ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၇/၁၅ စာ. ၉-၁၄
  • ယုံကြည်ခြင်းကင်းမဲ့မှုကို သတိပြုကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယုံကြည်ခြင်းကင်းမဲ့မှုကို သတိပြုကြလော့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘယ်ကြောင့် ထိုသို့အပြင်းအထန်ဆုံးမရသနည်း
  • မောရှေထက်ကြီးမြတ်သောသူ
  • “ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်”
  • ကျွန်ုပ်တို့အတွက် သင်ခန်းစာ
  • အသက်ပြေးပွဲတွင် လက်လျှော့အရှုံးမပေးနှင့်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • အဆုံးထိ သစ္စာရှိရှိ ခံရပ်နိုင်ဖို့ ကူညီပေးမယ့် စာတစ်စောင်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ကျွန်ုပ်တို့သည်ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြစို့လေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၇/၁၅ စာ. ၉-၁၄

ယုံကြည်ခြင်းကင်းမဲ့မှုကို သတိပြုကြလော့

“ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင့်အထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သတိပြုကြလော့။”—ဟေဗြဲ ၃:၁၂။

၁။ ဟေဗြဲခရစ်ယာန်များထံရေးသော ပေါလု၏စကားများတွင်ပါသည့် အဘယ်ထိတ်လန့်ဖွယ် ဖြစ်ရပ်မှန်က ကျွန်ုပ်တို့ကိုအာရုံစိုက်စေသနည်း။

ယေဟောဝါနှင့် နှစ်ကိုယ်ချင်းဆက်ဆံရေးရှိထားသူတို့သည် “ဆိုးညစ်သောနှလုံး” ဖြစ်ပေါ်နိုင်ပြီး ‘အသက်ရှင်သောဘုရားသခင်ထံမှထွက်သွား’ နိုင်၏ဟုဆိုခြင်းသည်—ထိတ်လန့်ဖွယ်ပါတကား! ထို့အပြင် တကယ့်သတိပေးချက်ပင်ဖြစ်၏! တမန်တော်ပေါလု၏ ဤစကားများသည် မယုံကြည်သူများအတွက်မဟုတ်ဘဲ၊ ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာ၌ ယုံကြည်ခြင်းကိုအခြေပြုထားကာ မိမိတို့၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံထားသူများအတွက် ရေးသားခဲ့ခြင်းဖြစ်သည်။

၂။ အဘယ်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ဖို့လိုသနည်း။

၂ ဝိညာဉ်ရေးကောင်းချီးခံရသည့်အနေအထားတွင် လူတစ်ယောက်သည် “မယုံကြည်တတ်၊ ဆိုးညစ်သောနှလုံး” မည်သို့ပေါ်လာနိုင်သနည်း။ မှန်ပါသည်၊ ဘုရားသခင့်မေတ္တာတော်နှင့် မခံစားထိုက်သောကရုဏာတော်ကို မြည်းစမ်းခဲ့ပြီးသူတစ်ဦးသည် ကိုယ်တော့်ထံမှ မည်သို့တမင်တကာထွက်သွားနိုင်သနည်း။ ထို့အပြင် ကျွန်ုပ်တို့တစ်ဦးတစ်ယောက်သည် ယင်းသို့ဖြစ်နိုင်သလော။ ယင်းတို့သည် အလေးအနက်စဉ်းစားရမည့်အရာများဖြစ်ပြီး ဤသတိပေးချက်နောက်ရှိ အကြောင်းရင်းကို ကျွန်ုပ်တို့သုံးသပ်ရန်လိုသည်။—၁ ကောရိန္သု ၁၀:၁၁။

အဘယ်ကြောင့် ထိုသို့အပြင်းအထန်ဆုံးမရသနည်း

၃။ ပထမရာစုတွင် ယေရုရှလင်နှင့်ပတ်ဝန်းကျင်ရှိ ခရစ်ယာန်များကိုထိခိုက်သော အခြေအနေများကို ဖော်ပြပါ။

၃ ယုဒနယ်ရှိဟေဗြဲခရစ်ယာန်များထံ ပေါလုစာရေးချိန်မှာ စီ.အီး. ၆၁ ဖြစ်ကြောင်း ထင်ရှားသည်။ ယင်းသည် “ယေရုရှလင်မြို့ထဲ၌သော်လည်းကောင်း၊ နယ်တစ်ခွင်ရှိနေရာတိုင်း၌သော်လည်းကောင်း မည်သည့်တည်ကြည်ရိုးသားသူများအတွက်မျှ ငြိမ်သက်မှု သို့မဟုတ် လုံခြုံမှုမရှိသည့်” အချိန်ဖြစ်သည်ဟု သမိုင်းပညာရှင်တစ်ဦးမှတ်ချက်ချ၏။ ယင်းသည် လက်ရှိရောမတပ်၏ဖိနှိပ်မှု၊ ရောမကိုဆန့်ကျင်သော ဂျူးဇီးလော့ထ်များ၏မိုက်ရူးရဲဆန်သည့်လုပ်ရပ်နှင့် ဝရုန်းသုန်းကားဖြစ်နေသည့်အချိန်ကို အခွင့်ကောင်းယူသည့် သူခိုးများ၏ရာဇဝတ်မကင်းသည့်လုပ်ရပ်များ၊ ယင်းသို့သောအခြေအနေများစုပြုံဖြစ်ပျက်ခြင်းကြောင့် မတရားမှုနှင့် အကြမ်းဖက်မှုတို့၏အချိန်အခါဖြစ်ခဲ့သည်။ ထိုကိစ္စများတွင် မငြိစွန်းရန်ကြိုးပမ်းသည့် ခရစ်ယာန်များအတွက် ဤအရာအားလုံးက အလွန်အခက်အခဲဖြစ်စေခဲ့သည်။ (၁ တိမောသေ ၂:၁၊ ၂) အမှန်အားဖြင့် ၎င်းတို့၏ကြားနေရပ်တည်မှုကြောင့် လူ့ခွစာများ၊ ပုန်ကန်ရန်လှုံ့ဆော်သူများအဖြစ်ပင် အချို့၏ရှုမြင်ခြင်းကိုခံခဲ့ကြ၏။ ခရစ်ယာန်များသည် မကြာခဏညှဉ်းပန်းခံရပြီး၊ ကိုယ်ပိုင်ဆုံးရှုံးမှုများ ကြုံခဲ့ကြရသည်။—ဟေဗြဲ ၁၀:၃၂-၃၄။

၄။ ဘာသာရေးအရ အဘယ်ဖိစီးမှုကို ဟေဗြဲခရစ်ယာန်များခံခဲ့ကြရသနည်း။

၄ ဟေဗြဲခရစ်ယာန်များသည် ဘာသာရေးအရ ဖိနှိပ်မှုကိုလည်း ခံခဲ့ကြရသည်။ ယေရှု၏သစ္စာရှိတပည့်တော်များတင်ပြသည့်ဇွဲနှင့် ခရစ်ယာန်အသင်းတော်အလျင်အမြန်ကျယ်ပြန့်လာခြင်းတို့သည် ဂျူးများ—အထူးသဖြင့် ၎င်းတို့၏ဘာသာရေးဝတ်ပြုခေါင်းဆောင်များ—ကိုမနာလိုဖြစ်စေပြီး ဒေါသထွက်စေခဲ့သည်။ သူတို့သည် ခရစ်တော်၏နောက်တော်လိုက်များကို နှောင့်ယှက်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းရန် ဘာမဆိုကိုလုပ်ဆောင်ခဲ့ကြသည်။a (တမန်တော် ၆:၈-၁၄; ၂၁:၂၇-၃၀; ၂၃:၁၂၊ ၁၃; ၂၄:၁-၉) အချို့ခရစ်ယာန်များသည် တိုက်ရိုက်နှိပ်စက်ညှဉ်းပန်းခြင်းကိုမခံရကြလင့်ကစား ဂျူးများ၏အထင်သေးမှုနှင့် ပြက်ရယ်ပြုမှုကိုခံခဲ့ကြရသည်။ ခရစ်ယာန်ဘာသာသည် ယုဒဘာသာရေးဆိုင်ရာခမ်းနားမှုကင်းမဲ့သော ဗိမာန်တော်၊ ယဇ်ပုရောဟိတ်အတန်းအစား၊ ပွဲများ၊ သမားရိုးကျယဇ်ပူဇော်မှုများစသည်တို့မရှိသော နောက်မှပေါ်သည့်ဘာသာအဖြစ် အထင်သေးခံခဲ့ရ၏။ သူတို့၏ခေါင်းဆောင် ယေရှုခရစ်သည်ပင် အပြစ်ရှိသည့်ရာဇဝတ်သားတစ်ဦးကဲ့သို့ အသတ်ခံရ၏။ သူတို့၏ဘာသာကိုကျင့်သုံးရန် ခရစ်ယာန်များသည် ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိနှင့် ခံနိုင်ရည်ရှိရမည်။

၅။ ယုဒနယ်ရှိခရစ်ယာန်များအတွက် ဝိညာဉ်ရေးနိုးကြားနေရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၅ ထို့ထက်ကား ယုဒနယ်ရှိဟေဗြဲခရစ်ယာန်များသည် ယင်းနိုင်ငံ၏သမိုင်းတွင် အရေးတကြီးဖြစ်နေသောအချိန်၌ အသက်ရှင်ခဲ့ကြသည်။ ဂျူးစနစ်ဆုံးခန်း၌ ဖြစ်ပျက်မည်ဟု သူတို့၏သခင်ယေရှုခရစ်ပြောခဲ့သော အရာများစွာသည် ဖြစ်ပျက်နေပြီဖြစ်သည်။ အဆုံးကား မဝေးတော့။ လွတ်မြောက်ရန်အတွက် ခရစ်ယာန်များသည် ဝိညာဉ်ရေးတွင်နိုးကြားပြီး ‘တောင်ပေါ်သို့ထွက်ပြေး’ ဖို့အသင့်ဖြစ်နေရမည်။ (မဿဲ ၂၄:၆၊ ၁၅၊ ၁၆) သူတို့သည် ယေရှုညွှန်ကြားသည့်အတိုင်း ချက်ချင်းလုပ်ဆောင်နိုင်ရန် လိုအပ်သော ယုံကြည်ခြင်းနှင့် ဝိညာဉ်ရေးခံနိုင်ရည်ရှိကြမည်လော။ သံသယဝင်မှုအချို့ရှိခဲ့ကြောင်း ထင်ရှားသည်။

၆။ ယုဒနယ်ရှိခရစ်ယာန်များအတွက် အဘယ်အရာအရေးတကြီးလိုအပ်ခဲ့သနည်း။

၆ ဂျူးစနစ်တစ်ခုလုံးမဖျက်ဆီးမီ နောက်ဆုံးဆယ်စုနှစ်အတွင်း ဟေဗြဲခရစ်ယာန်များသည် အသင်းတော်အတွင်းနှင့်အပြင်မှ ပြင်းထန်သောဖိစီးမှုကြုံကြရသည်မှာ ထင်ရှားသည်။ သူတို့သည် အားပေးမှုလိုခဲ့ကြ၏။ ထို့အပြင် သူတို့ ရွေးချယ်သောလမ်းစဉ်သည်မှန်ကြောင်းနှင့် အချည်းနှီးဆင်းရဲခံကြရခြင်းမဟုတ်ကြောင်းသိမြင်စေရန်အကူအညီဖြစ်စေမည့် ဩဝါဒနှင့်ညွှန်ကြားမှုတို့လည်း လိုအပ်ခဲ့သည်။ ထိုအခါသမယတွင် ပေါလုဝင်ကာ သူတို့ကိုအကူအညီပေးခဲ့ခြင်းသည် ဝမ်းသာစရာပင်။

၇။ ဟေဗြဲခရစ်ယာန်များထံ ပေါလုရေးခဲ့သောစာကို ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ဝင်စားသင့်သနည်း။

၇ ဟေဗြဲခရစ်ယာန်များထံ ပေါလုရေးခဲ့သောအကြောင်းအရာသည် ကျွန်ုပ်တို့အတွက် အလွန်စိတ်ဝင်စားစရာဖြစ်သင့်၏။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့သည် ထပ်တူအခြေအနေမျိုးတွင် အသက်ရှင်နေကြ၍ဖြစ်၏။ စာတန်ထိန်းချုပ်သည့် လောက၏ဖိစီးမှုများကို နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့ခံစားကြရသည်။ (၁ ယောဟန် ၅:၁၉) နောက်ဆုံးသောနေ့ရက်များနှင့် “အစီအစဉ်စနစ်ဆုံးခန်း” နှင့်စပ်လျဉ်း၍ ယေရှုနှင့်တမန်တော်များ၏ ပရောဖက်ပြုချက်များသည် ကျွန်ုပ်တို့၏မျက်မှောက်တွင် ပြည့်စုံနေ၏။ (မဿဲ ၂၄:၃-၁၄; ၂ တိမောသေ ၃:၁-၅; ၂ ပေတရု ၃:၃၊ ၄; ဗျာဒိတ် ၆:၁-၈) အရေးအကြီးဆုံးမှာ ကျွန်ုပ်တို့သည် “ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်” ရန်ဝိညာဉ်ရေးအရ နိုးကြားနေရန်လိုသည်။—လုကာ ၂၁:၃၆။

မောရှေထက်ကြီးမြတ်သောသူ

၈။ ဟေဗြဲ ၃:၁ တွင်မှတ်တမ်းတင်ထားသည့်စကားကိုပြောခြင်းဖြင့် ပေါလုသည် မိမိခရစ်ယာန်ချင်းများကို ဘာလုပ်ရန်တိုက်တွန်းနေသနည်း။

၈ အရေးကြီးသောအချက်ကိုဖော်ပြရန် ပေါလုဤသို့ရေးခဲ့၏– “တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်းတည်းဟူသော ယေရှု၏အကြောင်းကို စေ့စေ့ဆင်ခြင်ကြလော့။” (ဟေဗြဲ ၃:၁) “ဆင်ခြင်” ရန်ဟူသည် “ရှင်းလင်းစွာသိရှိရန် . . . အပြည့်အဝနားလည်ရန်၊ နှိုက်နှိုက်ချွတ်ချွတ်ဆင်ခြင်သုံးသပ်ရန်” ဟုအဓိပ္ပာယ်ရသည်။ (ဗိုင်း၏ ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်) ထို့ကြောင့် သူတို့၏ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းတို့တွင် ယေရှုပါဝင်သောအခန်းကဏ္ဍကို အမှန်သိနားလည်ရန် ကြိုးစားအားထုတ်ဖို့ မိမိ၏ယုံကြည်သူချင်းများကို ပေါလုတိုက်တွန်းခဲ့ခြင်းဖြစ်၏။ ဤသို့လုပ်ခြင်းက ယုံကြည်ခြင်းတွင် ခိုင်မြဲစွာရပ်တည်ရန် သူတို့၏စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေပါလိမ့်မည်။ သို့ဆိုလျှင် ယေရှု၏အခန်းကဏ္ဍကား အဘယ်နည်း၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ကို အဘယ်ကြောင့် “ဆင်ခြင်” သင့်သနည်း။

၉။ ယေရှုကို “တမန်တော်” နှင့် “ယဇ်ပုရောဟိတ်မင်း” အဖြစ် ပေါလုအဘယ်ကြောင့်ညွှန်းခဲ့သနည်း။

၉ ပေါလုသည် ယေရှုကို “တမန်တော်” နှင့် “ယဇ်ပုရောဟိတ်မင်း” ဟူသောဝေါဟာရများဖြင့်ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။ “တမန်တော်” သည်စေလွှတ်ခံရသူတစ်ဦးတစ်ယောက်ဖြစ်ပြီး ဤတွင် လူသားများနှင့် ဘုရားသခင်ဆက်သွယ်သည့်ကြားခံကိုဆိုခြင်းဖြစ်သည်။ “ယဇ်ပုရောဟိတ်မင်း” သည် လူသားများ ဘုရားသခင်ကိုချဉ်းကပ်စေနိုင်သူ ကြားခံတစ်ဦးဖြစ်၏။ ဤအစီအစဉ်နှစ်ခုသည် စစ်မှန်သောဝတ်ပြုရေးအတွက်အရေးပါပြီး၊ ယေရှုသည် နှစ်ခုစလုံးအတွက်ပြယုဂ်ဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင်အကြောင်းအမှန်တရားကို လူသားတို့အားသွန်သင်ရန် ကောင်းကင်မှစေလွှတ်ခံရသူတစ်ဦးဖြစ်၏။ (ယောဟန် ၁:၁၈; ၃:၁၆; ၁၄:၆) ယေရှုသည် အပြစ်ခွင့်လွှတ်မှုအတွက် ယေဟောဝါ၏ဝိညာဉ်ရေးဗိမာန်တော်အစီအစဉ်တွင် ပုံဆောင်ယဇ်ပုရောဟိတ်မင်းအဖြစ် ခန့်အပ်ခံရသူလည်းဖြစ်၏။ (ဟေဗြဲ ၄:၁၄၊ ၁၅; ၁ ယောဟန် ၂:၁၊ ၂) ကျွန်ုပ်တို့သည် ယေရှုမှတစ်ဆင့်ရနိုင်သည့် ကောင်းချီးများကို အမှန်လေးမြတ်ပါက ယုံကြည်ခြင်း၌ဆက်ရပ်တည်ရန် သန္နိဋ္ဌာန်ချမှတ်နိုင်ကာ ယင်းအတွက် ရဲစွမ်းသတ္တိကိုရရှိနိုင်ပါလိမ့်မည်။

၁၀။ (က) ခရစ်ယာန်ဘာသာသည် ယုဒဘာသာထက်မြတ်ကြောင်းကို ဟေဗြဲခရစ်ယာန်များသဘောပေါက်ရန် ပေါလုမည်သို့ကူညီခဲ့သနည်း။ (ခ) ပေါလုသည် မိမိ၏ညွှန်ပြချက်ကို ထပ်၍ခိုင်မာစေဖို့ အဘယ်ခြွင်းချက်မရှိသောအမှန်တရားကို ကိုးကားခဲ့သနည်း။

၁၀ ခရစ်ယာန်ယုံကြည်ခြင်းတန်ဖိုးကို လေးနက်စေရန် ယေရှုကို ၎င်းတို့၏ဘိုးဘေးများတွင် အကြီးမြတ်ဆုံးပရောဖက်အဖြစ် ဂျူးများရှုမြင်ခဲ့ကြသည့်မောရှေနှင့် ပေါလုကနှိုင်းယှဉ်ခဲ့သည်။ ဟေဗြဲခရစ်ယာန်များသည် မောရှေထက် ယေရှုသာ၍ကြီးမြတ်ကြောင်း လုံးလုံးလက်ခံနိုင်ခဲ့ကြလျှင် ယုဒဘာသာထက် ခရစ်ယာန်ဘာသာမြတ်ကြောင်းကို သူတို့သံသယရှိကြမည်မဟုတ်ပေ။ မောရှေသည် ဘုရားသခင့် “အိမ်တော်”—ဣသရေလလူမျိုး သို့မဟုတ် လူအစုအဝေး—ကိုလွှဲအပ်ခံခဲ့ရသူဖြစ်သော်လည်း သစ္စာစောင့်သောအစေအပါး သို့မဟုတ် ကျေးကျွန်တစ်ဦးသာဖြစ်သည်ဟု ပေါလုဖော်ပြခဲ့၏။ (တောလည်ရာ ၁၂:၇) အခြားတစ်ဖက်တွင် ယေရှုသည် သားတော်ဖြစ်သည့် အိမ်တော်သခင်ဖြစ်၏။ (၁ ကောရိန္သု ၁၁:၃; ဟေဗြဲ ၃:၂၊ ၃၊ ၅) မိမိ၏တင်ပြချက်ကို ထပ်၍ခိုင်မာစေရန် ခြွင်းချက်မရှိသောဤအမှန်တရားကို ပေါလုကိုးကားခဲ့သည်– “အိမ်မည်သည်ကား၊ တစ်စုံတစ်ယောက်သောသူဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကိုတည်ဆောက်သောသူကား ဘုရားသခင်ပေတည်း။” (ဟေဗြဲ ၃:၄) ဘုရားသခင်သည် အရာအားလုံးကို တည်ဆောက်သူ သို့မဟုတ် ဖန်ဆင်းသူဖြစ်သောကြောင့် မည်သူမဆိုထက်သာ၍ကြီးမြတ်ကြောင်းကို မည်သူမျှငြင်းမည်မဟုတ်ပေ။ ထို့အပြင် ဆင်ခြင်တုံတရားအရ ယေရှုသည် ဘုရားသခင်၏လုပ်သားချုပ်ဖြစ်သောကြောင့် မောရှေအပါအဝင် အခြားဖန်ဆင်းရာအားလုံးထက်ကြီးမြတ်၏။—သု. ၈:၃၀; ကောလောသဲ ၁:၁၅-၁၇။

၁၁၊ ၁၂။ “အဆုံးတိုင်အောင်တည်ကြည်” ရန်အဘယ်အရာကိုကိုင်စွဲဖို့ ပေါလုတိုက်တွန်းခဲ့ပြီး၊ သူ၏အကြံဉာဏ်ကို ကျွန်ုပ်တို့မည်သို့လိုက်လျှောက်နိုင်သနည်း။

၁၁ ဟေဗြဲခရစ်ယာန်များသည် အထူးမျက်နှာသာရအနေအထားတွင် ရှိကြသည်မှာမှန်ပါသည်။ သူတို့သည် ဂျူးစနစ်ကကမ်းလှမ်းသော မည်သည့်အရာထက်မဆို အဖိုးတန်သောအခွင့်ထူးဖြစ်သည့် “ကောင်းကင်ဘုံနှင့်စပ်ဆိုင်သော ခေါ်ဖိတ်တော်မူခြင်းကျေးဇူးကိုခံရသောသူ” များဖြစ်သည်ဟု ပေါလုသတိပေးခဲ့၏။ (ဟေဗြဲ ၃:၁) ပေါလု၏စကားများက ဘိသိက်ခံခရစ်ယာန်များကို သူတို့စွန့်လွှတ်ခဲ့ရာများဖြစ်သော ၎င်းတို့၏ဂျူးအမွေနှင့်ပတ်သက်၍ ဝမ်းနည်းစေမည့်အစား အမွေသစ်ခံစားရရန် လျာထားခံရခြင်းအတွက် ကျေးဇူးတင်စိတ်ရှိစေခဲ့ပေမည်။ (ဖိလိပ္ပိ ၃:၈) ၎င်းတို့၏အခွင့်အရေးကိုပေါ့ပေါ့တန်တန်သဘောမထားဘဲ မလွတ်တမ်းဆုပ်ကိုင်ရန်အားပေးကာ ပေါလုဤသို့ဆိုခဲ့သည်– “ခရစ်တော်မူကား၊ သားကဲ့သို့ဘုရားသခင်၏အိမ်တော်ကိုအုပ်စိုး၍ သစ္စာစောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌လည်းကောင်း၊ မျှော်လင့်ခြင်းနှင့်စပ်ဆိုင်သော ဝါကြွားဝမ်းမြောက်ခြင်း၌လည်းကောင်း အဆုံးတိုင်အောင်တည်ကြည်လျှင် ထိုအိမ်တော်ဖြစ်သတည်း။”—ဟေဗြဲ ၃:၆။

၁၂ မှန်ပါသည်၊ ဟေဗြဲခရစ်ယာန်များသည် ချဉ်းကပ်လာသောဂျူးစနစ်ဆုံးခန်းကို လွတ်မြောက်နိုင်ရန် ဘုရားသခင်ပေးသောမျှော်လင့်ချက်ကို “အဆုံးတိုင်အောင်” ဆုပ်ကိုင်ဖို့လို၏။ ယနေ့ ဤစနစ်ဆုံးခန်းကို ကျွန်ုပ်တို့လွတ်မြောက်လိုပါက အလားတူလုပ်ရမည်။ (မဿဲ ၂၄:၁၃) ဘဝ၏စိုးရိမ်ပူပန်မှုများ၊ လူတို့၏ဂရုမစိုက်ခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ဉာဉ်ဆိုးများက ဘုရားသခင့်ကတိတော်များအပေါ် ကျွန်ုပ်တို့၏ယုံကြည်မှုကို ယိမ်းယိုင်စေရန် ခွင့်မပြုရပါ။ (လုကာ ၂၁:၁၆-၁၉) ကျွန်ုပ်တို့ကိုယ်ကို မည်သို့ခိုင်မြဲစေနိုင်ကြောင်းသိရှိရန် ပေါလု၏နောက်ဆက်တွဲစကားများကို ဂရုစိုက်ကြစို့။

“ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်”

၁၃။ အဘယ်သတိပေးချက်ကို ပေါလုပေးခဲ့ပြီး၊ ဆာလံ ၉၅ ကိုသူမည်သို့ကိုးကားခဲ့သနည်း။

၁၃ ဟေဗြဲခရစ်ယာန်များ၏ မျက်နှာသာရအနေအထားကို သုံးသပ်ပြီးနောက် ပေါလုဤသို့သတိပေး၏– “ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည်ကား၊ ‘ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားရလျှင် ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်။ . . . စုံစမ်း၍ . . . တောတွင် . . . အမျက်ကိုနှိုးဆော်ရာကာလ၌ရှိသကဲ့သို့ မရှိစေကြနှင့်။” (ဟေဗြဲ ၃:၇-၉၊ သမ္မာ) ဆာလံ ၉၅ မှပေါလုကိုးကားနေခြင်းဖြစ်သောကြောင့် “သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်” ဟုဆိုနိုင်ခဲ့ခြင်းဖြစ်၏။b (ဆာလံ ၉၅:၇၊ ၈; ထွက်မြောက်ရာ ၁၇:၁-၇) ကျမ်းစာစောင်များကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်မှုတ်သွင်းခဲ့ခြင်းဖြစ်သည်။—၂ တိမောသေ ၃:၁၆။

၁၄။ ဣသရေလလူမျိုးများသည် ၎င်းတို့အတွက် ယေဟောဝါပြုလုပ်ခဲ့ရာများကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း၊ အဘယ်ကြောင့်နည်း။

၁၄ အီဂျစ်နိုင်ငံတွင် ကျွန်အဖြစ်မှလွတ်မြောက်ပြီးနောက် ဣသရေလလူမျိုးများသည် ယေဟောဝါနှင့်ပဋိညာဉ်ဆက်ဆံရေးတွင် ပါဝင်ခွင့်ရခြင်း၏ ချီးမြှောက်မှုကြီးကိုခံခဲ့ရကြသည်။ (ထွက်မြောက်ရာ ၁၉:၄၊ ၅; ၂၄:၇၊ ၈) သို့ရာတွင် သူတို့အတွက် ဘုရားသခင်ပြုလုပ်ခဲ့ရာများနှင့်ပတ်သက်၍ ကျေးဇူးတင်လေးမြတ်စိတ်တင်ပြကြမည့်အစား မကြာမီပုန်ကန်ခဲ့ကြသည်။ (တောလည်ရာ ၁၃:၂၅–၁၄:၁၀) မည်သို့ဖြစ်နိုင်ခဲ့သနည်း။ အကြောင်းရင်းကို ပေါလုထောက်ပြခဲ့သည်– သူတို့၏နှလုံးခိုင်မာခြင်းကြောင့်ဖြစ်သည်။ သို့သော် အကဲဆတ်ပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ကို တုံ့ပြန်သောနှလုံးများသည် မည်သို့ခိုင်မာလာသနည်း။ သို့ဖြင့် ယင်းကိုကာကွယ်ရန် ကျွန်ုပ်တို့ဘာလုပ်ရမည်နည်း။

၁၅။ (က) အတိတ်နှင့်မျက်မှောက်တွင် ‘ဘုရားသခင့်အသံ’ ကိုမည်သို့ကြားခဲ့ကြသနည်း။ (ခ) ‘ဘုရားသခင့်အသံ’ နှင့်စပ်လျဉ်း၍ မိမိကိုယ်ကို အဘယ်မေးခွန်းများမေးရန်လိုသနည်း။

၁၅ “သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားရ [“နားထောင်၊” ကဘ] လျှင်” ဟူသောစကားစုဖြင့် သူ၏သတိပေးချက်ကို ပေါလုစတင်ခဲ့သည်။ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို မောရှေနှင့်အခြားပရောဖက်များမှတစ်ဆင့် စကားပြောခဲ့သည်။ ထို့နောက် ယေဟောဝါသည် သူတို့ကို မိမိ၏သားတော်ယေရှုခရစ်မှတစ်ဆင့် စကားပြောခဲ့သည်။ (ဟေဗြဲ ၁:၁၊ ၂) ယနေ့ ကျွန်ုပ်တို့၌ သန့်ရှင်းသောသမ္မာကျမ်းစာတည်းဟူသော ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်အပြည့်အစုံရှိ၏။ “အချိန်တန်” ဝိညာဉ်ရေး “အစာ” ပြင်ဆင်ဖို့ ယေရှုခန့်အပ်ထားသော “သစ္စာနှင့်သတိပညာရှိသောကျွန်” လည်းရှိ၏။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ထို့ကြောင့် ဘုရားသခင်သည် စကားပြောနေဆဲဖြစ်၏။ သို့သော် ကျွန်ုပ်တို့နားထောင်နေသလော။ သာဓကအနေဖြင့် ဝတ်စားဆင်ယင်မှု သို့မဟုတ် ဖျော်ဖြေမှုနှင့် တေးဂီတရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သနည်း။ ကျွန်ုပ်တို့သည် ကြားရသောအရာကို ဂရုစိုက်ပြီးနာခံခြင်းဖြင့် “နားထောင်” ကြသလော။ ကျွန်ုပ်တို့သည် ဆင်ခြေပေးတတ်သည့် သို့မဟုတ် အကြံဉာဏ်ကို ခြွင်းချက်ဖြင့်လက်ခံတတ်သည့်အကျင့်ရှိပါက ကျွန်ုပ်တို့၏နှလုံးများမာကျောလာစေနိုင်သည့် လျှို့ဝှက်အန္တရာယ်တွင် မိမိကိုယ်ကိုလှစ်ဟထားခြင်းဖြစ်သည်။

၁၆။ ကျွန်ုပ်တို့နှလုံးခိုင်မာလာနိုင်သည့်နည်းတစ်နည်းကား အဘယ်နည်း။

၁၆ ကျွန်ုပ်တို့သည် လုပ်သင့်၍ လုပ်နိုင်သောအရာကို ရှောင်လွှဲလျှင်လည်း ကျွန်ုပ်တို့၏နှလုံးများ မာကျောလာနိုင်သည်။ (ယာကုပ် ၄:၁၇) ယေဟောဝါသည် ဣသရေလလူမျိုးများအတွက် အရာအားလုံးလုပ်ပေးခဲ့သော်လည်း သူတို့သည် ယုံကြည်ခြင်းမတင်ပြကြဘဲ မောရှေကိုပုန်ကန်ကြကာ ခါနာန်ပြည်အကြောင်း သတင်းဆိုးကိုယုံကြည်ရန်ရွေးချယ်ခဲ့ကြပြီး ကတိထားရာပြည်သို့ ဝင်ရန်ငြင်းဆန်ခဲ့ကြ၏။ (တောလည်ရာ ၁၄:၁-၄) ထို့ကြောင့် ယေဟောဝါသည် ထိုလူမျိုးဆက်မှယုံကြည်မှုမဲ့သူများသေဆုံးကုန်သည်အထိ လုံလောက်သောအချိန်ကာလဖြစ်သော အနှစ် ၄၀ ကြာတောကန္တာရတွင် သွားလာနေထိုင်ကြရန် အမိန့်ချမှတ်ခဲ့သည်။ သူတို့အားစက်ဆုပ်စွာဖြင့် ဘုရားသခင် ဤသို့ဆို၏– “‘သူတို့သည် အစဉ်စိတ်နှလုံးမှောက်မှားသဖြင့် ငါ၏နည်းလမ်းများကို မသိကြ’ ဟုဆိုလျက် ‘ငါ့ငြိမ်ဝပ်ရာချမ်းသာသို့ဝင်စားကြရမည်မဟုတ်’ ဟုအမျက်တော်ထား၍ငါဓိဋ္ဌာန်၏။” (ဟေဗြဲ ၃:၉-၁၁၊ သမ) ယင်းတွင် ကျွန်ုပ်တို့အတွက်သင်ခန်းစာတစ်ရပ်ကို တွေ့သလော။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ

၁၇။ ဣသရေလလူမျိုးများသည် ယေဟောဝါ၏တန်ခိုးပါသောလုပ်ရပ်များကိုမြင်တွေ့ခဲ့ကြပြီး၊ ကိုယ်တော့်ကြေညာချက်များကိုကြားခဲ့ကြလျက်ပင် အဘယ်ကြောင့်ယုံကြည်ခြင်းကင်းမဲ့ခဲ့ကြသနည်း။

၁၇ အီဂျစ်နိုင်ငံမှထွက်လာသော ဣသရေလလူမျိုးဆက်သည် ယေဟောဝါ၏အားကြီးသောလုပ်ရပ်များနှင့် ကြေညာချက်များကို ၎င်းတို့၏မျက်စိနှင့်မြင်ခဲ့ပြီး ၎င်းတို့၏နားနှင့်ကြားခဲ့ကြ၏။ သို့တိုင် ဘုရားသခင်သည် ကတိထားရာပြည်တော်သို့ သူတို့အားလုံခြုံစွာပို့ဆောင်နိုင်ကြောင်းကို မယုံကြည်ခဲ့ကြချေ။ အဘယ်ကြောင့်နည်း။ “သူတို့သည် . . . ငါ၏နည်းလမ်းများကို မသိကြ” ဟုယေဟောဝါမိန့်ဆိုခဲ့၏။ သူတို့သည် ယေဟောဝါမိန့်ဆိုခဲ့ရာနှင့်လုပ်ခဲ့ရာကို သိခဲ့ကြသော်လည်း သူတို့အတွက် ကိုယ်တော့်စောင့်ရှောက်နိုင်စွမ်းကို ယုံကြည်စိတ်ချအားကိုးခြင်းမရှိခဲ့ကြချေ။ သူတို့သည် ဘုရားသခင့်နည်းလမ်းများနှင့် ရည်ရွယ်ချက်တို့ကို လုံးဝမစဉ်းစားသည်အထိ ၎င်းတို့၏ကိုယ်ပိုင်လိုအပ်ချက်များနှင့်ဆန္ဒများအပေါ် စိတ်စွဲလမ်းနေကြသည်။ မှန်ပါသည်၊ သူတို့သည် ကိုယ်တော့်ကတိတော်ကို ယုံကြည်ခြင်းကင်းမဲ့ခဲ့ကြသည်။

၁၈။ ပေါလု၏စကားအရ အဘယ်လုပ်ဆောင်မှုသည် “မယုံကြည်တတ်၊ ဆိုးညစ်သောနှလုံး” ကိုဖြစ်စေမည်နည်း။

၁၈ ဟေဗြဲတို့ထံရေးသော ဤထပ်ဆင့်စကားများသည် ကျွန်ုပ်တို့နှင့် ထပ်တူသက်ဆိုင်၏– “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင့်အထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သတိပြုကြလော့။” (ဟေဗြဲ ၃:၁၂) “မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံး” သည် “အသက်ရှင်တော်မူသော ဘုရားသခင့်အထံတော်မှ ထွက်သွား” ခြင်း၏ရလဒ်ဖြစ်ကြောင်းထောက်ပြခြင်းဖြင့် ပြဿနာများ၏ရင်းမြစ်ကို ပေါလုဖော်ပြခဲ့သည်။ ဤစာအစောပိုင်း၌ ဂရုမစိုက်ခြင်းကြောင့် ‘ရွေ့သွားခြင်း’ အကြောင်း သူဆိုခဲ့သည်။ (ဟေဗြဲ ၂:၁၊ သမ္မာ) သို့ရာတွင် “ထွက်သွားခြင်း” ဟုပြန်ဆိုသော ဂရိဝေါဟာရသည် “ခပ်လှမ်းလှမ်းတွင်နေခြင်း” ဟူ၍အဓိပ္ပာယ်ရပြီး “အယူဖောက်ပြန်ခြင်း” ဟူသောစကားနှင့်ဆက်စပ်မှုရှိသည်။ ယင်းက တမင်သက်သက်နှင့် သိသိဖြင့်ဆန့်ကျင်ခြင်း၊ နောက်ဆုတ်ခြင်းနှင့် စွန့်ခွာခြင်းတို့တွင် မထီမဲ့မြင်ပြုခြင်းကိုထပ်ဆင့်သည့် သဘောသက်ရောက်သည်။

၁၉။ အကြံပြုချက်ကိုနားထောင်ဖို့ပျက်ကွက်ခြင်းသည် ကြီးလေးသောဆိုးကျိုးများသို့ မည်သို့ဦးတည်နိုင်သနည်း။ ပုံဥပမာပြပါ။

၁၉ ထို့ကြောင့် သင်ခန်းစာမှာ ကျွန်ုပ်တို့သည် “ဗျာဒိတ်တော်အသံကို” နားမထောင်တတ်သည့်၊ ကိုယ်တော့်နှုတ်ကပါဌ်တော်နှင့် သစ္စာရှိသောကျေးကျွန်အတန်းအစားတို့မှတစ်ဆင့် ယေဟောဝါပေးသည့်အကြံဉာဏ်ကို လျစ်လျူရှုတတ်သည့် အကျင့်ပါသွားမည်ဆိုလျှင် မကြာမီပင် ကျွန်ုပ်တို့၏နှလုံးများသည် ခက်ထန်၊ မာကျောလာမည်။ သာဓကအနေဖြင့် လက်မထပ်သေးသောမောင်နှံတစ်စုံသည် အလွန်ရင်းနှီးလွန်းနေပေမည်။ ထိုကိစ္စကို သူတို့လျစ်လျူရှုလျှင် ဘာဖြစ်မည်နည်း။ ယင်းက သူတို့လုပ်ခဲ့ရာကို ပြန်မလုပ်ဖို့ကာကွယ်မည်လော၊ သို့မဟုတ် ယင်းက ထပ်လုပ်ရန်သာ ပိုလွယ်ကူစေမည်လော။ ထို့အတူ တေးဂီတနှင့် ဖျော်ဖြေမှုစသည်တို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့ရွေးချယ်ရာတွင် လိုအပ်သည့်အကြံဉာဏ်ကို ကျေးကျွန်အတန်းအစားမှ ကမ်းလှမ်းသောအခါ ယင်းကိုကျေးဇူးတင်စွာလက်ခံပြီး လိုအပ်ချက်များနှင့်အညီ ပြုပြင်သလော။ ‘အချင်းချင်းစည်းဝေးခြင်းကို မရှောင်ကြ’ ရန်ကျွန်ုပ်တို့ကို ပေါလုတိုက်တွန်းထား၏။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ဤအကြံပြုချက်ကိုအလေးမမူဘဲ အချို့သည် ခရစ်ယာန်အစည်းအဝေးများကို ပေါ့ပေါ့တန်တန်သဘောထားကြ၏။ အစည်းအဝေးအချို့ကိုပျက်ကွက်ခြင်း သို့မဟုတ် လုံးလုံးလျားလျားဥပေက္ခာပြုခြင်းသည် မည်သို့မျှမထိခိုက်နိုင်ဟု ယူမှတ်ကြပေမည်။

၂၀။ ကျမ်းစာဆိုင်ရာအကြံဉာဏ်ကို အပြုသဘောဖြင့်တုံ့ပြန်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၂၀ ကျွန်ုပ်တို့သည် ကျမ်းစာစောင်များနှင့် ကျမ်းစာအခြေပြုစာအုပ်စာတမ်းများတွင် ရှင်းလင်းစွာဖော်ပြထားသော ယေဟောဝါ၏ “အသံတော်” ကိုအပြုသဘောပါပါမတုံ့ပြန်လျှင် မကြာမီပင် “အသက်ရှင်တော်မူသော ဘုရားသခင့်အထံတော်မှထွက်” သွားနိုင်သည်။ အကြံဉာဏ်ကိုတုံ့ပြန်မှုမရှိဘဲ လျစ်လျူရှုခြင်းသည် ယင်းကို တက်တက်ကြွကြွဖြင့် သေးသိမ်အောင်လုပ်ခြင်း၊ ဝေဖန်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့အလွယ်တကူဖြစ်လာစေနိုင်သည်။ မပြုပြင်ပါက ရလဒ်မှာ “မယုံကြည်တတ်၊ ဆိုးညစ်သောနှလုံး” ဖြစ်ပြီး၊ ထိုအဖြစ်သည် နာလန်ပြန်ထရန် အလွန်ခက်လေ့ရှိ၏။ (ဧဖက် ၄:၁၉ နှိုင်းယှဉ်။) ယေရမိက ဤသို့လျောက်ပတ်စွာရေးခဲ့သည်– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက်စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကိုအဘယ်သူသိနိုင်သနည်း။” (ယေရမိ ၁၇:၉) ဤအကြောင်းကြောင့် ပေါလုက မိမိ၏ဟေဗြဲယုံကြည်သူချင်းများထံ ဤသို့တိုက်တွန်းခဲ့သည်– “ဒုစရိုက် [မကောင်းသောအကျင့်] ၏လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှာ၊ ‘ယနေ့’ ဟူ၍ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။”—ဟေဗြဲ ၃:၁၃။

၂၁။ ကျွန်ုပ်တို့အားလုံး အဘယ်အရာလုပ်ရန် တိုက်တွန်းခံရပြီး၊ ကျွန်ုပ်တို့အတွက် အဘယ်အလားအလာများရှိသနည်း။

၂၁ ယေဟောဝါသည် ကိုယ်တော့်နှုတ်ကပါဌ်တော်နှင့် ကိုယ်တော့်အဖွဲ့အစည်းမှတစ်ဆင့် ယနေ့ကျွန်ုပ်တို့ကို စကားပြောနေဆဲဖြစ်သည့်အတွက် အလွန်ဝမ်းသာစရာပင်! “သစ္စာနှင့်သတိပညာရှိသောကျွန်” သည် “စိတ်စွဲလမ်းခြင်းကိုအစပြုသကဲ့သို့ အဆုံးတိုင်အောင်တည်ကြည်” ရန်ကျွန်ုပ်တို့ကို ဆက်ကူညီနေသဖြင့် ကျွန်ုပ်တို့ကျေးဇူးတင်ကြ၏။ (ဟေဗြဲ ၃:၁၄) ယခုအချိန်သည် ဘုရားသခင်၏မေတ္တာနှင့် ညွှန်ကြားချက်ကို တုံ့ပြန်ဖို့အချိန်ဖြစ်၏။ ကျွန်ုပ်တို့သည် ထိုသို့လုပ်ဆောင်နေစဉ် ယေဟောဝါ၏ ထူးမြတ်သောအခြားကတိတော်တစ်ခု—ကိုယ်တော်၏အနားယူခြင်း ‘ထဲဝင်ရ’ သည့်ရွှင်လန်းမှုကိုခံစားနိုင်သည်။ (ဟေဗြဲ ၄:၃၊ ၁၀) ယင်းသည် ဟေဗြဲခရစ်ယာန်များနှင့် ပေါလုနောက်ထပ်ဆွေးနွေးသော အကြောင်းအရာဖြစ်ပြီး နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့သုံးသပ်ရမည့် ဆောင်းပါးလည်းဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ဖေတ္တုသေဆုံးပြီးနောက်သိပ်မကြာမီတွင် ဇဒ္ဒုကဲဂိုဏ်းဝင်အန္န (အန္နနိ) သည်ယဇ်ပုရောဟိတ်မင်းကြီးဖြစ်လာခဲ့ကြောင်း ဂျိုစီဖတ်ကမှတ်တမ်းတင်ခဲ့သည်။ သူသည် ယေရှု၏မိတူဖကွဲညီယာကုပ်နှင့် အခြားတပည့်တော်များကို ဆဲန်ဟီဒရင်ရှေ့မှောက်ခေါ်ဆောင်ကာ သေဒဏ်စီရင်ခဲ့ပြီး ကျောက်ခဲနှင့်ပေါက်သတ်စေခဲ့သည်။

b ဟေဗြဲဝေါဟာရ “မေရိဘ” နှင့် “မဿာ” ကို “ရန်တွေ့ခြင်း” နှင့် “စုံစမ်းခြင်း” ဟုအသီးသီးဘာသာပြန်ထားသော ဂရိစက်ပ်တွားဂျင့်မှ ပေါလုကိုးကားခဲ့ပုံရသည်။ နယူးယောက်မြို့ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း(လိပ်) စာအုပ်အတွဲ ၂ ရှိစာမျက်နှာ ၃၅၀ နှင့် ၃၇၉ ရှု။

သင်ရှင်းပြနိုင်သလော

◻ ပေါလုသည် ဟေဗြဲခရစ်ယာန်များထံ ထိုပြင်းထန်သောဆုံးမစာကို အဘယ်ကြောင့်ရေးခဲ့သနည်း။

◻ ဟေဗြဲခရစ်ယာန်များသည် ယုဒဘာသာရေးအောက်ရှိအသက်တာထက် မြတ်သောအရာရှိကြောင်းကိုသဘောပေါက်ရန် ပေါလုမည်သို့ကူညီခဲ့သနည်း။

◻ လူတစ်ဦး၏နှလုံးသည် မည်သို့ခိုင်မာလာသနည်း။

◻ “မယုံကြည်တတ်၊ ဆိုးညစ်သောနှလုံး” မဖြစ်စေရန် အဘယ်အရာလုပ်ရမည်နည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သာ၍ကြီးမြတ်သောမောရှေဖြစ်သည့် ယေရှု၌ သင်သည် ယုံကြည်ခြင်းကျင့်သုံးနေသလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ