ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၂/၁ စာ. ၉-၁၃
  • ကြီးမြတ်သောအိုးထိန်းသမားနှင့်ကိုယ်တော့်လက်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြီးမြတ်သောအိုးထိန်းသမားနှင့်ကိုယ်တော့်လက်ရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိုးထိန်းသမားသည် မိမိ၏လက်ရာကိုတိုးချဲ့
  • သင်သည် အဘယ်အိုးမျိုးဖြစ်မည်နည်း
  • စမ်းသပ်ခြင်းများကိုရင်ဆိုင်နိုင်ရန်ပုံသွင်းခံရ
  • ကျွန်ုပ်တို့၏ငယ်ရွယ်သူများကိုပုံသွင်းခြင်း
  • လူတိုင်းကိုပုံသွင်းခြင်း
  • ယေဟောဝါပုံသွင်းတာကို လက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • အိုးထိန်းရှင်ယေဟောဝါကို တန်ဖိုးထားလေးမြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • မြေအိုးများရှိ ကျွန်ုပ်တို့ဘဏ္ဍာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အထူးစည်းဝေးပွဲနေ့ အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၂/၁ စာ. ၉-၁၃

ကြီးမြတ်သောအိုးထိန်းသမားနှင့်ကိုယ်တော့်လက်ရာ

“ကောင်းသောအမှုများအဖို့အလိုငှာ ပြင်ဆင်သောတန်ဆာ [“အိုး၊” ကဘ] ဖြစ်” ကြလေ။—၂ တိမောသေ ၂:၂၁။

၁၊ ၂။ (က) ဘုရားသခင့်ဖန်ဆင်းရာ လူယောက်ျားနှင့် မိန်းမသည် မည်သို့ထူးခြားသောလက်ရာဖြစ်ခဲ့သနည်း။ (ခ) ကြီးမြတ်သောအိုးထိန်းသမားသည် အာဒံနှင့်ဧဝတို့ကို အဘယ်ရည်ရွယ်ချက်နှင့် ဖြစ်စေခဲ့သနည်း။

ယေဟောဝါသည် ကြီးမြတ်သောအိုးထိန်းသမားဖြစ်၏။ ကိုယ်တော်၏ထူးကဲပြောင်မြောက်သောဖန်ဆင်းရာတစ်ခုမှာ ကျွန်ုပ်တို့၏ကနဦးမိဘအာဒံဖြစ်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ယေဟောဝါဘုရားသခင်သည် မြေမှုန့်မှ လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောစိုးလ် ဖြစ်လာသည်။” ဆိုလိုသည်မှာ “အသက်ရှူသောသတ္တဝါ” ဖြစ်၏။ (ကမ္ဘာဦး ၂:၇ [ကဘ]၊ အောက်ခြေမှတ်ချက်) ထိုပထမလူသားသည် စုံလင်ခဲ့ပြီး ဘုရားသခင့်ပုံသဏ္ဌာန်အတိုင်းပုံစံပြုခံခဲ့ရရာ ဘုရားသခင်၏မြင့်မြတ်သော ဉာဏ်ပညာနှင့် စစ်မှန်သောဖြောင့်မတ်မှု၊ တရားမျှတမှုကိုချစ်မြတ်နိုးခြင်း၏သာဓကတစ်ရပ်ဖြစ်သည်။

၂ ဘုရားသခင်သည် အာဒံ၏နံရိုးကိုအသုံးပြုကာ ယောက်ျားအတွက် ဖြည့်ဖက်နှင့်အထောက်အမဖြစ်မည့် မိန်းမကိုလည်းပုံသွင်းခဲ့သည်။ ဧဝ၏အပြစ်မဲ့သောချစ်စဖွယ်အလှသည် ယနေ့အကြော့ရှင်းဆုံးမိန်းမများထက်ပင် သာလွန်ခဲ့သည်။ (ကမ္ဘာဦး ၂:၂၁-၂၃) ထို့အပြင် ပထမလူသားမောင်နှံသည် ဤကမ္ဘာကိုပရဒိသုဖြစ်စေမည့် သူတို့၏တာဝန်ကိုပြီးမြောက်စေရန် စုံလင်စွာပုံစံပြုထားသည့်ခန္ဓာကိုယ်များနှင့် အစွမ်းအစများပေးအပ်ခံခဲ့ရကြသည်။ သူတို့သည် ကမ္ဘာဦး ၁:၂၈ တွင်ဖော်ပြထားသော ဘုရားသခင့်မိန့်မှာချက်အတိုင်းဆောင်ရွက်နိုင်ရန် အစွမ်းကိုလည်းပေးအပ်ခံရ၏– “အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။” အဆုံးတွင် ဤကမ္ဘာချီဥယျာဉ်သည် “စုံလင်ခြင်းအဖွဲ့” တည်းဟူသောမေတ္တာမျိုးဖြင့် ပေါင်းစည်းနှောင်ဖွဲ့ထားသည့် ရွှင်လန်းသောလူသန်းပေါင်းများစွာနှင့် ပြည့်နှက်နေဖို့ဖြစ်သည်။—ကောလောသဲ ၃:၁၄။

၃။ ကျွန်ုပ်တို့၏ ကန ဦးမိဘများသည် မည်သို့ အသရေမရှိသောအိုးများဖြစ် လာခဲ့ကြသနည်း၊ အဘယ်ရလဒ်ရခဲ့သနည်း။

၃ ကျွန်ုပ်တို့၏ကနဦးမိဘများသည် အကြွင်းမဲ့ပိုင်သအုပ်စိုးသည့်ဖန်ဆင်းရှင်၊ ကြီးမြတ်သောအိုးထိန်းသမား၏အခွင့်အာဏာကို ဆန့်ကျင်ပုန်ကန်ရန် စိတ်လိုကိုယ်လျောက်ရွေးချယ်ခဲ့ကြခြင်းသည် ဝမ်းနည်းစရာဖြစ်၏။ သူတို့၏လုပ်ရပ်ကြောင့် ဟေရှာယ ၂၉:၁၅၊ ၁၆ ၌ဖော်ပြထားသည့်နှယ်ဖြစ်လာခဲ့သည်– “ထာဝရဘုရားမသိစေခြင်းငှာ၊ နက်နဲသောအကြံကိုကြံ၍၊ မှောင်မိုက်ထဲမှာအမှုကိုပြုလျက် ‘ငါတို့ကိုအဘယ်သူမြင်သနည်း။ ငါတို့ကိုအဘယ်သူသိသနည်း’ ဟုပြောဆိုတတ်သောသူတို့သည်အမင်္ဂလာရှိကြ၏။ . . . အိုးထိန်းသမားကို အိုးမြေကဲ့သို့မှတ်ရမည်လော။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူကိုရည်မှတ်၍ ‘ဤသူသည်ငါ့ကိုမလုပ်’ ဟုဆိုရမည်လော။ ဖန်ဆင်းအပ်သောအရာသည် ဖန်ဆင်းတတ်သောသူကိုရည်မှတ်၍ ‘ဤသူ၌ ပညာအတတ်မရှိ’ ဟုဆိုရမည်လော။” သူတို့၏ထင်ရာစိုင်းမှုသည် ဘေး—ထာဝရသေဒဏ်စီရင်ချက်ကို—ဖြစ်စေခဲ့၏။ ထို့အပြင် သူတို့မှဆင်းသက်သည့် လူ့မျိုးနွယ်တစ်ခုလုံးသည် အပြစ်နှင့်သေခြင်းကို အမွေရခဲ့ကြသည်။ (ရောမ ၅:၁၂၊ ၁၈) ကြီးမြတ်သောအိုးထိန်းသမားဖန်ဆင်းထားရာအလှသည် အနာရွတ်ကြီးဖြစ်လာခဲ့ရသည်။

၄။ ကျွန်ုပ်တို့သည် အဘယ်အသရေရှိသော ရည်ရွယ်ချက်အတွက် အမှုဆောင်နိုင်သနည်း။

၄ သို့ရာတွင် လက်ရှိမစုံလင်သည့်အခြေအနေ၌ပင် အပြစ်ရှိသောအာဒံ၏မျိုးဆက်များဖြစ်သော ကျွန်ုပ်တို့သည် ဆာလံ ၁၃၉:၁၄ ပါစကားများဖြင့် ယေဟောဝါအားချီးမွမ်းနိုင်သည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည်အမှန်သိပါ၏။” သို့သော် ကြီးမြတ်သောအိုးထိန်းသမား၏မူလလက်ရာသည် ဤမျှတိုင်စွန်းထင်းခံနေရခြင်းကား အလွန်ဝမ်းနည်းစရာပင်!

အိုးထိန်းသမားသည် မိမိ၏လက်ရာကိုတိုးချဲ့

၅။ ကြီးမြတ်သောအိုးထိန်းသမား၏ကျွမ်းကျင်မှုကို မည်သို့ပြုရန်ဖြစ်သနည်း။

၅ အိုးထိန်းသမားတစ်ဦးအဖြစ် ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ကျွမ်းကျင်မှုသည် လူသားအားအစပြုဖန်ဆင်းခြင်းကို ပုံသွင်းခြင်းထက်မက ပြုလုပ်ရန်ဖြစ်သည်မှာ ဝမ်းသာစရာဖြစ်၏။ တမန်တော်ပေါလုက ဤသို့ဆို၏– “ဘုရားသခင်ကိုငြင်းဆန်သောအချင်းလူ၊ သင်သည်ကားအဘယ်သူနည်း။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူအား ‘အဘယ်ကြောင့် ငါ့ကိုဤသို့လုပ်သနည်း’ ဟုဆိုရမည်လော။ အိုးထိန်းသမားသည် အိုးမြေကိုပိုင်သည်မဟုတ်လော။ အိုးမြေတစ်ပုံတည်းနှင့် အိုးမြတ်၊ အိုးယုတ်ကိုလုပ်ပိုင်သည်မဟုတ်လော။”—ရောမ ၉:၂၀၊ ၂၁။

၆၊ ၇။ (က) ယနေ့လူများစွာသည် အသရေမရှိခြင်းအတွက်ပုံသွင်းခံရန် မည်သို့ရွေးချယ်ကြသနည်း။ (ခ) ဖြောင့်မတ်သူများသည် ‘အသရေရှိစွာ’ အသုံးတော်ခံရန် မည်သို့ပုံသွင်းခံရသနည်း။

၆ မှန်ပါသည်၊ ကြီးမြတ်သောအိုးထိန်းသမား၏လက်ရာတချို့သည် အသရေရှိသောအိုးအဖြစ်၊ တချို့သည်အသရေမရှိသောအိုးအဖြစ် ပုံသွင်းခံရကြပါလိမ့်မည်။ ဘုရားတရားမဲ့သည့်ရွှံ့ညွန်အိုင်တွင် နစ်သည်ထက်နစ်နေသော ဤလောကနှင့်အတူလိုက်ပါသွားရန်ရွေးချယ်သူတို့သည် ဖျက်ဆီးခြင်းအတွက် သတ်မှတ်ဖို့ပုံသွင်းခံရသည်။ ဘုန်းအသရေနှင့်ပြည့်စုံသော ဘုရင်ယေရှုခရစ်သည် တရားစီရင်ရန်ကြွလာသောအခါ မဿဲ ၂၅:၄၆ တွင်ဖော်ပြထားသကဲ့သို့ “ထာဝရအပြစ်ဒဏ်ခံရာသို့ . . . သွားကြ” မည့်အိုးယုတ်တွင်ခေါင်းမာသည့် ဆိတ်ကဲ့သို့သောလူသားများ ပါဝင်လိမ့်မည်။ သို့သော် “အိုးမြတ်” အဖြစ်ပုံသွင်းခံရသည့် သိုးကဲ့သို့သော “ဖြောင့်မတ်သောသူတို့” သည် “ထာဝရအသက်” ကိုအမွေခံရကြလိမ့်မည်။

၇ ဤဖြောင့်မတ်သောသူတို့သည် ဘုရားသခင့်ပုံသွင်းခြင်းကို နှိမ့်ချစွာခံယူပြီးသားဖြစ်ကြပါလိမ့်မည်။ သူတို့သည် ဘုရားသခင်နှစ်သက်သည့်ဘဝလမ်းစဉ်အတိုင်း လျှောက်လှမ်းနေသူများဖြစ်၏။ “မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော၊ အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်” ဟူသော ၁ တိမောသေ ၆:၁၇-၁၉ တွင်ပါသည့် ဆုံးမစကားကို သူတို့လက်ခံခဲ့ကြသည်။ “သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ မှန်သောအသက်ကိုဝင်စားလိုသောငှာ၊ နောင်ဘဝ၌ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ဆည်းပူးခြင်း” တို့ကိုသူတို့ပြုခဲ့ကြပြီ။ အာဒံ၏အပြစ်ကြောင့်ဆုံးရှုံးခဲ့ရသမျှကို ပြန်လည်ရရှိရန် “တန်ဖိုးတူရွေးနုတ်ဖိုးအဖြစ်ကိုယ်ကိုစွန့်တော်မူ” ခဲ့သောယေရှုခရစ်မှတစ်ဆင့် ယေဟောဝါ၏ပြင်ဆင်ချက်ကို အခိုင်အမာယုံကြည်ခြင်းနှင့် ဘုရားသခင့်သမ္မာတရား၏ ပုံသွင်းခြင်းကိုခံခဲ့ကြရသည်။ (၁ တိမောသေ ၂:၆၊ ကဘ) ထို့ကြောင့် “ဖန်ဆင်းတော်မူသောပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့်အသစ်ပြုပြင်သောလူသစ်ကို [ကိုယ်တိုင်] ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ” လော့ဟူသည့်ပေါလု၏အကြံပြုချက်ကို လိုလိုလားလားနာယူသင့်သည်တကား!—ကောလောသဲ ၃:၁၀။

သင်သည် အဘယ်အိုးမျိုးဖြစ်မည်နည်း

၈။ (က) လူတစ်ဦးသည် အဘယ်အိုးမျိုးဖြစ်လာခြင်းကို မည်သည့်အရာကပိုင်းဖြတ်ပေးသနည်း။ (ခ) လူတစ်ဦး၏ပုံသွင်းခြင်းကို အဘယ်အချက်နှစ်ချက်ကပုံဖော်ပေးသနည်း။

၈ လူတစ်ဦးသည် အဘယ်အိုးမျိုးဖြစ်လာသည်ကို မည်သည့်အရာက ပိုင်းဖြတ်ပေးသနည်း။ သူ၏သဘောထားနှင့် အကျင့်အကြံတို့ဖြစ်သည်။ ယင်းတို့သည် စိတ်နှလုံးအကြံအစည်၊ လိုအင်ဆန္ဒများဖြင့် ဦးဆုံးပုံပေါ်လာ၏။ ပညာရှိဘုရင်ရှောလမုန်က ဤသို့ဆိုခဲ့သည်– “လူသည်မိမိသွားရာလမ်းကို စိတ်ထဲမှာကြံစည်၏။ သို့သော်လည်း၊ သူ၏ခြေရာတို့ကို ထာဝရဘုရားစီရင်တော်မူ၏။” (သု. ၁၆:၉) ဒုတိယအနေဖြင့် ကြားရ၊ မြင်ရ၊ အပေါင်းအသင်းများနှင့် အတွေ့အကြုံတို့က ယင်းတို့ကိုပုံဖော်ပေးသည်။ ထို့ကြောင့် ဤဆုံးမစကားကိုလိုက်လျှောက်ဖို့ အရေးကြီးလှပေသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။” (သု. ၁၃:၂၀) ၂ ပေတရု ၁:၁၆ တွင်သတိပေးထားသကဲ့သို့ ကျွန်ုပ်တို့သည် “ပရိယာယ်နှင့်ပြင်ဆင်သောဒဏ္ဍာရီစကား၊” သို့မဟုတ် နောက်စ်၏ရောမကက်သလစ်ဘာသာပြန်ကျမ်းအရ “လူတို့တီထွင်ထားသောပုံပြင်များ” ကိုမလိုက်နာရချေ။ ၎င်းတို့တွင် ဖောက်ပြန်သော ခရစ်ယာန်ဘောင်သွန်သင်ချက်များနှင့် ဘာသာရေးပွဲမြောက်မြားစွာပါဝင်ပေမည်။

၉။ ကြီးမြတ်သောအိုးထိန်းသမား၏ပုံသွင်းခြင်းကို မည်သို့ကောင်းစွာတုံ့ပြန်နိုင်သနည်း။

၉ ကျွန်ုပ်တို့၏တုံ့ပြန်ပုံအရ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုပုံသွင်းနိုင်သည်။ ယေဟောဝါ၏ရှေ့မှောက်၌နှိမ့်ချစွာဖြင့် ဒါဝိဒ်၏ ဤဆုတောင်းချက်ကို ကျွန်ုပ်တို့ထပ်ခါတလဲလဲဆိုနိုင်ကြသည်– “အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍၊ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်မလိုက်သည်ကိုကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။” (ဆာလံ ၁၃၉:၂၃၊ ၂၄) ယေဟောဝါသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေစေ၏။ ထိုသတင်းကောင်းကိုလက်ခံခဲ့ကြရုံသာမက ထပ်ဆင့်၍လမ်းညွှန်ပေးမှုများကိုပါ ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြသည်။ ကိုယ်တော့်မျက်မြင်ရအဖွဲ့အစည်းမှတစ်ဆင့် သတင်းကောင်းဟောပြောခြင်းနှင့်ဆိုင်သော အခွင့်အရေးအမျိုးမျိုးကိုပေးတော်မူ၏; ၎င်းတို့ကိုလက်ခံယူပြီး တန်ဖိုးထားကြစို့လေ။—ဖိလိပ္ပိ ၁:၉-၁၁။

၁၀။ ဝိညာဉ်ရေးအစီအစဉ်များကိုလိုက်လျှောက်ရာတွင် ကျွန်ုပ်တို့သည် မည်သို့ကြိုးစားအားထုတ်သင့်သနည်း။

၁၀ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အမြဲအာရုံစိုက်ကာ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကိုလိုက်လျှောက်ခြင်းနှင့် ကျမ်းစာအကြောင်း၊ ယေဟောဝါ၏လုပ်ငန်းတော်အကြောင်း ကျွန်ုပ်တို့၏မိသားစုတွင်ဖြစ်စေ၊ မိတ်ဆွေများနှင့်ဖြစ်စေ ဆွေးနွေးခြင်းသည် အလွန်အရေးကြီး၏။ ယေဟောဝါသက်သေများ၏ ဗေသလမိသားစုနှင့် သာသနာပြုအုပ်စုအသီးသီးတို့ နံနက်စာစားချိန်၌ ပြုလုပ်ကြသည့် နံနက်ဝတ်ပြုမှုအစီအစဉ်တွင် ပုံမှန်အားဖြင့် တစ်ပတ်ခြားစီ ကျမ်းစာ သို့မဟုတ် နောက်ဆုံးထုတ်နှစ်ချုပ်စာအုပ် ဖတ်ရှုခြင်းတို့ပါဝင်လေ့ရှိသည်။ သင့်မိသားစုတွင်လည်း အလားတူအစီအစဉ်ရှိနိုင်ပါမည်လော။ ထို့အပြင် ခရစ်ယာန်အသင်းတော်တွင်၊ အတူတကွစည်းဝေးရာတွင်၊ အထူးသဖြင့် ပတ်စဉ်ကင်းမျှော်စင်သင်တန်းတွင် ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့အားလုံးမည်မျှအကျိုးကျေးဇူးခံစားကြရသည်တကား!

စမ်းသပ်ခြင်းများကိုရင်ဆိုင်နိုင်ရန်ပုံသွင်းခံရ

၁၁၊ ၁၂။ (က) ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် စမ်းသပ်ခံရခြင်းများနှင့်ပတ်သက်သော ယာကုပ်၏ဆုံးမစကားကို မည်သို့လိုက်လျှောက်နိုင်သနည်း။ (ခ) ယောဘ၏တွေ့ ကြုံမှုက ကျွန်ုပ်တို့အား သစ္စာတည်ကြည်ရန် မည်သို့အားပေးသနည်း။

၁၁ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ကျွန်ုပ်တို့အတွက်ခက်ခဲမည့် တချို့သောအခြေအနေများကို ဘုရားသခင် ပေါ်ပေါက်ခွင့်ပေးသည်။ ၎င်းတို့ကို ကျွန်ုပ်တို့မည်သို့သဘောထားသင့်သနည်း။ ယာကုပ် ၄:၈ တွင်ဆုံးမသကဲ့သို့ ဘယ်သောအခါမျှစိတ်မနာကြည်းဘဲ ကိုယ်တော့်ထံချဉ်းကပ်ကာ နှလုံးရှိသမျှဖြင့်ကိုးစားပြီး ‘ကိုယ်တော့်ထံချဉ်းကပ်မည်ဆိုလျှင် ကျွန်ုပ်တို့ကိုကိုယ်တော်ချဉ်းကပ်မည်’ ဖြစ်ကြောင်းယုံကြည်စိတ်ချကြစို့လေ။ မှန်ပေသည်၊ ဆင်းရဲခက်ခဲမှုများနှင့် စမ်းသပ်မှုများကို ကျွန်ုပ်တို့ခံရပ်ကြရမည်ဖြစ်သော်လည်း ယင်းတို့သည် ကျွန်ုပ်တို့ကိုပုံသွင်းဖို့အတွက် ခွင့်ပြုထားရာ ကျေနပ်စရာဖြစ်လာပါလိမ့်မည်။ ယာကုပ် ၁:၂၊ ၃ ကဤသို့စိတ်ချစေသည်– “ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကိုပွားစေတတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။”

၁၂ ယာကုပ်က ဤသို့လည်းဆိုသေးသည်– “အပြစ်သွေးဆောင်ခြင်းကိုခံသောသူမည်သည်ကား၊ ‘ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်’ ဟုမပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှအပြစ်သို့သွေးဆောင်တော်မမူ။ မိမိတပ်မက်သောစိတ်ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။” (ယာကုပ် ၁:၁၃၊ ၁၄) ကျွန်ုပ်တို့သည် စမ်းသပ်မှုအမျိုးမျိုးခံရကြမည်ဖြစ်သော်လည်း ယောဘ၏အဖြစ်အပျက်၌ကဲ့သို့ ၎င်းတို့သည် ကျွန်ုပ်တို့ကိုပုံသွင်းရာတွင် တစ်စိတ်တစ်ပိုင်းပါဝင်သည်။ ကျမ်းစာက ယာကုပ် ၅:၁၁ တွင် ကျွန်ုပ်တို့အတွက် တကယ့်အာမခံချက်ကိုပေးထား၏– “သည်းခံနိုင်သောသူသည် မင်္ဂလာရှိသည်ဟူ၍ ငါတို့ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကိုသင်တို့ကြားရပြီ။ ထာဝရဘုရားသည် မိမိအမှုကိုလက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။” ကြီးမြတ်သောအိုးထိန်းသမား၏လက်တော်ရှိအိုးများအဖြစ် ကျွန်ုပ်တို့သည် ယောဘကဲ့သို့သော ယုံကြည်စိတ်ချမှုမျိုးဖြင့် အချိန်အခါတိုင်း သစ္စာတည်ကြည်နိုင်ကြပါစေ။—ယောဘ ၂:၃၊ ၉၊ ၁၀; ၂၇:၅; ၃၁:၁-၆; ၄၂:၁၂-၁၅။

ကျွန်ုပ်တို့၏ငယ်ရွယ်သူများကိုပုံသွင်းခြင်း

၁၃၊ ၁၄။ (က) မိဘများသည် ကလေးများကို အဘယ်အချိန်တွင် စတင်ပုံသွင်းပေးသင့်သနည်း၊ မည်သို့လက်စသတ်သည်ကို တွေ့မြင်လို၍ဖြစ်သနည်း။ (ခ) အဘယ်အားရဝမ်းသာစရာရလဒ်များကို သင်ကိုးကားဖော်ပြနိုင်သနည်း။

၁၃ မိဘများသည် သူတို့၏ကလေးများကို နို့စို့အရွယ်မှစ၍ ပုံသွင်းပေးနိုင်ကြရာ ကျွန်ုပ်တို့၏လူငယ်များသည် ချီးကျူးခံထိုက်သော သစ္စာစောင့်သိသူများဖြစ်နိုင်ကြသည်တကား! (၂ တိမောသေ ၃:၁၄၊ ၁၅) စမ်းသပ်မှုများသည် အလွန်ပြင်းထန်ချိန်တွင်ပင် ယင်းသို့အမှန်ဖြစ်ခဲ့၏။ လွန်ခဲ့သောနှစ်အနည်းငယ်က အာဖရိကနိုင်ငံတစ်နိုင်ငံတွင် နှိပ်စက်ညှဉ်းပန်းမှုအပြင်းထန်ဆုံးခံရစဉ် ယုံကြည်စိတ်ချရသောမိသားစုတစ်စုသည် အိမ်နောက်ဘက်ရှိတဲတစ်ခုတွင် ကင်းမျှော်စင်ကိုလျှို့ဝှက်ပုံနှိပ်ပေးခဲ့ကြသည်။ တစ်နေ့တွင် စစ်သားများသည် လူငယ်များကို စစ်တပ်ထဲသွင်းရန် လမ်းထိပ်မှစ၍ တစ်အိမ်တက်ဆင်းရှာဖွေနေကြ၏။ ဤမိသားစုမှယောက်ျားလေးနှစ်ဦးသည် ပုန်းဖို့အချိန်ရှိသေးသော်လည်း စစ်သားများရှာဖွေသည့်အခါ ပုံနှိပ်စက်ကိုတွေ့သွားမည်မှာ သေချာ၏။ ထိုအခါ တစ်မိသားစုလုံးနှိပ်စက်ခံရမည်သာမက အသတ်ပင်ခံရနိုင်သည်။ မည်သို့ပြုနိုင်မည်နည်း။ လူငယ်လေးနှစ်ဦးက ယောဟန် ၁၅:၁၃ ကိုကိုးကား၍ ရဲရင့်စွာပြောဆိုခဲ့ကြသည်– “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” သူတို့သည် ဧည့်ခန်းတွင် ဇွတ်အတင်းနေခဲ့ကြသည်။ သူတို့ကိုစစ်သားများလာတွေ့၍ စစ်ထဲမဝင်နိုင်ကြောင်းငြင်းသည့်အခါ ရက်ရက်စက်စက်နှိပ်စက်ခံရဖို့ သို့မဟုတ် အသတ်ပင်ခံရဖို့အကြောင်းရှိသည်မှာ သေချာ၏။ သို့သော် သူတို့ထပ်ရှာဖွေကြမည်မဟုတ်တော့ချေ။ ထိုအခါ ပုံနှိပ်စက်နှင့် မိသားစုမှအခြားသူများဘေးလွတ်လိမ့်မည်ဖြစ်သည်။ သို့ရာတွင် အလွန်ထူးခြားသောအမှုတစ်ခု ဖြစ်ပျက်ခဲ့သည်။ ထိုစစ်သားများသည် ဤတစ်အိမ်တည်းကိုသာကျော်သွားကြကာ အခြားအိမ်များကိုဆက်ရှာခဲ့ကြ၏! အသရေရှိရှိအသုံးတော်ခံရန်အတွက် ပုံသွင်းခံရသောထိုလူသားအိုးတို့သည် ပုံနှိပ်စက်နှင့်အတူ လွတ်မြောက်သွားခဲ့ကြရာ အချိန်တန်ဝိညာဉ်အစာကို ဆက်လက်ထုတ်ဝေနိုင်ခဲ့ကြသည်။ ထိုလူငယ်တို့အနက်လူငယ်တစ်ယောက်နှင့် သူ၏အမဖြစ်သူတို့သည် ယခုဗေသလတွင်အမှုထမ်းနေကြသည်; သူသည် ထိုစက်ဟောင်းကိုအသုံးပြုနေဆဲဖြစ်သည်။

၁၄ လူငယ်များကို မည်သို့ဆုတောင်းရန်သင်ပေးနိုင်ပြီး ဤသူငယ်တို့၏ဆုတောင်းချက်များကို ဘုရားသခင်နားညောင်းတော်မူ၏။ ၎င်းနှင့်ပတ်သက်၍ ထူးခြားသောအဖြစ်အပျက်တစ်ခုသည် ရဝမ်ဒါနိုင်ငံသွေးချောင်းစီးသတ်ဖြတ်မှု ဖြစ်ပွားစဉ်အတွင်း ဖြစ်ပျက်ခဲ့သည်။ ခြောက်နှစ်သမီးကလေးတစ်ဦးနှင့် သူ၏မိဘများကို သူပုန်များက လက်ပစ်ဗုံးဖြင့်သတ်ပစ်လုဆဲဆဲအချိန်တွင် သမီးဖြစ်သူက ယေဟောဝါ၏အမှုတော်ကိုဆက်ထမ်းဆောင်နိုင်ခွင့်ပေးပါရန် အသံကျယ်ကျယ်နှင့် လှိုက်လှိုက်လှဲလှဲဆုတောင်းခဲ့သည်။ ထိုအခါ သူတို့ကိုသတ်တော့မည့်သူများက “ဒီကလေးမလေးကြောင့် ခင်ဗျားတို့ကိုမသတ်တော့ဘူး” ဟုပြောကာလွှတ်လိုက်ကြ၏။—၁ ပေတရု ၃:၁၂။

၁၅။ အဘယ်ယိုယွင်းသောသြဇာများအကြောင်း ပေါလုသတိပေးခဲ့သနည်း။

၁၅ ကျွန်ုပ်တို့၏လူငယ်အများစုသည် အထက်တွင်ဖော်ပြထားသည့် ခက်ခဲသောအခြေအနေများကိုမရင်ဆိုင်ကြရပါ၊ သို့သော် ယနေ့ ကျောင်းနှင့် ယိုယွင်းသောလူ့ဘောင်တွင် သူတို့ရင်ဆိုင်ကြရမည့်အရာများစွာရှိ၏– နေရာများစွာ၌ ညစ်ညမ်းသောစကားများ၊ အပြာစာပေ၊ နိမ့်ကျသောဖျော်ဖြေမှုနှင့် မကောင်းမှုများပြုကျင့်ရန် ရွယ်တူချင်းတို့၏ဖိစီးမှု အစရှိသည်တို့သည် သောင်းပြောင်းနှံ့စပ်လျက်ရှိသည်။ တမန်တော်ပေါလုက ဤသြဇာများကိုဆန့်ကျင်တိုက်လှန်ကြရန် အကြိမ်ကြိမ်သတိပေးခဲ့သည်။—၁ ကောရိန္သု ၅:၆; ၁၅:၃၃၊ ၃၄; ဧဖက် ၅:၃-၇။

၁၆။ လူတစ်ဦးသည် အဘယ်နည်းဖြင့် အသရေရှိသောအသုံးတော်ခံရာအိုးဖြစ်လာနိုင်သနည်း။

၁၆ ‘အသရေရှိသောအိုး၊ အသရေမရှိသောအိုး’ တို့ကိုရည်ညွှန်းပြီးနောက် ပေါလုကဤသို့ဆိုသည်– “သို့ဖြစ်၍၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကိုပယ်၍၊ မိမိကိုစင်ကြယ်စေသောသူမည်သည်ကား၊ အသရေရှိသောတန်ဆာ၊ သန့်ရှင်း၍အိမ်ရှင်သုံးစရာကောင်းသောတန်ဆာ၊ ကောင်းသောအမှုများအဖို့အလိုငှာပြင်ဆင်သောတန်ဆာ [“အိုး၊” ကဘ] ဖြစ်လိမ့်မည်။” ထိုကြောင့် အပေါင်းအသင်းများကိုသတိပြုဖို့ လူငယ်များကိုတိုက်တွန်းကြစို့။ သူတို့ ‘လူပျိုတို့၏တပ်မက်ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင်ကာ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍၊ သခင်ဘုရားကိုဆုတောင်းသောသူတို့နှင့် အသင့်အတင့်နေခြင်းတို့ကိုမီအောင်လိုက်’ ကြပါစေ။ (၂ တိမောသေ ၂:၂၀-၂၂) “တစ်ယောက်ကိုတစ်ယောက်တည်ဆောက်” ရန်အတွက် မိသားစုအစီအစဉ်သည် လူငယ်များကိုပုံသွင်းခြင်းတွင် တန်ဖိုးဖြတ်မရနိုင်ချေ။ (၁ သက်သာလောနိတ် ၅:၁၁; သု. ၂၂:၆) သင့်တော်သောအသင်းမစာအုပ်စာတမ်းတို့ကိုအသုံးပြုကာ နေ့စဉ်ကျမ်းစာဖတ်ရှုလေ့လာမှုပြုလုပ်ခြင်းသည် အထောက်အကူကောင်းတစ်ခုဖြစ်နိုင်သည်။

လူတိုင်းကိုပုံသွင်းခြင်း

၁၇။ ပဲ့ပြင်မှုက ကျွန်ုပ်တို့ကိုမည်သို့ပုံသွင်းပေးနိုင်မည်နည်း၊ အဘယ်ရွှင်လန်းဖွယ်အကျိုးရလဒ်ရမည်နည်း။

၁၇ ယေဟောဝါသည် ကျွန်ုပ်တို့ကိုပုံသွင်းရန် ကိုယ်တော့်နှုတ်မြွက်စကားတော်နှင့် အဖွဲ့အစည်းမှတစ်ဆင့် ဆုံးမသွန်သင်ပေးတော်မူ၏။ ထိုသို့သောဘုရားရေးရာဆုံးမစကားကို ဘယ်တော့မျှမငြင်းပယ်ပါနှင့်! ယင်းကို ပညာရှိစွာလက်ခံပြီး ယေဟောဝါ၏အသရေရှိသောတန်ဆာဖြစ်နိုင်ဖို့ ပုံသွင်းခံပါ။ နယပုံပြင် ၃:၁၁၊ ၁၂ တွင်ဤသို့အကြံပြုထားသည်– “ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသားကို ဒဏ်ခတ်တော်မူတတ်၏။” ထပ်မံ၍ ဖခင်သဖွယ်ဆုံးမပေးခြင်းကို ဟေဗြဲ ၁၂:၆-၁၁ တွင်ဖော်ပြထားသည်– “ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ၏။ . . . ဆုံးမခြင်းမည်သည်ကား ခံရစဉ်အခါဝမ်းမြောက်စရာမထင် ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။” ယင်းသို့သောပဲ့ပြင်မှု၏ အဓိကလမ်းကြောင်းမှာ ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော်ဖြစ်ရမည်။—၂ တိမောသေ ၃:၁၆၊ ၁၇။

၁၈။ နောင်တရခြင်းနှင့်ပတ်သက်၍ လုကာအခန်းကြီး ၁၅ မှအဘယ်အရာသိရှိရသနည်း။

၁၈ ယေဟောဝါသည် ကရုဏာရှင်လည်းဖြစ်၏။ (ထွက်မြောက်ရာ ၃၄:၆) နှလုံးသားထဲမှ နောင်တရမည်ဆိုလျှင် အကြီးလေးဆုံးအပြစ်ကိုပင် ကိုယ်တော်ခွင့်လွှတ်တော်မူသည်။ မျက်မှောက်ခေတ် ‘သားမိုက်များ’ ကိုပင် အသရေရှိသောအသုံးတော်ခံရာအိုးများအဖြစ်ပုံသွင်းပေးနိုင်သည်။ (လုကာ ၁၅:၂၂-၂၄၊ ၃၂) ကျွန်ုပ်တို့၏အပြစ်များသည် သားမိုက်၏အပြစ်များလောက် ကြီးလေးမည်မဟုတ်ပေ။ သို့သော် ကျမ်းစာမှဆုံးမစကားကို နှိမ့်ချစွာလက်ခံခြင်းက အသရေရှိသောအသုံးတော်ခံအိုးများဖြစ်လာဖို့ ပုံသွင်းခံရရန် အမြဲဦးတည်ပေးပါလိမ့်မည်။

၁၉။ ယေဟောဝါ၏လက်တော်၌ အသရေရှိသောအိုးများအဖြစ် မည်သို့ဆက်၍ အမှုဆောင်နိုင်မည်နည်း။

၁၉ သမ္မာတရားကို ကျွန်ုပ်တို့ကြားသိခါစတွင် ယေဟောဝါ၏ပုံသွင်းခြင်းကို တလိုတလားခံယူခဲ့ကြသည်။ လောကလမ်းစဉ်များကိုစွန့်၍ ဥပဓိရုပ်အသစ်ကိုစတင်ဝတ်ဆင်ပြီး ဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံပြီးသောခရစ်ယာန်များဖြစ်လာခဲ့ကြသည်။ “အထက်ကကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သောလောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူဟောင်းကိုချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်ကြ” ဟူသောဧဖက် ၄:၂၀-၂၄ ပါဆုံးမစကားကိုနာခံခဲ့ကြသည်။ ကြီးမြတ်သောအိုးထိန်းသမား ယေဟောဝါ၏လက်တော်၌ ဆက်၍ပျော့ပျောင်းနေကြခြင်းအားဖြင့် ကိုယ်တော်၏အသရေရှိသောအသုံးတော်ခံအိုးများအဖြစ် အမြဲအမှုတော်ဆောင်နေနိုင်ကြပါစေ!

ပြန်လည်သုံးသပ်ရာတွင်

◻ မြေကြီးနှင့်ပတ်သက်၍ ကြီးမြတ်သောအိုးထိန်းသမား၏ရည် ရွယ်ချက်ကား အဘယ်နည်း။

◻ သင်သည် အသရေရှိစွာအသုံးတော်ခံရရန် မည်သို့ပုံသွင်းခံနိုင်သနည်း။

◻ ကျွန်ုပ်တို့၏ကလေးများသည် မည်သို့ပုံသွင်းခံနိုင်သနည်း။

◻ ပဲ့ပြင်ခြင်းကို မည်သို့သဘောထားသင့်သနည်း။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သင်သည် အသရေရှိစွာအသုံးတော်ခံရရန် ပုံသွင်းခံမည်လောသို့မဟုတ် ငြင်းဆန်မည်လော

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သူငယ်များသည် နို့စို့အရွယ်မှစ၍ ပုံသွင်းခံနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ