ဒါရိ—တရားမျှတသောဘုရင်တစ်ပါး
ထင်ရှားကျော်ကြားသောဘုရင်တစ်ပါးသည် သူလုပ်ဆောင်ခဲ့သော ဆောက်လုပ်ရေးအစီအစဉ်များနှင့်ပတ်သက်၍ တစ်ချိန်ကဤသို့ဝါကြွားခဲ့သည်– “ဗာဗုလုန်စည်းရိုးထဲတွင် အရှေ့ပိုင်း၌ ခိုင်ခံ့သောတံတိုင်းနှင့်မြို့ရိုးတစ်ခုကို ကျွန်ုပ်တည်ဆောက်ခဲ့သည်။ ကျုံးတစ်ခုတူးခဲ့သည်။ . . . တောင်ကဲ့သို့ ရွှေ့၍မရနိုင်သည့်တံတိုင်းကြီးတစ်ခုကို ကတ္တရာစေးနှင့်အုတ်ဖြင့် ဆောက်လုပ်ခဲ့သည်။” မှန်ပါသည်၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် ကြီးကျယ်သောဆောက်လုပ်ရေး အစီအစဉ်တစ်ခုကိုပြုလုပ်ခဲ့ပြီး သူ့အင်ပါယာ၏မြို့တော်ကို ခိုင်ခံ့စေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ သို့သော် ဗာဗုလုန်မြို့သည် သူအထင်ရှိသကဲ့သို့ တိုက်ခိုက်၍မရနိုင်သည့်အဖြစ်၌မရှိခဲ့ပါ။
ယင်းသည် ဘီ.စီ.အီး. ၅၃၉၊ အောက်တိုဘာ ၅ ရက်နေ့တွင် ထင်ရှားလာသည်။ မေဒိစစ်တပ်နှင့်တွဲ၍ ပေရသိဘုရင်ကုရု ၂ သည် ဗာဗုလုန်ကိုသိမ်းပိုက်ကာ ခါလဒဲဘုရင်ဗေလရှာဇာကို အဆုံးစီရင်ခဲ့သည်။ ယခု သိမ်းပိုက်ခံရခါစ ဤမြို့တော်၏ဦးဆုံးဘုရင်သည် မည်သူဖြစ်လာမည်နည်း။ မြို့တော်ကျရှုံးချိန်တွင် မြို့တွင်း၌ရှိနေသော ဘုရားသခင့်ပရောဖက်ဒံယေလက “မေဒိအမျိုးဒါရိမင်းသည် အသက်ခြောက်ဆယ့်နှစ်နှစ်တွင် နိုင်ငံတော်ကိုသိမ်းယူတော်မူ၏” ဟုရေးသားခဲ့သည်။—ဒံယေလ ၅:၃၀၊ ၃၁။
ဒါရိကား မည်သူနည်း။ သူသည် မည်သို့သောဘုရင်ဖြစ်ကြောင်း ထင်ရှားခဲ့သနည်း။ ဗာဗုလုန်နိုင်ငံတွင် အနှစ် ၇၀ ကျော်ပြည်နှင်ခံနေခဲ့ရသော ပရောဖက်ဒံယေလကို သူမည်သို့ဆက်ဆံခဲ့သနည်း။
သမိုင်းနောက်ခံအပြည့်အစုံမရှိသောဘုရင်
မေဒိလူမျိုးဒါရိမင်း၏သမိုင်း အပြည့်အစုံမရှိချေ။ မေဒိလူမျိုးတို့အကြောင်း အရေးအသားမှတ်တမ်း မရှိသလောက်ပင်ဖြစ်သည်။ ထို့ပြင် အရှေ့အလယ်ပိုင်းတွင်တူးဖော်ရရှိသည့် ထောင်ပေါင်းများစွာသော မြားသွားသဏ္ဌာန်စာကျောက်ပြားများက ကွာဟချက်များစွာရှိသော မပြည့်စုံသည့်သမိုင်းကိုသာတင်ပြသည်။ ကျန်ရှိနေသေးသည့် ရှေးခေတ်အရေးအသားများ၏ အရေအတွက်မှာ အနည်းငယ်သာဖြစ်ပြီး ဒါရိနှင့်ပတ်သက်သောအဖြစ်အပျက်များကိုဖော်ပြရာတွင် ရာစုနှစ်တစ်ခု သို့မဟုတ် ထို့ထက်မကကွာခြားနေသည်။
သို့သော် မေဒိနိုင်ငံ၏မြို့တော် အက်ခ်ဘာတာနာကိုသိမ်းပိုက်ပြီးနောက် ပေရသိဘုရင်ကုရု ၂ သည်မေဒိလူမျိုးတို့ကို သစ္စာခံစေနိုင်ခဲ့ကြောင်း အထောက်အထားကဖော်ပြသည်။ ထို့နောက် မေဒိနှင့်ပေရသိလူမျိုးတို့သည် သူ၏ဦးဆောင်မှုအောက်တွင် စည်းလုံးစွာစစ်တိုက်ခိုက်ခဲ့ကြ၏။ သူတို့၏ဆက်ဆံရေးနှင့်စပ်လျဉ်း၍ စာရေးဆရာ ရာဘတ်ကော်လင်းစ်က မေဒိလူမျိုးနှင့် ပေရသိလူမျိုး ဟူသော သူ၏စာအုပ်တွင် ဤသို့ရေးသားခဲ့သည်– “ငြိမ်းချမ်းသည့်အချိန်တွင် မေဒိလူမျိုးတို့သည် ပေရသိလူမျိုးတို့နှင့် တန်းတူအနေအထား၌ရှိသည်။ သူတို့သည် နိုင်ငံတော်အစိုးရတွင် အဆင့်မြင့်ရာထူး၌ ခန့်အပ်ခံရပြီး ပေရသိစစ်တပ်တွင် ဦးစီးဦးဆောင်ရာထူးများရလေ့ရှိသည်။ နိုင်ငံခြားသားများကလည်း မေဒိလူမျိုးနှင့်ပေရသိလူမျိုးတို့ကို ရှုံးနိမ့်သူနှင့်အောင်နိုင်သူဟူ၍ ခွဲခြားရည်ညွှန်းခြင်း မရှိကြချေ။” ထို့ကြောင့် မေဒိနိုင်ငံသည် ပေရသိနိုင်ငံနှင့်ပေါင်းစပ်ပြီး မေဒိ-ပေရသိအင်ပါယာဟူ၍ ဖြစ်ပေါ်လာလေသည်။—ဒံယေလ ၅:၂၈; ၈:၃၊ ၄၊ ၂၀။
ဗာဗုလုန်နိုင်ငံကိုသိမ်းပိုက်ရာတွင် မေဒိလူမျိုးသည် အရေးပါသည့်ကဏ္ဍ၌ အမှန်ပင်ပါဝင်ခဲ့သည်။ ကျမ်းစာက “မေဒိလူမျိုးအာရွှေရု၏သား၊ ဒါရိမင်း” အား ဗာဗုလုန်နိုင်ငံကိုအုပ်ချုပ်သော မေဒိ-ပေရသိအင်ပါယာ၏ ပထမဆုံးဘုရင်အဖြစ်ဖော်ပြထားသည်။ (ဒံယေလ ၉:၂၊ သမ) သူ၏ဘုရင့်အာဏာတွင် “မပြောင်းလဲသောမေဒိ၊ ပေရသိဓမ္မသတ်အတိုင်း” ဥပဒေများကိုတည်စေသော အခွင့်အာဏာပါဝင်သည်။ (ဒံယေလ ၆:၈) ဒါရိနှင့်ပတ်သက်၍ ကျမ်းစာ၏ဖော်ပြချက်က သူ၏ဥပဓိရုပ်ကို တစေ့တစောင်းသိရှိစေသည်သာမက အပြင်လောကတွင် သူ့အကြောင်းဖော်ပြခြင်းမရှိရသည့် ခိုင်လုံသောအကြောင်းရင်းကိုလည်း တင်ပြပါသည်။
ဒံယေလမျက်နှာသာပေးခံခဲ့ရ
ဗာဗုလုန်နိုင်ငံတွင် အာဏာရယူပြီးမကြာမီ ဒါရိမင်းကြီးသည် “နိုင်ငံတော်အမှုအရေးအလုံးစုံတို့ကိုစီရင်သောမြို့ဝန်တစ်ရာ့နှစ်ဆယ်” နှင့် “ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောသော ဝန်ကြီးသုံးပါးကိုလည်းကောင်း . . . ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင် ဒံယေလသည် ဝန်ကြီးအရာကိုရသည်” ဟုသမ္မာကျမ်းစာကဆိုသည်။ (ဒံယေလ ၆:၁၊ ၂) သို့ရာတွင် ဒံယေလသည် မြင့်မားသောရာထူးရထားသည်ကို အခြားအရာရှိများ အလွန်မကျေမနပ်ဖြစ်နေကြသည်။ သူ၏သစ္စာရှိမှုက လာဘ်ပေးလာဘ်ယူမှုကိုတားဆီးထားပုံရှိပြီး ယင်းကြောင့် မကျေနပ်ကြရခြင်းဖြစ်ဖွယ်ရှိသည်။ ဘုရင်က ဒံယေလကိုမျက်နှာသာပေးပြီး ဝန်ကြီးချုပ်ခန့်ရန်ရည်ရွယ်ထားသောကြောင့် ဝန်ကြီးများက မနာလိုဖြစ်နေခဲ့ကြပေမည်။
ဤအခြေအနေအဆုံးတိုင်ရန်မျှော်လင့်လျက် ဝန်ကြီးနှစ်ပါးနှင့် ကိုယ်စားတော်မင်းတို့သည် ဥပဒေအရပရိယာယ်ဆင်ကြသည်။ ဒါရိမင်းထံသို့ဝင်၍ အရက်သုံးဆယ်အတွင်း ဒါရိမင်းမှတစ်ပါး “အခြားအဘယ်လူကိုဖြစ်စေ၊ အဘယ်ဘုရားကိုဖြစ်စေ . . . ဆုတောင်းခြင်း” မပြုရဟူသည့်အမိန့်ကို အတည်ပြုတံဆိပ်ခတ်ရန် လျှောက်ကြားကြ၏။ ဖီဆန်သူမည်သူ့ကိုမဆို ခြင်္သေ့တွင်းထဲချပစ်သင့်သည်ဟု အဆိုပြုကြသည်။ ထိုအမိန့်တော်ကို အစိုးရအရာရှိအားလုံးနှစ်သက်ကြပြီး ထိုအဆိုပြုချက်သည် ဘုရင်အပေါ်သူတို့၏သစ္စာရှိမှုကို ဖော်ပြခြင်းဖြစ်သည်ဟု ဒါရိအားယူမှတ်စေခဲ့သည်။—ဒံယေလ ၆:၁-၃၊ ၆-၈။
ဒါရိသည် အမိန့်ပြန်တမ်းကိုလက်မှတ်ထိုးပြီးမကြာမီ ယင်း၏အကျိုးဆက်များကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရလေသည်။ ဒံယေလသည် ယေဟောဝါဘုရားသခင်ထံဆုတောင်းမြဲဆုတောင်းသဖြင့် အမိန့်ကိုဦးဆုံးဖီဆန်သူဖြစ်လာလေသည်။ (တမန်တော် ၅:၂၉ နှိုင်းယှဉ်။) ရှင်ဘုရင်သည် ပြောင်းလဲ၍မရနိုင်သောအမိန့်တော် ပျက်ပြယ်နိုင်သောနည်းလမ်းကို စိတ်ရင်းမှန်နှင့်ရှာဖွေသည့်ကြားမှ သစ္စာရှိဒံယေလသည် ခြင်္သေ့တွင်းထဲသို့ပစ်ချခံခဲ့ရသည်။ ဒံယေလ၏ဘုရားသခင်သည် ပရောဖက်အားအသက်မသေစေရန် ကာကွယ်ပေးနိုင်သည့်တန်ခိုးရှိသည်ကို မိမိယုံကြည်စိတ်ချကြောင်း ဒါရိထုတ်ပြောခဲ့သည်။—ဒံယေလ ၆:၉-၁၇။
တစ်ညလုံးမအိပ်ဘဲအစာရှောင်ပြီးနောက် ဒါရိမင်းကြီးသည် ခြင်္သေ့တွင်းသို့အလျင်အမြန်သွားလေသည်။ ဘေးမသီရန်မခဘဲ ဒံယေလအသက်ရှင်နေသည်ကိုတွေ့ရသည့်အခါ သူဝမ်းသာလိုက်သည်ဖြစ်ခြင်း! တရားမျှတမှုကို တန်ပြန်ပြသည့်အနေနှင့် ရှင်ဘုရင်သည် ဒံယေလကိုအပြစ်တင်သူများနှင့် သူတို့၏မိသားစုများကို ချက်ချင်းခေါ်စေပြီး ခြင်္သေ့တွင်းထဲချပစ်လေသည်။ ထို့ပြင် မိမိ ‘အစိုးရသောတစ်နိုင်ငံလုံးတွင် ရှိနေသူတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြရမည်’ ဟူသောအမိန့်ကိုလည်း ကြေညာလိုက်လေသည်။—ဒံယေလ ၆:၁၈-၂၇။
ရှင်းနေသည်မှာ၊ ဒါရိသည် ဒံယေလ၏ဘုရားသခင်နှင့် သူ၏ဘာသာကိုရိုသေလေးစားပြီး တရားမျှတမှုကိုကျင့်သုံးရန် စိတ်အားထက်သန်ခဲ့သည်။ သို့တိုင် ဒံယေလကိုအပြစ်တင်သူများအား ဒဏ်စီရင်ခြင်းသည် ကျန်သည့်ဝန်ကြီးများ၏ ရန်လိုမုန်းတီးမှုကိုတိုးပွားစေခဲ့မည်။ ထို့ပြင် နိုင်ငံတော်သားအားလုံး ‘ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေကြရမည်’ ဟူသော ဒါရိ၏အမိန့်ကိုကြေညာခဲ့ခြင်းသည် တန်ခိုးကြီးသည့်ဗာဗုလုန်ယဇ်ပုရောဟိတ်များအတွက် အလွန်ခံပြင်းစရာဖြစ်ခဲ့ပေမည်။ ကျမ်းပြုဆရာများသည် ဤအကြောင်းရင်းများ၏ ဩဇာလွှမ်းမိုးမှုကို ခံခဲ့ကြရမည်ဖြစ်သောကြောင့် လောကီမှတ်တမ်းများကိုပြုပြင်ပြောင်းလဲ၍ ဒါရိနှင့်ပတ်သက်သော သက်သေအထောက်အထားကို ထုတ်ပစ်ခဲ့မည်ဆိုလျှင် ထူးဆန်းမည်မဟုတ်ပါ။ သို့တိုင် ဒံယေလကျမ်းမှ မှတ်တမ်းတိုလေးက ဒါရိမင်းကို မျက်နှာမလိုက်ဘဲ တရားမျှတသောမင်းတစ်ပါးအဖြစ် ဖော်ပြထားပါသည်။