တမလွန်ဘဝ—လူတို့ယုံကြည်ရာကားအဘယ်နည်း
“လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။”—ယောဘ ၁၄:၁၄။
၁၊ ၂။ ချစ်မြတ်နိုးရသူတစ်ဦးသေဆုံးသွားသောအခါ လူအများသည် နှစ်သိမ့်မှုရရန် မည်သို့ရှာယူကြသနည်း။
နယူးယောက်မြို့မှ အသုဘအိမ်တစ်အိမ်တွင် ကင်ဆာကြောင့်သေဆုံးသွားသည့် ၁၇ နှစ်အရွယ်လူငယ်လေးတစ်ဦး၏ ဖွင့်ထားသောခေါင်းနားသို့ သူငယ်ချင်းများနှင့်မိသားစုသည် တိတ်ဆိတ်စွာစီတန်း၍လာကြ၏။ ဝမ်းနည်းပူဆွေးနေသောမိခင်ခမျာ မျက်ရည်စက်လက်ဖြင့် “တော်မီ အခုပိုပျော်သွားပြီ။ ဘုရားသခင်ဟာ တော်မီကိုသူနဲ့အတူ ကောင်းကင်မှာထားချင်တာ” ဟုထပ်တလဲလဲပြောနေ၏။ ထိုသို့ယုံကြည်ရန် သူသွန်သင်ခံခဲ့ရသည်။
၂ မိုင် ၇,၀၀၀ ခန့်ဝေးသော အိန္ဒိယနိုင်ငံ၊ ဂျမ်နာဂါမြို့တွင် သားသုံးဦးအနက် သားကြီးသည် သေဆုံးသူဖခင်၏ မီးသင်္ဂြိုဟ်စင်မှထင်းကို မီးရှို့နေသည်။ မီးတဖျောက်ဖျောက်မြည်သံကြားမှ ပုဏ္ဏားတစ်ဦးသည် “ဘယ်တော့မှမသေတဲ့ဝိညာဉ်စိုးလ်ဟာ အဆုံးစွန်အဖြစ်မှန်ဖြစ်လာဖို့ဆက်လက်ကြိုးပမ်းပါစေ” ဟူသော သင်္သကရိုက်ဂါထာကို တတွတ်တွတ်ရွတ်ဆိုနေ၏။
၃။ လူတို့သည် အဘယ်မေးခွန်းများကို နှစ်အတန်ကြာဆန်းစစ်ခဲ့ကြသနည်း။
၃ သေခြင်းအဖြစ်မှန်သည် ကျွန်ုပ်တို့ပတ်ပတ်လည်တွင်တည်ရှိနေ၏။ (ရောမ ၅:၁၂) သေခြင်းသည် အရာရာ၏ချုပ်ငြိမ်းရာဖြစ်သည်ဆိုလျှင် ကျွန်ုပ်တို့တွေးတောခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ အပင်များ၏သဘာဝသံသရာကိုတွေးတောဆင်ခြင်ကာ ယေဟောဝါဘုရားသခင်၏ရှေးသစ္စာရှိကျေးကျွန် ယောဘက ဤသို့ရှုမြင်ခဲ့သည်– “သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မျှော်လင့်စရာရှိ၏။” သို့ဆိုလျှင် လူသားများနှင့်ပတ်သက်၍ကော အသို့နည်း။ “လူသည်သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော” ဟုယောဘစုံစမ်းခဲ့သည်။ (ယောဘ ၁၄:၇၊ ၁၄) ခေတ်ကာလများတစ်လျှောက် လူ့ဘောင်အဖွဲ့အစည်းတိုင်းရှိလူတို့သည် ဤမေးခွန်းများကို ဆန်းစစ်ခဲ့ကြပြီ– တမလွန်ဘဝရှိသလော။ ရှိမည်ဆိုလျှင် မည်သို့သောဘဝမျိုးနည်း။ ထို့ကြောင့် လူတို့သည် အဘယ်အရာကိုယုံကြည်လာကြသနည်း။ အဘယ်ကြောင့်နည်း။
အဖြေများစွာ၊ အဓိကအချက်တစ်ခုတည်းသာ
၄။ ဘာသာအမျိုးမျိုးရှိလူတို့သည် တမလွန်ဘဝနှင့်ပတ်သက်၍ အဘယ်အရာကိုယုံကြည်ကြသနည်း။
၄ အမည်ခံခရစ်ယာန်များစွာသည် လူသေပြီးနောက် ကောင်းကင် သို့မဟုတ် ငရဲသို့သွားသည်ဟု ယုံကြည်ကြ၏။ တစ်ဖက်တွင်မူ ဟိန္ဒူဘာသာဝင်များသည် ပြန်ဝင်စားခြင်းကိုယုံကြည်ကြ၏။ အစ္စလာမ်ယုံကြည်ချက်အရ သေလွန်ပြီးနောက် လူတစ်ဦးစီ၏ဘဝလမ်းစဉ်ကို အလ္လာအရှင်က ပိုင်းဖြတ်ကာ ပရဒိသု သို့မဟုတ် မီးငရဲသို့ပို့မည့်တရားစီရင်ရာနေ့တစ်နေ့ရှိမည်ဖြစ်သည်။ နိုင်ငံတချို့တွင် လူသေတို့နှင့်ပတ်သက်သည့် ယုံကြည်ချက်များသည် ဒေသခံထုံးတမ်းစဉ်လာနှင့် အမည်ခံခရစ်ယာန်ဘာသာအယူအဆများ ရှုပ်ထွေးရောယှက်နေသည်။ ဥပမာ၊ သီရိလင်္ကာနိုင်ငံတွင် . . . ဘာသာဝင်များနှင့် . . . ဘာသာဝင်များသည် သူတို့အိမ်ထောင်တွင် လူတစ်ဦးသေသောအခါ တံခါးများနှင့် ပြတင်းပေါက်များကို ကျယ်ကျယ်ဖွင့်ထားရပြီး သေလွန်သူ၏အခေါင်းခြေရင်းပိုင်းကို အိမ်ရှေ့တံခါးပေါက်ဘက်မျက်နှာမူထားရသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သေသူ၏ ဝိညာဉ် သို့မဟုတ် စိုးလ်ထွက်သွားဖို့လွယ်ကူစေသည်ဟု သူတို့ယုံကြည်ကြသည်။ အနောက်အာဖရိကရှိ . . . နှင့် ပရိုတက်စတင့်များစွာတို့သည် လူသေသောအခါ သေလွန်သူ၏ဝိညာဉ်ကို မည်သူမျှမတွေ့မမြင်စေရန် မှန်များကိုဖုံးထားလေ့ရှိကြသည်။ ထို့နောက် ရက် ၄၀ အကြာတွင် မိသားစုနှင့်မိတ်ဆွေများသည် ဝိညာဉ်စိုးလ်ကောင်းကင်တက်ရောက်သည့်ပွဲကို ကျင်းပကြသည်။
၅။ ဘာသာတရားအားလုံးနီးပါးလက်ခံသည့် အဓိကယုံကြည်ချက်တစ်ခုကားအဘယ်နည်း။
၅ ထိုသို့အယူအဆများကွဲပြားသော်လည်း ဘာသာတရားအများစု သဘောတူလက်ခံကြသည့်အချက် အနည်းဆုံးတစ်ချက်ရှိပုံပေါ်သည်။ စိုးလ်၊ စပီးရစ် သို့မဟုတ် ဝိညာဉ်ဟုခေါ်သည့် လူတစ်ဦး၏ကိုယ်တွင်း၌ရှိသော အရာတစ်ခုသည် မသေနိုင်ဘဲ ခန္ဓာကိုယ်သေပြီးနောက် ဆက်အသက်ရှင်သည်ဟု သူတို့ယုံကြည်ကြသည်။ ရာနှင့်ချီသောခရစ်ယာန်ဘောင်ဘာသာတရားနှင့် ဂိုဏ်းဂဏအားလုံးနီးပါးက မသေနိုင်သောစိုးလ်ယုံကြည်ချက်ကို ထောက်ခံကြသည်။ ဤယုံကြည်ချက်သည် ယုဒဘာသာတရားတွင်လည်း တရားဝင်အယူဝါဒတစ်ခုဖြစ်သည်။ ဤအယူသည် ဟိန္ဒူဘာသာ၏ပြန်ဝင်စားခြင်းသွန်သင်ချက်၏အုတ်မြစ်ဖြစ်၏။ စိုးလ်သည် ခန္ဓာသေပြီးနောက် ဆက်အသက်ရှင်သည်ဟု မွတ်ဆလင်များကယုံကြည်ကြသည်။ ဩစတြေးလျားမှအဘိုရီဂျင်နီ၊ အာဖရိကနတ်ကိုးကွယ်သူ၊ ရှင်တိုဘာသာဝင်၊ . . . ဘာသာဝင်တို့ပင် ထိုယုံကြည်ချက်ကို အသွင်အမျိုးမျိုးဖြင့် သွန်သင်ကြသည်။
၆။ စိုးလ်သည် မသေနိုင်ဟူသောအယူကို ပညာရှင်အချို့က မည်သို့ယူဆကြသနည်း။
၆ အခြားတစ်ဖက်တွင်မူ ဘဝသည် သေခြင်း၌လမ်းဆုံးသည်ဟု ယုံကြည်သူများရှိပြန်သည်။ ဤသူတို့က ခန္ဓာကိုယ်မှခွဲထွက်ပြီး အကောင်အထည်မရှိသော အရိပ်သဏ္ဌာန်စိုးလ်အဖြစ် လူတစ်ဦးသည် စိတ်ပိုင်းနှင့်ဉာဏ်စွမ်းအရ ဆက်အသက်ရှင်၏ဟုယူဆခြင်းသည် လုံးဝဖြစ်နိုင်စရာမရှိဟူဆိုကြသည်။ ၂၀ ရာစုစပိန်လူမျိုး ပညာရှင်မီဂေးလ်ဒီအူနာမူနိုက ဤသို့ရေးသားခဲ့သည်– “စိုးလ်မသေနိုင်ဟု ယုံကြည်ခြင်းသည် စိုးလ်မသေစေရန်ဆန္ဒပြုခြင်းဖြစ်သည်၊ သို့သော် ဤ,လိုအင်ဆန္ဒပြင်းပြလွန်းသဖြင့် ဆင်ခြင်တုံတရားကိုနင်းခြေကာ ယုတ္တိမတန်တော့ချေ။” ဤသို့ယုံကြည်သူများတွင် ရှေးခေတ်အတွေးအခေါ်ပညာရှင် အရစ္စတိုတယ်နှင့် အဲပိကုရု၊ ဆရာဝန်ဟစ်ပိုကရေးတီးစ်၊ စကော့တလန်လူမျိုး အတွေးအခေါ်ပညာရှင် ဒေးဗစ်ဟူးမ်၊ အရေးဘီးယန်းလူမျိုး ပညာရှင်အဗားရိုးစ်နှင့် လွတ်လပ်ရေးရပြီးနောက် ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူ ဂျဝါဟလ္လာနေရူးစသည့်သူတို့ပါဝင်ကြသည်။
၇။ မသေနိုင်သောစိုးလ်အယူနှင့်ပတ်သက်၍ အရေးကြီးသောအဘယ်မေးခွန်းများကို ယခုသုံးသပ်ရမည်နည်း။
၇ ထိုသို့ဆန့်ကျင်ကွဲပြားသော အယူအဆများနှင့် ခံယူချက်များကို ကြားနာနေရရာ ကျွန်ုပ်တို့တွင် မသေနိုင်သောစိုးလ် အမှန်ရှိပါသလော။ စိုးလ်သည် အမှန်မသေနိုင်သောအရာမဟုတ်လျှင် ယင်းသွန်သင်ချက်သည် ယနေ့ဘာသာတရားများစွာ၏ အဓိကယုံကြည်ချက်တစ်ခု မည်သို့ဖြစ်လာသနည်း။ ထိုအယူအဆသည် အဘယ်နေရာမှစဖြစ်ပေါ်လာသနည်းဟု ကျွန်ုပ်တို့မေးကြရပေမည်။ ကျွန်ုပ်တို့၏အနာဂတ်သည် ဤမေးခွန်းများအပေါ်မူတည်သောကြောင့် မှန်ကန်ပြီးကျေနပ်စရာအဖြေများကိုရရှိရန် အရေးကြီး၏။ (၁ ကောရိန္သု ၁၅:၁၉) သို့သော် မသေနိုင်သောစိုးလ်အယူဝါဒသည် မည်သို့အစပြုခဲ့သည်ကို ဦးဆုံးသုံးသပ်ကြည့်ကြစို့။
ထိုအယူဝါဒပေါက်ဖွားလာပုံ
၈။ ဆိုကရေးတီးနှင့်ပလေတိုတို့သည် စိုးလ်မသေနိုင်ဟူသောအယူကိုတိုးမြှင့်ရာတွင် အဘယ်ကဏ္ဍမှပါဝင်ခဲ့ကြသနည်း။
၈ စိုလ်းမသေနိုင်အယူကိုခံယူဖို့ ဦးဆုံးအားပေးခဲ့သူများတွင် ဘီ.စီ.အီး. ငါးရာစုမှဂရိဒဿနပညာရှင်ဆိုကရေးတီးနှင့် ပလေတိုတို့ပါဝင်ကြသည်။ သို့တိုင် သူတို့သည် ထိုအယူအဆကိုအစပြုသူများမဟုတ်ကြပါ။ ယင်းအယူကို သူတို့ခေတ်နှင့်နောက်ပိုင်းယဉ်ကျေးမှုအလွှာအသီးသီးမှလူတို့ ပိုမိုစွဲမက်စရာဖြစ်စေရန် ဒဿနိကသွန်သင်ချက်တစ်ခုအသွင်အဖြစ် ပြုပြင်မွမ်းမံခဲ့ကြသည်။ အမှန်မှာ သူတို့မတိုင်မီ ရှေးခေတ်ပါးရှားနှင့် အီဂျစ်လူမျိုးတို့သည်လည်း မသေနိုင်သောစိုးလ်ရှိကြောင်းကို ယုံကြည်ခဲ့ကြသည်။ သို့ဆိုလျှင် ဤသွန်သင်ခြင်း၏ရင်းမြစ်ကား အဘယ်နည်း။
၉။ ရှေးခေတ် အီဂျစ်၊ ပါးရှားနှင့် ဂရိယဉ်ကျေးမှုများကို လွှမ်းမိုးခဲ့သည့်ရင်းမြစ်ကားအဘယ်နည်း။
၉ ဘေဘီလိုနီးယားနှင့် အဆီးရီးယားတို့၏ဘာသာတရားဟူသည့်စာအုပ်က “ရှေးခေတ်တွင် အီဂျစ်၊ ပါးရှားနှင့် ဂရိတို့သည် ဗာဗုလုန်ဘာသာတရား၏သြဇာလွှမ်းမိုးခြင်းကိုခံခဲ့ကြရ၏” ဟုဆိုသည်။ အီဂျစ်ဘာသာရေးခံယူချက်များနှင့်ပတ်သက်၍ ယင်းစာအုပ်က ဤသို့ဆက်ဆိုသည်– “အယ်လ်အာမာနာကမ္ပည်းများကဖော်ပြထားသကဲ့သို့ အီဂျစ်နှင့် ဗာဗုလုန်တို့ကြား အစောပိုင်းအချိန်မှစဆက်သွယ်မှုရှိခြင်းကြောင့် အီဂျစ်ကျင့်ထုံးများသို့ ဗာဗုလုန်ယူဆချက်များနှင့်ထုံးတမ်းများဝင်ရောက်လာရန် အမှန်ပင်အခွင့်အရေးများစွာရှိခဲ့သည်။”a ရှေးခေတ်ပါးရှားနှင့်ဂရိယဉ်ကျေးမှုများနှင့်ပတ်သက်၍လည်း အလားတူဆိုစရာရှိသည်။
၁၀။ တမလွန်ဘဝနှင့်ပတ်သက်၍ ဗာဗုလုန်၏အမြင်ကားအဘယ်နည်း။
၁၀ သို့သော် ရှေးခေတ်ဗာဗုလုန်လူများသည် မသေနိုင်သောစိုးလ်ရှိသည်ဟု ယုံကြည်ခဲ့ကြပါသလော။ ဤကိစ္စနှင့်ပတ်သက်၍ ယူ.အက်စ်.အေ. ပင်စီလ်ဘေးနီးယားတက္ကသိုလ်မှ ပါမောက္ခမောရစ်ဂျက်စ်ထရိုဂျူနီယာက ဤသို့ရေးသားခဲ့သည်– “တည်ရှိပြီးအသက်သည် လုံးလုံးလျားလျားချေမှုန်းခံရနိုင်ဖွယ်ရှိခြင်းကို [ဗာဗုလုန်၏] လူများသော်လည်းကောင်း၊ ဘာသာရေးအတွေးအခေါ်ခေါင်းဆောင်များသော်လည်းကောင်း ဘယ်သောအခါကမျှမစဉ်းစားခဲ့ကြချေ။ [သူတို့၏အမြင်တွင်] သေခြင်းသည် ဘဝတစ်ပါးသို့ကူးပြောင်းခြင်းဖြစ်ပြီး [လက်ရှိဘဝတွင်] မသေနိုင်သည့်အဖြစ်ကိုမခံစားရခြင်းသည် သေခြင်းကဖြစ်ပေါ်စေသော အသက်တည်ရှိပုံပြောင်းလဲမှုကို ရှောင်လွှဲ၍မရကြောင်း သာ၍ပင်ထင်ရှားစေသည်။” မှန်ပါသည်၊ သေပြီးနောက် ဘဝတစ်မျိုး၊ အသွင်တစ်မျိုးဖြင့် ဆက်တည်ရှိသည်ဟု ဗာဗုလုန်လူများယုံကြည်ကြသည်။ ထိုသို့ယုံကြည်ကြောင်း တမလွန်ဘဝတွင်အသုံးပြုရန်အတွက် သေလွန်သူနှင့်အတူပစ္စည်းများကိုမြှုပ်လိုက်ခြင်းက ဖော်ပြသည်။
၁၁၊ ၁၂။ ရေလွှမ်းမိုးပြီးနောက် မသေနိုင်သောစိုးလ်သွန်သင်ချက်ပေါက်ဖွားရာအရပ်ကားအဘယ်နည်း။
၁၁ မသေနိုင်သောစိုးလ်သွန်သင်ချက်သည် ရှေးခေတ်ဗာဗုလုန်မှဖြစ်ကြောင်း ရှင်းနေပါသည်။ ယင်းသည် အဓိပ္ပာယ်ရှိပါသလော။ ရှိပါသည်၊ အကြောင်းမှာ သမ္မာကျမ်းစာအရ ဘေဘဲလ် သို့မဟုတ် ဗာဗုလုန်မြို့သည် နောဧ၏မြေးဖြစ်သူ နိမ်ရောဒတည်ခဲ့သောမြို့ဖြစ်သည်။ နောဧခေတ်ကမ္ဘာချီရေလွှမ်းမိုးပြီးနောက် လူအားလုံးသည် ဘာသာစကားတစ်မျိုးတည်းကို ပြောဆိုခဲ့ကြပြီး ဘာသာတရားတစ်ခုသာရှိခဲ့ကြသည်။ နိမ်ရောဒသည် “ဘုရား [သခင်] ရှေ့ . . . အားကြီးသောမုဆိုး” ဖြစ်သည်သာမက သူနှင့်သူ၏နောက်လိုက်များသည် “ကျော်ဇောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်” ၏။ ထို့ကြောင့် နိမ်ရောဒသည် မြို့ကိုတည်ပြီး မျှော်စင်တစ်ခုကိုဆောက်လုပ်ခြင်းဖြင့် ကွဲပြားသောဘာသာတရားတစ်မျိုးကိုအစပြုခဲ့သည်။—ကမ္ဘာဦး ၁၀:၁၊ ၆၊ ၈-၁၀; ၁၁:၁-၄။
၁၂ နိမ်ရောဒသည် မရှုမလှသေဆုံးခဲ့ကြောင်း အစဉ်အလာကဆိုသည်။ သူသေဆုံးပြီးနောက် ဗာဗုလုန်များသည် သူတို့၏မြို့ကိုတည်ဆောက်ပေးခဲ့သူ၊ ထိုမြို့၏ပထမဆုံးဘုရင်အဖြစ် သူ့ကိုအကြီးအကျယ်ကြည်ညိုလေးစားခဲ့ကြပေလိမ့်မည်။ မာဒုရ (မေရောဒ) ဘုရားသည် ဗာဗုလုန်မြို့ကိုတည်ခဲ့သူဟုယူမှတ်ခံရပြီး ဗာဗုလုန်ဘုရင်တချို့သည်ပင် သူ၏နာမည်ခံယူခဲ့ကြသောကြောင့် မာဒုရဘုရားအဖြစ်ကိုးကွယ်ခံရသူမှာ နိမ်ရောဒဖြစ်နိုင်ကြောင်း ပညာရှင်အချို့ကတင်ပြကြသည်။ (၄ ဓမ္မရာဇဝင် ၂၅:၂၇; ဟေရှာယ ၃၉:၁; ယေရမိ ၅၀:၂) ထိုသို့ဖြစ်မည်ဆိုလျှင် လူတစ်ဦးသေဆုံးသောအခါ စိုးလ်ဆက်အသက်ရှင်သည်ဟူသောအယူအဆသည် နိမ်ရောဒအချိန်ကတည်းကရှိနေပြီဖြစ်ရမည်။ မည်သို့ပင်ဖြစ်စေ ရေလွှမ်းမိုးပြီးနောက် မသေနိုင်သောစိုးလ်သွန်သင်ချက်အစပြုရာအရပ်သည်ဘေဘဲလ် သို့မဟုတ် ဗာဗုလုန်ဖြစ်ကြောင်း ရာဇဝင်သမိုင်းကဖော်ပြသည်။
၁၃။ မသေနိုင်သောစိုးလ်သွန်သင်ချက်သည် မြေတစ်ပြင်လုံးတွင် မည်သို့ပျံ့နှံ့ခဲ့သနည်း။ ရလဒ်ကားအဘယ်နည်း။
၁၃ ဘုရားသခင်သည် ဗာဗုလုန်တွင် မျှော်စင်တည်ဆောက်သူတို့၏ဘာသာစကားကိုရှုပ်ထွေးစေခြင်းအားဖြင့် သူတို့၏လုပ်ငန်းကိုတားဆီးခဲ့သည်ဟု သမ္မာကျမ်းစာက ထပ်ဆင့်ဖော်ပြသည်။ အချင်းချင်းစကားပြောဆိုဆက်သွယ်၍မရတော့သဖြင့် သူတို့၏လုပ်ငန်းကိုစွန့်ပယ်ကြကာ “မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်” သို့ကွဲလွင့်ကုန်ကြ၏။ (ကမ္ဘာဦး ၁၁:၅-၉) မျှော်စင်ဆောက်လုပ်သူများ၏ဘာသာစကား ပြောင်းလဲသွားခဲ့သော်လည်း သူတို့၏အယူအဆများနှင့် သဘောထားများမူကား မပြောင်းလဲခဲ့ကြောင်း ကျွန်ုပ်တို့စိတ်စွဲမှတ်ထားကြရမည်။ ထို့ကြောင့် သူတို့ရောက်ရှိသည့်နေရာတိုင်းသို့ သူတို့၏ဘာသာရေးအယူအဆများပါသွားခဲ့သည်။ ဤနည်းဖြင့် မသေနိုင်သောစိုးလ်အပါအဝင် ဗာဗုလုန်ဘာသာရေးသွန်သင်ချက်များသည် မြေတစ်ပြင်လုံးသို့ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့အဓိကဘာသာတရားများ၏အုတ်မြစ်ဖြစ်လာခဲ့လေသည်။ သို့နှင့် မှားယွင်းသောဘာသာရေးကမ္ဘာ့အင်ပါယာစတည်ရှိလာခဲ့ရာ ယင်းကို “ဗာဗုလုန်မြို့ကြီး၊ ပြည့်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုပ်ရွံရှာဖွယ်သောအရာတို့၏အမိ” ဟုသမ္မာကျမ်းစာက လျောက်ပတ်စွာဖော်ပြထားသည်။—ဗျာဒိတ် ၁၇:၅။
မှားယွင်းသောဘာသာရေးကမ္ဘာ့အင်ပါယာအရှေ့ပိုင်းသို့တိုးချဲ့
၁၄။ ဗာဗုလုန်ဘာသာရေးယုံကြည်ချက်များသည် အိန္ဒိယတိုက်ငယ်သို့ မည်သို့ပျံ့နှံ့လာခဲ့သနည်း။
၁၄ လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ကျော်က ယခု အဓိကအားဖြင့် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင်ရှိ အင်ဒပ်စ်ချိုင့်ဝှမ်းသို့ အုပ်လိုက်ပြောင်းရွှေ့လာကြသော အသားဖြူအဲရီယန်လူမျိုးသည် ထိုဒေသသို့ရောက်ရှိလာခဲ့ကြသည်ဟု ပညာရှင်အချို့ကဆိုကြသည်။ ထိုနေရာမှ ဂင်္ဂါမြစ်ဝှမ်းလွင်ပြင်နှင့် အိန္ဒိယနိုင်ငံတစ်လျှောက်ပျံ့နှံ့သွားခဲ့ကြသည်။ ပြောင်းရွှေ့ဝင်ရောက်နေထိုင်ခဲ့သူများ၏ ဘာသာရေးအယူအဆများသည် ရှေးခေတ်အီရန်နှင့် ဗာဗုလုန်သွန်သင်ချက်များအပေါ်အခြေခံသည်ဟု ပညာရှင်အချို့ကဆို၏။ ထို့နောက် ဤဘာသာရေးအယူဝါဒများသည် ဟိန္ဒူဘာသာ၏ရင်းမြစ်ဖြစ်လာခဲ့သည်။
၁၅။ မသေနိုင်သောစိုးလ်အယူသည် မျက်မှောက်ခေတ်ဟိန္ဒူအယူဝါဒကို မည်သို့လွှမ်းမိုးလာခဲ့သနည်း။
၁၅ အိန္ဒိယနိုင်ငံတွင် မသေနိုင်သောစိုးလ်အယူသည် ပြန်ဝင်စားခြင်းအယူဝါဒအသွင်ကိုဆောင်ထား၏။ ဟိန္ဒူဘာသာရေးအကြီးအကဲများသည် မကောင်းမှုနှင့် လူသားများကြုံတွေ့နေရသော ဆင်းရဲမှုနှင့်ပတ်သက်သည့် အဖြေကိုရှာရင်း ကံတရားဟုခေါ်သည့် အကြောင်းနှင့် အကျိုးတရားသို့ဆိုက်ရောက်ခဲ့ကြသည်။ ဤတရားကို မသေနိုင်သောစိုးလ်အယူနှင့်ပေါင်းစပ်လိုက်သောအခါ ပြန်ဝင်စားခြင်းသွန်သင်ချက်ပေါ်ပေါက်လာ၍ လူတစ်ဦးပြုသည့်ကောင်းမှုမကောင်းမှုများနှင့်အညီ နောင်ဘဝတွင် ကောင်းကျိုး သို့မဟုတ် ဆိုးပြစ်ကိုခံရ၏ဟုဆိုကြသည်။ သစ္စာရှိသူများ၏ပန်းတိုင်မှာ မုက္ခရှာ သို့မဟုတ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းသံသရာမှလွတ်မြောက်ကာ အဆုံးစွန်အဖြစ်မှန် သို့မဟုတ် ချုပ်ငြိမ်းရာဟုခေါ်သောအရာနှင့်ပေါင်းစည်းခြင်းဖြစ်သည်။ ရာစုနှစ်များတစ်လျှောက် ဟိန္ဒူအယူဝါဒပျံ့နှံ့လာသည်နှင့်အမျှ ပြန်လည်မွေးဖွားခြင်းသွန်သင်ချက်လည်းပျံ့နှံ့ခဲ့သည်။ ယခု ဤအယူဝါဒသည် မျက်မှောက်ခေတ်ဟိန္ဒူအယူဝါဒ၏အခရာဖြစ်လာလေပြီ။
၁၆။ တမလွန်ဘဝနှင့်ပတ်သက်သော အဘယ်ယုံကြည်ချက်သည် အာရှအရှေ့ပိုင်းရှိ လူအများစု၏ဘာသာရေးအတွေးအခေါ်နှင့် ထုံးတမ်းစဉ်လာများကို လွှမ်းမိုးလာခဲ့သနည်း။
၁၆ ဟိန္ဒူဘာသာမှ . . .၊ ဂျိန်းဘာသာနှင့် ဆစ်ခ်ဘာသာအစရှိသည့် အခြားယုံကြည်မှုများပေါက်ပွားလာသည်။ ယင်းဘာသာများသည်လည်း ပြန်ဝင်စားခြင်းကိုသက်ဝင်ယုံကြည်ကြသည်။ ထို့အပြင် . . . အာရှတိုက်အရှေ့ပိုင်း—တရုတ်၊ ကိုးရီးယား၊ ဂျပန်နှင့် အခြားဒေသများ—၌ထွန်းကားပျံ့နှံ့လာသည်နှင့်အမျှ ထိုဒေသတစ်ခုလုံး၏ယဉ်ကျေးမှုနှင့် ဘာသာတရားကို အကြီးအကျယ်သြဇာသက်ရောက်ခဲ့သည်။ ယင်းကြောင့် . . .၊ နတ်ဝိဇ္ဇာအတတ်နှင့် ဘိုးဘေးကိုးကွယ်မှုမှအယူများ ရောနှောထားသည့် ယုံကြည်ချက်များကိုခံယူသော ဘာသာတရားများပေါ်ပေါက်စေခဲ့သည်။ ယင်းတို့တွင်သြဇာအလွှမ်းဆုံးမှာ တာအိုဘာသာ၊ ကွန်ဖြူးရှပ်ဘာသာနှင့် ရှင်တိုဘာသာတို့ဖြစ်သည်။ ဤသို့ဖြင့် ခန္ဓာသေပြီးနောက် ဆက်အသက်ရှင်သည်ဟူသောယုံကြည်ချက်သည် ကမ္ဘာ့ထိုအပိုင်းရှိ လူအများစု၏ ဘာသာရေးအတွေးအခေါ်နှင့် ထုံးတမ်းစဉ်လာတို့ကိုလွှမ်းမိုးလာခဲ့သည်။
ယုဒဘာသာ၊ ခရစ်ယာန်ဘောင်နှင့်အစ္စလာမ်ဘာသာတို့ကော အသို့နည်း
၁၇။ တမလွန်ဘဝနှင့်ပတ်သက်၍ ရှေးခေတ်ဂျူးများသည် အဘယ်အရာကို ယုံကြည်ခဲ့ကြသနည်း။
၁၇ တမလွန်ဘဝနှင့်ပတ်သက်၍ ယုဒဘာသာ၊ ခရစ်ယာန်ဘောင်နှင့် အစ္စလာမ်ဘာသာဝင်တို့၏ ယုံကြည်ချက်ကော အသို့နည်း။ ဤဘာသာတရားများအနက် ယုဒဘာသာသည် ရှေးအကျဆုံးဖြစ်သည်။ ယင်းဘာသာတရားသည် လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ ခန့်တွင်အသက်ရှင်ခဲ့သောအာဗြဟံအချိန်—မသေနိုင်သောစိုးလ်အယူအဆကို ပုံသွင်းခဲ့သော ဆိုကရေးတီးနှင့်ပလေတိုတို့ခေတ်မတိုင်မီ ကြာမြင့်စွာ—ကတည်းက မြစ်ဖျားခံသည်။ ရှေးခေတ်ဂျူးများသည် လူသားများ၌မွေးရာပါမသေနိုင်သည့်အဖြစ်ကိုမဟုတ်ဘဲ သေလွန်သူတို့ရှင်ပြန်ထမြောက်မည်ဟု ယုံကြည်ခဲ့ကြသည်။ (မဿဲ ၂၂:၃၁၊ ၃၂; ဟေဗြဲ ၁၁:၁၉) သို့ဆိုလျှင် မသေနိုင်သောစိုးလ်အယူဝါဒသည် ယုဒဘာသာအတွင်းသို့ မည်သို့ဝင်ရောက်လာသနည်း။ သမိုင်းက အဖြေပေးပါသည်။
၁၈၊ ၁၉။ မသေနိုင်သောစိုးလ်အယူသည် ယုဒဘာသာသို့ မည်သို့ဝင်ရောက်လာခဲ့သနည်း။
၁၈ ဘီ.စီ.အီး. ၃၃၂ တွင် မဟာအလက်ဇန္ဒြားသည် ယေရုရှလင်မြို့အပါအဝင် အရှေ့အလယ်ပိုင်းဒေသကို သိမ်းပိုက်အောင်နိုင်ခဲ့သည်။ အလက်ဇန္ဒြား၏နေရာကိုဆက်ခံသူများသည် သူ၏ဂရိယဉ်ကျေးမှုလွှမ်းမိုးရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ကြသည်နှင့်အမျှ ယဉ်ကျေးမှုနှစ်ခု—ဂရိနှင့်ဂျူး—ရောနှောလာခဲ့သည်။ အတန်ကြာသော် ဂျူးများသည် ဂရိအတွေးအခေါ်နှင့်လက်ပွန်းတတီးဖြစ်လာကြကာ အချို့ဆိုလျှင် အတွေးအခေါ်သမားများပင်ဖြစ်လာကြလေသည်။
၁၉ စီ.အီး. ပထမရာစုမှ အလက်ဇန္ဒြီးယားမြို့သား ဖီလိုသည် ဂျူးအတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် ပလေတိုကိုကြည်ညိုလေးစားခဲ့ရာ ယုဒဘာသာကို ဂရိအတွေးအခေါ်ဖြင့် ညှိယူရှင်းပြဖို့ကြိုးစားခဲ့ရာ နောက်ပိုင်းဂျူးအတွေးအခေါ်သမားများအတွက် လမ်းခင်းပေးခဲ့သည်။ တာလ်မွတ်ကျမ်း—ရဗ္ဗိများ၏နှုတ်တိုက်ပညတ်များနှင့်ပတ်သက်သောအနက်ဖွင့်ဆိုချက်များ—သည်လည်း ဂရိအတွေးအခေါ်၏သြဇာကိုခံခဲ့ရသည်။ “တာလ်မွတ်ကျမ်းကိုရေးသောရဗ္ဗိများသည် လူသေပြီးနောက် စိုးလ်ဆက်အသက်ရှင်သည်ဟု ယုံကြည်ကြ” ကြောင်းဂျူးဒေးယကားစွယ်စုံကျမ်းကဆိုသည်။ နောက်ပိုင်းတွင် ကယ်ဘလာကဲ့သို့သော နက်နဲသည့် ဂျူးစာပေများက ပြန်ဝင်စားခြင်းကိုသွန်သင်ပေးသည့်အထိပင်ဖြစ်သည်။ သို့ဖြင့် မသေနိုင်သောစိုးလ်အယူအဆသည် ဂရိအတွေးအခေါ်ပညာမှတစ်ဆင့် ယုဒဘာသာအတွင်းသို့ သွယ်ဝိုက်သောနည်းဖြင့် ဝင်ရောက်လာခဲ့သည်။ ဤသွန်သင်ချက်သည် ခရစ်ယာန်ဘောင်ထဲရောက်ရှိလာခြင်းနှင့်ပတ်သက်၍ မည်သို့ဆိုနိုင်သနည်း။
၂၀၊ ၂၁။ (က) ပလေတို သို့မဟုတ် ဂရိအတွေးအခေါ်နှင့်ပတ်သက်သော အစောပိုင်းခရစ်ယာန်များ၏အနေအထားကားအဘယ်နည်း။ (ခ) ပလေတိုအယူအဆများနှင့် ခရစ်ယာန်သွန်သင်ချက်များပေါင်းစပ်ရန် အဘယ်အရာကဦးတည်စေသနည်း။
၂၀ စစ်မှန်သောခရစ်ယာန်ဘာသာကို ယေရှုခရစ်အစပြုခဲ့သည်။ ၂၀ ရာစုတွင် ရှေ့၌ကိုးကားထားသော မီဂေးလ်ဒီအူနာမူနိုက ခရစ်တော်အကြောင်း ဤသို့ရေးသားခဲ့သည်– “ကိုယ်တော်သည် [ဂရိ] ပလေတို၏ယုံကြည်ယူဆနည်းအရ မသေနိုင်သောစိုးလ်ကိုယုံကြည်မည့်အစား ဂျူးတို့၏ယုံကြည်ယူဆနည်းအတိုင်း အသွေးအသားဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခဲ့သည်။” သူက ဤသို့ကောက်ချက်ချခဲ့သည်– “မသေနိုင်သောစိုးလ်သည် . . . အယူမှားသောအတွေးအခေါ်မှ အခြေခံအယူဝါဒဖြစ်သည်။” ယင်းကြောင့် ပေါလုသည် ပထမရာစုရှိခရစ်ယာန်များကို “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥဒေသနှင့် လောကီတရားနုကိုလိုက်၍၊ လောကီပညာနှင့်အချည်းနှီးသောပရိယာယ်” တို့ကိုဆန့်ကျင်ကြရန် အဘယ်ကြောင့်အပြင်းအထန်သတိပေးခဲ့ကြောင်း ကျွန်ုပ်တို့သိနိုင်သည်။—ကောလောသဲ ၂:၈။
၂၁ သို့သော် ဤ “အယူမှားသောအတွေးအခေါ်မှ အခြေခံအယူဝါဒ” သည် အဘယ်အချိန်နှင့် အဘယ်နည်းဖြင့် ခရစ်ယာန်ဘောင်အယူအဆ ဖြစ်လာသနည်း။ ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ်က ဤသို့ရှင်းပြသည်– “အေဒီဒုတိယရာစုအလယ်ပိုင်းကတည်းက ဂရိအတွေးအခေါ်ပညာတွင် လေ့ကျင့်မှုအချို့ရခဲ့သော ခရစ်ယာန်များသည် မိမိတို့၏ဉာဏ်ပညာဆိုင်ရာ ကျေနပ်မှုအတွက်နှင့် အယူမှားသောပညာတတ်များကို ဘာသာသွင်းနိုင်ရန်အတွက်ပါ မိမိတို့၏ယုံကြည်ချက်ကို ထိုအတွေးအခေါ်နှင့်အညီ ဖော်ပြရန်လိုအပ်သည်ဟု ယူဆလာခဲ့ကြသည်။ သူတို့နှင့်အကိုက်ညီဆုံးအတွေးအခေါ်မှာ ပလေတိုအယူဝါဒဖြစ်သည်။” ခရစ်ယာန်ဘောင်၏အယူဝါဒများအပေါ် အကြီးအကျယ်သြဇာလွှမ်းမိုးခဲ့သော အစောပိုင်းအတွေးအခေါ်ပညာရှင်နှစ်ဦးမှာ အလက်ဇန္ဒြီယားမြို့သား ဩရီဂျင်နှင့် ဟစ်ပိုမြို့သား ဩဂတ်စ္စတင်းတို့ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ပလေတိုအယူဝါဒ၏သြဇာကို အကြီးအကျယ်လွှမ်းမိုးခံခဲ့ရပြီး ထိုအယူအဆများကို ခရစ်ယာန်သွန်သင်ချက်များနှင့်ရောစပ်ခဲ့သူများဖြစ်ကြသည်။
၂၂။ မသေနိုင်သောစိုးလ်သွန်သင်ချက်သည် အစ္စလာမ်ဘာသာတွင် မည်သို့ဆက်ခံယူလျက်ရှိသနည်း။
၂၂ ပလေတိုအယူဝါဒ၏သြဇာလွှမ်းမိုးမှုကြောင့် ယုဒဘာသာနှင့် ခရစ်ယာန်ဘောင်တွင် မသေနိုင်သောစိုးလ်အယူပေါ်လာသည်မှန်သော်လည်း အစ္စလာမ်ဘာသာစတင်ကတည်းက ထိုအယူအဆကိုခံယူထား၏။ အစ္စလာမ်တို့၏ သန့်ရှင်းသောစာစောင်ဖြစ်သည့် ကူရ်အန်ကျမ်းက လူသေပြီးနောက် ဆက်အသက်ရှင်သည့်စိုးလ်ရှိသည်ဟု သွန်သင်ပေးသည်။ စိုးလ်၏အပြီးသတ်ကြမ္မာမှာ ကောင်းကင်ပရဒိသုဥယျာဉ်တွင် အသက်ရှင်ခြင်း သို့မဟုတ် မီးတောက်ငရဲတွင် အပြစ်ဒဏ်ခံရခြင်းဖြစ်သည်ဟု ၎င်းစာအုပ်ကဆိုသည်။ အာရပ်ကျမ်းပညာရှင်များသည် အစ္စလာမ်သွန်သင်ချက်နှင့် ဒဿနအတွေးအခေါ်တို့ကို ပေါင်းစပ်ရန်မကြိုးစားခဲ့ဟုဆိုခြင်းမဟုတ်ပါ။ အမှန်မှာ အာရပ်အသိုင်းအဝိုင်းသည် အရစ္စတိုတယ်၏သြဇာကိုအတော်အတန်လွှမ်းမိုးခံခဲ့ရသည်။ သို့ရာတွင် မသေနိုင်သောစိုးလ်အယူသည် မွတ်စလင်များ၏ယုံကြည်မှုဖြစ်နေ၏။
၂၃။ တမလွန်ဘဝနှင့်ပတ်သက်သော မဖြစ်မနေမေးရမည့် အဘယ်မေးခွန်းများကို နောက်ဆောင်းပါးတွင်သုံးသပ်မည်နည်း။
၂၃ ရှင်းနေသည်မှာ ကမ္ဘာတစ်ဝန်းရှိဘာသာတရားများသည် စိုးလ်မသေနိုင်ဟူသောသွန်သင်ချက်ကိုအခြေခံသည့် တမလွန်ဘဝနှင့်ပတ်သက်သည့် ရှုပ်ထွေးသောယုံကြည်ချက်မြောက်မြားစွာကို ခံယူထားကြ၏။ ထိုသို့သောအယူများသည် သန်းပေါင်းများစွာသောလူတို့ကိုလွှမ်းမိုးပြီး ကျွန်ပင်ဖြစ်စေခဲ့ပြီ။ ယင်းတို့ကိုကြားသိနေကြရရာ ဤသို့မေးရန်ဖြစ်စေသည်– ကျွန်ုပ်တို့သေသောအခါ ဘာဖြစ်သည်နှင့်ပတ်သက်၍ အမှန်တရားကိုသိနိုင်ပါမည်လော။ တမလွန်ဘဝရှိပါသလော။ ယင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာဘာပြောသနည်းဟူ၍မေးစရာအကြောင်းပေါ်လာသည်။ ယင်းကို နောက်ဆောင်းပါးတွင်သုံးသပ်ကြပါမည်။
[အောက်ခြေမှတ်ချက်များ]
a အယ်လ်အာမာနာသည် ဘီ.စီ.အီး. ၁၄ ရာစုတွင်တည်ဆောက်ခဲ့သည်ဟုအဆိုရှိသည့် အီဂျစ်၏ အကတ္တတန်မြို့အပျက်အယွင်းဖြစ်သည်။
သင်ရှင်းပြနိုင်သလော
◻ တမလွန်ဘဝနှင့်ပတ်သက်၍ ဘာသာတရားအများစုခံယူသည့် အဓိကအချက်ကားအဘယ်နည်း။
◻ မသေနိုင်သောစိုးလ်အယူဝါဒပေါက်ဖွားရာအရပ်အဖြစ် ရှေးခေတ်ဗာဗုလုန်ကို သမိုင်းနှင့်သမ္မာကျမ်းစာတို့က မည်သို့ထောက်ပြကြသနည်း။
◻ ဗာဗုလုန်၏မသေနိုင်သောစိုးလ်အယူသည် အရှေ့တိုင်းဘာသာတရားများကို မည်သို့လွှမ်းမိုးခဲ့သနည်း။
◻ မသေနိုင်သောစိုးလ်သွန်သင်ချက်သည် ယုဒဘာသာ၊ ခရစ်ယာန်ဘောင်နှင့် အစ္စလာမ်ဘာသာထဲ မည်သို့စိမ့်ဝင်ခဲ့သနည်း။
[Pictures on page 12, 13]
The conquest by Alexander the Great led to the blending of the Greek and Jewish cultures
Augustine tried to fuse Platonic philosophy with Christianity
[Credit Lines]
Alexander: Musei Capitolini, Roma; Augustine: From the book Great Men and Famous Women