ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၂/၁၅ စာ. ၄-၈
  • အိမ်ထောင်ရေးအောင်မြင်ဖို့ အဘယ်အရာလိုအပ်သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ရေးအောင်မြင်ဖို့ အဘယ်အရာလိုအပ်သနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ရေးကိုဆန်းစစ်ကြည့်ခြင်း
  • မိမိကိုယ်ကိုဆန်းစစ်ကြည့်ခြင်း
  • သင့်အိမ်ထောင်ဖက်အဖြစ်ရည်မှန်းထားသူကိုဆန်းစစ်ကြည့်ခြင်း
  • ဆုလာဘ်များနှင့် တာဝန်များ
  • အောင်မြင်သောအိမ်ထောင်တစ်ခုအတွက် ပြင်ဆင်ခြင်း
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အိမ်ထောင်မင်္ဂလာ—မေတ္တာရှင် ဘုရားသခင်ဆီက ဆုလက်ဆောင်
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ယနေ့လောကတွင် အိမ်ထောင်ရေးအောင်မြင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၂/၁၅ စာ. ၄-၈

အိမ်ထောင်ရေးအောင်မြင်ဖို့ အဘယ်အရာလိုအပ်သနည်း

ရေကူးတတ်အောင် ဦးစွာမသင်ယူဘဲ မြစ်ထဲသို့ဒိုင်ဗင်ထိုးချဖို့ စိတ်ကူးမည်လော။ယင်းသို့သောမိုက်မဲသည့်လုပ်ရပ်သည် ဘေးဖြစ်စေနိုင်ပြီး—သေပင်သေစေနိုင်သည်။ထိုနည်းတူ အိမ်ထောင့်တာဝန်များကို မည်သို့ထမ်းရွက်ရမည်မသိဘဲ အလျင်စလိုအိမ်ထောင်ပြုကြသူ မြောက်မြားစွာရှိသည်ကို စဉ်းစားကြည့်ပါ။

ယေရှုက “သင်တို့တွင်တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင်၊ ထိုတိုက်ပြီးအောင်ငွေလောက်မည်မလောက်မည်ကိုသိခြင်းငှာ၊ ရှေးဦးစွာထိုင်၍ ကုန်ကျစရိတ်ကိုမချင့်တွက်ဘဲနေမည်လော” ဟုဆိုခဲ့သည်။ (လုကာ ၁၄:၂၈) တိုက်ကိုတည်ဆောက်ရာတွင် ထိုသို့ပြုရန် လိုအပ်သကဲ့သို့ အိမ်ထောင်တည်ဆောက်ရာတွင်လည်း ထိုသို့ပြုရန်လိုသည်။ အိမ်ထောင်ပြုလိုသူများသည် တောင်းဆိုထားရာကိုပေးနိုင်မနိုင် အိမ်ထောင်ရေးအကုန်အကျကို အသေအချာချင့်တွက်သင့်သည်။

အိမ်ထောင်ရေးကိုဆန်းစစ်ကြည့်ခြင်း

ဘဝ၏ပျော်ရွှင်မှုများနှင့် ဝမ်းနည်းပူဆွေးမှုများကို အတူဝေမျှခံစားနိုင်သည့် အိမ်ထောင်ဖက်တစ်ဦးရှိခြင်းသည် အမှန်ပင်ကောင်းချီးတစ်ရပ်ဖြစ်သည်။ အထီးကျန်စိတ် သို့မဟုတ် စိတ်ပျက်ဖွယ်အခြေအနေကြောင့် ဖြစ်ပေါ်နေသောဟာကွက်ကို အိမ်ထောင်သည်ဘဝကဖြည့်ဆည်းပေးနိုင်ပါသည်။ အိမ်ထောင်ပြုခြင်းက ကျွန်ုပ်တို့၏ပင်ကိုသဘောများဖြစ်သော မေတ္တာရလိုခြင်း၊ ပေါင်းသင်းလိုခြင်းနှင့် တရင်းတနှီးရှိလိုခြင်းတို့ကို ဖြည့်ဆည်းပေးနိုင်သည်။ အာဒံကိုဖန်ဆင်းပြီးနောက် ဘုရားသခင်က “ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်” ဟုခိုင်လုံသောအကြောင်းရှိ၍ မိန့်ဆိုခဲ့သည်။—ကမ္ဘာဦး ၂:၁၈; ၂၄:၆၇; ၁ ကောရိန္သု ၇:၉။

မှန်ပါသည်၊ အိမ်ထောင်ပြုခြင်းက အခက်အခဲအချို့ကိုပြေလည်စေနိုင်သည်။ သို့သော် ယင်းက ပြဿနာအသစ်များကို ပေါ်လာစေလိမ့်မည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အိမ်ထောင်ပြုခြင်းဟူသည် လိုက်ဖက်မည်ဖြစ်သော်လည်း တထေရာတည်းမဖြစ်နိုင်သော သီးခြားပုဂ္ဂိုလ်နှစ်ဦး ဖက်စပ်ခြင်းဖြစ်သောကြောင့်ပင်။ ထို့ကြောင့် အလွန်လိုက်ဖက်သည်ဟုထင်ရသော မောင်နှံစုံများပင် ရံဖန်ရံခါသဘောထားကွဲလွဲကြပေမည်။ ခရစ်ယာန်တမန်တော်ပေါလုက အိမ်ထောင်ပြုသူတို့သည် “လောကညှဉ်းဆဲခြင်းဒုက္ခ”—သို့မဟုတ် အင်္ဂလိပ်ကျမ်းစာသစ်အရ “ဤကာယအသက်တာတွင် နာကျင်မှုနှင့် ပူဆွေးမှု”—ကိုခံရကြမည်ဟုရေးသားခဲ့သည်။—၁ ကောရိန္သု ၇:၂၈။

ဤတွင် ပေါလုသည် အဆိုးမြင်နေခြင်းလော။ လုံးဝမဟုတ်ပါ! အိမ်ထောင်ပြုဖို့စဉ်းစားနေသူများအား လက်တွေ့ကျသူများဖြစ်ကြဖို့ သူတိုက်တွန်းနေခြင်းမျှသာဖြစ်သည်။ တစ်ဦးဦးကိုတွယ်တာခြင်းမှ ခံစားရသောပီတိသည် မင်္ဂလာဆောင်ပြီးရက်နောက်ပိုင်း အိမ်ထောင်ရေးဘဝတစ်လျှောက် တွေ့ကြုံခံစားရမည့်စိတ်ထားကို တိကျမှန်ကန်စွာခန့်မှန်းပေးသည်မဟုတ်ပါ။ အိမ်ထောင်တိုင်းတွင် ထူးခြားသည့်စိန်ခေါ်ချက်များနှင့် ပြဿနာများရှိသည်။ ဆွေးနွေးစရာမှာ ယင်းတို့ ပေါ်လာမည် မပေါ်လာမည်မဟုတ်ဘဲ ပေါ်လာသည့်အခါ မည်သို့ရင်ဆိုင်ရမည်ဟူသည့်ကိစ္စဖြစ်သည်။

ပြဿနာများသည် လင်နှင့်မယား တစ်ဦးအပေါ်တစ်ဦး စစ်မှန်သောမေတ္တာရှိကြောင်းပြသရန် အခွင့်အရေးရစေသည်။ သာဓကအနေနှင့် ပင်လယ်ကူးသင်္ဘောတစ်စင်းသည် သင်္ဘောဆိပ်တွင်ဆိုက်ကပ်ထားပြီး မလှုပ်မယှက်ရှိနေချိန်တွင် ခန့်ညားထည်ဝါပုံရှိမည်။ သို့သော် ပင်လယ်ပြင်၌သာ—လှိုင်းလေထန်သည့် မုန်တိုင်း၌ပင်လျှင်—ယင်းသည် အမှန်ပင် ပင်လယ်ခရီးအတွက်စိတ်ချရကြောင်း ထင်ရှားပေသည်။ အလားတူ ချစ်ခင်ပြေလည်နေချိန်ကိုထောက်၍သာ အိမ်ထောင်ရေးနှောင်ကြိုးခိုင်မြဲမှုကို မသိနိုင်ပါ။ တစ်ခါတစ်ရံ ဆင်းရဲခြင်းမုန်တိုင်းကို ကျော်လွှားအောင်မြင်ခဲ့သော မောင်နှံစုံတစ်စုံသည် ခက်ခဲသည့်အခြေအနေများအောက်တွင် ယင်းကို ထင်ရှားပြသကြသည်။

ထိုသို့ပြုရန် ယောက်ျားသည် “ကိုယ်ခင်ပွန်း၌မှီဝဲ” ၍ ထိုသူတို့နှစ်ဦးသည် “တစ်သားတစ်ကိုယ်တည်းဖြစ်ရ” ကြမည်ဟု ဘုရားသခင်ရည်ရွယ်ထားသောကြောင့် မောင်နှံစုံတစ်စုံသည် ကတိကဝတ်ပြုဖို့လိုသည်။ (ကမ္ဘာဦး ၂:၂၄) ယနေ့လူများစွာသည် ကတိကဝတ်ပြုခြင်းအကြောင်းတွေးလိုက်သည်နှင့် ထိတ်လန့်သွားကြသည်။ သို့တိုင် တစ်ဦးကိုတစ်ဦးအမှန်ချစ်မြတ်နိုးသူနှစ်ဦးသာလျှင် အတူပေါင်းသင်းနေထိုင်ရန် လေးနက်တည်ကြည်စွာ ကတိပြုလိုကြပေမည်။ ကတိကဝတ်ပြုခြင်းက အိမ်ထောင်ကိုဂုဏ်သိက္ခာရှိစေသည်။ ယင်းက အခြေအနေမည်သို့ပင် ဖြစ်လာစေကာမူ လင်နှင့်မယားအချင်းချင်းရိုင်းပင်းကူညီပေးမည်ဟု တစ်ဦးကိုတစ်ဦးယုံကြည်စိတ်ချစေသည်။a ထိုသို့ကတိကဝတ်ပြုဖို့အသင့်မရှိသေးလျှင် သင်သည် အိမ်ထောင်ပြုဖို့အသင့်မရှိသေးချေ။ (ဒေ. ၅:၄၊ ၅ နှိုင်းယှဉ်။) အိမ်ထောင်ပြုပြီးသူများပင် ကတိကဝတ်ပြုခြင်းသည် ခိုင်မြဲသောအိမ်ထောင်ရေးအတွက် မည်မျှအရေးကြီးကြောင်းကို လေးမြတ်မှုတိုးပွားစေဖို့လိုအပ်ပေမည်။

မိမိကိုယ်ကိုဆန်းစစ်ကြည့်ခြင်း

သင်၏အိမ်ထောင်ဖက်တွင် ရှိစေချင်သည့်အရည်အချင်းများကို စာရင်းထားနိုင်သည်။ သို့ရာတွင် အိမ်ထောင်သာယာဖို့အတွက် မိမိကိုယ်တိုင် မည်သို့အထောက်အကူပြုနိုင်မည်ကို ပြန်ဆန်းစစ်ဖို့ကား ပိုခက်သည်။ အိမ်ထောင်ကတိသစ္စာမပြုမီနှင့် ပြုပြီးနောက် မိမိကိုယ်ကိုနှိုက်နှိုက်ချွတ်ချွတ်စစ်ဆေးဖို့ အရေးကြီးသည်။ ဥပမာ၊ မိမိကိုယ်ကို အောက်ပါမေးခွန်းများ မေးကြည့်ပါလေ။

• ကျွန်ုပ်သည် ကျွန်ုပ်၏အိမ်ထောင်ဖက်နှင့် ရာသက်ပန်ပေါင်းဖက်လိုပါသလော။—မဿဲ ၁၉:၆။

ကျမ်းစာပရောဖက်မာလခိလက်ထက်တွင် လင်ယောက်ျားများစွာသည် မိမိတို့၏အိမ်ထောင်ဖက်များကို ထားရစ်ခဲ့ကြသည်၊ ငယ်ရွယ်သောအမျိုးသမီးတို့ကိုလက်ထပ်ဖို့ ဖြစ်ကောင်းဖြစ်မည်။ ယေဟောဝါက မိမိ၏ယဇ်ပလ္လင်သည် စွန့်ပစ်ခံရသောမယားများ၏မျက်ရည်နှင့် ဖုံးလွှမ်းလျက်ရှိသည်ဟုမိန့်တော်မူ၍ မိမိတို့အိမ်ထောင်ဖက်များအပေါ် “သစ္စာမစောင့်” သူတို့ကို ကိုယ်တော်ပြစ်တင်ရှုတ်ချခဲ့သည်။—မာလခိ ၂:၁၃-၁၆။

• အိမ်ထောင်ပြုဖို့စဉ်းစားနေမည်ဆိုလျှင် လိင်စိတ်ပြင်းပြသဖြင့် ချင့်ချိန်နိုင်စွမ်း လွဲမှားနိုင်သော နုပျိုသည့်အရွယ်ကို ကျွန်ုပ်လွန်မြောက်ပြီလော။—၁ ကောရိန္သု ၇:၃၆။

အသက် ၂၂ နှစ်အရွယ်တွင် အိမ်ထောင်ပြုခဲ့သူနစ်ကီက “ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုတာ သိပ်အန္တရာယ်များတယ်” ဟုဆိုသည်။ “အသက် ၁၈၊ ၁၉ အရွယ်ကနေ ၂၅ နှစ်က ၃၀ အရွယ်ရောက်တဲ့အထိ သင့်ရဲ့ခံစားချက်တွေ၊ ပန်းတိုင်နဲ့အကြိုက်တွေက ဆက်ပြောင်းလဲနေမှာပဲ” ဟုသူသတိပေးသည်။ သို့သော် အိမ်ထောင်ပြုရန်အဆင်သင့်ရှိမရှိကို အသက်အရွယ်တစ်ခုတည်းဖြင့် တိုင်းတာ၍မရသည်မှာမှန်ပါသည်။ သို့ဖြစ်စေကာမူ လိင်စိတ်ဖြစ်ပေါ်ခါစနှင့် အထူးပြင်းပြနေသည့် နုပျိုသောအရွယ်ကိုမလွန်မီ အိမ်ထောင်ပြုခြင်းသည် ချင့်ချိန်နိုင်စွမ်းကို လွဲမှားစေနိုင်ပြီး ဖြစ်ပေါ်လာနိုင်သောပြဿနာများကို မမြင်နိုင်အောင်ဖြစ်စေသည်။

• အောင်မြင်သောအိမ်ထောင်တစ်ခုဖြစ်စေရန် အထောက်အကူပြုသည့် အဘယ်အကျင့်စရိုက်များ ကျွန်ုပ်၌ရှိသနည်း။—ဂလာတိ ၅:၂၂၊ ၂၃။

ကောလောသဲမြို့သားများထံ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “သင်တို့သည် . . . သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။” (ကောလောသဲ ၃:၁၂) ဤအကြံပေးချက်သည် အိမ်ထောင်ပြုရန်စိတ်ကူးနေသူများသာမက အိမ်ထောင်ပြုပြီးသူများအတွက်ပါ သင့်လျော်သည်။

• ခက်ခဲသောကာလတစ်လျှောက်တွင် ကျွန်ုပ်၏အိမ်ထောင်ဖက်ကိုထောက်ကူရန် လိုအပ်သည့်ရင့်ကျက်မှု ကျွန်ုပ်၌ရှိသလော။—ဂလာတိ ၆:၂။

“ပြဿနာပေါ်ပေါက်လာသောအခါ အိမ်ထောင်ဖက်ကိုအပြစ်ပုံချတတ်သည့် ဝသီရှိကြသည်။ အရေးအကြီးဆုံးမှာ မည်သူ့အပြစ်နည်းမဟုတ်ပါ။ ယင်းအစား အိမ်ထောင်ရေးတိုးတက်ရန် လင်ရောမယားပါ မည်သို့ပူးပေါင်းလုပ်ဆောင်နိုင်မည်နည်းဟူ၍ဖြစ်သည်” ဟုဆရာဝန်တစ်ဦးကဆိုသည်။ ပညာရှိရှောလမုန်ဘုရင်၏စကားများသည် မောင်နှံစုံတို့နှင့်သက်ဆိုင်သည်။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ . . . တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တစ်ယောက်တည်းသောသူလဲလျှင်မူကား အကျိုးနည်းပြီ။ ထူသောသူမရှိ။”—ဒေ. ၄:၉၊ ၁၀။

• ကျွန်ုပ်သည် အများအားဖြင့် ကြည်လင်ရွှင်ပျ၍ အကောင်းမြင်တတ်သူလော၊ သို့မဟုတ် မှိုင်တွေခြင်းနှင့် အပျက်သဘောရှိမှုတွင် ပေါ်လွင်နေသလော။—သု. ၁၅:၁၅။

အပျက်သဘောရှိသူတစ်ဦးသည် နေ့ရက်တိုင်းမကောင်းဟုရှုမြင်တတ်သည်။ အိမ်ထောင်ပြုခြင်းက ဤသဘောထားကို အံ့ဖွယ်နည်းဖြင့်ပြောင်းလဲစေမည်မဟုတ်ပါ။ အများအားဖြင့် အပြစ်ရှာတတ် သို့မဟုတ် အဆိုးမြင်တတ်သောတစ်ကိုယ်ရေသမား—အမျိုးသား သို့မဟုတ် အမျိုးသမီး—တစ်ဦးသည် အပြစ်ရှာတတ် သို့မဟုတ် အဆိုးမြင်တတ်သောအိမ်ထောင်သည်တစ်ဦးသာ ဖြစ်လာပေမည်။ ယင်းသို့သောအပျက်သဘောက အိမ်ထောင်မင်္ဂလာတွင် အလွန်ဆိုးဝါးသောတင်းမာမှုကိုဖြစ်ပေါ်စေနိုင်သည်။—သု. ၂၁:၉ နှိုင်းယှဉ်။

• ကျွန်ုပ်သည် ဖိစီးမှုကြုံရသောအခါ တည်ငြိမ်မှုရှိသလော၊ သို့မဟုတ် ဒေါသအိုးပေါက်ကွဲသလော။—ဂလာတိ ၅:၁၉၊ ၂၀။

ခရစ်ယာန်များသည် “အမျက်ထွက်ခြင်းငှာ . . . နှေးကြ” ဖို့မိန့်မှာခံရသည်။ (ယာကုပ် ၁:၁၉) အိမ်ထောင်မပြုမီနှင့် အိမ်ထောင်သည်ဖြစ်နေသည့်ကာလတွင် အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦးသည် “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟူသောအကြံပေးချက်အတိုင်း နေထိုင်နိုင်သည့်အရည်အချင်းကို မွေးမြူသင့်သည်။—ဧဖက် ၄:၂၆၊ ၂၇။

သင့်အိမ်ထောင်ဖက်အဖြစ်ရည်မှန်းထားသူကိုဆန်းစစ်ကြည့်ခြင်း

နယပုံပြင်ကျမ်းတစ်ချက်က ဤသို့ဆို၏– “ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” (သု. ၁၄:၁၅) ယင်းသည် အိမ်ထောင်ဖက်ရွေးချယ်ရာ၌ အလွန်မှန်ကန်သည်။ အိမ်ထောင်ဖက်ရွေးချယ်ခြင်းသည် လူတစ်ဦးပြုသမျှ ဆုံးဖြတ်ချက်များတွင် အရေးအကြီးဆုံးတစ်ခုဖြစ်သည်။ သို့တိုင် လူများစွာသည် မည်သူ့ကိုလက်ထပ်မည့်ကိစ္စထက် မည်သည့်ကားကိုဝယ်မည် သို့မဟုတ် မည်သည့်ကျောင်းကိုတက်မည်ဟူသည့်ကိစ္စကို ပို၍အချိန်ကုန်ခံ စဉ်းစားဆုံးဖြတ်ကြကြောင်း သတိပြုမိခဲ့ကြပြီ။

ခရစ်ယာန်အသင်းတော်တွင် တာဝန်ထမ်းဆောင်ရသူတို့သည် “သင့်တော်မှုရှိမရှိ ဦးစွာ စမ်းသပ်ခံကြရ” သည်။ (၁ တိမောသေ ၃:၁၀၊ ကဘ) သင်သည် အိမ်ထောင်ပြုဖို့စဉ်းစားနေမည်ဆိုလျှင် တစ်ဖက်သား၏ “သင့်တော်မှု” ကိုအသေအချာသိလိုပေမည်။ ဥပမာ၊ အောက်ပါမေးခွန်းများကိုသုံးသပ်ကြည့်ပါ။ ယင်းတို့ကို အမျိုးသမီးတစ်ဦး၏ရှုထောင့်မှ တင်ပြထားသော်လည်း မူအများမှာ အမျိုးသားတစ်ဦးနှင့်လည်းသက်ဆိုင်သည်။ ထို့ပြင် အိမ်ထောင်ပြုပြီးသူများပင်လျှင် ဤအချက်များကို အကျိုးရှိရှိသုံးသပ်နိုင်သည်။

• သူ၌ အဘယ်ဂုဏ်သတင်းရှိသနည်း။—ဖိလိပ္ပိ ၂:၁၉-၂၂။

နယပုံပြင် ၃၁:၂၃ က “မြို့တံခါးတို့၌ ပြည်သားအသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူဖြစ်” သည့်လင်ယောက်ျားတစ်ဦးကို ဖော်ပြထားသည်။ မြို့တစ်မြို့၏အသက်ကြီးသူတို့သည် တရားစီရင်ရန် မြို့တံခါး၌ ထိုင်တတ်ကြသည်။ ထို့ကြောင့် ထိုသူသည် လူထု၏ယုံကြည်အားထားမှုကို ရထားသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။ အခြားသူများ လူတစ်ဦးကိုရှုမြင်ပုံက ထိုသူ၌ အဘယ်ဂုဏ်သတင်းရှိကြောင်း ဖော်ပြသည်။ သက်ဆိုင်မည်ဆိုလျှင် သူ့လက်အောက်မှလူများ သူ့အားယူမှတ်ပုံကိုလည်း သုံးသပ်ပါ။ အချိန်တန်သော် သူ့အိမ်ထောင်ဖက်ဖြစ်လာမည့် အသင်သည် သူ့အားထိုသို့ပင်ရှုမြင်လာစရာအကြောင်းရှိမည်ကို ဖော်ပြပေမည်။—၁ ဓမ္မရာဇဝင် ၂၅:၃၊ ၂၃-၂၅ နှိုင်းယှဉ်။

• သူ၏ကိုယ်ကျင့်တရားများကား မည်သို့နည်း။

[ဘုရားသခင်၏] ဉာဏ်ပညာသည် “ရှေးဦးစွာစင်ကြယ်၏။” (ယာကုပ် ၃:၁၇) အိမ်ထောင်ဖက်အဖြစ် သင်ရည်မှန်းထားသူသည် ဘုရားသခင်ရှေ့ သင်တို့နှစ်ဦး၏ရပ်တည်ပုံထက် သူ၏လိင်သာယာမှုကို ပိုစိတ်ဝင်စားသလော။ အခုအချိန်တွင် ဘုရားသခင်၏ကိုယ်ကျင့်တရားစံနှုန်းအတိုင်း နေထိုင်ဖို့မကြိုးစားလျှင် အိမ်ထောင်ပြုပြီးနောက် ထိုသို့နေထိုင်မည်ဟု အဘယ်ယုံကြည်စိတ်ချစရာအကြောင်းရှိသနည်း။—ကမ္ဘာဦး ၃၉:၇-၁၂။

• ကျွန်မကိုသူမည်သို့ဆက်ဆံသနည်း။—ဧဖက် ၅:၂၈၊ ၂၉။

နယပုံပြင်ကျမ်းကမိမိ၏ခင်ပွန်းကို “ယုံ” သောလင်ယောက်ျားတစ်ဦးအကြောင်း ပြောပြသည်။ ထို့ပြင် “သူ၏ခင်ပွန်းကလည်း . . . သူ့ကိုချီးမွမ်းတတ်၏။” (သု. ၃၁:၁၁၊ ၂၈၊ ၂၉) သူသည် အလွန်အမင်းသဝန်တိုမည်မဟုတ်သကဲ့သို့ ဇနီးမတတ်နိုင်ရာကိုလည်း မတောင်းဆိုပါ။ ယာကုပ်က အထက်မှသက်ရောက်သောပညာသည် “အသင့်အတင့်နေတတ်၏။ ဖြည်းညင်းသော [“အကျိုးသင့်အကြောင်းသင့်၊” ကဘ] သဘောရှိ၏။ . . . ကရုဏာနှင့်လည်းကောင်း၊ ကောင်းကျိုးတို့နှင့်လည်းကောင်း ပြည့်စုံ [“ဝ၊” ကဘ] . . . ၏” ဟုရေးသားခဲ့သည်။—ယာကုပ် ၃:၁၇။

• သူ့မိသားစုကိုသူမည်သို့ဆက်ဆံသနည်း။—ထွက်မြောက်ရာ ၂၀:၁၂။

မိဘကိုရိုသေလေးစားခြင်းသည် ကလေးများနှင့်သာဆိုင်သော တောင်းဆိုချက်တစ်ခုမဟုတ်ပါ။ သမ္မာကျမ်းစာက “သင့်ကိုဖြစ်ဖွားစေသောအဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်” ဟုဆိုသည်။ (သု. ၂၃:၂၂) ဒေါက်တာ ဒဗ္ဗလျူ. ဟူးဂ်ျ မစ်စဲလ်ဒင်းက ဤသို့ရေးသားခဲ့ခြင်းသည် စိတ်ဝင်စားဖွယ်ဖြစ်သည်– “သတို့သားလောင်းနှင့် သတို့သမီးလောင်းတို့သည် တစ်ဦးအိမ်သို့တစ်ဦး အလွတ်သဘောဝင်ထွက်သွားလာ၍ ‘ရည်ရွယ်ထားသူ’ နှင့် သူ့မိဘများ၏ဆက်ဆံရေးကို လေ့လာမည်ဆိုလျှင် အိမ်ထောင်ရေးပြဿနာများစွာနှင့် စိတ်ထားချင်းမတိုက်ဆိုင်မှုများကို ရှောင်နိုင်—သို့မဟုတ် အနည်းဆုံးတော့ ကြိုမြင်နိုင်ပေလိမ့်မည်။ သူ့မိဘကိုသူရှုမြင်ပုံက သူ့အိမ်ထောင်ဖက်ကို သူရှုမြင်ပုံဖြစ်လိမ့်မည်။ ‘သူ့မိဘကို သူဆက်ဆံသလို ကျွန်မကိုဆက်ဆံစေချင်သလား’ ဟုကိုယ့်ကိုယ်ကိုမေးရမည်။ ထို့ပြင် သူ့မိဘသူ့ကိုဆက်ဆံပုံက သူ့ကိုယ်ကိုသူမည်သို့ဆက်ဆံမည်နှင့် ပျားရည်ဆမ်းခရီးပြီးနောက် သူ့အားသင်သည်မည်သို့ဆက်ဆံစေလိုကြောင်း သူ၏ဆန္ဒကိုကောင်းစွာဖော်ပြမည်။”

• သူသည် ဒေါသပေါက်ကွဲတတ်သလော၊ သို့မဟုတ် ဆဲဆိုတတ်သလော။

ကျမ်းစာကဤသို့အကြံပြုသည်– “ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့ကို . . . သင်တို့မှပယ်ရှားကြလော့။” (ဧဖက် ၄:၃၁) ပေါလုက “ပုစ္ဆာအမေးကိုဆွေးနွေး၍ စကားကြောင့်သာငြင်းခုံ” ပြီး “ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသောကြံစည်ခြင်း၊ စိတ်နှလုံးယိုယွင်း၍ . . . အချည်းနှီးဆွေးနွေးခြင်း” ကိုပြုမည့်ခရစ်ယာန်အချို့နှင့်ပတ်သက်၍ တိမောသေအား သတိပေးခဲ့သည်။—၁ တိမောသေ ၆:၄၊ ၅။

ထို့ပြင် အသင်းတော်တွင် အထူးအခွင့်အရေးများကိုရယူရန် အရည်အချင်းရှိသူသည် “သူတစ်ပါးကိုရိုက်ပုတ်” သူမဖြစ်—မူရင်းဂရိအရ “ထိုးနှက်သောသူမဖြစ်”—သင့်ပါ။ (၁ တိမောသေ ၃:၃၊ အောက်ခြေမှတ်ချက်) သူသည် သူတစ်ပါးကို ရိုက်ပုတ်သူ သို့မဟုတ် စကားဖြင့်နိုင်လိုမင်းထက်ပြုသူမဖြစ်နိုင်ပါ။ ဒေါသထွက်နေချိန်တစ်ခဏတွင် အကြမ်းဖက်တတ်သူတစ်ဦးသည် သင့်တော်သောအိမ်ထောင်ဖက်တစ်ဦးမဟုတ်ပါ။

• သူ့ပန်းတိုင်များကားအဘယ်နည်း။

အချို့တို့သည် စည်းစိမ်ဥစ္စာကို ရှာဖွေစုဆောင်းကြရာ မလွဲမရှောင်သာသောအကျိုးဆက်များကို ရိတ်သိမ်းကြသည်။ (၁ တိမောသေ ၆:၉၊ ၁၀) အခြားသူတို့မှာမူ ဘဝတွင် ရည်မှန်းချက်မရှိ လေလွင့်နေကြသည်။ (သု. ၆:၆-၁၁) သို့သော် ဘုရားတရားကြည်ညိုသူတစ်ဦးသည် “ငါနှင့် ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုသာဝတ်ပြုမည်” ဟုဆိုသော ယောရှုကဲ့သို့စိတ်ပိုင်းဖြတ်ပေလိမ့်မည်။—ယောရှု ၂၄:၁၅။

ဆုလာဘ်များနှင့် တာဝန်များ

အိမ်ထောင်မင်္ဂလာသည် ဘုရားသခင်စတင်ခဲ့သောအစီအစဉ်ဖြစ်သည်။ ယင်းသည် ယေဟောဝါဘုရားသခင့်အခွင့်အာဏာနှင့် တည်ထောင်ထားခြင်းဖြစ်သည်။ (ကမ္ဘာဦး ၂:၂၂-၂၄) ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အကူအညီဖြစ်စေရန် ထာဝရနှောင်ကြိုးဖွဲ့စည်းနိုင်ကြဖို့ အိမ်ထောင်ရေးအစီအစဉ်ကို ကိုယ်တော်ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ဇနီးမောင်နှံတို့သည် ကျမ်းစာမူများကိုလက်တွေ့ကျင့်သုံးကြမည်ဆိုလျှင် ပျော်ရွှင်သည့်ဘဝအသက်တာ ရရှိနိုင်ပါလိမ့်မည်။—ဒေ. ၉:၇-၉။

သို့သော် “ခဲယဉ်းသောကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်နေကြကြောင်း အသိအမှတ်ပြုကြရမည်။ ဤအချိန်ကာလတွင် လူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ . . . ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ . . . သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ” များဖြစ်ကြလိမ့်မည်ဟု ကျမ်းစာကကြိုပြောထားသည်။ (၂ တိမောသေ ၃:၁-၄) ဤစရိုက်များသည် လူတစ်ဦး၏အိမ်ထောင်မင်္ဂလာကို အကြီးအကျယ်ထိခိုက်နိုင်သည်။ ထို့ကြောင့် အိမ်ထောင်ပြုဖို့စဉ်းစားနေသူများသည် အရာရာကို အလေးအနက်တွက်ချက်စဉ်းစားသင့်သည်။ ယခုလက်ထပ်ပြီးသူများလည်း သမ္မာကျမ်းစာတွင်တွေ့ရှိရသည့် ဘုရားသခင့်လမ်းညွှန်မှုကို သင်ယူလိုက်လျှောက်ခြင်းအားဖြင့် သူတို့၏နှောင်ကြိုးကို ခိုင်မြဲနေစေသင့်သည်။

မှန်ပါသည်၊ အိမ်ထောင်ပြုဖို့စိတ်ကူးနေသူများသည် မင်္ဂလာဆောင်သည့်နေ့ရက်ကို ကျော်၍ကြည့်မြင်လျှင် ကောင်းပေမည်။ ကျွန်ုပ်တို့အားလုံးသည် လက်ထပ်ခြင်းကိုသာမဟုတ်ဘဲ အိမ်ထောင်သည်ဘဝကိုလည်း စဉ်းစားသင့်သည်။ စိတ်ကူးယဉ်ဆန်ဆန်တွေးတောမည့်အစား လက်တွေ့ကျကျစဉ်းစားတတ်ရန် ယေဟောဝါထံမှလမ်းညွှန်မှုကိုမျှော်ကိုးပါ။ ယင်းသို့ပြုခြင်းဖြင့် အောင်မြင်သောအိမ်ထောင်ရေးဘဝရရှိရန် အကြောင်းများပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ပြန်အိမ်ထောင်ပြုခွင့်ပေးသော လင်မယားကွာရှင်းဖို့အတွက် ကျမ်းစာခွင့်ပြုသည့် အကြောင်းတစ်ခုတည်းကား “မတရားမေထုန်”—အိမ်ထောင်ဖက်မဟုတ်သူနှင့်မေထုန်မှီဝဲခြင်း—ဖြစ်သည်။—မဿဲ ၁၉:၉။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အိမ်ထောင်သက်ကြာမြင့်သူများပင် မိမိတို့၏အိမ်ထောင်ရေးနှောင်ကြိုးကို ခိုင်မြဲစေနိုင်သည်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သူ့မိဘကို သူမည်သို့ဆက်ဆံသနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ