မက္ကဘီးများကား—မည်သူများနည်း
မက္ကဘီးအချိန်ကာလသည် လူအများအတွက် နောက်ဆုံးဟေဗြဲကျမ်းစာစောင်ရေးပြီးခြင်းနှင့် ယေရှုခရစ်ရောက်ရှိခြင်းကြားကာလ၏ မှတ်တမ်းတင်စက်တစ်ခုနှင့်တူသည်။ လေယာဉ်ပျက်ကျပြီးနောက် လေယာဉ်ပေါ်မှ ပျံသန်းမှုမှတ်တမ်းတင်စက်ကို လေ့လာသောအခါ အသေးစိတ်အချက်အလက်အချို့ရရှိနိုင်သကဲ့သို့ ဂျူးလူမျိုးအတွက် အပြောင်းအလဲကာလဖြစ်ခဲ့သော မက္ကဘီးခေတ်ကို သေချာစွာဆန်းစစ်ခြင်းအားဖြင့် ထိုးထွင်းသိမြင်နိုင်စရာများရှိသည်။
မက္ကဘီးများကား မည်သူများနည်း။ သူတို့သည် တင်ကြိုဟောထားသောမေရှိယ မရောက်ရှိမီ ယုဒဘာသာတရားအပေါ် မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။—ဒံယေလ ၉:၂၅၊ ၂၆။
ဂရိထုံးတမ်းစဉ်လာဝါဒ၏ ဒီရေလှိုင်းလုံး
မဟာအလက်ဇန္ဒားသည် ဂရိမှအိန္ဒိယ (ဘီ.စီ.အီး. ၃၃၆-၃၂၃) အထိတောက်လျှောက် နယ်မြေများကို နည်းမျိုးစုံဖြင့် သိမ်းပိုက်ခဲ့သည်။ သူ၏ကြီးမားကျယ်ပြန့်သောနိုင်ငံကြောင့် ဂရိဘာသာစကားနှင့် ယဉ်ကျေးမှုသည် ပျံ့နှံ့သွားခဲ့သည်။ အလက်ဇန္ဒား၏အရာရှိများနှင့် စစ်သည်တော်များသည် ဒေသခံအမျိုးသမီးများကို လက်ထပ်ခဲ့ကြသည့်အတွက် ဂရိနှင့်တိုင်းတစ်ပါးယဉ်ကျေးမှုများပေါင်းစပ်ခဲ့၏။ အလက်ဇန္ဒားကွယ်လွန်ပြီးနောက် သူ၏နိုင်ငံကို ဗိုလ်ချုပ်ကြီးများက ခွဲဝေယူခဲ့ကြသည်။ ဘီ.စီ.အီး. ဒုတိယရာစုအစတွင် ဆီးရီးယားရှိ ဂရိဆလူးဆဒ်မင်းဆက် အန်တီအုပ်ကပ် ၃ သည်အီဂျစ်ရှိ ဂရိတော်လမီများ၏လက်အောက်မှ အစ္စရေးနိုင်ငံကို သိမ်းယူခဲ့သည်။ ဂရိထုံးစံအရအုပ်ချုပ်မှုသည် အစ္စရေးနိုင်ငံရှိဂျူးများကို မည်သို့ဖြစ်စေခဲ့သနည်း။
သမိုင်းပညာရှင်တစ်ဦးက ဤသို့ရေးသည်– “ဂျူးတို့သည် ဂရိထုံးစံလိုက်သော အိမ်နီးချင်းများနှင့် အမြဲဆက်သွယ်နေကြရပြီး ပြည်ပရှိသူတို့၏ဘာသာတူညီအစ်ကိုများနှင့် အဆက်အသွယ်နည်းသောကြောင့် ဂရိယဉ်ကျေးမှုနှင့် ဂရိတွေးခေါ်ပုံများ စိမ့်ဝင်ပျံ့နှံ့မှုသည် မရှောင်ရှားနိုင်ရာဖြစ်သည်။ . . . ဂရိထုံးစံလွှမ်းမိုးခဲ့သည့်ခေတ်ကာလတွင် အသက်ရှင်ရုံမျှဖြင့် ဂရိယဉ်ကျေးမှုကို ခံယူရလေတော့သည်။” ဂျူးတို့သည် ဂရိအမည်မှည့်လာခဲ့ကြသည်။ ဂရိထုံးစံနှင့် ဝတ်စားဆင်ယင်မှုကိုပါ အတိုင်းအတာအမျိုးမျိုးအထိ ခံယူခဲ့ကြ၏။ မသိမသာ သိမ်းသွင်းပေါင်းစပ်ခြင်း၏ ဩဇာလွှမ်းမိုးမှုကို တိုး၍ခံခဲ့ကြရ၏။
ယဇ်ပုရောဟိတ်များ၏ အကျင့်ပျက်ပြားခြင်း
ဂျူးများတွင် ဂရိထုံးတမ်းစဉ်လာသြဇာကို အများဆုံးလွှမ်းမိုးခံသူများမှာ ယဇ်ပုရောဟိတ်များဖြစ်ကြသည်။ သူတို့အများအတွက် ဂရိထုံးတမ်းစဉ်လာဝါဒကို လက်ခံခြင်းသည် ဂျူးဘာသာတရားကို အချိန်အခါနှင့်ယှဉ်၍ တိုးတက်စေခွင့်ပြုခြင်းဖြစ်သည်။ ဤသို့သောဂျူးတစ်ဦးမှာ ယဇ်ပုရောဟိတ်မင်းကြီးအိုနိုက်ယက်စ် ၃ ၏ညီဂျေဆန် (ဟေဗြဲအမည် ယောရှု) ဖြစ်သည်။ အန္တိအုတ်မြို့သို့ အိုနိုက်ယက်စ်ခရီးထွက်နေစဉ် ဂျေဆန်သည် ဂရိအာဏာပိုင်များကို လာဘ်ထိုးခဲ့သည်။ အဘယ်ကြောင့်နည်း။ ယဇ်ပုရောဟိတ်မင်းကြီး အိုနိုက်ယက်စ်နေရာတွင် ဂျေဆန်ကို ခန့်အပ်ရန် သူတို့ကိုဖြားယောင်းသွေးဆောင်ဖို့ဖြစ်သည်။ ဂရိဆလူးဆဒ်အုပ်စိုးရှင် အန်တီအုပ်ကပ် အီပီဖာနစ် (ဘီ.စီ.အီး. ၁၇၅-၁၆၄) သည်ထိုကမ်းလှမ်းချက်ကို တလိုတလားလက်ခံခဲ့သည်။ ဂရိအုပ်စိုးရှင်များသည် ယခင်က ဂျူးယဇ်ပုရောဟိတ်အရာကို ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့သော်လည်း အန်တီအုပ်ကပ်သည် စစ်ဆင်နွှဲမှုများအတွက် ရန်ပုံငွေလိုနေ၏။ ထို့ပြင် ဂရိထုံးတမ်းစဉ်လာကို ပိုမိုတက်ကြွလှုပ်ရှားစွာမြေတောင်မြှောက်ပေးမည့် ဂျူးခေါင်းဆောင်တစ်ဦးကိုတွေ့ရှိခဲ့သည့်အတွက် ဝမ်းမြောက်ခဲ့သည်။ ဂျေဆန်၏တောင်းဆိုချက်အတိုင်း အန်တီအုပ်ကပ်သည် ယေရုရှလင်မြို့ကို ဂရိမြို့တစ်မြို့ (ပေါလိ) ၏အဆင့်ရှိစေရန် ခွင့်ပြုခဲ့သည်။ ထိုနောက် ဂျေဆန်သည် အားကစားရုံတစ်ရုံ ဆောက်ခဲ့သည်။ ထိုတွင် ဂျူးလူငယ်များနှင့် ယဇ်ပုရောဟိတ်များပင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
သစ္စာဖောက်မှုက သစ္စာဖောက်မှုကိုဖြစ်ပွားစေသည်။ နောက်သုံးနှစ်အကြာတွင် ယဇ်ပုရောဟိတ်မျိုးရိုးမှဖြစ်နိုင်ဖွယ်မဟုတ်သည့် မဲနလာစ်သည် လာဘ်များများပိုထိုးခဲ့ရာ ဂျေဆန်ထွက်ပြေးခဲ့ရသည်။ မဲနလာစ်သည် အန်တီအုပ်ကပ်ကို ငွေပေးရန် ဗိမာန်တော်ဘဏ္ဍာမှ ငွေမြောက်မြားစွာကို ထုတ်ယူသုံးခဲ့သည်။ (အန္တိအုတ်မြို့တွင် ပြည်နှင်ခံနေရသော) အိုနိုက်ယက်စ် ၃ သည်ယင်းအကြောင်းကို ဆန့်ကျင်၍ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သောကြောင့် သူ့ကို သတ်ရန် မဲနလာစ်စီစဉ်ခဲ့၏။
အန်တီအုပ်ကပ်ကွယ်လွန်ပြီဟူသော ကောလာဟလပျံ့နှံ့သောအခါ ဂျေဆန်သည် မဲနလာစ်မှ ယဇ်ပုရောဟိတ်မင်းကြီးရာထူးကိုရယူရန် ကြိုးပမ်းချက်အဖြစ် လူတစ်ထောင်နှင့်ယေရုရှလင်မြို့သို့ ပြန်လာခဲ့သည်။ သို့ရာတွင် အန်တီအုပ်ကပ်သည် မကွယ်လွန်သေးချေ။ အန်တီအုပ်ကပ်သည် ဂျေဆန်၏လုပ်ဆောင်ချက်နှင့် မိမိ၏ဂရိဆန်သောပေါ်လစီများကို ဖီဆန်သည်အနေနှင့် ဂျူးများစပ်ကြား ဆူပူမှုများဖြစ်နေကြောင်းကို ကြားသောအခါ အင်အားအလုံးအရင်းနှင့်ကလဲ့စားချေခဲ့သည်။
အန်တီအုပ်ကပ်အရေးယူဆောင်ရွက်
မိုရှိပယ်လ်မန်သည် သူ၏မက္ကဘီးများစာအုပ်တွင် ဤသို့ရေးသည်– “မှတ်တမ်းများသည် ပြည့်စုံရှင်းလင်းမှုမရှိသော်လည်း ဂျူးဘာသာရေးလွတ်လပ်မှုပေးလိုက်ခြင်းသည် နိုင်ငံရေးအမှားတစ်ခုဖြစ်သည်ဟု အန်တီအုပ်ကပ်ယူဆခဲ့ပုံရှိသည်။ သူ့အထင်အရ ယေရုရှလင်မြို့တွင် နောက်ဆုံးပုန်ကန်မှုမှာ ဘာသာရေးအကြောင်းရင်းသက်သက်ကြောင့်မဟုတ်ဘဲ ယုဒနယ်တွင် လတ်တလောပေါ်ပေါက်လျက်ရှိသော အီဂျစ်ကိုလိုလားသည့်စိတ်ထားကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး သူအုပ်ချုပ်သောလူတို့ထဲမှ ဂျူးများကသာ ဘာသာရေးလွတ်လပ်မှုတောင်းဆိုသည်အတိုင်း ရရှိခဲ့သောကြောင့် အဆိုပါနိုင်ငံရေးစိတ်မှ စိုးရိမ်ဖွယ်အခြေအနေပေါ်ပေါက်ခဲ့သည်ဟူ၍ဖြစ်သည်။ . . . ယင်းကိုရပ်စဲစေရမည်ဟု သူကဆုံးဖြတ်ခဲ့၏။”
အစ္စရေးနိုင်ငံ့ခေါင်းဆောင်နှင့် ပညာရှင်အက်ဘားအီဘန်သည် ဆက်ဖြစ်ပျက်လာသည့်အမှုကို ဤသို့အကျဉ်းချုပ်ဖော်ပြသည်– “[ဘီ.စီ.အီး.] ၁၆၈ နှင့် ၁၆၇ အတွင်း ဂျူးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ဗိမာန်တော်ကို လုယက်ခြင်း၊ ဂျူးဘာသာရေးကျင့်ထုံးကို ပိတ်ပင်တားဆီးခြင်းစသည်ဖြင့် တစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ဥပုသ်စောင့်ခြင်းကဲ့သို့ပင် အရေဖျားလှီးလျှင် သေဒဏ်ပေးခံရမည်ဖြစ်သည်။ ၁၆၇ ခုနှစ် ဒီဇင်ဘာလတွင် အဆိုးဆုံးစော်ကားမှုဖြစ်လာခဲ့သည်၊ အန်တီအုပ်ကပ်၏အမိန့်ဖြင့် ဗိမာန်တော်အတွင်း၌ ဇုသယဇ်ပလ္လင်တည်ဆောက်လိုက်ပြီး ဂျူးများကို ဂရိတို့၏ထိုဘုရားအား ဂျူးဘာသာအရ မသန့်ရှင်းသည့်ဝက်သားကို ပူဇော်စေခဲ့သည်။” ၎င်းအချိန်ကာလအတွင်း မဲနလာစ်နှင့် ဂရိထုံးစံလိုက်သော အခြားဂျူးတို့သည် ညစ်ညမ်းနေသော ဗိမာန်တော်တွင် ဆက်အမှုထမ်းခဲ့ကြသည်။
ဂျူးအများက ဂရိထုံးတမ်းစဉ်လာဝါဒကို လက်ခံနေကြစဉ် သူတို့ကိုယ်ကိုသူတို့ ဟာစီဒင်ဟုသမုတ်ခဲ့ကြသော ဘာသာရေးကိုင်းရှိုင်းသည့်အုပ်စုအသစ်သည် မောရှေပညတ်ကို ပိုမိုကြပ်မတ်စွာလိုက်လျှောက်ရန် အားပေးခဲ့သည်။ ယခုအခါ သာမညလူတန်းစားသည် ဂရိထုံးစံလိုက်နေကြသော ယဇ်ပုရောဟိတ်များကို မနှစ်မြို့ကြကာ ဟာစီဒင်ဘက်ပို၍ပို၍ပါလာခဲ့ကြသည်။ နိုင်ငံတစ်ဝန်းရှိဂျူးများသည် အယူမှားသောထုံးစံများလိုက်၍ ယဇ်တို့ကိုမပူဇော်လျှင် သေရမည်ဟု အတင်းအကျပ်ပြုခံခဲ့ကြရသောအခါ အာဇာနည်အဖြစ်အသတ်ခံရသည့်အချိန်ရောက်ရှိခဲ့သည်။ အလျှော့ပေးလိုက်လျောခြင်းထက် သေခြင်းကို ပို၍ကြိုက်နှစ်သက်ကြသည့် အမျိုးသား၊ အမျိုးသမီးနှင့်ကလေးမြောက်မြားစွာ၏အကြောင်းကို ကျမ်းပိုဖြစ်သည့်မက္ကဘီးကျမ်းက ဖော်ပြထားသည်။
မက္ကဘီးများတုံ့ပြန်ကြ
အန်တီအုပ်ကပ်၏ လွန်လွန်ကြူးကြူးအရေးယူဆောင်ရွက်မှုများသည် မိမိတို့၏ဘာသာရေးကို ကာကွယ်ရန် ဂျူးများစွာအတွက် သွေးထိုးပေးမှုဖြစ်ခဲ့၏။ ခေတ်မီသော လောဒ်မြို့အနီး ယေရုရှလင်မြို့၏အနောက်မြောက်ဘက်ရှိ မိုဒီအင်တွင် မက်တသိုင်ယပ်စ်အမည်ရှိ ယဇ်ပုရောဟိတ်တစ်ဦးကို မြို့လယ်သို့ခေါ်ထုတ်ခဲ့သည်။ မက်တသိုင်ယပ်စ်ကို ဒေသခံပြည်သူများက လေးစားကြသောကြောင့် အသက်ချမ်းသာရရန်နှင့် ပြည်သူလူထုအတွက်လည်း ပုံနမူနာဖြစ်ရန် အယူမှားယဇ်ပူဇော်မှုတစ်ခုတွင်ပါဝင်ဖို့ ဘုရင့်ကိုယ်စားလှယ်က ကြိုးစားအားထုတ်ခဲ့သည်။ မက်တသိုင်ယပ်စ်က ငြင်းလိုက်သောအခါ အခြားဂျူးတစ်ဦးသည် ရှေ့သို့တိုးလာကာ လိုက်လျောရန်အသင့်ရှိခဲ့သည်။ မက်တသိုင်ယပ်စ်သည် ဒေါသလွှမ်းကာ လက်နက်တစ်ခုကို ဆတ်ကနဲဆွဲယူပြီး သူ့ကိုသတ်ပစ်ခဲ့သည်။ ဤသက်ကြီးရွယ်အိုဖြစ်သူ၏ ကြမ်းတမ်းသောလုပ်ရပ်ကြောင့် ဂရိစစ်သားများသည် အံ့အားသင့်သွားကာ တုံ့ပြန်မှုနှေးကွေးသွားခဲ့ကြသည်။ မက်တသိုင်ယပ်စ်သည် စက္ကန့်ပိုင်းအတွင်း ဂရိအရာရှိကိုလည်းသတ်ပစ်လိုက်သည်။ မက်တသိုင်ယပ်စ်၏သားငါးယောက်နှင့် မြို့သားများသည် ဂရိစစ်သားများကို သူတို့ကိုယ်ကိုသူတို့ မကာကွယ်နိုင်မီတွင် ဝိုင်းတိုက်အနိုင်ယူနိုင်ခဲ့၏။
ထို့နောက် ‘ပညတ်တော်အတွက် ဇွဲရှိကြသူတိုင်း ငါ့နောက်လိုက်ကြပါ’ ဟူ၍မက်တသိုင်ယပ်စ်က အော်ပြောခဲ့သည်။ လက်စားချေခြင်းကို ရှောင်တိမ်းနိုင်ရန် သူနှင့်သူ၏သားများသည် တောင်ပေါ်သို့ ထွက်ပြေးသွားကြသည်။ သူတို့၏လုပ်ဆောင်မှုသတင်း ပျံ့နှံ့သွားသောအခါ (ဟာစီဒင်အများအပြားအပါအဝင်) ဂျူးများသည်သူတို့နှင့် ပူးပေါင်းခဲ့ကြသည်။
မက်တသိုင်ယပ်စ်သည် သူ၏သားဂျူဒါအား စစ်ဆင်ရေးတာဝန်အပ်နှင်းခဲ့သည်။ ဂျူဒါ၏စစ်ဆင်ရေးပြောင်မြောက်မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး သူ့အားထုရိုက်သည့် “တူ” ဟူ၍အဓိပ္ပာယ်ရသည့် မက္ကဘီးဟုသမုတ်ခဲ့သည်။ မက်တသိုင်ယပ်စ်နှင့်သူ၏သားများကို ဟေရှမုန်မြို့မှ ဆင်းသက်သောအမည် သို့မဟုတ် ဘိုးဘေးတစ်ဦး၏အမည်မှ ဆင်းသက်သောအမည်ဖြစ်သည့် ဟက်စ်မိုနီယန်ဟူ၍ ခေါ်ဆိုခဲ့ကြသည်။ (ယောရှု ၁၅:၂၇) သို့သော် ဂျူဒါမက္ကဘီးသည် ထိုတော်လှန်ရေးအတွင်း အထင်ကရပုဂ္ဂိုလ်ဖြစ်လာခဲ့သောကြောင့် ထိုမိသားစုတစ်စုလုံးကို မက္ကဘီးများဟုခေါ်ခဲ့ကြသည်။
ဗိမာန်တော်ကိုပြန်လည်သိမ်းပိုက်
တော်လှန်ရေးပထမနှစ်အတွင်း မက်တသိုင်ယပ်စ်နှင့်သူ၏သားများသည် စစ်တပ်ငယ်တစ်တပ်ကို ဖွဲ့စည်းနိုင်ခဲ့၏။ ဂရိစစ်သားများသည် ဟာစီဒင်တိုက်ခိုက်သူလူစုများကို တစ်ကြိမ်ထက်မက ဥပုသ်နေ့တွင် တိုက်ခိုက်ခဲ့ကြသည်။ သူတို့ကိုယ်ကိုသူတို့ ကာကွယ်နိုင်စွမ်းရှိသော်လည်း ဥပုသ်နေ့ကို ချိုးဖောက်မည်မဟုတ်ကြချေ။ ထို့ကြောင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ ဖြစ်ပေါ်ခဲ့၏။ အခု ဘာသာရေးအာဏာပိုင်တစ်ဦးအဖြစ် ရှုမြင်ခံရသော မက်တသိုင်ယပ်စ်သည် ဥပုသ်နေ့တွင် မိမိကိုယ်ကိုဂျူးများကာကွယ်ပေးနိုင်ရန် စည်းမျဉ်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ဤစည်းမျဉ်းသည် ပုန်ကန်မှုအတွက် အားအင်အသစ်သွန်းလောင်းပေးရုံသာမက ပြောင်းလဲသောအခြေအနေများအရ ဂျူးပညတ်ကို ဘာသာရေးခေါင်းဆောင်များက ပြုပြင်ခွင့်ရှိကြောင်း ယုဒဘာသာတွင် ပုံစံတစ်ရပ်ကိုလည်းချမှတ်ပေးခဲ့သည်။ တာလ်မွဒ်သည် နောက်ပိုင်းတွင် ထွက်ပေါ်လာသည့် ဤဖော်ပြချက်၌ ဤတိမ်းယိမ်းမှုကို ရောင်ပြန်ဟပ်သည်– “ဥပုသ်နေ့များစွာကို စင်ကြယ်သန့်ရှင်းစေဖို့အတွက် ဥပုသ်နေ့တစ်နေ့ကို ညစ်ညမ်းပါစေ။”—ရိုးမာ ၈၅ခ။
ဂျူဒါမက္ကဘီး၏သက်ကြီးရွယ်အိုဖခင်သေဆုံးပြီးနောက် သူ့ကို တော်လှန်ရေးခေါင်းဆောင်အဖြစ် မငြင်းမဆိုလက်ခံခဲ့ကြသည်။ စစ်မြေပြင်တွင် တိုက်ခိုက်နိုင်စွမ်းမရှိကြောင်းကို သူသိရှိသည့်အတွက် မျက်မှောက်ခေတ်ပြောက်ကျားစစ်ကဲ့သို့ တိုက်ခိုက်နည်းသစ်များကို သူတီထွင်ခဲ့သည်။ အန်တီအုပ်ကပ်၏တပ်ဖွဲ့များ အသုံးပြုလေ့ရှိသော ခုခံကာကွယ်နည်းများကို အသုံးမပြုနိုင်သည့်နေရာများတွင် ဝင်တိုက်ခိုက်ကြလေသည်။ ထိုသို့ဖြင့် ဂျူဒါသည် သူ၏စစ်အင်အားထက်များစွာသာလွန်ကြီးမားသည့် စစ်တပ်ကို တစ်ပွဲပြီးတစ်ပွဲအနိုင်ရရှိခဲ့၏။
ပြည်တွင်းပြိုင်ဆိုင်မှုများနှင့် ရောမ၏အရှိန်အဝါတက်လာနေခြင်းကို ရင်ဆိုင်နေရသောကြောင့် ဆလူးဆဒ်အင်ပါယာအုပ်စိုးရှင်များသည် ဂျူးများအားဆန့်ကျင်သည့်အမိန့်များကို ထုတ်ပြန်ရန် အာရုံမစိုက်နိုင်တော့ချေ။ ဤအခြေအနေက ယေရုရှလင်မြို့၏ဂိတ်ဝများအထိ တရကြမ်းတိုက်ခိုက်ဖို့ ဂျူဒါအတွက် လမ်းဖွင့်ပေးခဲ့၏။ ဘီ.စီ.အီး. ၁၆၅၊ ဒီဇင်ဘာလ (သို့မဟုတ် ဘီ.စီ.အီး. ၁၆၄ ဖြစ်ကောင်းဖြစ်နိုင်) တွင်သူနှင့်သူ၏စစ်သည်များသည် ဗိမာန်တော်ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပြီး ခွက်ယောက်ပန်းကန်များကို စင်ကြယ်စေခဲ့၏၊ ထို့နောက် ညစ်ညမ်းစေခဲ့သည့် သုံးနှစ်မြောက်နေ့တွင် ပြန်လည်အပ်နှံခဲ့သည်။ ဂျူးများသည် ဆက်ကပ်အပ်နှံပွဲဖြစ်သည့် ဟာနွတ်ကာအတွင်း နှစ်စဉ်နှစ်တိုင်း ၎င်းအဖြစ်အပျက်၏အထိမ်းအမှတ်ပွဲခံကြသည်။
ဘာသာရေးကိုင်းရှိုင်းမှုကို နိုင်ငံရေးလွှမ်းမိုး
တော်လှန်ရေး၏ပန်းတိုင်များ ပြည့်ဝအောင်မြင်ခဲ့၏။ ဂျူးဘာသာရေးကျင့်စဉ်များကို ပိတ်ပင်တားမြစ်ခြင်းအားလုံးကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။ ဗိမာန်တော်တွင် ပြန်လည်ဝတ်ပြုကိုးကွယ်ပြီး ယဇ်ပူဇော်နိုင်ပြီဖြစ်သည်။ ယခု စိတ်ကျေနပ်စွာဖြင့် ဟာစီဒင်တို့သည် ဂျူဒါမက္ကဘီး၏စစ်တပ်မှ ထွက်ပြီး အိမ်ပြန်နိုင်ကြသည်။ သို့သော် ဂျူဒါတွင် အခြားအကြံဉာဏ်များရှိ၏။ သူ၏စစ်တပ်သည် ကောင်းစွာလေ့ကျင့်ပေးထားသော စစ်တပ်တစ်တပ်ဖြစ်ရာ လွတ်လပ်သောဂျူးနိုင်ငံတစ်နိုင်ငံတည်ထောင်ရန် ယင်းကိုအသုံးပြုလျှင် မကောင်းပေလော။ ယခုအခါ ပုန်ကန်မှုစတင်ဖြစ်ပေါ်ခဲ့ရသည့် ဘာသာရေးအကြောင်းပြချက်များသည် နိုင်ငံရေးအကျိုးအမြတ်များအတွက် ဖြစ်လာလေသည်။ သို့နှင့် ဆက်လက်ကြိုးပမ်းတိုက်ခိုက်ခဲ့ကြသည်။
ဆလူးဆဒ်၏စိုးမိုးခြယ်လှယ်ခြင်းကို ဆန့်ကျင်တိုက်ခိုက်ရာ၌ အကူအညီရရန် ဂျူဒါမက္ကဘီးသည် ရောမနှင့်စာချုပ်ချုပ်ခဲ့သည်။ ဘီ.စီ.အီး. ၁၆၀ ၌တိုက်ပွဲတွင် သူအသတ်ခံခဲ့ရသော်လည်း သူ၏ညီများက ဆက်၍တိုက်ခိုက်ခဲ့သည်။ ဂျူဒါ၏ညီဂျော်နသန်သည် ဆလူးဆဒ်အုပ်စိုးရှင်များ၏ အုပ်စိုးမှုအောက်တွင်ရှိနေသေးသော်လည်း ယုဒပြည်နယ်တွင် ယဇ်ပုရောဟိတ်မင်းကြီးနှင့် အုပ်စိုးရှင်အဖြစ် ခန့်အပ်ခံရရန် ဉာဏ်ဆင်ခဲ့သည်။ ဆီးရီးယန်း၏ပူးပေါင်းကြံစည်မှုကြောင့် ဂျော်နသန်သည် ပရိယာယ်ဆင် ဖမ်းဆီးအသတ်ခံရသောအခါ မက္ကဘီးညီအစ်ကိုများမှ ကျန်သော သူ၏ညီ စိမီယန်က နောက်ဆုံးတာဝန်ယူဆောင်ရွက်ခဲ့၏။ စိမီယန်၏အုပ်ချုပ်မှုအောက်တွင် ဆလူးဆဒ်၏စိုးမိုးခြယ်လှယ်မှုသည် (ဘီ.စီ.အီး. ၁၄၁ တွင်) လုံးဝဖယ်ရှားခံခဲ့ရသည်။ စိမီယန်သည် ရောမနှင့်တစ်ဖန်မဟာမိတ်ဖွဲ့ခဲ့ပြီး ဂျူးခေါင်းဆောင်များက သူ့ကို အုပ်စိုးရှင်အဖြစ်၊ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် လက်ခံခဲ့ကြသည်။ ထိုသို့ဖြင့် လွတ်လပ်သောဟတ်စမိုနီယန်မင်းဆက်တစ်ဆက်ကို မက္ကဘီးများလက်ထက်တွင် တည်ထောင်နိုင်ခဲ့သည်။
မက္ကဘီးများသည် မေရှိယမရောက်ရှိမီ ဗိမာန်တော်၌ ဝတ်ပြုမှုအစီအစဉ်ကို ပြန်လည်တည်ထောင်ခဲ့၏။ (ယောဟန် ၁:၄၁၊ ၄၂ နှိုင်းယှဉ်; ၂:၁၃-၁၇။) သို့သော် ဂရိထုံးစံလိုက်ခဲ့ကြသော ယဇ်ပုရောဟိတ်များ၏အပြုအမူများကြောင့် ယဇ်ပုရောဟိတ်အပေါ် ယုံကြည်စိတ်ချမှုပျက်စီးခဲ့သကဲ့သို့ ဟတ်စမိုနီယန်တို့၏လက်အောက်တွင် ပို၍ပင်ပျက်စီးသွားခဲ့၏။ အမှန်အားဖြင့် သစ္စာရှိဒါဝိဒ်မျိုးနွယ်တော်မှဆင်းသက်သော ဘုရင်တစ်ပါး၏အုပ်ချုပ်မှုနှင့်မတူဘဲ နိုင်ငံရေးစိတ်ထားရှိသောယဇ်ပုရောဟိတ်များ၏ အုပ်ချုပ်မှုသည် ဂျူးများကို စစ်မှန်သောကောင်းချီးများမခံစားစေခဲ့ချေ။—၂ ဓမ္မရာဇဝင် ၇:၁၆; ဆာလံ ၈၉:၃၊ ၄၊ ၃၅၊ ၃၆။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
‘ပညတ်တော်အတွက် ဇွဲရှိကြသူတိုင်း ငါ့နောက်လိုက်ကြ’ ဟူ၍ ယုဒမက္ကဘီး၏ဖခင် မက်တသိုင်ယပ်စ်က ဟစ်အော်ပြောခဲ့
[Credit Line]
ဂျူးဒုက္ခသည်များကို မက်တသိုင်ယပ်စ်တောင်းပန်နေ/ဒိုရီသမ္မာကျမ်းစာရုပ်ပုံများ/Dover Publications