျွန်ုပ်တို့ ထိုသို့ပြုကြသည်နှင့်အမျှ ခရစ်တော်၌တစည်းတလုံးလျှောက်လှမ်းကြစဉ် ကျွန်ုပ်တို့သည် မြဲမြံတည်ကြည်မှုကို ဆက်ထိန်းသိမ်းထားနိုင်ကြလိမ့်မည်။
“ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်းကိုပြည့်လျှံစေခြင်း”
၁၆။ ခရစ်တော်နှင့်အတူ တစည်းတလုံးလျှောက်လှမ်းခြင်း၏ စတုတ္ထမြောက်အသွင်သဏ္ဌာန်ကား အဘယ်နည်း၊ အဘယ်မေးခွန်းကို မေးမြန်းနိုင်သနည်း။
၁၆ ပေါလုဖော်ပြသည့် ခရစ်တော်၌ တစည်းတလုံးလျှောက်လှမ်းခြင်း၏ စတုတ္ထမြောက်အသွင်သဏ္ဌာန်ကား “ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ယုံကြည်ခြင်းတိုးပွားပြည့်စုံ [“ပြည့်လျှံ၊” ကဘ]” ခြင်းဖြစ်သည်။ (ကောလောသဲ ၂:၇) ‘ပြည့်လျှံခြင်း’ ဟူသောစကားလုံးက ၎င်း၏မြစ်ကမ်းများတွင်ရေလျှံနေခြင်းကို မြင်ယောင်စေသည်။ ယင်းက ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏ကျေးဇူးတော်ကိုချီးမွမ်းခြင်းသည် အဆက်မပြတ် သို့မဟုတ် အလေ့အထဖြစ်ရမည်ကိုဖော်ပြသည်။ ကျွန်ုပ်တို့တစ်ဦးစီမေးသင့်သည်ကား ‘ငါ ကျေးဇူးတင်သလော’ ဟူ၍ဖြစ်သည်။
၁၇။ (က) ခက်ခဲသောကာလများ၌ပင် ကျွန်ုပ်တို့အားလုံး၌ ကျေးဇူးတင်စရာ မြောက်မြားစွာရှိသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။ (ခ) ယေဟောဝါထံတော်မှလာသည့် အဘယ်ဆုကျေးဇူးအချို့ကို သင်အထူးကျေးဇူးတင်သနည်း။
၁၇ အမှန်ဆိုရသော် ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါအား နေ့စဉ်ကျေးဇူးတင်စရာများပြည့်လျှံနေရန်အကြောင်း မြောက်မြားစွာရှိသည်။ အဆိုးရွားဆုံးအချိန်များ၌ပင် စိတ်သက်သာမှုရစေသည့် အကြောင်းရိုးရိုးလေးအချို့ရှိပေမည်။ မိတ်ဆွေတစ်ဦးက စာနာမှုတင်ပြခြင်း။ ချစ်မြတ်နိုးရသူတစ်ဦးက နှစ်သိမ့်မှုပေးသည့် အထိအတွေ့။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့၍ ပြန်လည်လန်းဆန်းလာခြင်း။ ဆာလောင်မှုကို ပြေပျောက်စေသည့် အရသာရှိသောအစာ။ ကျေးငှက်ကလေး၏ကျူးရင့်သံ၊ သူငယ်ကလေး၏ရယ်မောသံ၊ ပြိုးပြက်တောက်ပသည့် အပြာရောင်မိုးကောင်းကင်၊ လေပြေလေညင်းအေးလေး—၎င်းတို့အားလုံးနှင့် ထိုထက်မကကို တစ်နေ့တည်းတွင် တွေ့ကြုံကောင်းတွေ့ကြုံကြရပေမည်။ ဤသို့သောဆုမွန်များကို အရေးမထားဘဲနေမိရန် အလွန်လွယ်ကူပါသည်။ ၎င်းတို့အားလုံးကို ကျေးဇူးတင်ထိုက်သည်မဟုတ်ပေလော။ ၎င်းတို့အားလုံးသည် “ကောင်းမြတ်စုံလင်သောဆုကျေးဇူးရှိသမျှတို့” ၏ပင်ရင်းအမြစ်ဖြစ်သော ယေဟောဝါထံတော်မှဖြစ်သည်။ (ယာကုပ် ၁:၁၇) ယင်းတို့ကို အသေးအဖွဲမျှဖြစ်စေသည့်—ဥပမာ၊ အသက်ကိုယ်နှိုက်—ဆုကျေးဇူးများကိုလည်း ပေးသနားထားတော်မူ၏။ (ဆာလံ ၃၆:၉) ထို့ပြင် ထာဝစဉ်အသက်ရှင်နိုင်ခွင့်ကိုလည်း ပေးသနားတော်မူ၏။ ယင်းဆုမွန်ကိုရရှိစေရန် ယေဟောဝါ “အထူးသဖြင့်ချစ်နှစ်သက်သောသူ” ကိုယ်တော်၏တစ်ပါးတည်းသောသားတော်ကိုစေလွှတ်ခြင်းအားဖြင့် အထွတ်အမြတ်ဆုံးပူဇော်သကာကို ကိုယ်တော်ပြုတော်မူ၏။—သု. ၈:၃၀၊ ကဘ; ယောဟန် ၃:၁၆။
၁၈။ ယေဟောဝါအားကျေးဇူးတင်ကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၈ သို့ဖြစ်၍ “ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း” ခြင်းသည် “လျောက်ပတ်ပေ၏” ဟူသည့် ဆာလံဆရာ၏စကားများသည် မှန်ကန်လှပါသည်။ (ဆာလံ ၉၂:၁-၃) အလားတူစွာ သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များကို ပေါလုက ဤသို့သတိပေးခဲ့သည်– “အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။” (၁ သက်သာလောနိတ် ၅:၁၈; ဧဖက် ၅:၂၀; ကောလောသဲ ၃:၁၅) ကျွန်ုပ်တို့တစ်ဦးစီသည် ပိုမိုကျေးဇူးတင်ကြရန် သန္နိဋ္ဌာန်ချကြပေမည်။ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ကျွန်ုပ်တို့လိုအပ်ရာများကိုသာ တောင်းဆိုခြင်းဖြစ်စရာမလိုပါ။ ၎င်းတို့သည် သူ့နေရာနှင့်သူ လျောက်ပတ်ပါသည်။ သို့သော် သင့်ထံမှ တစ်စုံတစ်ခုကိုအလိုရှိသောအချိန်၌သာ သင်နှင့်စကားပြောသည့် မိတ်ဆွေတစ်ဦးကိုစဉ်းစားကြည့်ပါ! ထို့ကြောင့် ကျေးဇူးတင်ချီးမွမ်းဖို့အတွက်သာ ယေဟောဝါထံဆုတောင်းပါလေ။ ကျေးဇူးတရားကင်းမဲ့သောလောကကို ကိုယ်တော်ငုံ့ကြည့်သည့်အခါ ထိုသို့သောဆုတောင်းချက်များကို အလွန်နှစ်သက်ပေမည်တကား! ဒုတိယအကျိုးကျေးဇူးမှာ ထိုသို့သောဆုတောင်းချက်များသည် ဘဝ၏အပြုသဘောပါသောကဏ္ဍများကို အာရုံစိုက်စေရန် ထောက်ကူပေးပြီး ကျွန်ုပ်တို့သည် အမှန်တကယ်ပင် ကောင်းချီးခံစားရသူများဖြစ်ကြောင်း သတိရစေသည်။
၁၉။ ကျွန်ုပ်တို့အားလုံး ခရစ်တော်နှင့်အတူလျှောက်လှမ်းရာတွင် ဆက်၍တိုးတက်ရန် ကောလောသဲ ၂:၆၊ ၇ တွင် ပေါလုက မည်သို့အကြံပြုထားသနည်း။
၁၉ ဘုရားသခင့်စကားတော်၏ ကျမ်းပိုဒ်တစ်ခုတည်းမှ ဤမျှပညာရှိသောလမ်းညွှန်ချက်ကို ကောက်နုတ်နိုင်ခြင်းသည် အလွန်ထူးခြားသည်မဟုတ်ပါလော။ ခရစ်တော်နှင့်အတူ ဆက်၍လျှောက်လှမ်းနေရန် ပေါလုမှာကြားခြင်းကို ကျွန်ုပ်တို့တစ်ဦးချင်းစီ နှလုံးသွင်းသင့်ပေသည်။ ထို့ကြောင့် ‘ခရစ်တော်၌အမြစ်တွယ်’ နေရန်၊ ‘ကိုယ်တော်၌တည်ဆောက်ခြင်း’ ခံနေရန်၊ “ယုံကြည်ခြင်း၌မြဲမြံစွာစွဲလမ်း” နေရန်နှင့် ‘ကျေးဇူးတော်ကိုချီးမွမ်းခြင်း . . . ပြည့်လျှံစေ’ ရန်သန္နိဋ္ဌာန်ချထားကြစို့လေ။ ထိုသွန်သင်ချက်သည် နှစ်ခြင်းခံပြီးခါစလူသစ်များအတွက် အထူးသဖြင့် အရေးကြီးသည်။ သို့သော် ကျွန်ုပ်တို့အားလုံးနှင့်လည်း သက်ဆိုင်ပါသည်။ ရေသောက်မြစ်သည် မြေထဲဆင်းသည်ထက်ဆင်းသည်ကိုဖြစ်စေ၊ ဆောက်လုပ်ဆဲအဆောက်အဦတစ်ခုသည် မြင့်တက်သည်ထက် မြင့်လာသည်ကိုဖြစ်စေ စဉ်းစားကြည့်ပါ။ ထို့ကြောင့် ခရစ်တော်နှင့်အတူလျှောက်လှမ်းခြင်းသည် ဘယ်တော့မျှအဆုံးမရှိချေ။ တိုးတက်ရန်လိုသည့်ကဏ္ဍများစွာရှိပါသည်။ ယေဟောဝါသည် ကိုယ်တော်နှင့်လည်းကောင်း၊ ချစ်မြတ်နိုးတော်မူသော သားတော်နှင့်လည်းကောင်း အတူတကွ အဆက်မပြတ်လျှောက်လှမ်းစေလိုတော်မူသောကြောင့် ကျွန်ုပ်တို့ကိုကူညီပေးပြီး ကောင်းချီးသွန်းလောင်းတော်မူလိမ့်မည်။
သင်မည်သို့ဖြေဆိုမည်နည်း
◻ ခရစ်တော်နှင့်အတူ တစည်းတလုံးလျှောက်လှမ်းခြင်းတွင် အဘယ်အရာပါဝင်သနည်း။
◻ ‘ခရစ်တော်၌အမြစ်တွယ်’ နေခြင်းကား အဘယ်အဓိပ္ပာယ်ရှိသနည်း။
◻ ကျွန်ုပ်တို့သည် မည်သို့ ‘ခရစ်တော်၌တည်ဆောက်’ နိုင်သနည်း။
◻ “ယုံကြည်ခြင်း၌မြဲမြံစွဲလမ်း” နေခြင်းသည် အဘယ်ကြောင့် ဤမျှအရေးကြီးသနည်း။
◻ ‘ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်လျှံ’ နေရန် အဘယ်အကြောင်းများ ရှိသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အပင်၏အမြစ်များကိုမမြင်နိုင်ချေ၊ သို့သော် ယင်းတို့သည် အပင်ကိုအစာကျွေးပြီး ခိုင်မြဲစေသည်